← Chapters

အမေ မင်းကို သတိရတယ်

Vol. 62 Ch. 917

အမေ မင်းကို သတိရတယ်

Vol. 62 Ch. 917

ထောင်စောင့်ဟောင်းကြီးမှ လင်းရီကို သတိထားစွာ ကြည့်လာခဲ့သည်။

“ ဒါရိုက်တာဝမ်.. သူက ဘယ်သူကြီးလဲ…”

“ အချင်းချင်းတွေ… မင်းဘာမှ စိုးရိမ်နေစရာ မလိုဘူး.. လွတ်လွတ်လပ်လပ်သာပြော…”

ထောင်စောင့်ဟောင်းကြီးမှ ခေါင်းညိမ့်လိုက်ပြီး စတင်ပြောဆိုတော့၏။

“ အဲ့တုန်းက ကျုပ်တို့ တော်တော်လေး ရင်းနှီးခဲ့ကြတော့ ကျုပ်ဆီမှာ သူ့နဲ့ ဆက်သွယ်လို့ရမယ့် အချက်အလက်တွေရှိတယ်..”

“ အဲ့တာဆို သူအခု ဘယ်နေရာမှာ…”

“ ရန်ချိန်မှာ မဟုတ်တော့ဘူး… ရန်ကျင်းမှာ…”

“ အဲ့လောက် အဝေးကြီး ပြေးသွားလိမ့်မယ်လို့တောင် ထင်မထားဘူး..” လင်းရီ ခါးသက်စွာ ပြုံးလိုက်ပြီး “ သူ့ကိုယ်သူ ဘယ်လို အပျော်ရှာရမလဲတော့ သိသားပဲ..”

“ အဓိကကတော့ သူ ရန်ချိန်မှာ ဆက်မနေနိုင်တော့တာလည်း ပါတယ်... သူ အကျဉ်းထောင်ကနေ လွတ်ပြီးတော့ သူ့နောက်လိုက်ရှာနေတဲ့လူတွေက စပြီး ပြဿနာ ရှာလာကြတယ်..အဲ့တာနဲ့ပဲ ကျုပ်သူ့ကို ရန်ကျင်း သစ်စက်ရုံမှာ အလုပ်သမားအဖြစ် သွင်းပေးခဲ့တာပဲ…”

“ သူ့ကို ဘယ်သူက ပြဿနာ လိုက်ရှာနေတာ…” လင်းရီ မျက်မှောင်ကုတ်လိုက်၏။

“ သူ အဲ့ဒီတုန်းက ဒဏ်ရာအကြီးအကျယ် ရခဲ့တယ် မဟုတ်ဘူးလား… ဒါပေမယ့် အဲ့ဒီ မိသားစုကတော့ အလွတ်ပေးဖို့ ရည်ရွယ်ချက် ရှိတဲ့ပုံ မပုံဘူး.. ထောင်ထဲမှာ လူမိုက်ငှားပြီး သတ်ဖြတ်ခိုင်းတာတွေတောင် ရှိတယ်… ကျုပ်သာ အဲ့တုန်းက ကာကွယ်မပေးထားခဲ့ရင် သူ ဘာဖြစ်မယ်တောင် မသိဘူး…”

“ သူ့ကို ဘယ်သူတွေ လုပ်တာ…” လင်းရီ မော့ကြည့်လာခဲ့ပြီး “ အဲ့ကောင်တွေ ခုထိ အထဲမှာ ရှိနေတုန်းလား..”

ဝမ်မင်တုန်း ထောင်စောင့်ဟောင်းကြီး စကားကိုကြားတော့ ရှော့ခ်ရသွားခဲ့ပြီး “ မစ္စတာလင်း… စိတ်အေးအေးထားပါ.. ကျုပ်တို့ဘက်က စီမံမှု ညံ့ဖျင်းခဲ့လို့ ဒီလိုကိစ္စတွေ ဖြစ်ပျက်သွားခဲ့တာ...ကျုပ် သေချာကိုင်တွယ်ပြီး မစ္စတာလင်းကို အဖြေပြန်ပေးပါ့မယ်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး အကျဉ်းထောင်စောင့် ဟောင်းကြီးအား ကြည့်၍ “ သူ့လိပ်စာအတိအကျနဲ့ ဆက်သွယ်လို့ ရမယ့် အချက်အလက်တွေ ပေးလို့ရလား..”

“ အင်း… ကျုပ် အသေးစိတ်ကို စာရွက်ပေါ် ရေးပေးလိုက်မယ်… နောက်မှ ခင်များကိုယ်တိုင် သွားရှာလိုက်ပေါ့…”

“ အိုကေ… ကျေးဇူးပါ..”

မိနစ်အနည်းငယ်ကြာပြီးနောက် ထောင်စောင့်ဟောင်းကြီးမှ စာရွက်တို အပိုင်းအစလေးတစ်ခုကို လင်းရီလက်ထဲ ကမ်းပေးလိုက်၏။ အပေါ်တွင်တော့ သစ်စက်ရုံ လိပ်စာနှင့် ဝူဖေးယွဲ့၏ ဖုန်းနံပါတ်ကို ရေးသားထားလေသည်။

“ ဒါရိုက်တာဝမ်… အစ်ကိုကျန်း.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် ခင်များတို့ကို အလုပ်ရှုပ်စေမိပြီ..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် သူ့ကို ဒီအကြောင်း ပြန်မပြောပါနဲ့… တကယ်လို့ သူသာ သိသွားခဲ့ရင် သေချာပေါက် ကျုပ်နဲ့ တွေ့မှာ မဟုတ်ဘူး.. ကျုပ် ဘယ်တုန်းကမှ မလာခဲ့ဘူးလို့ပဲ သဘောထားပေးပါ..”

“ ရပါတယ်… ဘာအပန်းကြီးတာမှတ်လို့..”

လင်းရီ နှစ်ယောက်ကို ထပ်မံ ကျေးဇူးတင်လိုက်ပြီး စီးကရက်တစ်ချို့ ဝယ်ရန် ထွက်လာခဲ့လိုက်သည်။ ထို့နောက် အပေါက်ဝရှိ အစောင့်အား ကမ်းပေး၍ ဝမ်မင်တုန်းထံ ပို့ပေးရန် ပြောပြီး ဂေဟာသို့ တက္ကစီငှား၍ ထွက်လာခဲ့လေသည်။

လင်းရီ ပြန်လာသည်ကို မြင်တော့ ဝမ်ချွေ့ပင်း ပျော်ရွှင်သွားခဲ့သည်။ သို့သော်လည်း ပထမတစ်ခေါက် ရောက်လာတုန်းကကဲ့သို့တော့ ပျော်ရွှင်မနေချေ။

အဘယ်ကြောင့်ဆိုသော် လင်းရီ သိပ်မကြာခင်ကလည်း တစ်ခေါက် လာခဲ့သေးသောကြောင့်ဖြစ်၏။

မိဘနှင့် သားသမီး ဆက်ဆံရေးသည်က ထိုကဲ့သို့ပင်။ အကယ်၍ သားသမီးဖြစ်သူမှာ အချိန်အတော်ကြာမှ ပြန်လာခဲ့သည်ဆိုပါက ပွေ့ဖက်ထား၍ မျက်ရည်များခမ်းအောင် ငိုရမည်ဆိုလျှင်တောင် သူမတို့ မပင်ပန်းချေ။

သို့သော်လည်း အကယ်၍ အိမ်တွင် တစ်ပတ်ကျော်မျှ ရှိနေပြီဆိုပါက မျက်စိအမြင်ကတ်ချင်စရာ ဖြစ်လာပေမည်။

ဝမ်ချွေ့ပင်းသည်လည်း ထိုနည်းလည်းကောင်းပင်။ ထို့ကြောင့် လင်းရီကို မြင်တွေ့ရသည်က တစ်နယ်တစ်ကျေး၌ ကျောင်းတက်နေသည့် သူမ သားသမီးများ ပြန်လာသည်လောက် ဝမ်းမသာချေ။

ညစာစားပြီးနောက် လင်းရီ ကျီချင်းရန်နှင့် ခေတ္တစကားပြောပြီး အနားယူရန် လဲလျောင်းလိုက်တော့သည်။

နောက်တစ်နေ့ နံနက် ဝမ်ချွေ့ပင်း အိပ်ရာနိုးတော့ မနက် ငါးနာရီမျှသာ ရှိသေး၏။ ထိုအချိန် လင်းရီလည်း နိုးလာနေချေပြီ။

“ ဘာလို့ အစောကြီးထလာခဲ့တာ… ဒီမှာ အိပ်ရတာကို နေသားမကျသေးလို့လား..”

“ မဟုတ်ပါဘူးဗျာ.. ကျွန်တော် ဒီနေ့ လုပ်စရာလေးရှိလို့… ခု အပြင်သွားတော့မယ်..” လင်းရီ အဝတ်အစားထပ်ရင်း ပြောလိုက်၏။

“ ဒါနဲ့ အမေ နှစ်သစ်ကူးအတွက် လိုအပ်တာတွေ အကုန် ဝယ်ပြီးသွားပြီလား… ပိုက်ဆံကော လောက်သေးရဲ့လား..”

“ လောက်ပါတယ်… အချိန်ကျတော့မှ ကလေးတွေအတွက် အရုပ်နည်းနည်းလောက်ဝယ်ပေးလိုက်မယ်.. အဲ့တာဆို နှစ်တစ်နှစ်ကို အကောင်းမွန်ဆုံး နှုတ်ဆက်လိုက်လို့ရပြီလေ..”

“ အင်း.. ကျွန်တော်ပေးတဲ့ ပိုက်ဆံတွေ ချွေတာမနေနဲ့… လွတ်လွတ်လပ်လပ်တာသုံး..” လင်းရီ ပြောလိုက်ပြီး “ ခု အခြေအနေတွေလည်း ပြေလည်လာပြီဆိုတော့ အရင်လို လက်ကပ်မနေနဲ့တော့… အချိန်အားရင် အဖေ့အတွက်လည်း အဝတ်စားအသစ်လေး နည်းနည်းလောက် ဝယ်ပေးလိုက်စမ်းပါဦးဗျာ…”

“ ချွေးမလေးက နင့်ဖေအတွက် ဝယ်ခဲ့ပေးပြီးသားလေ… ဘာလို့ ငါက အလုပ်ရှုပ် ခံနေတော့မှာ..”

“ အမေ့ချွေးမသာ မဝယ်လာခဲ့ပေးဘူးဆိုရင် အမေလည်း ဝယ်ပေးမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် လောင်းရဲတယ်…”

“ မဝယ်ပေးချင်တာ မဟုတ်ပါဘူးအေ… အဓိကက သူဘာလုပ်စရာရှိတာမှတ်လို့… နေ့တိုင်း ဂေဟာမှာပဲ အလုပ်လုပ်တယ်.. အင်္ကျီသစ် ဝတ်ရင်တောင် အလကားပဲ…”

“ အဲ့လိုပြောကြေးဆို အမေ မတရားရာ ကျသွားပြီ..” လင်းရီ ပြုံးလိုက်ပြီး “ အမေကျတော့ နေ့တိုင်း ခြံဝန်းထဲနေပြီး ဘာလို့ ဆံပင်သွားလုပ်လဲ..“

“ လစ်.. လစ်.. လစ်.. ဘာလို့ အဲ့တာတွေ လာပြီး ဂရုစိုက်နေတာ… ငါအားလို့ ငါလုပ်တယ်လေ.. ဘာဖြစ်လဲ…”

အဆူခံရပြီးနောက် လင်းရီ အပြုံးဖြင့် ထွက်ခွာသွားခဲ့သည်။

တက္ကဆီ မငှားမီ လင်းရီ ငယ်စဉ်က စားသောက်နေကြဆိုင်တွင် ဝင်ထိုင်၍ ဘန်းမုန့်တစ်ချို့ ရေနွေးကြမ်းနှင့် ဗိုက်ဖြည့်လိုက်သည်။

ထို့နောက် တက္ကစီငှား၍ လေဆိပ်သို့ ဦးတည်လိုက်လေသည်။

လေဆိပ်ရောက်တော့ ကိုယ်ပိုင်လေယာဉ်ဖြင့် ရန်ကျင်းသို့ ဦးတည်လိုက်ကာ နံနက်ဆယ်နာရီ ဝန်းကျင်ခန့်တွင် လေဆိပ်သို့ ဆိုက်ရောက်လာခဲ့၏။

လေယာဉ်ပေါ်မှ ဆင်းပြီးနောက် လင်းရီ ငကြောင် တစ်ကောင်လိုမျိုး ဝိုင်းကြည့်ခြင်း ခံလိုက်ရလေသည်။

ဇန်နဝါရီ၌ ရန်ကျင်း၏ အပူချိန်မှာ အနှုတ် ရှစ် မှ ကိုး ဒီဂရီအထိ ရောက်နေသော်လည်း သူကိုယ်တိုင်ကတော့ ဤနေရာသို့ တီရှပ်တစ်ထည်ဖြင့် ပြေးလာခဲ့၏။

သူ၏ ချောမောသည့် ရုပ်ရည်ကြောင့်သာ မဟုတ်ပါက လမ်းသွားလမ်းလာများ၏ တစ်ယောက် တစ်ခွန်းဆဲသွားခြင်းကိုတောင် ခံရနိုင်လေသည်။

သို့နှင့် လေဆိပ်စတိုး၌ ဂျက်ကတ်တစ်ထည်ဝယ်ကာ တက္ကစီငှား၍ သစ်စက်ရုံသို့ ဦးတည်လိုက်၏။

နှစ်သစ်ကူးရောက်ခါနီးနေပြီး သစ်စက်ရုံမှာ အားလပ်ရက်ပေးထားသလား လင်းရီ မသိပေ။

လင်းရီ အမြင်တွင်တော့ ကုမ္ပဏီအများစုမှာ နေ့ကြီးရက်ကြီး မတိုင်မီ တစ်ရက်ကျမှသာ အလုပ်နားပေးလေ့ရှိကြ၏။

သို့သော်လည်း လင်းရီစိတ်ထဲ သစ်စက်ရုံမှာ အထူးပိတ်ရက်များ မလုပ်ပေးပါစေနဲ့ဟူ၍ ဆုတောင်းပြုရင်း လိပ်စာအတိုင်း လိုက်လာခဲ့ကာ မကြာမီ 'ရှင်းလုံ' သစ်စက်ရုံသို့ ရောက်ရှိလာခဲ့သည်။

သူ အထဲသို့ ဝင်ဟန်ပြင်တော့ အစောင့်ခွေးနက်ကြီးမှ မရပ်တန်း တဝုတ်ဝုတ် ထိုးဟောင်လေသည်။

ထိုအခါ တံခါးဝရှိ အဘိုးကြီးမှ ထွက်လာ၍ လင်းရီကို ကြည့်လိုက်ပြီး မီတာအနည်းငယ်ခန့်မှ နေကာ လှမ်းစကားပြောလိုက်သည်။

“ မင်း ဒီ ဘာလာလုပ်တာ..” အဘိုးကြီးမှာ သူ့ကိုယ်သူ စစ်ဝတ်ဂျာကင်အထူကြီးဖြင့် လွှမ်းခြုံထား၏။

“ အဘိုး.. ကျွန်တော် လူတစ်ယောက်အကြောင်း မေးချင်လို့.. ဒီမှာ ဝူဖေးယွဲ့ဆိုတဲ့ နာမည်နဲ့ အလုပ်လုပ်တဲ့သူ ရှိလားဗျ…”

“ မင်းပြောနေတာ အသေးလေးဝူကိုလား..” အဘိုးကြီးမှ အာငွေ့များထွက်ရင်း ပြောလိုက်ပြီး “ သူ အရင်တစ်လတုန်းကရင် ထွက်သွားခဲ့ပြီ..”

“ သူ ဘယ်သွားလဲကော သိလားအဘိုး..”

“ လျိုလီစင်တာနားလေးမှာ အိမ်ယာအသစ် ဆောက်နေတာရှိတယ်.. ငါ့အထင်တော့ အဲ့မှာ သူ ဆောက်လုပ်ရေး လုပ်နေတယ်နဲ့တူတယ်… ကံသွားစမ်းကြည့်ပေါ့ကွာ…”

“ ဟုတ်.. ကျေးဇူးနော် အဘိုး.. ရာသီဥတုကအေးတယ်… ဂရုစိုက်ဦး..”

ပြောပြီးနောက် လင်းရီ စီးကရက် တစ်ဘူး ကမ်းပေးရင်း တက္ကစီစီး၍ ထွက်လာခဲ့သည်။

လင်းရီ ရန်ကျင်း တစ်ခါမျှ မရောက်ဖူးသော်လည်း လျိုလီစင်တာအကြောင်းတော့ ကြားဖူးလေသည်။ ထိုနေရာက အကြီးဆုံး ရှေးဟောင်းပစ္စည်းများ ရောင်းဝယ်ဖောက်ကားသည့် နေရာဖြစ်ပြီး ဟွာရှ၏ ၉၅ ရာခိုင်နှုန်းသော ပစ္စည်းအတုများ ထုတ်လုပ်ရာနေရာဟူ၍လည်း ပြော၍ရ၏။

ကားပေါ်မှ ဆင်းပြီးနောက် လင်းရီ လှည့်ပတ်ကြည့်လိုက်ကာ အဝေးတစ်နေရာရှိ ဆောက်လုပ်ရေးဇုန်အား မြင်တွေ့သွားခဲ့သည်။

ဆောက်လုပ်ရေးဇုန်မှာ အင်မတန်ကြီးမားလှသော်လည်း ကံကောင်းသွားသည်က တစ်ထပ်မျှသာ ဆောက်လုပ်ပြီးစီးသေးသောကြောင့် ရှာဖွေရ လွယ်ကူသွားလေသည်။

တစ်နာရီခန့် လမ်းလျှောက်ပြီးသည့်တိုင်အောင် လင်းရီ ဝူဖေးယွဲ့အား မမြင်မိသေးချေ။

သို့သော်လည်း ကံကောင်းခြင်း နတ်ဘုရားက သူ့အား အမြဲတ‌စေ စိတ်မပျက်စေခဲ့ပေ။ ဆောက်လုပ်ရေး လုပ်သားများ နေ့လည်စာ နားချိန်ရောက်တော့ တန်းစီနေသည့် အလုပ်သမား တန်းကြီးထဲ၌ လင်းရီ ဝူဖေးယွဲ့အား မြင်တွေ့သွားခဲ့သည်။

ဝူဖေးယွဲ့၏ အရပ်အမောင်းက မနိမ့်ပါး၊ လင်းရီနှင့် တန်းတူမျှရှိ၏။ သူ၏ အရပ်နှင့် ထွားကျိုင်းလှသည့် ခန္ဓာကိုယ်ကြီးက အခြားအလုပ်သမားများကြားထဲတွင် ထင်းနေလေသည်။

ဝူဖေးယွဲ့လည်း အခြားသူများနည်းတူ နေ့လည်စာ ထမင်းဘူးကို ကိုင်ထား၏။ စက်ရုံမှ ပေးထားသည့် လုံခြုံရေး ဦးထုပ်နှင့် လက်အိတ်များကို ဝတ်ဆင်ထားသော်လည်း ထိုအခိုက်အတန့်တွင်တော့ လက်အိတ်ကို ချွတ်၍ ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်နေလေသည်။

အပူချိန်မှာ အနည်းငယ် နိမ့်ကျနေသော်လည်း ဝူ‌ဖေးယွဲ့ကတော့ ချည်ထည်ကုတ်အင်္ကျီတစ်ထည်ဖြင့် အလုပ်လုပ်နေနိုင်ဆဲပင်။

“ အစ်ကို…”

လင်းရီ မလှမ်းမကမ်းမှ မတ်တပ်ရပ်၍ လှမ်းအော်လိုက်၏။

နေ့လည်စာအတွက် တန်းစီနေကြသည့် အလုပ်သမားများမှ လင်းရီဘက်သို့ အလိုအလျောက် လှည့်ကြည့်လာကြသည်။

ဤကောင်လေးက ဘယ်သူ့ ညီလဲဆိုတာ သူတို့ မသိကြချေ။

ဝူဖေးယွဲ့လည်း အစပိုင်းတုန်းကတော့ ထူးမခြားနားပင်။ သို့သော်လည်း လင်းရီကို သေချာကြည့်ပြီးနောက် သူ၏ အမူအရာမှာ ရုတ်တရက် တုန်လှုပ်သွားခဲ့တော့၏။ အချိန်အတော်ကြာအောင် နေရာ၌ ကျောက်ရုပ်ကြီးကဲ့သို့ ရပ်နေပြီးတော့မှ အသိပြန်ဝင်လာလေသည်။

“ ဝူကြီး .. မင်း အဲ့တာ ဘယ်လဲသွားနေတာ.. ခု ဝါးတီးဆွဲရမယ့် အချိန်လေကွာ..” တန်းစီနေသည့် အလုပ်သမားတစ်ဦးမှ ပြောလိုက်၏။

“ ငါမဆာသေးဘူး..”

ပြောရင်းဖြင့် ဝူဖေးယွဲ့ သူ၏ နေ့လည်စာဘူးအား ကိုင်ကာ ခေါင်းငုံ့ရင်း ဆန့်ကျင်ဘက်နေရာသို့ သုတ်ခြေတင်တော့၏။

“ အစ်ကို… ငါ ဒီရောက်နေပြီကို မင်းက ဘယ်ပြေးချင်နေသေးတာ…”

“ မဟုတ်ဘူး.. မင်း လူမှားနေပြီ… ငါမင်း အစ်ကို မဟုတ်ဘူး..”

“ အနှစ် ၂၀ ကျော်လောက် အတူနေလာတဲ့ ညီလေးကို မမှတ်မိဘူးဆိုတာကတော့ အစ်ကို .. မင်း.. ရက်စက်လွန်းရာ ကျသွားပြီ…”

“ ဘာအစ်ကိုတုန်း… မင်း လူမှားနေပြီ…”

“ ငါနဲ့ ပြန်လိုက်ခဲ့… ဘယ်နှနှစ်တောင် ရှိနေပြီလဲ… အမေမင်းကို သတိရနေတယ်..”

All Chapters