← Chapters

နတ်ဖြစ်လာမှာလား?

Vol. 84 Ch. 4.774

နတ်ဖြစ်လာမှာလား?

Vol. 84 Ch. 4.774

လူတိုင်း တွေးနေကြတာကို သိသောကြောင့် လုရွှမ် ဟန်ဆောင်တာတွေ မပြုခဲ့ပေ။ မျှော်လင့်မထားသော တစ်စုံတစ်ခု ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ရှစ်ယောက်လုံး လက်တွဲကာ ခန်းမခေါင်မိုးပေါ်သို့ ပျံတက်သွားကြသည်။

အချိန်အတော် ကြာအောင် ပျံသန်းလာခဲ့ကြသော်လည်း ကောင်းကင်ယံဟာ အဆုံးမရှိဘူးဟု ထင်လာရတဲ့အထိ ဝေးကွာလာသည်။

"ဒါက အာကာသ ချဲ့ထွင်နေတဲ့ နေရာပဲ!"

လုရွှမ်သည် သူတို့ထဲတွင် အာကာသအကြောင်းကို အနက်ရှိုင်းဆုံး နားလည်သူ ဖြစ်သည်။ ယခုသူ့၏ အာကာသကျောက်စိမ်းပြားထဲတွင် အာကာသ သလင်းကျောက် အနည်းငယ် ရှိသေးသည်။ ၎င်းသည် အနိမ့်ဆုံးအဆင့် ဖြစ်သော်ငြားလည်း အာကာသ၏ ရောင်ဝါ ရှိတာကြောင့် အာကာသနိယာမများကို သိရှိနားလည်မှုသည် ဤနှစ်များတစ်လျှောက် တဖြည်းဖြည်းနှင့် ပိုမိုနက်ရှိုင်းလာခဲ့သည်။

"ဒါဆို ငါတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မျက်နှာကျက်ကို မရောက်နိုင်ဘူးလား"

"မဟုတ်ဘူး အဲဒါနဲ့ ဆန့်ကျင်ဘက်ပဲ... ဆိုလိုတာက ငါတို့ ဆက်ပျံနေသရွေ့တော့ အပေါ်က မျက်နှာကျက်ကို သေချာပေါက် ရောက်နိုင်လိမ့်မယ်"

အတန်ကြာ ပျံသန်းပြီးနောက် လုရွှမ်ရဲ့ စိတ်ရှည်သည်းခံမှုတွေက အနည်းငယ် ပျောက်ဆုံးလာသည်။ အဲဒီအချိန်မှာပဲ အောင်ရှင်းရဲ့ အသံကို ကြားလိုက်ရ၏။

"ကြည့်! ကြိုးကြာဖြူလေး ထပ်ပေါ်လာပြန်ပြီ"

အားလုံးရဲ့ မျက်လုံးတွေ တောက်ပလာကာ ကြိုးကြာဖြူနောက် အမြန် လိုက်သွားကြလေသည်။

ကြိုးကြာဖြူ ပေါ်လာပြီးတာနဲ့ လူတိုင်း သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ကြိုးကြာဖြူတွေရဲ့ လမ်းကြောင်းအတိုင်း အတက်အဆင်း ပျံသန်းသွားရင်း အာကာသအက်ကြောင်းတစ်ခု တိတ်တဆိတ် ပေါ်လာပြီး ကြိုးကြာဖြူတွေ အားလုံး အဲဒီထဲကို ပြေးဝင်သွား​ကြသည်။

“လိုက်ကြစို့”

သူတို့ လိုက်ရှာနေခဲ့တာ ကြာပြီဖြစ်သောကြောင့် လမ်းတစ်ဝက်မှာ စွန့်လွှတ်လိုက်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။ ရုတ်တရက် လေထုက လည်ပတ်သွားရာ လုရွှမ် လူတိုင်းရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ ဒီအဆင့်မှာ လူချင်းကွဲသွားရင် ပြန်ရှာဖို့က တကယ်ကို ခက်ခဲပါလိမ့်မယ်။ ဒါကိုလည်း လူတိုင်းက သိနေကြပါပြီ။

လုရွှမ်ရဲ့ ခန့်မှန်းချက်သာ မှန်ကန်ခဲ့ရင် ဒီနေရာဟာ အချိန်ရဲ့ မြစ်ရှည်ကြီး ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ ပြန်သွားချင်ရင် ကိုယ့်ကိုကိုယ် ကယ်တင်ဖို့ နည်းလမ်းမရှိတော့သလို ဒီရှည်လျားတဲ့ အချိန်မြစ်ထဲမှာ ထာဝရ ပိတ်မိနေလိမ့်မည့။

ပြင်းထန်သော လေသည် လူတိုင်း၏ ခန္ဓာကိုယ်ကို ထက်ရှသော ဓားတစ်လက်ကဲ့သို့ ဖြတ်ဝင်သွားကြသည်။ လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားများ တိုးလာကာ ပြင်းထန်သောလေကို တားဆီးထား​ပေးသည့် ဝိညာဉ်ဒိုင်းကားများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။

မျက်လုံး ဖွင့်ကြည့်လိုက်တော့ ​ကြိုး​ကြာဖြူကြီးက သူတို့ရှေ့မှာ ရှိနေသေးသည်။ ၎င်းက အဆက်မပြတ် ပိုကြီးလာပြီး သာမန်ဆန်လာသည်။

နတ်ဝိညာဥ်အကာအကွယ် ဒိုင်းလွှာသည် ဆက်လက်ချဲ့ထွင်ကာ လူတိုင်းကို ဖုံးအုပ်ထား၏။ ရုတ်တရက် ကြီးမားသော စွမ်းအားတစ်ခု တုန်ခါသွားကာ လူတိုင်းကို ရိုက်ထုတ် ပစ်လိုက်သည်။

ဝုန်း!

ပေါက်ကွဲသံကြီးနဲ့အတူ လူတိုင်း ဆက်တိုက် ပျက်ကျသွားကာ လူရှစ်ဦးလည်း တစ်ယောက်တစ်ကွဲ ဖြစ်သွားကြတော့သည်။

"မင်းတို့ ရှစ်ယောက် ဒီမှာလာပြီး ပျင်းနေပြန်ပြီ.... မြန်မြန် အလုပ်သွား မလုပ်သေးဘူးလား?!"

ကြာပွတ်တစ်ချောင်း ပျံသန်းလာကာ တုန်တုန်ယင်ယင်နဲ့ နာကျင်နေတဲ့ ခန္ဓာကိုယ်ကို ရုတ်တရက် ထိသွား၏။ တစ်ဆက်တည်း အော်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ၎င်းမှာ အောင့်ယွဲ့နဲ့ အခြားသူများပဲ ဖြစ်သည်။

"ဟမ့် ဒီလောက်နဲ့များ အဆင့်မြင့် အရည်အချင်းတွေကို သင်ယူပြီး မသေနိုင်တဲ့ နတ်ဖြစ်သေးတယ်တဲ့... အပျင်းထူတဲ့ကောင်တွေ... အကုန်လုံး အမှိုက်တွေ"

အရပ်ရှည်ရှည်နဲ့ အမျိုးသားတစ်ဦးသည် ကြာပွတ်ကို ဝှေ့ယမ်းကာ အကြိမ်အနည်းငယ် ရိုက်ပြီးနောက် ခါးသီးစွာ ထွက်ခွာသွားခဲ့သည်။

လုရွှမ် အသက်ပြင်းပြင်း ရှူကာ မြေပြင်ပေါ်မှ ခုန်ထလိုက်သည်။ သူသည် နာကျင်စွာ အော်ဟစ်ကာ ငိုနေသည့် ကလေးခုနစ်ယောက်ဘေးက မြေပြင်ပေါ်တွင် လဲလျောင်းနေမှန်း တွေ့လိုက်ရသည်။

"လုရွှမ်?"

လုရွှမ် မတ်တတ် ထရပ်နေတာကို မြင်တော့ ကလေးမလေး တစ်ယောက်က အော်လိုက်သည်။

"အောင့်ယွဲ့?"

ကလေးမလေးက ခေါင်းညိတ်​ပြသည်။

နှစ်ယောက်သား နောက်ပြန် လှည့်ကြည့်လိုက်တော့ သူတို့အားလုံး ရုတ်တရက် ကလေးလို ပြန်ဖြစ်သွားတာကို တွေ့လိုက်ရ၏။ သူတို့အားလုံးသည် အသက်ခုနစ်နှစ် ဝန်းကျင်ရှိကြပြီး အားလုံးသည် ဆားနှင့် အာဟာရချို့တဲ့နေပုံရတဲ့ ကလေးတွေ ဖြစ်နေသည်။

ထူဖူးက အရပ်ရှည်သည်။ သူက သူတို့ထက် ခေါင်းတစ်ခေါင်း ပိုမြင့်လေသည်။ ဒီအချိန်မှာ သူ့ပါးပြင်တွေက စိမ်းစိမ်းစိုစိုနဲ့ မျက်လုံးတွေ ရှုပ်ပွနေပေမယ့် ဖော်မပြနိုင်လောက်အောင် ချစ်စရာကောင်းနေသည်။

ခဏကြာတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။

"မင်းတို့က ရယ်ရဲသေးတယ်ပေါ့...အရိုက်ခံရဖို့ ထိုက်တန်တယ် မြန်မြန် ထွက်လာပြီး အလုပ်ဆင်းတော့!"

အပြင်ဘက်တွင် ကြာပွတ်ရိုက်သံများ ထွက်ပေါ်လာရာ လိရှောင်း တိတ်တဆိတ် ကျိန်ဆဲလိုက်ကာ သူ့အနားရှိ ရှန်းရှဲ့ကို အမြန်ကူလိုက်သည်။ ယခုအချိန်တွင် သူတို့၏ ခန္ဓာကိုယ်များသည် ကလေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး ကြီးထွားမှုအဆင့်သည် သာမန်ကလေးများကဲ့သို့ပင်။

ဒါနဲ့ အပြင်ကလူကြီးကို ပြန်မအော်ရဲတော့ဘူး။ ခန္ဓာကိုယ်ကို ကြာပွတ်နဲ့ထိတဲ့ ခံစားချက်က တကယ်ကို စစ်မှန်လေသည်။ အပြင်ဘက်တွင် ကြာပွတ်ကျသံ ထွက်လာသော် လူရှစ်ဦးလည်း လျင်မြန်စွာ ပြေးထွက်လာခဲ့သည်။

အဲဒါမှ အပြင်ဘက်က အမှောင်ထဲမှာ လူအမြောက်အမြားကို တွေ့လိုက်ရလေသည်။ သူတို့နဲ့ ဆင်တူတဲ့ ကလေး ၅၀၀ ကျော် အပါအဝင်ပေါ့။ သို့သော် ကွာခြားချက်မှာ ထိုကလေးများသည် လေ့ကျင့်ရေး အဝတ်အစားများကို ၀တ်ဆင်ထားသော်လည်း သူတို့ကတော့ အစေခံ အဝတ်အစားများ ဝတ်ဆင်ထားခြင်း ဖြစ်သည်။

"ဟင့် ဘာဖြစ်နေတာလဲ? ငါတို့က ဒီမှာအစေခံ လာဖြစ်နေတာလား?"

လိရှောင်း အသံတိုးတိုးလေးနဲ့ ရေရွတ်လိုက်တယ်။

"ဘယ်သူ စကားပြောနေတာလဲ?"

လိရှောင်း ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ယံမှ ရုတ်တရက် ကြိုးကြာဖြုရဲ့ အော်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် အနီရောင် တောက်တောက်ပြောင်ပြောင် အမောက် ထိပ်ဖျားလေးဖြင့် အဖြူရောင်ဖြင့် ဖုံးအုပ်ထားသော ​ကြိုး​ကြာနှစ်ကောင်သည် လှပသော ရထားကို ဆွဲတင်ကာ ပျံသန်းလာခဲ့၏။

ကလေးအုပ်စုပေါ်၌ ပျံဝဲနေသော ရထားလုံးထဲမှ အမျိုးသမီးတစ်ဦး ဆင်းလာသည်။

ဝေဟင်ထက်မှ နတ်သမီးကို ကြည့်လိုက်ရင်း လုရွှမ်သည် နတ်သမီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရသလို ခံစားလိုက့ရသည်။ မသေမျိုး ကိုယ်ဟန်အနေအထားနှင့် ကျောက်စိမ်း မျက်နှာက သူမအလှကို ဖော်ပြရန် မလုံလောက်ပေ။ သူမတစ်ကိုယ်လုံးသည် ကောင်းကင်ဘုံ ကိုးဘုံမှ လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားမ ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာသကဲ့သို့ အသွင်အပြင်မျိုးဖြင့် ပြည့်နှက်နေသည်။

လုရွှမ်ကို မပြောပေမယ့် ရှန်းရှဲ့၊ အောင့်ယွဲ့တို့ မိန်းကလေးတွေဟာ သူမ မျက်လုံးတွေကို တည့်တည့်ကြည့်ရင်း သူတို့ရဲ့ မျက်လုံးတွေက နီရဲနေပြီး မနာလိုစိတ်တွေနဲ့ ပြည့်နေကြလေသည်။

"ဒါတွေအားလုံးက တပည့်သစ်တွေပဲကိုး... အရမ်းတော်တယ် သူတို့မှာ အရည်အချင်းတွေရှိတယ် ငါနဲ့လိုက်ခဲ့!"

သူမက လက်ဖဝါးများကို ဝေ့ယမ်းလိုက်ရာ ရင်ပြင်​ပေါ်ရှိ ကလေးများသည် တစ်ယောက်ပြီးတစ်ယောက် ရထားလုံးပေါ်သ်ို့ ခုန်တက်သွားကာ လဲကျသွား​ကြသည်။

ရထားလုံးက အလွန် သေးငယ်သော်လည်း လူတိုင်းကို နေရာထိုင်ခင်း ရ​​အောင် ထားရှိနိုင်သည်။ လုရွှမ်တို့ ရှစ်ဦးသာ ကျန်ရှိတော့၏။ ရှင်းရှင်းပြောရရင် အစေခံဝတ်စုံ ဝတ်ထားသည့် ကလေးရှစ်ယောက်ပင်။

"ကလေးတို့ စိတ်ဓာတ်မကျပါနဲ့.... မင်းတို့ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် ဂိုဏ်းထဲကို ထပ်ဝင်ဖို့ အခွင့်အရေး ရှိဦးမှာပါ... အနာဂတ်မှာ မသေနိုင်တဲ့ နတ်တစ်ပါးဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး"

နတ်သမီးက ပြောပြီးနောက် အဝေးကို ပျံသန်းတော့မည်။ လုရွှမ်၏ နှလုံးခုန်သံ လျင်မြန်သွားကာ ကျယ်လောင်စွာ အော်လိုက်သည်။

"နတ်သမီးကို မေးလို့ရမလား? ကျွန်တော်တို့ ဘယ်လိုဂိုဏ်းကို ဝင်ရမှာလဲ?"

လုရွှမ် ရုတ်​တရက်​ အသံထွက်​သွားလာတာနဲ့ သူ့​ဘေးနားက လူကြီးတစ်​​ယောက်​ ​ဒေါသထွက်​သွား​တော့သည်​။ သူက ကြာပွတ်​ကို ဝှေ့ယမ်းပြီး လုရွှမ်အား ပြင်းထန်​စွာ ရိုက်​ချင်​လာသည်​။

နတ်သမီးက သူမလက်ကို ဝှေ့ယမ်းကာ ကြာပွတ်ကို ပိတ်ဆို့ရင်း ရယ်မောကာ ပြောလိုက်သည်။

"ကလေးလေး အရမ်းတုံးနေတာ မကောင်းဘူး... ဂိုဏ်းကို ဘာလို့ မမှတ်မိတာလဲ ဒီတစ်ခါတော့ ထားလိုက်ပါ... နောက်တစ်ခါ သတိမရရင် အပြစ်ပေးရလိမ့်မယ်”

"မှတ်ထား! ငါတို့ဂိုဏ်းကို မသေမျိုးကောင်းကင်နန်းတော်လို့ ခေါ်တယ်!"

နတ်သမီး၏ အသံသည် အဝေးမှ ဆင်းသက်လာပြီး ရထားပေါ်သို့ ပျံဝဲကာ သာယာလှပစွာ ထွက်ခွာသွားကာ ကောင်းကင်နှင့် မြေကြီးကြား၌ပင် ပျောက်ကွယ်သွားခဲ့သည်။

"မသေမျိုး ကောင်းကင်နန်းတော်.... တကယ်ကြီး မသေမျိုး ကောင်းကင်ဘုံနန်းတော်"

အရပ်ရှည်ရှည်နဲ့ နည်းပြဆရာက လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ကန်ထုတ်လိုက်ပြီး သူ့ကို ကျိန်ဆဲကာ လှည့်ထွက်သွား​လေသည်။ အောင့်ယွဲ့နဲ့ အခြားလူများက လုရွှမ်ကို အမြန် ကူညီ​ပေးခဲ့ကြသည်။ အောင့်ယွဲ့မှာ လုရွှမ်ရင်ဘတ်ကို ထိခိုက်သွားမှာ စိုးသောကြောင့် ဂရုတစိုက် ကူညီခဲ့သည်။

"ဘယ်လိုလုပ်မလဲ? ဒီကန်ချက်နဲ့တင် အလကား ခံနေရပြီ!"

အောင့်ယွဲ့ရဲ့မျက်နှာမှာ စိုးရိမ်မှုတွေ အပြည့်နဲ့။ သူမရဲ့ပါးပြင် သေးသေးလေးတွေကလည်း အရမ်းကို ချစ်စရာကောင်းနေသည်။ လုရွှမ် ပြုံးလိုက်၏။

"ငါ အဆင်ပြေပါတယ်... ဒီမှာဘာတွေ ဖြစ်နေတာလဲ နားလည်အောင် မေးချင်လို့ပါ စကားမစပ် မင်းတို့အစောက နတ်သမီးရဲ့ ကျင့်​ကြံမှုအဆင့်က ဘယ်လိုလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်လား?"

လူတိုင်းက ခေါင်းခါလိုက်သည်။ ထိုစဥ် ရှန်းရှဲ့က။

"ထွက်သက်ရဲ့ ခွန်အားကို ကြည့်ရင် နတ်မီးနယ်ပယ်မှာ ရှိမယ်ထင်တယ်... ဒါပေမဲ့ နယ်ပယ် ပိုင်းခြားပုံကတော့ လုံးဝ ကွဲပြားနေသလိုတယ်"

"ဟုတ်တယ် ဟုတ်တယ်... ငါလည်း ပြဿနာတစ်ခု ရှိနေတယ်လို့ ခံစားနေရတာ... အဲဒါက ငါတို့ကမ္ဘာနဲ့ နယ်ပယ်ပိုင်ခြားမှု မတူတာ ဖြစ်မယ်"

ဘုန်းကြီးရှန်ယိက ဆိုလေသည်။

"ဟိုရှေးရှေးတုန်းက ကျင့်ကြံမှု အဆင့်တစ်မျိုး ရှိခဲ့တယ်လို့ ဆရာ့ဆီက ကြားဖူးတယ် အတိအကျက ဘာလဲဆိုတာတော့ ငါ့ဆရာတောင် မသိဘူး...ဒါပေမဲ့ အဲဒီကျင့်စဥ်တွေ ပျောက်ကွယ်သွားပြီးကတည်းက ဘယ်သူမှ နတ်မဖြစ်လာကြတော့ဘူးတဲ့”

All Chapters