← Chapters

ကိုယ့်ရှေ့မောက်မာပြရင် သူတို့ထက် ပိုမောက်မာပေးရတယ်

Vol. 62 Ch. 920

ကိုယ့်ရှေ့မောက်မာပြရင် သူတို့ထက် ပိုမောက်မာပေးရတယ်

Vol. 62 Ch. 920

" ဒါဆိုလည်း သွားကြစို့… ကျွန်တော်လည်း ရန်ကျင်း တစ်ခေါက်ရောက်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး… ရောက်တစ်ခိုက်တော့ ခဏလည်ပတ်ဦးမှပေါ့…”

ပြောပြီးနောက် လင်းရီ လက်တား၍ ကားငှားလိုက်ပြီး နှစ်ယောက်လုံး ကားထဲ အတူဝင်လိုက်ကြသည်။

“ ဦးလေး.. SKP ကို မောင်းဗျာ…”

“ ရို.. မင်း လေသံနားထောင်ကြည့်ရတာ သေချာပေါက် တခြားမြို့က ဖြစ်မယ်..” ဒရိုင်ဘာ ဦးလေးကြီးမှ ရန်ကျင်းလေသံ ဝဲဝဲဖြင့် ပြောလိုက်သည်။

လင်းရီ ခေါင်းညိမ့်ပြလိုက်၏။

ရန်ကျင်းရှိ ဒရိုင်ဘာဦးလေးကြီးများ လေအင်မတန် ပေါသည်ဟု လင်းရီ ကောလဟာလများ ကြားခဲ့ဖူးသော်လည်း ယခုတော့ သူကိုယ်တိုင် ကြုံတွေ့နေရချေပြီ..။

“ မင်း ရုပ်လေးက တကယ်မဆိုးဘူးကွ.. အဲ့မှာ အလုပ်လျှောက်ရင် သေချာပေါက် ရနိုင်ချေများတယ်..”

“ ဟမ်... ကျုပ်တို့က ဘာလို့ အလုပ်လျှောက်ရမှာ… အဲ့မှာ ပိုက်ဆံသွားဖြုန်းတာကော မဖြစ်နိုင်ဘူးလား…”

“ SKP ဆိုတာ ဟွာရှမှာ ဈေးအကြီးဆုံးမောလ်ကွ… နယ်ခံအများစုတောင် အဲ့မှာ ဝယ်ဖို့ မတတ်နိုင်တာကို ငါ့လာမနောက်စမ်းနဲ့..”

“ ဘာလို့.... SKP ယွမ် သန်းရာချီတန်တဲ့ ပစ္စည်းတွေပဲ ရောင်းလို့လား..”

“ မင်း ဘာတွေ လာပြောနေတာ.. အဲ့ဒီက ဈေးအကြီးဆုံး ပစ္စည်းတောင် ယွမ် သန်းရာချီ မပေးရပါဘူးဟ…”

လင်းရီ ဖုန်းထုတ်၍ သူ့ဖုန်းပိုက်ဆံအိတ်ထဲ ငွေပမာဏကို ကားဆရာကြီးထံ ပြလိုက်သည်။ သုည အတန်းလိုက်ကြီးကိုမြင်တော့ ကားဆရာကြီးမှာ လင်းရီ လှည့်စားနေသလားဟုတောင် အတွေးများ ဝင်သွားခဲ့လေသည်။

သုည အလုံးရေ မည်မျှ ရှိနေမှန်း သူ မရေတွက်လိုက်ရသော်လည်း SKP ၌ ဖြုန်းရန် လုံလောက်သည်ထက်တော့ ပိုပေသည်။

SKP ကို မဆိုထားနှင့်။ ထိုငွေပမာဏနှင့်ဆိုပါက ရန်ကျင်း၌ အိမ်တစ်လုံးပင် အေးဆေး ပါးရိုက်ဝယ်၍ရ၏။

“ ခါးပတ်ကို သေချာပတ်ထားကြ…. ငါအသားကုန်မောင်းပြီ… မင်းရဲ့ အချိန်တွေကို မဖြုန်းတော့ဘူး..”

နာရီဝက်ကြာပြီးနောက် လင်းရီတို့ SKP အဝင်ပေါက်ဝသို့ ရောက်လာခဲ့ကြသည်။

သူ့ရှေ့ရှိ မောလ်ကို မြင်တော့ ဝူဖေးယွဲ့ ပါးစပ်ကြီးဟောင်းလောင်းနှင့် ရှော့ခ်ရသွားခဲ့တော့၏။

“ ရီ… မင်း ... ဒီနေရာကြည့်ရတာ တော်တော်ဈေးကြီးမယ်မလား…”

“ အင်း… ဈေးတော့မပေါဘူး..” လင်းရီ ပြောလိုက်ပြီး “ အစ်ကို့ ယောင်းမ ဒီကို အလုပ်ခရီးနဲ့ ရောက်ဖြစ်ရင် ဒီမှာပဲ အမြဲ ဝယ်နေကျလေ…”

“ တခြားနေရာ သွားကြစို့..” ဝူဖေးယွဲ့ ပြောလိုက်ပြီး “ ဒီနေရာက ငါတို့လို သာမန်လူတွေနဲ့ မဆိုင်တဲ့ နေရာကြီးကွ…”

“ အဆင်ပြေတယ်.. ဘာမှမပူနဲ့.. ရဲရဲကြီးသာ ဝင်..” လင်းရီ ပြုံးလိုက်ပြီး “ ကျွန်တော်က မချမ်းသာဘူးဆိုပေမယ့် ဒီလိုနေရာမျိုးမှာ ဝင်းဒိုးရှော့ပင်း လုပ်ဖို့တော့ ပြဿနာမရှိဘူး…”

နှစ်သစ်ကူးပွဲတော် နီးကပ်လာသည်နှင့်အမျှ ပိုမိုများပြားသည့် လူတို့မှာ မောလ်သို့ ဈေးဝယ်ထွက်လာကြလေသည်။

နှစ်ယောက် မောလ်ထဲ ရောက်တော့ တစ်ခဏအတွင်း လူအုပ်ကြီး၏ အာရုံကို ဆွဲဆောင်သွားခဲ့တော့၏။

တစ်ဦးမှာ TV မင်းသားအလား ခန့်ညားချောမောနေပြီး ကျန်တစ်ယောက်ကတော့ ကူလီထမ်း အလုပ်သမားနှယ် စုတ်ပြတ်သပ်နေသည်။ ထိုနှစ်ဦး အတူရပ်နေသည်က တကယ့်ကို မျက်စိအမြင်ကျယ်စရာကြီးပင်။

“ ရီ.. ဒီနေရာက မိုးလောက်ကြီးကို ဈေးကြီးတာပဲကွ..” ဝူဖေးယွဲ့ လေသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်ပြီး “ ငါ့လက်ထဲမှာ တစ်သိန်းရှိပြီဆိုတော့ ပစ္စည်းတွေ အများကြီး ဝယ်နိုင်ပြီထင်နေတာ ခုလေးတင် မီးခြစ်တစ်လုံးကို ယွမ် ၁၂၀,၀၀၀ နဲ့ ရောင်းနေတာ မြင်လိုက်တယ်…. ကြောက်စရာကြီး.. ဘယ်ကောင်က ဝယ်နိုင်မှာတုန်းကွ..”

“ အဆင်ပြေပါတယ်.. ပစ္စည်းတွေက နည်းနည်းလေး ဈေးကြီးတယ်ဆိုရင်တောင် အထင်ကြီးဖို့ ကောင်းနေတုန်းပဲလေ..”

လင်းရီလည်း စုံလင်နေသည့် ဘရန်းများအား လှည့်ပတ်ကြည့်ရှုလိုက်၏။ တိုင်းစကွဲ၏ စံသတ်မှတ်ချက်မှာ အင်မတန် မြင့်မားနေသော်လည်း SKP နှင့် ယှဉ်ရာတွင်တော့ အနည်းငယ် လိုအပ်နေသေးလေသည်။

သေစမ်း.. အင်ပါယာမြို့သားတွေက သူတို့ကိုယ်သူတို့ ဘယ်လို အပျော်ရှာမလဲတော့ အတော်သိကြတာပဲ….

“ လာစမ်းပါ.. အစ်ကို့အတွက် အဝတ်နည်းနည်းလောက် သွားဝယ်ကြစို့..” လင်းရီ ပြောလိုက်ပြီး “ နှစ်သစ်ကူးလေ.. လူက လန်းနေမှဖြစ်မှာ…”

“ မရဘူး.. ဘာပဲဆိုဆို ငါက မင်းအစ်ကိုလေ.. ညီက အစ်ကို့ကိုယ်စား ပိုက်ဆံသုံးပေးတယ်ဆိုတာ ဘယ်လိုမှကို မဖြစ်သင့်ဘူး..”

“ အစ်ကို မင်း အတွေးလွန်နေပြီ…” လင်းရီ ရယ်မောလိုက်ပြီး “ ကျွန်တော် ဆိုးသွမ်းခဲ့တုန်းက အစ်ကိုပဲ ကျွန်တော့်ဘက်ကနေ အမြဲ ရပ်တည်ပေးခဲ့တယ်မလား… ခု ကျွန်တော်လည်း ပိုက်ဆံ နည်းနည်း ရှာလာနိုင်ပြီဆိုတော့ အစ်ကိုရှေ့ နည်းနည်း ကြွားလုံးထုတ်ခွင့်ပေးစမ်းပါ… ဟုတ်ပြီလား…”

“ မင်း… ကောင်စုတ်လေးကတော့..”

ဝူဖေးယွဲ့ အပြုံးဖြင့် ပြောလိုက်သည်။ သို့သော်လည်း မျက်ရည်များက ဝဲလို့နေပြန်သည်။

“ သွားကြစို့..”

လင်းရီ ဝူဖေးယွဲ့၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်၏။ အချို့စကားလုံးများက ထုတ်ပြောရန် မလိုအပ်ချေ။ နှစ်ဦးလုံးမှ အခြေအနေကို ရှင်းလင်းစွာ နားလည်ထားကြလေသည်။

လင်းရီ ဖက်ရှင်အကြောင်း သိပ်မလေ့လာဖြစ်သောကြောင့် ဘရန်းတစ်ချို့နှင့်သာ ရင်းနှီးသည်။ ထို့ကြောင့် သူ ကြားဖူးနေကြဖြစ်သည့် Armani စတိုးသို့ ဝူဖေးယွဲ့က ခေါ်ဆောင်လာခဲ့၏။

“ ဆရာ… စိတ်မရှိပါနဲ့… ကျွန်မတို့ ဒီမှာ သာမန်ဧည့်သည်တွေ လက်မခံပါဘူး..”

“ သာမန်ဧည့်သည်တွေ လက်မခံဘူးလား…” လင်းရီ အမျိုးသမီး ဆိုင်ဝန်ထမ်းကို စူးစိုက်ကြည့်လိုက်ရင်း “ ငါက သာမန်ရုပ်ပေါက်နေလို့လား..”

“ မဟုတ်ဘူး ဆရာ.. ဆရာက တော်တော်လေး ချောတယ်..”

“ ဒါဆို ငါ့အစ်ကိုကျတော့.…”

“ သူကတော့ ဝင်လို့မရဘူး…” အရောင်း စာရေးမမှ ဝင်ပြောလာခဲ့ပြီး “ တကယ်လို့ သူ့ရဲ့ ဒီပုံစံ အဝတ်အစားကြီးနဲ့ ဆိုင်ထဲဝင်ရင် တခြား ကတ်စတန်မာတွေရဲ့ ဈေးဝယ်အတွေ့အကြုံအပေါ် သက်ရောက်မှု ဖြစ်စေလိမ့်မယ်… ဒီတော့ ကျွန်မတို့ကတော့ ခွင့်မပြုနိုင်ဘူး… ဒါပေမယ့် ဟော့ဒီက ဆရာကတော့ သေချာပေါက် ဝင်လို့ရပါတယ်..”

ထိုမြင်ကွင်းကိုတွေ့တော့ အခြားဆိုင်ရှိ ဝန်ထမ်းများကလည်း ရယ်မောလိုက်ကြသည်။

“ သူတို့လေသံ နားထောင်ကြည့်ရတာ မြို့ပြင်ကနဲ့တူတယ်.. SKP ဆိုတာ ဘယ်လို နေရာမျိုးလဲ သူတို့ သိပုံမပေါ်ဘူး…” Chanel ဆိုင် အရောင်းဝန်ထမ်းမှ ပြောလိုက်ပြီး “ အဲ့ဒီ အစ်ကိုချောလေးအတွက်တော့ စိတ်မကောင်းစရာပဲ… အချောလေးတစ်ယောက် အရှက်ကွဲနေတာကို ငါတကယ်ပဲ မမြင်ရက်ဘူး..”

“ ဘယ်တတ်နိုင်မှာ… SKP လို နေရာမျိုးက သန်းနဲ့ချီတဲ့လူတွေ မဝင်ရဲတဲ့ နေရာလေ.. သူတို့အတွက် နေရာမှန်မဟုတ်တာ ပုံမှန်ပါပဲ…”

အကယ်၍ လင်းရီ တစ်ကိုယ်တည်း ရောက်လာမည်ဆိုပါက ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

မည်သူကမျှ သူကဲ့သို့ ဥစ္စာပေါ ရုပ်ချောလေးအား လက်လွတ်ဆုံးရှုံးခံကြလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူ့ဘေး၌ ဝူဖေးယွဲ့ ရပ်နေချိန်တွင်တော့ အခြေအနေမှာ ကွာခြားသွားခဲ့၏။ သူ ၀တ်ထားသည်က စုတ်ပြတ်သပ်နေသည် မဆိုသာသော်လည်း SKP ကဲ့သို့ အဆင့်အတန်းမြင့် ဘရန်းများသာ စုဝေး ရောင်းချသည့် နေရာတွင်တော့ ကာလံဒေသံနှင့် မကိုက်ညီချေ။ သို့သော် ယင်းကလည်း ထုတ်မပြောပဲ လူတိုင်း နားလည်ထားကြသည့် စည်းမျဉ်းတစ်ခုဖြစ်၏။

လင်းရီ ဆိုင်လက်ထောက်ကို တစ်ချက်ကြည့်ရင်း “ ဆိုတော့ မင်းက လူတွေကို အပေါ်ယံလောက်ကြည့်ပြီး အထင်မြင်သေးတတ်တယ်ပေါ့… တကယ်လို့ သူတို့က ဝတ်ကောင်းစားလှတွေမှ မဝတ်လာခဲ့ဘူးဆိုရင် သူတို့လည်း အထဲဝင်လို့ မရဘူးပေါ့… အဲ့လိုလား..”

“ ဆရာ.. ရှင့်လေသံကို ဆင်ခြင်ပြီး ပြောရင်ကောင်းမယ်… မဟုတ်လို့ကတော့ ကျွန်မ လုံခြုံရေး ခေါ်ရလိမ့်မယ်..”

“ အစ်ကိုရီ….”

လင်းရီ စကားစပြောတော့မည့် အချိန်တွင် နောက်မှ တစ်စုံတစ်ယောက် အမည်ခေါ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။ လှည့်ကြည့်လိုက်တော့ မမြင်သာ ကြာပြီဖြစ်သည့် ချိန်ရန်အား လင်းရီ မြင်တွေ့လိုက်ရ၏။ သူမဘေးတွင်တော့ လင်းရီ အရမ်းရင်းနှီးနေသည့် ကောင်မလေး တစ်ယောက်လည်း လိုက်ပါလျက် ရှိနေသည်။ ထိုသူကတော့ သူမ၏ စီနီယာ ကူနန်ကျစ်းပင်။

“ အိုးမို.. အစ်ကိုရီ… တကယ်ကြီး ရှင်ပဲ..”

ချိန်ရန် လင်းရီကို မြင်တော့ အံ့အားသင့်ပြီး ပျော်ရွှင်သွားခဲ့လေသည်။

“ အစ်ကိုရီကလည်း ရန်ကျင်းရောက်တာ ကျွန်မကို ဘာလို့ ကြိုမပြောလဲ… အဲ့လိုဆို ကျွန်မ လာကြိုပေးမှာပေါ့….”

“ ငါ့လို ပါမွှားလေးတစ်ကောင်ကို အရေးတယူပြုဖို့ မလိုပါဘူးကွာ..” လင်းရီ ပြုံးလိုက်သည်။

ချိန်ရန် မျက်လုံးကျဉ်းမြောင်းသည်အထိ ပြုံးလိုက်ပြီး “ ရှင် အခု ရန်ကျင်းရောက်နေတာကို ကျွန်မအစ်မ မသိသေးဘူးမလား..”

‘ အာ…’

လင်းရီ ခေတ္တရပ်တန့်သွားခဲ့၏။ ချိန်ရန်၏ လေသံကို နားထောင်ကြည့်ရသလောက်တော့ လျန်ရူရွှယ်လည်း ရန်ကျင်းသို့ ပြန်ရောက်နေဟန်ပင်။

ထိုအကြောင်း စဉ်းစားကြည့်လိုက်တော့ လင်းရီ အဘယ်ကြောင့်ဟူသည့် အကြောင်းပြချက်ကို နားလည်သွားခဲ့သည်။ ယုတ္တိကျကျ ပြောရမည်ဆိုပါက လျန်ရူရွှယ်၏ ရာထူးဖြင့် အားလပ်ရက်၌ပင် ရုံးခန်းထဲ၌ ရှိနေသင့်သည်။

သို့သော်လည်း လျန်ရူရွှယ်၏ အထောက်အထားမှာ ထူးခြားနေပြီး ခေါင်းဆောင်များစွာကလည်း သူမ၏ ထူးခြားသည့် ရာထူးကို သတိထားမိကြလေသည်။ ထို့ပြင် ဤသည်က အစဉ်အလာကြီးသည့် ဟွာရှနှစ်သစ်ကူးပွဲတော်ရက်ဖြစ်၏။ မည်သူကမျှ သူမကို အလုပ်မပေးဝံ့ကြသောကြောင့် စောစီး အိမ်ပြန်ခိုင်းလိုက်ကြခြင်း ဖြစ်ရပေမည်။

လင်းရီ ကိုးရို့ကားယားဖြစ်စွာဖြင့် သက်ပြင်းချလိုက်၏။

မူလက သူ ရန်ကျင်းသို့ သွားမည့် ခရီးစဉ်ကို လျန်ရူရွှယ်ထံမှ သိုဝှက်ထားရန် စဉ်းစားထားသည်။ သို့သော်လည်း ယခုချိန်ရန်မှ တွေ့သွားပြီး ဖြစ်သောကြောင့် လျန်ရူရွှယ်လည်း သိသွားရန် အချိန် သိပ်လိုလိမ့်မည်မဟုတ်ချေ။

အကယ်၍ လျန်ရူရွှယ်သာ သူ ရန်ကျင်းရောက်နေတာတောင် သူမဆီ မလာဘူးဆိုတာကို သိသွားပါက သူ့အား ဖုန်းခေါ်လာပြီး မရိုသေသမှုနှင့် အဆူခံရလောက်၏။

“ တကယ်တမ်းကျတော့ ငါဒီကို တိတ်တိတ်လေး လာခဲ့တာလေ… မင်းအစ်မကို စပရိုက် ဖြစ်သွားအောင်လို့ပေါ့… ဒီတော့….” လင်းရီ နှုတ်ခမ်းကို ဇစ်ပိတ်ပြလိုက်ပြီး “ နားလည်တယ်နော်…”

“ အိုကေ .. အိုကေ… ကျွန်မ နှုတ်ပိတ်ထားပေးမယ်… ဒါပေမယ့် ရှင့်ဘက်က….”

“ ငါနားလည်တယ်.. ပြော.. မင်းဘာလိုချင်လဲ..”

ချိန်ရန် ဘေးရှိ ဆိုင်ကို လက်ညိုးထိုးပြရင်း “ သူတို့ရဲ့ မျက်မှန်တွေက တော်တော်လေး ကောင်းတယ်.. ဒါပေမယ့် တစ်လက်ကို ယွမ်တစ်သန်းကျော်ကြီးများတောင် ဆိုတော့ ညီမမုန့်ဖိုးလေးနဲ့က ၀ယ်ဖို့ မတတ်နိုင်ဘူးလေ…”

လင်းရီ ဘဏ်ကတ်ကို ချိန်ရန် လက်ထဲ ထည့်ပေးလိုက်ပြီး “ လျို့ဝှက်နံပါတ်က သုညခြောက်လုံး… ယူသွားပြီး ကတ်သွားဖြတ်လိုက်…”

“ ဟီး ဟီး .. ရှင့်လို ဘောစိမျိုးနဲ့ စကားပြောရတာ အရမ်းကောင်းတာပဲ…”

လင်းရီ အခြားမိန်းကလေး တစ်ယောက်အတွက် ယွမ်တစ်သန်းကျော်တန် မျက်မှန်တစ်လက် ဝယ်ပေးတော့မည် ဖြစ်ကြေင်း သိတော့ Armani ဆိုင် အရောင်းဝန်ထမ်းမှ ဗလာကျင်းသည့် မျက်လုံးတို့ဖြင့် လင်းရီအား ငေးမောကြည့်ရှုလိုက်သည်။

ဒီလူက ဘယ်လောက်တောင် ချမ်းသာနေတာ… ယွမ်တစ်သန်းကျော်တဲ့ မျက်မှန်တစ်စုံကို ဒီတိုင်း ပေးပစ်လိုက်နေတယ်..

အခြားဆိုင်ရှိ လူများမှလည်း ပါးစပ်ပင် မစေ့နိုင်လောက်သည်အထိ အဟောင်းသား ဖြစ်နေကြလေသည်။

သူက အဲ့လောက်ကြီးများတောင် ချမ်းသာနေတယ်လား…

အဲ့လိုသာဆို သူနဲ့အတူ ခုနစ်ရက်လောက် ရေမချိုးထားတဲ့ လမ်းဘေးက သူတောင်းစား ကောက်ခေါ်လာတောင်မှ အဆင်ပြေတယ်..

All Chapters