← Chapters

သစ်သားရုပ်၏ မူလအစ

Vol. 84 Ch. 4.772

သစ်သားရုပ်၏ မူလအစ

Vol. 84 Ch. 4.772

"ငါတို့ အခုကစပြီး အကြီးအကျယ်​ ဒုက္ခ​ရောက်​​တော့မယ်!"

လုရွှမ် အပြုံးတစ်ပွင့်​နဲ့​ ပြောလိုက်သည်။ ဒါက ရိုးရိုးရှင်းရှင်း​ ပြောရရင်​ မထင်​မှတ်​ထားတဲ့ ကပ်​ဆိုးတစ်​ခုပါပဲ။ ဒါပေမဲ့ သူ့ရဲ့ လျစ်လျူရှုတဲ့ အမူအရာကနေ ဆုံးဖြတ်လိုက်ရင် ဒီကိစ္စကို သူ့စိတ်ထဲ မထားပါဘူး။

ထိုအချိန်တွင် ကူးတို့လှေက နောက်ဆုံးတွင် မျောပါလာခဲ့သည်။ တခြားလူများ၏ အတားအဆီးမရှိဘဲ လူရှစ်ဦးသည် လှေပေါ်တက်ကာ မျောပါသွားခဲ့သည်။

"လုရွှမ် ဒီအချိန်မှာ လှေပေါ်တက်ဖို့ ဘာကြောင့် အတင်းအကြပ် လုပ်ရတာလဲ? ယဲ့မိသားစုထဲက လူတွေကို ဖြတ်သွားခွင့်ပေးမယ် ဆိုရင်တောင် ကျွန်မတို့နောက်တစ်​ကြိမ် အခွင့်အရေးယူဖို့ နောက်ကျသွားမှာ မလို့လား? ဒါမှမဟုတ် တစ်ခုခု ရှာတွေ့ထားလို့လား?"

အောင့်ယွဲ့သည် လူတိုင်းစိတ်ထဲမှာပါ ရှိနေသော မေးခွန်းကိုပါ ထုတ်မေးလိုက်​လေသည်။

သူတို့သည် လုရွှမ်နဲ့ သေခြင်းတရားကိုပါ မျှဝေခံစားခဲ့ဖူးကြသောကြောင့် လုရွှမ်ရဲ့ လုပ်ရ​ပ်ကို သဘာဝအတိုင်း အခိုင်အမာ ထောက်ခံပြီးသားပင်။ လုရွှမ်သည် ကိစ္စများကို လုပ်ဆောင်ရာတွင် အလွန်တည်ကြည်ကြောင်းလည်း သူတို့အားလုံး သိပါသည်။

လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် ဒီတစ်ခါ လှေပေါ်တက်ချင်ရတဲ့ အကြောင်းရင်းက အရမ်းရိုးရှင်းပါတယ် ငါ မြန်မြန်ဆန်ဆန် ဖြတ်သွားချင်လို့ပဲ!"

ထိုစကားဆုံးသော် လုရွှမ်သည် သစ်သားရုပ်တုကို ထုတ်ကာ လူတိုင်းကို ပြလိုက်သည်။

"ဘာမှ ကွာခြားမှုမရှိဘူးလို့ပဲ ခံစားရတယ်"

အောင့်ယွဲ့က စပြောလိုက်သည်။

"ငါ​ရောပဲ!"

"ဘာမှ ခြားနားမှု မရှိပါဘူး"

လုရွှမ်သည် သစ်သားရုပ်တုကို ယူကာ ဒီသစ်သားရုပ် ကိုယ်တိုင်က သော့တစ်ချောင်းသာ ဖြစ်ကြောင်း ပြုံးကာ ပြောလိုက်သည်။ သူ့လက်ညွှန်ပြရာကို အားလုံး လှည့်ကြည့်လိုက်တော့ လှေဦးပိုင်းမှာ အပေါက်တစ်ပေါက် ရှိနေတာ တွေ့လိုက်ရသည်။

လုရွှမ် သစ်သားရုပ်တုကို ထိုအထဲသို့ ထိုးထည့်လိုက်တဲ့အခါ ကုတ်ခြစ်သံများ ထွက်​ပေါ်ကာ လှေရဲ့ပုံစံက တဖြည်းဖြည်း ပြောင်းလဲသွား​တော့သည်။

လှေပျဉ်များ ပျောက်ကွယ်သွားပြီး အရိုးဖြူများ ဖြစ်သွားသည်။ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားပြီး အရိုးများပေါ်တွင် မတ်တပ်ရပ်နေမိကြောင်း သိလိုက်ရရာ အချင်းချင်း ထောက်မကူရင်း ထိတ်လန့်သွားကြသည်။

"အားနည်းမြစ်ရဲ့ ရေပေါ်မှာ ဘယ်အရာက ပေါ်နိုင်လဲလို့ ငါတစ်ချိန်လုံး တွေးနေတာ... အခု အားလုံး သိပြီမလား?"

ယခုအခါတွင် လူတိုင်းသည် လှေ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ။ ဤအရိုးများသည် တစ်ချက်ကြည့်ရုံဖြင့် ထူးခြားဖြစ်ကြောင်း ပြောနိုင်သည်။ နှစ်တွေ ဘယ်လောက်​တောင် ကြာသွားပြီလဲ မသိပေမယ့် အလင်းရောင်က မှိန်ပြပြသာ တောက်နေသည်။

"ဒါ နဂါးအရိုးလား" အောင့်ယွဲ့ အော်လိုက်သည်။

"ဒါတင်မကဘူး ဒီလှေရဲ့ အဓိကကိုယ်ထည်က နဂါးကိုယ်ထည်ပဲ... လှေရဲ့ ပဲ့ပိုင်းကိုကြည့်လိုက် အဲဒါက ဖီးနစ်အမြီး ဖြစ်နိုင်တယ်... ဖောက်ထွင်းမြင်ရတဲ့ သစ်သားပျော့ဖတ်ကို ကြည့်လိုက် အဲဒါက ရွှမ်ဝူ (မဟူရာလိပ်)... ဒီအရိုးသေးသေးလေးတွေက ကျားဖြူရဲ့ အရိုးစုဖြစ်ရမယ်"

လူခုနစ်ဦးမှာ အလွန်အံ့သြဖွယ် ကောင်းသော အရာကို မြင်လိုက်ရသလို မယုံနိုင်လောက်အောင် ဆွံ့အသွားကြသည်။ ဒါက လှေငယ်လေးပဲ မဟုတ်လား။ ဘယ်လိုလုပ် ဒဏ္ဍာရီ အကောင်ကြီးလေးကောင်ရဲ့ အရိုးတွေ ဖြစ်နေတာလဲ။

ထို့အပြင် ၎င်းသည် အလွန်ဖြုန်းတီးရာ ကျမနေပေဘူးလော။ ဖြုန်းတီးလွန်းတယ်လို့ ထင်သွားတဲ့ သူတို့ခုနစ်ယောက်မှာ တွေးရင်း အသည်းကွဲသွားတော့သည်။

အောင့်ယွဲ့သည် သူမ အောက်နားရှိ အရိုးစုကို သူမလက်ဖဝါးဖြင့် ဂရုတစိုက် ပွတ်သပ်လိုက်သည်။ ထိုအခိုက် သူမစိတ်သည် ရုတ်တရက် တုန်ခါသွားလေ၏။

"ကျားဖြူတစ်ကောင် ငိုနေတာကို ငါခံစားမိသလိုပဲ"

တချို့က အလျင်အမြန် လိုက်၍ စမ်းကြည့်ကြသည်။ တချို့ကလည်း မဟူရာလိပ်ရဲ့ အစိတ်အပိုင်းများကို လိုက်ရှာကြကာ တချို့ကလည်း ဖီးနစ်အမြီးကို လိုက်ရှာကြသည်။

"တကယ်တော့ ဒါက ဖီးနစ်ရဲ့သွေးပဲ"

"မဟူရာလိပ် ငိုနေတယ်"

"နတ်နဂါးက သူ့ခေါင်းကိုငုံ့ပြီး သူ့အရိုးတွေကို အရှင်လတ်လတ် နှုတ်ပစ်ခံလိုက်ရတယ်... အရမ်းသနားစရာ ကောင်းတာပဲ"

အောင်ရှင်းတစ်ယောက် မျက်ရည်များ တလိမ့်လိမ့် စီးကျလာသည်။ သူမသည် နဂါးအရိုးကို ဂရုတစိုက် ထိလိုက်သဖြင့် ကျန်နဂါးအရိုး၏ ဝမ်းနည်းမှုနှင့် နာကျင်မှုကို ရုတ်ချည်း ခံစားလိုက်ရသည်။

"ကိုကိုကြီးလုရွှမ်... ညီမတို့ ဒီလှေကို ဖျက်စီးလို့ရမလား?"

အောင်ရှင်းရဲ့ မျက်လုံးတွေက နီရဲ​နေပြီး မေးလိုက်သည်။

လူတိုင်း၏ မျက်လုံးများထဲတွင် မီးလောင်နေသော မြင်ကွင်းတစ်ခု ရှိနေပါသည်။ အကယ်၍ လှေကို အမှန်တကယ် ဖြိုဖျက်နိုင်လျှင် ထိုအရိုးများသည် နှစ်ပေါင်းများစွာ ကြာသည့်တိုင် အဖိုးမဖြတ်နိုင်သော ရတနာများအဖြစ် ရှိနေပေလိမ့်မည်။

လုရွှမ်လည်း ခါးသီးစွာ ပြုံး​ပြလိုက်လေသည်။

"ဒါက ဘယ်လိုလုပ် လွယ်မှာလဲ? ဒီမှာရှိတဲ့ အပေါက်တွေကို မင်းတို့မြင်လား စုစုပေါင်း လေးခုရှိတယ် အဲဒါတွေက သစ်သားရုပ်တုလေးခုနဲ့ ဒဏ္ဍာရီလာ သားရဲလေးကောင်နဲ့ သက်ဆိုင်တယ်လို့ ငါထင်တယ်... ငါတို့လှေကို ဖျက်ချင်တယ် ဒါမှမဟုတ် တခြားအကြောင်း တစ်ခုကို လုပ်ချင်ရင် အနည်းဆုံးတော့ တခြားသစ်သား ပန်းပုရုပ်သုံးခုကို ရှာတွေ့မှ ဖြစ်မယ်"

အောင့်ယွဲ့ ရုတ်တရက် သဘောပေါက်သွားသည်။

"လုရွှမ်... ဒီလှေပေါ်က နတ်သားရဲလေးကောင်ရဲ့ အော်ဟစ်သံကို ခံစားလိုက်ရလို့ ယဲ့မိသားစုကို စော်ကားဖို့ မတွန့်ဆုတ်ခဲ့တာလား?"

"ဒါတင်မကဘူး!"

လုရွှမ်သည် သစ်သားရုပ်ထုထားရှိရာ နေရာသို့ လျှောက်သွားပြီး သစ်သားရုပ်တုကို ဆွဲကိုင်ကာ ပြင်းထန်စွာ လှည့်လိုက်သည်။ လူတိုင်း၏ ထိတ်လန့်သော မျက်လုံးများရှေ့တွင် လှေသည် တစ်ဖက်ကမ်းသို့ မလှေလှော်တော့ဘဲ ရေဆန်ဘက်သို့ ဦးတည် တက်သွား​တော့သည်။

"ဘာဖြစ်မလဲတော့ မသိဘူး ဒါပေမဲ့ အမှောင်ထဲမှာ တစ်ခုခု ရှိနေတယ်လို့ ငါ ခံစားနေရတယ်... ငါတို့သွားသင့်တယ် အန္တရာယ်လည်း ရှိနိုင်တယ်"

"အားလုံး အတူတူ သွားကြရအောင်!"

သားသတ်သမား ထူဖူးက စအော်လိုက်သည်။ အဲဒီနောက် အားလုံးက ရယ်မောပြီး။

“အခက်အခဲရှိရင် အတူတူ လက်တွဲ ရင်ဆိုင်ကြတာပေါ့”

ကမ်းနားတွင် ရပ်နေသော လူတစ်ယောက်က ရုတ်တရက် ထအော်လိုက်၏။

"လှေပျောက်သွားပြီ"

လူတွေလည်း ရုတ်တရက် အိပ်ယာက လန့်နိုးလာသလို ကမန်းကတမ်း ထကြည့်လိုက်တော့ လှေက မြစ်ထဲမှာ လုံးဝ ပျောက်သွားတာ တွေ့လိုက်ရသည်။

ယခင်ကတော့ လှေသည် မြစ်ကမ်းပေါ်တွင် မျောပါနေသေးတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ အကွာအဝေးကြောင့် အရှိန်အလွန်က နှေးသော်လည်း ရှင်းရှင်းလင်းလင်း မြင်နေရဆဲ ဖြစ်သည်။

ယခုမူ လူတိုင်း၏ မျက်လုံးများထဲမှ အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တစ်ဖက်မှာတော့ လှေငယ်သည် အားနည်းမြစ်၏ ရေဆန်ဘက်သို့ တက်နေဆဲပင်။ မြစ်ကမ်းဘေးမှာတုန်းက လှေရဲ့အရှိန်ဟာ အရမ်းနှေးနေတာကို တွေ့ရပေမယ့် လှေပေါ်ရောက်တော့ လှေရဲ့အရှိန်က ပိုမြန်လာတာကို သတိထားမိကာ ခဏအကြာတွင် သူတို့သည် မူလနေရာနှင့် ဝေးကွာလာတာကို တွေ့လိုက်ရသည်။

လှေသည် ရုတ်တရက် ဘေးတိုက်သို့ ရွေ့လျားသွားပြီးနောက် တစ်ဖက်ကမ်းသို့ လှေခတ်သွားသည်။

"ဒါက သစ်သားထွင်းထုကို လုပ်ထားရတဲ့ ကန့်သတ်ချက် ဖြစ်နိုင်တယ်... တခြားသစ်သား ရုပ်တုထွင်းထုတွေကို ရချင်ရင် ငါတို့ ဒီထက်ပိုပြီး သွားသင့်တယ်"

အားလုံးက ရေစီးကြောင်းကို ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။ နောက်ဆုံး ကမ်းခြေသို့ ရောက်သောအခါ လုရွှမ်သည် သစ်သားရုပ်တုမှာ လှေထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားတာကို တွေ့လိုက်ရသည်။ လှေပေါ်ရှိ အပေါက်မှာလည်း တခါမှ မပေါ်ခဲ့သကဲ့သို့ ပျောက်သွားလေပြီ။

ထိုအခိုက် ထူဖူးက ရုတ်တရက် ဟစ်အော်လာ၏။

"ငါ့လက်မှာ အမှတ်အသားတစ်ခု ပေါ်လာတယ်"

သူ့လက်မောင်းကို လူတိုင်းကို ပြလိုက်သော် သူ့လက်မောင်းမှာ ကြီးကျယ်ခမ်းနားတဲ့ လိပ်ရုပ်ပုံတစ်ခု ရှိနေတာကို အားလုံး တွေ့လိုက်ရသည်။

"ထူဖူး... ဂုဏ်ယူပါတယ် ဒီတစ်ခါ ဒီအခွင့်အရေးက မင်းအတွက် ဖြစ်မယ်"

ထူဖူး ပြုံး၍ အနည်းငယ် ရှက်သွားသည်။

"မင်း အများကြီး ပြောစရာ မလိုပါဘူး... ငါတို့အားလုံး မင်းအတွက် ပျော်ပါတယ်"

လိရှောင်း ထူဖူးရဲ့ ပုခုံးပေါ် လက်တင်ကာ ပြုံးပြလိုက်သည်။ အကွေ့အကောက်များသော လမ်းနှစ်ဘက်လုံးတွင် အသီးအရွက်များ၊ ထူထပ်သော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပါသည်။ ဘယ်ခြေရာလက်ရာများ မရှိတာကြောင့် ဘယ်သူမှ ခြေမချဖူးတာ ထင်ရှား​ပေသည်။

လမ်းက အတော်လေးကျဉ်းပြီး လူနှစ်ယောက်သာ တပြိုင်နက် ဖြတ်လျှောက်နိုင်သည်။ လူရှစ်ယောက်မှာ လေးဖွဲ့ခွဲလိုက်ကာ လုရွှမ်နဲ့ အောင့်ယွဲ့တို့က ရှေ့တွင် ဂရုတစိုက် လျှောက်ရင်း ပတ်ဝန်းကျင်ကို နားစွင့်ထားသည်။

လုရွှမ်၏ မျက်လုံးများ နေမျက်လုံးရဲ့ အလင်းမှုန်များကြောင့် တောက်ပလျက် ရှိသည်။ ထိုအလင်းမှုန်များဖြင့် သူ့ပတ်ဝန်းကျင်ရှိ ကန့်သတ်ချက်များ နှင့် အခင်းအကျင်း ဖွဲ့စည်းမှုများကို အာရုံစိုက်ထားသည်။

ပတ်ဝန်းကျင်သည် သဘာဝကမ္ဘာ တစ်ခုလို ဖြစ်ပြီး ၎င်းနှင့် ပြင်ပကမ္ဘာကြားက ကွာခြားမှုကို အလွယ်တကူ ရှာမတွေ့နိုင်ချေ။

"မင်းတို့ တစ်ခုခု ကြားမိလား"

လုရွှမ် သူ့စိတ်ထဲတွင် နားမလည်နိုင်သော သီဆိုသံတစ်ခု ထွက်ပေါ်လာတာကြောင့် တခြားလူတွေဘက် လှည့်မေးလိုက်သည်။

"ကောင်းကင်ကို ကြည့်လိုက်!"

ထူဖူးရဲ့ အသံနဲ့အတူ လူတိုင်းလည်း ကောင်းကင်ကို အလျင်အမြန် မျှော်ကြည့်လိုက်ကြသည်။

ကောင်းကင်မှာ အ​ရောင်ခုနစ်ရောင် လွင့်မျောနေတဲ့ တိမ်တွေကြားမှာ ကြိုးကြာဖြူတွေ ပျံသန်းနေတာကို မြင်လိုက်ရသည်။ ကြိုးကြာဖြူတွေပေါ်မှာတော့ နတ်သမီးတွေက စီးနင်းပြီး ၎င်းတို့ ခေါင်းပေါ်မှ မြန်မြန်ဆန်ဆန် ခုန်ဆင်းလာကြသည်။

ကြိုးကြာဖြူမျာ၏ ရှည်လျားသော တိမ်ဖြူဖြူများကို ဆွဲထုတ်လိုက်ပုံက လွန်စွာ လျှို့ဝှက်ဆန်းကြယ်လှသည်။

"ငါတို့ လိုက်ကြရအောင်!"

All Chapters