← Chapters

အပြစ်ပြု၍ မရသည့် သရဖူဆောင်းမင်းသား(ဝမ်မြန်)

Vol. 62 Ch. 921

အပြစ်ပြု၍ မရသည့် သရဖူဆောင်းမင်းသား(ဝမ်မြန်)

Vol. 62 Ch. 921

ချိန်ရန်ကတော့ ပတ်၀န်းကျင်ကို များများဂရုစိုက်မနေချေ။ သူမ ကူနန်ကျစ်းကို ဆွဲ၍ ဘေးရှိ မျက်မှန်ဆိုင်ထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ဝင်သွားပြီး သူမ မျက်စိကျနေသည့် နေကာမျက်မှန်ကို စတင်ရှာဖွေတော့သည်။

“ ရီ… မင်း အဲ့ကောင်မလေးနဲ့ ဘယ်လို ဆက်ဆံရေးမျိုး ရှိနေတာ… အရမ်းရင်းနှီးတာလား… မင်း ယွမ်တစ်သန်းကျော်လောက်ကို ဒီတိုင်းကြီး ပေးပစ်လိုက်တယ်ဆိုတော့…”

“ အင်း… ကျွန်တော်တို့ ဆက်ဆံရေးက ကောင်းပါတယ်..” လင်းရီ ပြုံးလိုက်ပြီး “ အဓိကကတော့ သူ့အဖေက အံ့အားသင့်ဖို့ကောင်းပြီး ကျွန်တော့်ကိုလည်း အများကြီး ကူညီပေးထားလို့လေ…”

“ မင်းဘက်က ယွမ်တစ်သန်းကျော် လက်ဆောင်ပေးရအောင် ဟိုဘက်က ဘယ်လောက်တောင်ကြီးတဲ့ အကူအညီပေးထားလို့တုန်းဟ… ငါတော့ ဒီလိုမျိုး လုပ်စရာ မလိုဘူးထင်တာပဲ...."

“ ယွမ်တစ်သန်းက များတယ်မခေါ်ပါဘူးဗျာ.. ကျွန်တော့်ကား တစ်စီးဝယ်ဖို့တောင် မလောက်ဘူးရယ်… ပြီးတော့ သူ့အဖေကလည်း ဒိတ်ဒိတ်ကျဲကြီး .. သူနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်ရင် ကျွန်တော့်အတွက်လည်း အကျိုးရှိတယ်လေ..”

Armani အရောင်းဝန်ထမ်းမှ ပိုလို့ပင် အံ့အားသင့်သွားခဲ့တော့သည်။

ဒီလူက ဘယ်သူများလဲ..

ဝူဖေးယွဲ့ လင်းရီကို ကြည့်သည့် အကြည့်တို့မှာ ပို၍ အံ့အားသင့်လာလေသည်။

ဒီကောင် ဒီနှစ်ပိုင်းတွေမှာ ဘာတွေများ လုပ်နေလို့ပါလိမ့်… တကယ်ကြီး အဲ့လောက် အဆင့်ထိကို ရောက်နေတယ်…

မိနစ်အနည်းငယ်ကြာပြီးနောက် ချိန်ရန် မျက်မှန် အသစ်များဖြင့် ထွက်လာပြီး လင်းရီကို ကိုးရို့ကားယား အမူအရာဖြင့် ကြည့်လိုက်၏။

“ အစ်ကိုရီ… ခုနက ကျွန်မ မေးဖို့ မေ့သွားတယ်… ဒါက ရှင့်သူငယ်ချင်းလား…”

“ ဒါ ငါ့အစ်ကိုကြီး.. ဝူဖေးယွဲ့…. ဒီလာပြီး အင်္ကျီလာဝယ်တာ…”

“ အစ်ကိုကြီးဝူ… မင်္ဂလာပါရှင့်… ” ချိန်ရန် ချိုသာသည့် အသံဖြင့် နှုတ်ဆက်လိုက်သည်။

“ မင်္ဂလာပါ မင်္ဂလာပါ … “

လိုချင်တာရပြီးနောက် ချိန်ရန် ဘဏ်ကတ်ကို လင်းရီထံ ပြန်အပ်လိုက်လေသည်။

“ အစ်ကိုရီ.. ရှင်တို့ အင်္ကျီဝယ်ချင်နေတာ မဟုတ်ဘူးလား.. ဒီရဲ့ Armani ကလည်း ကောင်းတယ်လေ..”

“ အင်း… ဝယ်မလို့ပဲ.. ဒါပေမယ့် အမောင်းထုတ်ခံလိုက်ရတယ်.. ဒီ အမျိုးသမီးပြောတာ စုတ်ပြတ်သပ်နေတဲ့ အဝတ်အစားနဲ့ သူတို့ဆိုင်ထဲ ဝင်ဖို့ အရည်အချင်း မပြည့်မှီဘူးတဲ့..”

ချိန်ရန် အမျိုးသမီး အရောင်းဝန်ထမ်းအား ကြည့်လိုက်ရင်း “ နင်တို့ကများ…. ဇိမ်ခံပစ္စည်းလေး ရောင်းတာနဲ့ပဲ ဘယ်လိုတောင် ဘဝင်မြင့်ပြနေတယ်ပေါ့..” ချိန်ရန် စောဒကတက်လိုက်ပြီး “ အစ်ကိုရီ… စိတ်ထဲထားမနေနဲ့… ဒီရဲ့ SKP ကို ညီမသူငယ်ချင်းရဲ့ မိသားစု ပိုင်တာပဲ… သူ့ကို ကိုင်တွယ်ခိုင်းလိုက်မယ်…"

“ ဟင်...ဆ... ဆရာ ကျွန်မတောင်းပန်ပါတယ်.. ကျွန်မ တမင်သပ်သပ် လုပ်တာ မဟုတ်ပါဘူးရှင်.. “ အရောင်းဝန်ထမ်း အမျိုးသမီးမှ နူနူးညွှတ်ညွှတ် တောင်းပန်လိုက်ပြီး “ ကျွန်မကို အခွင့်အရေး နောက်တစ်ခေါက်လောက် ပေးပါနော်..”

“ ငါ့လာပြောပြီး ဘာလဲလုပ်မှာ… မင်းကို ကိုင်တွယ်မှာ ငါမှ မဟုတ်တာ…” လင်းရီ အေးအေးလူလူ လေသံဖြင့် ပြောလိုက်၏။

ဆိုင် အရောင်းဝန်ထမ်းမှ တစ်ဖက်သို့လှည့်၍ ချိန်ရန်ထံ လက်အုပ်ချီတောင်းပန်လိုက်ပြီး “ မစ်… ကျမ.. ကျမ အမြင်တွေ ကန်းသွားမိပါတယ်.. ကျေးဇူးပြုပြီး အခွင့်အရေး နောက်တစ်ကြိမ်လောက် ပေးပါနော်…"

“ ငါ့လာပြောလည်း အပိုပဲ.. နင့်ကို ကိုင်တွယ်မှာက ငါ့သူငယ်ချင်း .. ငါမဟုတ်ဘူး…”

ပြောပြီးနောက် ချိန်ရန် လင်းရီ လက်ကို ဆွဲ၍ ထိုနေရာမှ ထွက်လာခဲ့လေသည်။

“ ဒီလိုလူတွေများ… စိတ်ရှုပ်ဖို့ အကောင်းဆုံးပဲ… အဆင့်မြင့် မောလ်ကြီးမှာ အလုပ်လုပ်နိုင်တာနဲ့ပဲ သူတို့ကိုယ်သူတို့ လူမှုအဖွဲ့အစည်းရဲ့ ထိပ်သီးပိုင်းနေရာ ရသွားသလိုမျိုး ဟိတ်ကြီးဟန်ကြီးတွေနဲ့…” ချိန်ရန် စောဒကတက်လိုက်ပြီး “ လူတိုင်းကို နိမ့်ချပြီး အထင်အမြင်သေးနေတော့တာပဲ… စိတ်ရှုပ်ဖို့ ကောင်းလွန်းတယ်..”

“ ဒါ သာမန်ပါပဲ…” ဝူဖေးယွဲ့ ပြောလိုက်ပြီး “ ငါအခု ဝတ်နေတဲ့ အဝတ်တွေနဲ့ဆို သူတို့ငါ့ကို ဝင်ခွင့်ပေးလိုက်မှပဲ ထူးဆန်းနေမှာ…”

“ အစ်ကိုကြီးဝူ… ရှင်က အစ်ကိုရီရဲ့ အစ်ကိုကြီးမှ ဟုတ်ပါစနော်… ဘာလို့ နည်းနည်းလေးမှ လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါလေးတောင် ရှိမနေတာ..”ချိန်ရန် မေးလိုက်ပြီး “ အဲ့လိုမျိုး မောက်မာနေတဲ့ လူတွေနဲ့ တွေ့ရင် ကိုယ်က သူတို့ထက်ကို ပိုပြီး မောက်မာပစ်ရတယ်.. ဘာလို့ အရမ်း နိမ့်ချပြီး နေနေတာ.. “

ဝူဖေးယွဲ့ ရိုးရှင်းသာမန်စွာ ပြုံးလိုက်သည်။

“ ပြင်းပြတဲ့ ရည်မှန်းချက်တွေ မရှိတော့တာနဲ့ ဆင်းရဲတာကြောင့်ပေါ့ကွာ…”

“ ရှင်က ဆင်းရဲတယ်.. မဖြစ်နိုင်တာကြီး… အစ်ကိုရီ ဘေးနား ရှိနေရင် ရှင် ဆင်းရဲချင်နေရင်တောင် ခက်လိမ့်ဦးမယ်.. “ ချိန်ရန် အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဒါပေမယ့် ငါတော့ ရန်ကျင်းရဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာက ကျိုးဟိုင်လောက်ကို မကောင်းဘူးလို့ထင်တယ်… ပြီးတော့ ရန်ချိန်ထက်တောင်မှ ပိုပြီး ဆိုးရွားနေသေး..” ဝူဖေးယွဲ့ သူ့စိတ်ထဲ ရှိရာကို ပြောလိုက်သည်။

“ မျိုးနွယ်ကြီး ရှစ်ခုရဲ့ အခြေစိုက်ရာ မြို့တော်လေ… အဲ့လောက်တော့ ရှိမှာပေါ့…” ချိန်ရန် ပြောလိုက်ပြီး “ နောက်ပြီး ဒီက ဒုတိယမျိုးဆက် ဆက်ခံသူတွေလည်း အများကြီး ရှိတယ်… သူတို့အကုန်လုံးက အရမ်းမောက်မာကြတယ်…”

“ ကျောက်မိုနဲ့ ကျန်တဲ့ကောင်တွေလိုလား..”

“ သူတို့ကြား မတူညီတဲ့ ခြားနားမှုတစ်ချို့တော့ရှိတယ်… အမ်… ဒါကို ဘယ်လိုရှင်းပြရပါလိမ့်….” ချိန်ရန် စဉ်းစားလိုက်ပြီး “ ရှင်က ကျောက်မိုနဲ့ သူ့အပေါင်းအပါတွေကို သင်ခန်းစာပေးခဲ့တယ်ဆိုပေမယ့်… အနည်းဆုံးတော့ သူတို့မှာ အရည်အချင်းတစ်ချို့ရှိတယ် ပြောရမယ်.. အဲ့လို မောက်မာနိုင်တဲ့ အရည်အချင်း ရှိတာပေါ့… တစ်ချို့ဆို ဒီလိုမျိုး နိုင်ငံရေး နောက်ခံကနေ ဆင်းသက်လာတာတောင် သူတို့မှာ ပိုက်ဆံနဲ့ အရည်အချင်း များများစားစားလည်း မရှိဘူး… အဲ့တာတောင် မောက်မာနေကြသေးတာပဲ.. ကျန်တာတွေ ဘေးချိတ်ထားလိုက်ရင်တောင် ရှင့်ရဲ့ La Voiture Noire တစ်စီးနဲ့တင် သူတို့ တစ်မိသားစုလုံးရဲ့ ကြွယ်ဝမှုနဲ့ နှိုင်းယှဉ်လို့ရတယ်…. အဲ့တာတောင် ဘာလို့ မောက်မာနေကြမှန်း မသိပါဘူးဆို…”

ချိန်ရန်မှာ စက်ကဲ့သို့ တရစပ် မြည်တွန်တောက်တီးနေလေသည်။

“ စိတ်လျှော့စမ်းပါဟ…” လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေပြီး “ ဘာလို့ အဲ့လောက်တောင် မခံချိမခံသာ ဖြစ်နေရတာ..”

“ ဘာလို့ဆို သည်းမခံနိုင်တော့လို့လေ..” ချိန်ရန်ပြောလိုက်ပြီး “ အဲ့လိုလူတွေနဲ့ တွေ့တိုင်း သူတို့ကို ဖိနှိပ်ဖို့ ညီမ အဖေ နာမည်ပဲ ထုတ်သုံးနေရတာ… အစ်မမီဆို အဲ့လိုမဟုတ်ဘူး.. အဲ့မှာ ဒီတိုင်းရပ်နေတာနဲ့တင် ကျန်တဲ့သူတွေအကုန် ထွက်ပြေးသွားကြရော…”

“ အိုး… ဟုတ်သား… ငါ ခုမှ သတိရတယ်..”လင်းရီ ပြောလိုက်ပြီး “ ရန်ကျင်းမှာ ဝမ်မြန်လို့ ခေါ်တဲ့သူ ရှိတယ်မလား… မင်း သူ့ကိုကော သိလား…”

“ ဝမ်မြန်..” ချိန်ရန်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး “ သူက ရှင့်ကို စော်ကားခဲ့တာလား.. ဒါမှမဟုတ် ရှင်က သူ့ကို စော်ကားခဲ့တာလား..”

“ ဘယ်သူကမှ ဘယ်သူ့ကို မစော်ကားဘူး.. ငါ့များ အားတိုင်းပြဿနာ ရှာနေတဲ့ကောင် ထင်နေလား မသိဘူး…”လင်းရီ ပြောလိုက်ပြီး “ မင်းအစ်မလျန် အရင်က တစ်ခါပြောခဲ့ဖူးတာကို သတိရလို့.. ဒါကြောင့်ငါ ဒီအတိုင်း မေးကြည့်လိုက်တာ…”

“ အင်း.. ဘယ်လိုပြောရမလဲ..” ချိန်ရန် ပြောလိုက်ပြီး “ အစ်မမီရော ကျောက်မိုကော သူ့ရဲ့ မိသားစုနဲ့ မနှိုင်းယှဉ််နိုင်ဘူး.. တိုတိုပြောရရင် သူတို့က အရမ်းကို လွှမ်းမိုးမှုကြီးလွန်းတယ်..”

“ အိုး… တော်တော်လေး အထင်ကြီးဖို့ ကောင်းသားပဲ…”

လင်းရီ ဤမေးခွန်းများ မေးမြန်းနေရသည်ကတော့ ပျင်းရိနေသောကြောင့်ပင်။

ဟွာရှက ကြီးမားလွန်းပြီး သူ ထိုသူနှင့် တစ်သက်လုံး မတွေ့ရသည်မျိုးတောင် ဖြစ်နိုင်လေသည်။

ချိန်ရန် ပါဝင်လာမှုကြောင့် ဈေးဝယ်ထွက်ရသည်မှာလည်း ပို၍ လွယ်ကူသွားခဲ့တော့၏။

ဝူဖေးယွဲ့၏ အင်္ကျီများအားလုံးကို သူမကပဲ ရွေးချယ်ပေးပြီး ရလဒ်အနေနှင့် အင်မတန် စိတ်ကျေနပ်စရာ ကောင်းနေတော့သည်။

ထို့ပြင် သူမနှင့် ကူနန်ကျစ်းလည်း အင်္ကျီအများအပြား ဝယ်ယူကြသေးကာ သဘာဝအလျောက် လင်းရီကပဲ ရှင်းပေးရသူ ဖြစ်လာလေသည်။

လေးယောက်လုံး မောလ်အပြင်ရောက်တော့ အပြင်ဘက်၌ မှောင်ရီပျိုးနေပြီးဖြစ်၏။

“ အစ်ကိုရီ… မှောင်နေပြီနော်…” ချိန်ရန်ပြောလိုက်သည်။

“ အင်း… မှောင်နေပြီ.. “

“ ဒီတော့….”

“ သွားစို့… ဟွာချင်းရေကန် သွားကြမယ်…”

ဝူဖေးယွဲ့ “….”

“ ရီ … ဖြစ်ပါ့မလား… သူမက အသက်ငယ်ငယ်လေး ရှိသေးတာလေ…”

“ ချိန်ရန်က ငယ်သေးတာ အမှန်ပဲ.. ဒါပေမယ့် ကူနန်ကျစ်းကတော့ မငယ်တော့ဘူးလေ…” လင်းရီ ပြောလိုက်ပြီး “ ခု ရန်ကျင်းရောက်နေပြီးမှတော့ ရန်ကျင်းရဲ့ ဒေသတွင်း အလှအပတွေကို မခံစားလိုက်ရဘူးဆိုရင် နှမြောစရာပဲ မဟုတ်ဘူးလား..”

“ ဟုတ်တယ် ဟုတ်တယ်.. “ချိန်ရန် လင်းရီ လက်မောင်းကို ဖက်လိုက်ပြီး “ အစ်ကိုရီ… ညီမ အရမ်းအရမ်းကို ဇိမ်ရှိတဲ့ နေရာကောင်းကောင်း ရှာတွေ့ထားတယ်… ဒါပေမယ့် မသွားရဲသေးလို့… မြန်မြန် အဲ့နေရာကို ခေါ်သွားပေး… အဲ့ဒီအတွက် နေကာမျက်မှန်တွေနဲ့ mask တွေ ဝယ်ထားတာ မမြင်ဘူးလား…”

ဝူဖေးယွဲ့ “ ….. “

မြို့ကြီးပြကြီးက မိန်းကလေးတွေရဲ့ စိတ်နေသဘောထားက အရမ်း ပွင့်လင်းတာပဲ..

သို့နှင့် လေးယောက်သား ချိန်ရန်၏ ကားထဲသို့ ဝင်လိုက်ကြသည်။ သူမ အဖေ၏ အထောက်အထားကြောင့် ကားက အရမ်းကြီးတော့ ကောင်းမွန်မနေချေ။ အင်မတန် သာမန်ဆန်သည့် Haval H9 သာ ဖြစ်၏။ အတွင်းပိုင်း အပြင်အဆင်ကို ကြည့်ရသလောက်တော့ သူမပိုင်သည့် ကား ဖြစ်ဟန်မတူပေ။ သို့သော်လည်း ချိန်ရန်၌ ဟိတ်ဟန်ထုတ်တတ်သည့် စရိုက် မရှိသောကြောင့် သူမ မောင်းသည့်ကား အထီးလော အမလော ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

“ စကားမစပ်… ဒီမှာ မီးရှူးပန်းတွေ ဝယ်လို့ရလား…”

လင်းရီ ဟွာချင်းရေကန်သို့ သွားသည့် လမ်းပေါ်၌ မေးမြန်းလိုက်သည်။

“ ရတာပေါ့… ညီမ အဲ့ဒီနယ်ပယ်က လူတစ်ချို့နဲ့ ရင်းနှီးတယ်လေ.. ဘာလဲ… အစ်ကိုရီ လိုချင်လို့လား..”

လင်းရီ ခေါင်းညိမ့်လိုက်ပြိး “ ငါ့ကို ယွမ် တစ်သိန်းဖိုးလောက် မှာပေး.. အခန်းတံခါးရှေ့ထိ ပို့ပေးလို့ ဖြစ်တယ်မလား…”

“ ကျန်တဲ့သူဆိုရင်တော့ သေချာပေါက် အဲ့လိုရမှာ မဟုတ်ဘူး.. ဒါပေမယ့် အစ်ကိုရီက တောင်းဆိုလာတယ်ဆိုတော့ သူတို့ သေချာပေါက် ပို့ပေးမှာပါ…”

“ ကောင်းပြီလေ… ဒါဆို ဟွာချင်းရေကန်ဆီ ပို့ခိုင်းလိုက်…”လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဒီည မင်းရဲ့ကားလည်း ငှားဦး…”

“ စိတ်ကြိုက်ယူမောင်း..”

အကြောင်းကိစ္စ ဆွေးနွေးပြီးနောက် လင်းရီ ချိန်ရန်၏ ညွှန်ကြားချက်များအတိုင်း ‘ရွှေကော်ထန်ချွမ်’ ဟုခေါ်သည့် ရေချိုးစင်တာသို့ ရောက်ရှိလာလေသည်။

ချိန်ရန်နှင့် ကော်နန်ကျစ်းတို့မှ သူမတို့၏ ပစ္စည်းပစ္စယများအား ယူဆောင်၍ လေးယောက်သား အထဲသို့ ဝင်လိုက်ကြသည်။

“ မင်းတို့ဆီက အဆင့်မြင့်ဆုံး မန်ဘာကဒ် ဘယ်လောက်လဲ..”

“ ကြိုဆိုပါတယ် ဆရာ… ကျွန်မတို့ရဲ့ အဆင့်မြင့်ဆုံး မန်ဘာကဒ်က ယွမ် ၂၆၆,၀၀၀ ကျသင့်ပါတယ်.. တစ်နှစ်အတွင်း အကြိမ်ရေ အကန့်အသတ်မဲ့ လာရောက် စိတ်အပန်းဖြေလို့ရပါတယ်..”

“ ဒါဆို လေးခုပေး…”

“ အစ်ကိုရီ.. ရှင်က ဒီကို အမြဲတမ်း လာနိုင်တာလည်း မဟုတ်ပဲနဲ့ ဘာလုပ်ဖို့ မန်ဘာကဒ်လုပ်မှာ…”

“ ရေချိုးပြီး မန်ဘာဝင်တာက ဒီလို ဟွာချင်းရေကန်လိုမျိုး ရေချိုးစင်တာကို ပေးနိုင်တဲ့ အခြေခံကျဆုံး လေးစားမှုလေ..”

ကောင်တာရှိ ဝန်ထမ်းမိန်းကလေးမှ လင်းရီအား ကြည့်လိုက်သည်။

တစ်ချက်ကြည့်လိုက်တာနဲ့ လူမိုက်ခေါင်းကြီးမှန်း အရမ်း သိသာတယ်….

All Chapters