← Chapters

ချမ်းသာတယ်ဆိုတဲ့ ခံစားချက်

Vol. 62 Ch. 825

ချမ်းသာတယ်ဆိုတဲ့ ခံစားချက်

Vol. 62 Ch. 825

“ သူ…. သူက အဲ့လောက်တောင် အစွမ်းထက်နေတယ်လား..”

လင်းရီ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသောကြောင့်လော သို့မဟုတ် ထိတ်လန့်သွားခြင်းကြောင့်လော မသိ၊ လူချိန်၏ မျက်နှာ ဖြူဖျော့သွားခဲ့လေသည်။

“ သူက အဲ့လောက်တော်နေရင် ဘာလို့ အုတ်သယ်တဲ့ အစ်ကိုတစ်ယောက် ရှိနေတာ…”

“ အဲ့တာငါ ဘယ်လိုသိမှာ…” ကျောက်ဟိန်တုန်း ပြောလိုက်ပြီး “ ငါပြောချင်တာ ငါတို့ သူ့ကို အပြစ်ပြုမိလို့ မဖြစ်ဘူး.. မင်း နောက်တစ်ခါ သူနဲ့ တွေ့ရင် တတ်နိုင်သလောက် ဝေးဝေးကရှောင်…”

“ ဒါဆို ကျွန်တော် ဒီနေ့ အရိုက်ခံလိုက်ရတာတွေ အကုန်လုံးက အချည်းနှီးပဲပေါ့…” လုချိန် မလိုလားစွာဖြင့် ပြောလိုက်သည်။

“ ဘယ်တတ်နိုင်မှာ…” ကျောက်ဟိန်တုန်း ပြောလိုက်ပြီး “ ဒီလိုတွေးကြည့်ကြည့်…. မင်းကပဲ သူများကို တစ်ချိန်လုံး အနိုင်ကျင့်ခဲ့တာဆိုတော့ ဝဋ်ပြန်လိုက်တယ်လို့ပဲ မှတ်လိုက်ပေါ့… “

“ ကျွန်တော်ကပဲ သူများကို အနိုင်ကျင့်နေကြမို့ ဒီနေ့လို သူများ အနိုင်ကျင့်တာခံလိုက်တာကို မကျေမနပ်ဖြစ်နေတာလေ…”

“ မင်း… သောက်သုံးမကျတဲ့ကောင်…. မင်းဘယ်တော့များမှ အသိတရားရမှာ…” ကျောက်ဟိန်တုန်း၏ ဒေါသမှာ လက်ချာရိုက်ရင်းဖြင့် ဟုန်းကြွလာခဲ့ပြီး “ ငါမင်းကို ပြောလိုက်မယ်… ငါ အခုတင် ပြောခဲ့တဲ့ စကားတွေက တစ်ဖက်သတ် စကားတွေချည်းပဲ.. အဲ့ဒီလူရဲ့ လုပ်နိုင်စွမ်းက ငါတို့ ထင်ထားတာထက်ကို ပိုတယ်… ဒီနေ့ ကန်ကျောက်ရုံနဲ့တင် ပြီးသွားတယ်ဆိုတာ မင်းတော်တော်လေး ကံကောင်းလို့… သူ့ကို တကယ်ကြီး မပျော်မရွှင် ဖြစ်အောင် လုပ်လိုက်ရင် အကုန်လုံး ဒေဝါလီခံရကုန်လိမ့်မယ်ကွ…”

ဒေဝါလီခံရမည်ဟူသည့် စကားလည်းကြားတော့ လုချိန် ကြက်သီးဖြန်းဖြန်း ထသွားခဲ့သည်။

သူ ရန်ကျင်း၌ ထင်ရာစိုင်းခွင့်ရနေသည်မှာလည်း သူ့မိဘများ၏ ကြွယ်ဝနေမှုကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားလေသည်။

သူတို့သာ မရှိပါက သူဆိုသည်မှာ အလကားကောင်ပင်။

“ ကျွန်တော်နားလည်ပါပြီ…”

“ မင်း နားလည်သွားတာ ကောင်းတယ်… နောက်ပြီး ငါ့နောက်ကွယ်မှာ မကောင်းတာတွေလည်း ထပ်မလုပ်နဲ့တော့… ဒီလိုမျိုး ထပ်ဖြစ်လာခဲ့ရင် ဘယ်သူကမှ ကူညီမှာ မဟုတ်သလို ငါလည်း ဝင်ပါတော့မှာ မဟုတ်ဘူး….”

“ ဟုတ် ဦးလေး..”

……………..

လင်းရီ အခန်းကို ပြန်ရောက်တော့ သုံးယောက်လုံးမှ ပစ္စည်းများ သိမ်းဆည်းပြီး ကုတင်ပေါ် တင်ပျဉ်ခွေ ထိုင်နေကြရင်းဖြင့် သူ့အားစောင့်နေကြသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ဘာတွေတုန်း.. ပြန်တော့မလို့လားဟ…”

“ အွန်း… အချိန်ကျပြီထင်လို့လေ… ပြီးတော့ နောက်လည်းနောက်ကျနေပြီ… ပြန်သင့်နေပြီ…”

ချိန်ရန် စကားပြောပြီးနောက် ဝူဖေးယွဲ့မှနေ၍ “ ရီ.. အဆင်ပြေခဲ့လား…. မင်း ဒဏ်ရာတွေ ဘာတွေကော ရသွားသေးလား..”

“ အစ်ကိုကလည်း ကျွန်တော့်အကြောင်း မသိတာကျလို့.. ကျောင်းတုန်းက ရန်ဖြစ်ရင် ခံလျက် ဘယ်တုန်းက ပြန်လာဖူးလို့လား… ပြီးတော့ ဟိုဘက်က ဆယ်ယောက်တည်းရယ်… အကုန် ကိုင်တွယ်ပြီးသွားပြီ…”

“ တကယ်လို့ အစ်ကိုရီသာ ပြန်မလာဘူးဆို အစ်ကိုကြီးဝူက အပြင်ထွက်သွားတော့မလို့လေ.. တော်သေးတယ် ညီမတားလိုက်လို့…”

လင်းရီ ပြုံးလိုက်ပြီး “ သွားကြတာပေါ့… ငါလည်း တခြားလုပ်စရာ ကိစ္စရှိသေးတယ်.. အချိန်ဆွဲနေရင် မကောင်းဘူး..”

ချိန်ရန် လင်းရီကို ပြုံးစစကြည့်ရင်း “ ရှင် အစ်မမီဆီ သွားလည်မလို့မလား… အိုး… ဒါနဲ့ မီးရှူးပန်းတွေက ဒီရောက်နေပြီနော်… သူတို့ အပေါက်ဝမှာ စောင့်နေတယ်…”

“ အင်း… မင်းအစ်မက ဘယ်နားလေးမှာ နေတာ…” လင်းရီ မေးလိုက်ပြီး “ သူ့အိမ်မှာလား.. ဒါမှမဟုတ် သူ့အဘိုးအိမ်မှာလား…”

“ ဟီးဟီး… ဒီလိုမေးမယ်မှန်း ကြိုသိနေတယ်လေ… ရှင့်ဖုန်းထဲကို တည်နေရာ ပို့ထားပေးပြီးသား.. အဲ့အတိုင်းပဲ တိုက်ရိုက်သာ သွားလိုက်…”

“ ကောင်းပြီ…”

အားလုံးသိမ်းဆည်းပြီးနောက် အုပ်စုမှာ အခန်းထဲမှ ထွက်လာကြလေသည်။

သူတို့ အပြင်သို့ ထွက်လျှင်ထွက်ချင်း ကျောက်ဟိန်တုန်းမှ တံခါးပေါက်ဝ၌ စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရ၏။

“ ခင်များ ဘာလုပ်ဖို့ ဒီမှာ ရှိနေသေးတာ…” လင်းရီ မေးလိုက်သည်။

“ မစ္စတာလင်းက ကျုပ်နေရာကို လာခဲ့ပြီး ဒီလိုတွေ ဖြစ်သွားတယ်ဆိုတော့ ကျုပ် ပယောဂလည်း မကင်းဘူး… ဒါကြောင့်မို့ မစ္စတာလင်းကို တောင်းပန်တဲ့အနေနဲ့ ထမင်းတစ်နပ်လောက် လိုက်ကျွေးချင်လို့ပါ… အဆင်ပြေလောက်မလား မသိဘူး…”

“ မေ့လိုက်… ခင်များ တူကိုသာ ကျုပ်ဆီ ထပ်ပြီး ရောက်မလာဖို့ ပြောလိုက်…”

“ ဟုတ် ဟုတ် … ကျုပ် ပြန်ရောက်ရင် သေချာပေါက် ပြောလိုက်ပါ့မယ်…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။

“ ခင်များကို မလိုတော့ဘူး.. ခင်များ လစ်လိုက်တော့….”

“ ဟုတ် ဟုတ်… ကျုပ် လိုက်ပို့ပေးပါ့မယ် မစ္စတာလင်း…”

အုပ်စုမှာ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။

ကျောက်ဟိန်တုန်းမှာ လင်းရီ၏နောက် ခြေတစ်လှမ်းအကွာခန့်မှ ရိုကျိုးစွာဖြင့် လိုက်နေသည်ကို မြင်တော့ သူ၏ အထောက်အထားကို သိထားကြသည့် လူတစ်ချို့မှာ လင်းရီအကြောင်း စူးစမ်းချင်လာသည်။

ရန်ကျင်းမြို့၌ ကျောက်ဟိန်တုန်းဆိုသည်မှာလည်း ဂုဏ်သတင်းမသေးသည့် အကျော်အမော်ကြီး တစ်ဦးဖြစ်၏။

မည်သို့သော လူစားမျိုးက ယခုလို အလေးပေး ဆက်ဆံမှုအား ရရှိရန် ထိုက်တန်နေပါသနည်း။

ထွက်လာပြီးနောက် လင်းရီ သုံးမီတာ ရှည်လျားသည့် ထရပ်တစ်စင်းမှ အပြင်၌ ရပ်ထားသည်ကို မြင်တွေ့လိုက်ရသည်။ အထဲတွင်တော့ မီးရှူးမီးပန်းများဖြင့် ပြည့်နှက်နေလေသည်။

“ ဆရာ… ခင်များက လီဟော်စုန့် စီစဉ်ပေးလိုက်တဲ့လူလား…”

“ ဟုတ်တယ်… ဒါနဲ့ ချိန်ရန်ဆိုတာ မင်းလား…”

“ ဒီမှာ…ဒီမှာ... ချိန်ရန်ဆိုတာ ကျွန်မပဲ ...…” ချိန်ရန်မှ ဖုန်းကိုင်ထားရင်း လက်ရမ်းပြလိုက်သည်။

“ ကားဆရာ...စုစုပေါင်း ဘယ်လောက်ကျလဲ… ကျုပ်လွှဲပေးလိုက်မယ်..”

“ မလိုဘူး… ဒါတွေအကုန်လုံး ရှင်းပြီးသားပဲ…”

“ သောက်ကလေးက စီးပွားရေး ဘယ်လိုလုပ်ရမလဲ အရမ်းသိနေတာပဲ…” ချိန်ရန် ပြုံးလိုက်ပြီး လင်းရီကို ကြည့်၍ “ အစ်ကိုရီ… ညီမတို့ ဒါကို ဘယ်လိုလုပ်ကြမှာ… ညီမကားက ဒါတွေအကုန်လုံး မဆံ့တာတော့ သေချာတယ်….. အစ်ကို့အတွက် G wagons သုံးလေးစင်းလောက် ထပ်ခေါ်ပေးရဦးမလား…”

“ အဲ့လောက်ထိ ဒုက္ခခံစရာ မလိုပါဘူး..” လင်းရီ ပြောပြီးနောက် ဒရိုင်ဘာကို ကြည့်၍ “ ဆရာ… ကျုပ် ခင်များကို လိပ်စာပေးလိုက်မယ်… အဲ့ဒီ လိပ်စာအတိုင်း မောင်းသွားပေး… ပြီးရင် ယွမ် တစ်ထောင် ထပ်ပေးမယ်.. ဘယ်လိုထင်လဲ….”

“ အရမ်းကောင်းတာပေါ့…” ကားဒရိုင်ဘာမှ ပေါင်ကို ဖြန်းကနဲ ရိုက်၍ ပြောလိုက်ပြီး “မင်း ငါ့ ငွေပေးနေသရွေ့ အကုန်ဖြစ်စေရမယ်..”

ချိန်ရန်၏ သူငယ်ချင်းဖြစ်သူမှ စီစဉ်ပေးထားခြင်း ဖြစ်သောကြောင့် လင်းရီ ထွေထူး စစ်ဆေးမနေတော့ချေ။

သူ့ဘက်မှ ယွမ် တစ်ထောင်လွှဲ၍ လျန်ရူရွှယ်၏ အိမ်လိပ်စာကို ကားဆရာထံ ပေးလိုက်လေသည်။

“ အစ်ကိုရီ… ညီမတို့ ဘာလုပ်ပေးဖို့ လိုသေးလဲ..”

“ မလိုဘူး… မင်းတို့ ပြန်နှင့်ကြတော့.. အိုး.. ဒါပေမယ့် ဒီကားကိုတော့ ငါမောင်းဖို့ ချန်ခဲ့ပေး..”

“ ရတယ်လေ…”

ချိန်ရန် ကားသော့ကို လင်းရီ လက်ထဲ ထည့်ပေးလိုက်ပြီး လေးယောက်မှာ ကိုယ်စီ လမ်းခွဲလိုက်ကြ၏။

“ ရီ.. မင်းအခု ဘယ်လဲသွားမှာ…” ဝူဖေးယွဲ့ မေးမြန်းလိုက်ပြီး “ ငါ ကူညီပေးဖို့ကော လိုသေးလား…”

“ မလိုဘူး… ဒီတိုင်း အသေးဖွဲလေးပဲ… ကိုယ့်ဘာကိုယ် ကြည့်ကိုင်တွယ်လို့ရတယ်… အစ်ကို့ကို ဟိုတယ် အရင်ပို့ပေးမယ် တက်…”

“ အင်း… ငါ သစ်စက်ရုံမှာ လုပ်တုန်းက ဒီနေရာတစ်ဝိုက် ရောက်ဖူးတယ်… ငါ့အထင် ဒီအနီးနားလေးမှာ ဟိုတယ် အသေးစားလေး တစ်ခု ရှိတယ်ထင်တာပဲ.. တော်တော်လေး မဆိုးဘူး.. အဲ့မှာ တည်းကြစို့…”

လင်းရီ ဝူဖေးယွဲ့ ပခုံးကို ဖက်လိုက်ပြီး “ အစ်ကို့ညီရဲ့ ပိုက်ဆံတွေနဲ့ ဟိုတယ်အသေးစားလေးမှာ နေလို့ ဘယ်သင့်တော်မှာ… ကျွန်တော် နေရာကောင်းတစ်ခု ခေါ်သွားပေးမယ်… ဒီနဲ့လည်း သိပ်မဝေးဘူး…”

“ သူစိမ်းတွေကျလို့ကွာ… အကောင်းစားကြီးမှာ တည်းဖို့ မလိုပါဘူး..”

“ ပိုက်ဆံရှာနေတာ ဘာလုပ်ဖို့လဲ.. ကောင်းကောင်းနေ ကောင်းကောင်းစားဖို့ အတွက်ပဲ မဟုတ်ဘူးလား.. ငယ်ရွယ်တုန်းမှ ဒီစည်းစိမ်တွေ မခံစားဘူးဆိုရင် ကြီးလာကျ ဘာအရသာ ရှိတော့မှာ…”

“ ကောင်စုတ်လေး.. မင်းကိုတော့ ငါ ထိန်းလို့ မနိုင်တော့ဘူး…”

“ ထိန်းနိုင်တာ မထိန်းနိုင်တာက ပြဿနာ မဟုတ်ဘူး… “လင်းရီ ဝူဖေးယွဲ့၏ ပခုံးကို ခပ်တင်းတင်း ဖက်လိုက်ပြီး “ ဘယ်အချိန်ပဲ ဖြစ်ဖြစ်… အစ်ကိုကြီးက ကျွန်တော့်အစ်ကိုကြီးပဲ..”

လင်းရီ၏ စကားလုံးများက ဝူဖေးယွဲ့၏ မျက်လုံးအိမ်ကို လက်နှစ်‌ချောင်းနှင့် ထိုးလိုက်သကဲ့သို့ ချက်ချင်းရဲတက်လာစေသည်။

“ အဲ့လိုပြောသံကြားတော့ ငါအများကြီး စိတ်သက်သာရသွားသလိုပဲ…”

“ ဟားဟား… သွားစို့ သွားစို့.. ပြောနေတာနဲ့ပဲ ဟိုရောက်တော့မှာတောင် မဟုတ်တော့ဘူး..”

လင်းရီ ကားကို ပန်ဂု ကြယ်ငါးပွင့်ဟိုတယ်သို့ မောင်းသွားလိုက်သည်။

သူဤနေရာကို ရွေးရခြင်း အကြောင်းကတော့ သူ့တွင် ပိုက်ဆံ တအားပေါနေသောကြောင့် ဖြစ်၏။ ဒုတိယကတော့ သူ လျှောက်ပတ် လေ့လာကြည့်ချင်သောကြောင့်ပင်။ သူ၏ ပန်နီဆူလာ ဟိုတယ်နှင့် ပန်ဂုဟိုတယ်နှစ်ခုကြား ကွာခြားမှုကို သူ မြင်ကြည့်ချင်နေသည်။

ဟိုတယ် တံခါးဝသို့ ရောက်သောအခါ လင်းရီ ဟိုတယ် နှစ်ခုကြားရှိ ဧရာမ ခြားနားချက်ကြီးအား မြင်တွေ့သွားခဲ့တော့သည်။

ဧည့်ခန်းမ တစ်ခုတည်းကပင် ပန်နီဆူလာဟိုတယ်၏ သုံးဆမျှရှိနေပြီး မွမ်းမံပြင်ဆင်ထားမှုများကလည်း မှင်တက်လောက်စရာပင်။

နှစ်ခုမှာ မတူညီသည့် လယ်ဗယ်တစ်ခုချင်းစီ၌ ရှိ‌နေပြီး ပန်နီဆူလာဟိုတယ်မှ အချိန်အတိုင်းအတာ တစ်ခုလောက်အထိ ကျော်တက်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

သူတို့ ဟိုတယ်ခန်းမထဲကိုရောက်တော့ လင်းရီ ဟိုတယ်၏ ခမ်းနားမှုများကို ဝူဖေးယွဲ့ကဲ့သို့ ပါးစပ်အဟောင်းသား ငေးမနေဘဲ ကောင်တာထံ တိုက်ရိုက် တန်းသွားလိုက်သည်။

“ တော်ဝင်ခန်း တစ်ခုလောက် ညီမလေး..”

“ ဟယ်လိုဆာ… အဲ့တာက တစ်ည ၉၉,၉၉၉ ယွမ် ကျသင့်ပါမယ်ရှင့်…”

“ မင်း ဘယ်လောက်လို့ ပြောလိုက်တယ်..” ဝူဖေးယွဲ့ ကြက်သေသေသွားခဲ့သည်။

“ ၉၉,၉၉၉ ယွမ်ပါဆရာ…” ကောင်တာရှိ ဝန်ထမ်းမိန်းကလေးမှ အပြုံးမပျက် ထပ်မံ ပြန်ဖြေပေးလိုက်သည်။

“ ဒါကြီးက သောက်ကျိုးနည်း ဈေးကြီးလွန်းတယ်..” ဝူဖေးယွဲ့ လင်းရီကို ပြန် ဆွဲခေါ်သွားတော့သည်။ အကယ်၍ ယွမ် ကိုးထောင်ဆိုပါက သူ သည်းခံနိုင်သေးသော်လည်း တစ်ည ကျောခင်းဖို့ရန်အတွက် ယွမ်တစ်သိန်း သုံးရသည်ကိုတော့ သူ လက်မခံနိုင်ချေ။

“ အစ်ကိုကလည်းဗျာ … ဒီရောက်ပြီးမှတော့ ဘာလို့ ပြန်သွားနေဦးမှာ..” လင်းရီပြုံးလိုက်ပြီး “ စဉ်းစားကြည့်ရင် ဒါက ရေချိုးစင်တာရဲ့ မန်ဘာကတ်လောက်တောင် ဈေးမရှိဘူး..”

ကောင်တာရှိ ဝန်ထမ်းမိန်းကလေးမှ လင်းရီကို အပြုံးဖြင့် ကြည့်နေလိုက်သည်။

ပိုက်ဆံရှိတဲ့လူဆိုတာ ဒီလိုမျိုး ဖြစ်နေသင့်တာ…

All Chapters