မီးရှူးမီးပန်းတွေကို ရှုစားလိုက်ဦး
Vol. 62 Ch. 926
ပိုက်ဆံရှင်းပြီးနောက် လင်းရီ အခန်းကတ်ကိုယူ၍ ဝူဖေးယွဲ့ကို သူ့အခန်းထဲသို့ လိုက်ပို့ပေးလိုက်သည်။
ခမ်းနားပြီး ဇိမ်ကျလှသည့် တော်ဝင်ခန်းကို ကြည့်ရင်း ဝူဖေးယွဲ့ သူ့ကိုယ်သူ နတ်ပြည်ရောက်သွားသည့်နှယ် ခံစားနေရလေသည်။
ဤသည်က သူ တည်းခဲ့ဖူးသည့် ဟိုတယ်အသေးစားလေးများနှင့် လုံးဝ ခြားနားနေတော့၏။
“ ခုတော့ ဒီမှာနေနှင့်ဦး… ကျွန်တော်အပြင်သွားပြီး တစ်ခုခု သွားလုပ်လိုက်ဦးမယ်… ပြီးရင် ပြန်လာခဲ့မယ်..”
“ သွားလေ… လမ်းမှာလည်း သတိထားမောင်းဦး… ဖြစ်နိုင်ရင်တော့ ညဉ့်နက်တဲ့ထိ မနေနဲ့ပေါ့ကွာ… ရန်ကျင်းက အကျယ်ကြီးပဲ… မင်း လမ်းလည်းပျောက်နေဦးမယ်….”
“ အေးဆေးပါ…”
လင်းရီ သူ့ကားသော့ကို ဝှေ့ယမ်းရင်း လေလေး တရွှီရွှီဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ သို့သော်လည်း သူ ဓာတ်လှေကားမှ ထွက်လာသည့် အခိုက်၌ အမျိုးသမီးနှစ်ဦးမှ သူ့ထံ လျှောက်လာနေသည်ကို မြင်တွေ့လိုက်ရ၏။ ထိုအနက် တစ်ဦးကိုတော့ လင်းရီ ရင်းရင်းနှီးနှီး မြင်ဖူးနေသည်။
သူမသည်ကား သူနှင့် ကျွန်းပေါ်၌ အသင်းဖွဲ့ခဲ့ဖူးသည့် လီဂျန်းနီဆိုသည့် အမျိုးသမီးပင်။
ယခုအချိန်တွင်တော့ လီဂျန်းနီမှာ အင်မတန် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်စား ဆင်ယင်ထား၏။
နှင်းစီးခြေနင်းများ၊ အနက်ရောင် ဘောင်းဘီကျပ်နှင့် တင်ပါးအထိ ဖုံးထားပေးသည့် လေဖောင်းအင်္ကျီကို ဝတ်ဆင်ထားလေသည်။ သူမ၏ အပေါ်ပိုင်းက အနည်းငယ်ပုံတုံးကြီး ဖြစ်နေသော်လည်း ခန္ဓာကိုယ်အောက်ပိုင်းကတော့ တစ်မျိုးလေး ဆက်ဆီဆန်ဆန်ဖြင့် ဆွဲဆောင်မှု ရှိနေတော့သည်။
သို့သော်လည်း သူမဘေး လိုက်ပါလာသည့်သူကတော့ သူမ ညီမလေး မဟုတ်ပဲ လင်းရီ မရင်းနှီးသည့် အခြား မိန်းကလေးတစ်ဦး ဖြစ်နေသည်။
အဆိုပါ မိန်းကလေး၏ နာမည်မှာတော့ လီကျားယင်ဖြစ်ပြီး လီဂျန်းနီ၏ အစ်မကြီးပင်။
ယနေ့ညတွင်တော့ သူမတို့နှစ်ဦးမှ တစ်စုံတစ်ယောက်နှင့် မာကျောက်ကစားရင်း အချိန်ဖြုန်းရန် စီစဉ်ထားကြလေသည်။
တစ်ချိန်တည်း၌ လီဂျန်းနီလည်း လင်းရီကို မြင်တွေ့သွားခဲ့ပြီး သူမ၏ အမူအရာကို ကြည့်ရသလောက်တော့ တော်တော်လေးကို အံ့အားတကြီး ဖြစ်သွားခဲ့သည့်ပုံပင်။ သူမ လင်းရီကို ယခုလို နေရာမျိုး၌ ပက်ပင်းတိုးမိလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
“ လင်းရီ… နင် ရန်ကျင်း ရောက်နေတယ်လား…”
လီဂျန်းနီနှင့် ရင်ဆိုင်ရချိန်တွင်တော့ လင်းရီ၏ အမူအရာမှာ ထူးမခြားနားပင်။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မည်သည့်ပတ်သက်မှုတို့မျှ ရှိမထားသောကြောင့် ရေစက်ပါ၍ ခေတ္တဆုံတွေ့ခဲ့ကြရသည့် လူနှစ်ဦးကဲ့သို့ ဖြစ်လေသည်။
“ လင်းရီဆိုတာ သူလား..” လီဂျန်းနီ ဘေးရှိ အမျိုးသမီးမှ မေးလိုက်သည်။
လီဂျန်းနီ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့၏။ သို့သော်လည်း အလျင်အမြန်ပဲ ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။
သူမ ခုလေးတင် အရမ်းကို သတိလက်လွတ် ဖြစ်သွားခဲ့တာပဲ…
“ အွန်း… ဟုတ်တယ် သူပဲ…”
လင်းရီ လီဂျန်းနီ၏ အစ်မဖြစ်သူကို အံ့အားသင့်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
သူ ငါ့ကို သိနေတယ်လား..
ဧကန္တ လီဂျန်းနီ အပူတက်နေတုန်း သူများကို သူနဲ့ ပေါက်တတ်ကရတွေများ လျှောက်ပြောထားသလား…
“ နင်အခု အားလား… ငါ နင့်ကို ပြောစရာရှိတယ်…” လီဂျန်းနီ ပြောလိုက်သည်။
“ ဘာလဲပြောမှာ…”
လီဂျန်းနီ သူမ ဘေးရှိ အမျိုးသမီးကိုကြည့်ရင်း “ မမ… နင် ဒီမှာ ခဏစောင့်နေဦး… မကြာဘူး.. ပြန်လာခဲ့မယ်..”
“ အွန်း… သွားလေ…”
လီဂျန်းနီ လင်းရီကို ဆန်းကြယ်စွာဖြင့် ဘေးသို့ ဆွဲခေါ်သွားလိုက်သည်။
“ ငါ နင့်ကို ကျွန်းပေါ်က အကြောင်း မေးချင်လို့ဟ…”
“ ဘာမေးမှာ… ဘောနပ်စ် ကိစ္စလား..”
“ ငါပြောချင်နေတာ အဲ့တာ မဟုတ်ဘူး…” လီဂျန်းနီ ပြောလိုက်ပြီး “ ငါတို့ ပရိုဂရမ် ရိုက်ကူးတုန်းက တောင်ထိပ်ကို အရင်ဆုံးရောက်တဲ့သူက နင်မလား..”
“ ငါ ညစ်ပတ်ပြီး ရောက်သွားတယ်လို့ မင်းက ထင်နေတာလား…”
သူမ လင်းရီနှင့် အချိန်အကြာကြီး မပေါင်းသင်းကြည့်လိုက်ရသော်လည်း လီဂျန်းနီ သူမကိုယ်သူမ လင်းရီ၏ စရိုက်အကြောင်း ကောင်းကောင်းနားလည်ထားသည်ဟု ခံစားရလေသည်။ သူ့အတွက် ညစ်ပတ်ပြီး ဖြတ်လမ်းနည်းသုံးသည်က မည်သို့မျှ မဖြစ်နိုင်ချေ။
“ အမ်… ငါမေးချင်တာ… နင် တောင်ထိပ်ရောက်တော့ ထူးဆန်းတာ တစ်ခုခုနဲ့ ကြုံခဲ့သေးလားလို့…”
လင်းရီ အမူအရာပြောင်းလဲသွားခဲ့တော့သည်။
အကယ်၍ သူ ထူးဆန်းသည့် ဖြစ်စဉ် တစ်စုံတစ်ခုနှင့် ကြုံတွေ့ခဲ့လျှင်တောင် အကြောင်းမဟုတ်သေးပေ။ သို့သော်လည်း လီဂျန်းနီမှ ထိုထူးဆန်းသည့် အကြောင်းကို မေးလာခဲ့သည်ကတော့ ထူးဆန်းသွားခဲ့ချေပြီ။
သူ ကြုံတွေ့ခဲ့ရသည့် တစ်ခုတည်းသော ထူးဆန်းမှုက အဆိုပါ အနက်ဝတ်နှင့် လူတစ်ဦးတည်းသာ။
သို့တိုင်အောင် သူမက အဘယ်ကြောင့် ယခုလို မေးမြန်းလာခဲ့ရသနည်း။ ဧကန္တ သူမကကော တစ်ခုခု သိနေသောကြောင့်လော။
“ ဘာမှ မတွေ့ခဲ့ပါဘူး…” လင်းရီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ ငါတောင်ပေါ်ရောက်ပြီးတော့ ထုတ်လုပ်ရေး အသင်းသားတွေ ရောက်လာတယ်… ရှိုးပွဲရဲ့ နောက်ဆုံး အခိုက်အတန့်ကို ရိုက်ကူးပြီး ငါလည်း အိမ်ပြန်လာခဲ့တယ်…ဒါပဲ….”
“ ကောင်းပြီ… ငါသိပြီ…” လီဂျန်းနီ ချိုသာစွာ ပြုံးလိုက်ပြီး “ ငါ ဒီည မာကျောက်ကစားဖို့ ချိန်းထားလို့ အရင်သွားနှင့်တော့မယ်… တကယ်လို့ နင် မနက်ဖြန် မပြန်သေးဘူးဆိုရင် ထမင်းအတူစားကြမလား..”
“ မေ့လိုက်… ငါ မနက်ဖြန် ကျိုးဟိုင် ပြန်တော့မှာ…”
လီဂျန်းနီ သူမ စလင်းဘတ်အိတ်ထဲမှ မှတ်စုစာအုပ် အသေးလေးထုတ်၍ ဖုန်းနံပါတ် တစ်ခုကို ချရေးလိုက်သည်။ ထို့နောက် ဆုတ်ဖြဲပြီး လင်းရီထံ ကမ်းပေးလိုက်လေသည်။
“ ဒါ ငါ့ဖုန်းနံပါတ်… နင် နောက်တစ်ခါ ရန်ကျင်းရောက်လာရင် ငါ့ဆီ ဖုန်းခေါ်လိုက်… ငါနင့်ကို ဒီနယ်တစ်ဝိုက် လိုက်ပို့ပေးမယ်…”
“ ကောင်းတာပေါ့…”
လင်းရီ လီဂျန်းနီပေးသည့် မှတ်စုစာရွက်ကို အိတ်ထောင်ထဲထည့်လိုက်ပြီး ဟိုတယ်ထဲမှ အေးအေးဆေးဆေး ထွက်လာခဲ့လိုက်သည်။
လင်းရီ ဟိုတယ်ထဲမှ ထွက်သွားခဲ့သည်ကို မြင်တော့ လီဂျန်းနီ လီကျားမုန့်ဘေးသို့ ပြန်ရောက်လာခဲ့၏။
“ ငါအဘိုးကို ဖုန်းဆက်လိုက်ပြီ… သူ ပြောတာ သူလင်းရီနဲ့ တွေ့ချင်တယ်တဲ့…”
“ အာ… နင့် ဒီပါးစပ်ကလည်း မြန်လိုက်တာ တအားပဲ…”
လီဂျန်းနီ မျက်နှာဖြူလျော်သွားခဲ့တော့၏။ မူလက သူမ အစ်မကို ဤအကြောင်း မပြောရန် နှုတ်ပိတ်ချင်နေပါသော်လည်း သတင်းမှာ အလွန်လျင်မြန်စွာဖြင့် မိသားစုထံ ရောက်သွားလိမ့်မည်လို့တော့ မမျှော်လင့်ထားခဲ့ချေ။
“ အဘိုး ဒီကိစ္စကြောင့် ဘယ်လောက်တောင် ဒေါသထွက်နေလဲ နင်လည်း သိရဲ့သားနဲ့… သူ တွေ့ချင်နေတာတောင် ရှာလို့ မတွေ့ခဲ့ဘူးလေ… ခု အခွင့်အရေးက ရောက်လာပြီဆိုတော့ သူ့ကို ပြောပြရမှာ သဘာဝပဲ မဟုတ်ဘူးလာ…” လီကျားယင် ချက်ကျလက်ကျဖြင့် ရှင်းပြလိုက်သည်။
“ ဒါပေမယ့် ငါအခုလေးတင် သူ့ကို မေးကြည့်လိုက်တာ သူ ဘာမှမသိဘူးတဲ့… သူက ပရိုဂရမ် ရိုက်ကူးဖို့ပဲ သွားခဲ့တာလေ… ငါတို့တွေ အတွေးလွန်နေတာ ဖြစ်မှာပါ..” လီဂျန်းနီမှ ပြန်ပြောလိုက်၏။
“ အဲ့တာ ငါတို့နဲ့ ဘာဆိုင်လို့… ငါတို့လုပ်ရမှာက ငါတို့အလုပ်ကိုပဲလေ… ကျန်တာ အဖိုး ဘယ်လိုကိုင်တွယ်မလဲ ဆိုတာပဲ မူတည်တယ်…”
ကလင် ကလင် ကလင် …
လီကျားယင် စကားပြောပြီးသည်နှင့် သူမ စလင်းဘတ်အိတ်ထဲရှိ ဖုန်းက အသံမြည်လာလေသည်။
“ အဖေ ခေါ်လာတာ…” လီကျားယင် ပြောလိုက်ပြီး
“ ငါတော့ ဒီည မာကျောက် ကစားလို့ မရတော့ဘူးဆိုတဲ့ ခံစားချက်တွေ ရနေတယ်..”
“ ဟယ်လို အဖေ….”
“ မင်းတို့အဖိုးက မင်းတို့နှစ်ယောက်ကို ပြန်လာခဲ့တော့တဲ့… ဒီည ဂိမ်းဆော့မနေနဲ့တော့….”
“ အိုကေ… ခုပဲ ပြန်လာနေပြီ…”
“ အင်း….”
ဖုန်းချပြီးနောက် လီကျားယင် လီဂျန်းနီကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။
“ အဖေပြောတဲ့ပုံအရဆိုရင် အဘိုးက ငါတို့ကို ပြန်လာခိုင်းနေတယ်…ဆိုတော့ သူ ငါတို့ကို ဒီအကြောင်း မေးချင်လို့နေမှာ…”
“ ဟွန့်... အဲ့တာ နင့်အမှားပဲလေ…” လီဂျန်းနီ မြည်တွန်တောက်တီးလိုက်ပြီး “ နင်သာ အဲ့လောက် ပါးစပ်မြန်မြန် မဟရင် ဒီလောက်ထိ ဒုက္ခများစရာတောင် မလိုဘူး…”
“ အဘိုးက ဒီလောက်လောနေလိမ့်မယ်လို့ ဘယ်သူကကော တွေးမိမှာ..” လီကျားယင်လည်း အလျော့မပေး ပြန်လည် စောဒကတက်လိုက်ပြီး
“ ခုတော့ ပြန်ကြတာပေါ့….”
“ အဲ့တာအပြင် ငါတို့မှာ တခြားဘာရွေးချယ်စရာများ ရှိသေးလို့…”
……………….
ဟိုတယ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ လျန်ရူရွှယ်အိမ်သို့ မောင်းထွက်လာခဲ့လိုက်သည်။
ပတ်ဝန်းကျင် အနေအထားကို ကြည့်၍ ဆုံးဖြတ်ကြည့်ရသလောက်တော့ လျန်ရူရွှယ်၏ နေအိမ်က ထူးခြားသည့် တစ်စုံတစ်ရာ ရှိမနေချေ။
သို့သော်လည်း ဒုတိယ အဝိုင်းပတ်လမ်းတွင် တည်ရှိနေသောကြောင့် ဆိုးတော့မဆိုးပေ။
ထို့နောက် သူ ချိန်ရန်ပေးသည့် လိပ်စာအတိုင်း မောင်းလာရင်း လျန်ရူရွှယ်၏ နေအိမ်နှင့် တူညီသည့် အဆောက်အအုံတစ်ခုကို ရှာတွေ့သွားခဲ့၏။
ထရပ်ကားဆရာမှာလည်း ထိုအနီးအနားတွင် ကားရပ်ထားပြီး လင်းရီအလာကို စောင့်နေလေသည်။ထို့နောက် နှစ်ယောက်သား ကုန်ပစ္စည်းများကို အောက်သို့ ချရင်း မြေပြင်ပေါ်၌ သေသပ်စွာ စီထားလိုက်သည်။
ထရပ်ကားဆရာ ထွက်ခွာသွားပြီးနောက် လင်းရီ လျန်ရူရွှယ်ထံ ဖုန်းခေါ်လိုက်သည်။
နှစ်ကြိမ်သုံးကြိမ်ခန့် တုန်ခါပြီးနောက် လျန်ရူရွှယ် ၏ အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့၏။
“ အေး…မင်း ဘာလဲလုပ်နေတာ…”
“ နင့်လေသံကလည်း မာလိုက်တာ…နည်းနည်း ပျော့ပျောင်းပျောင်းလေး ပြောလို့မရဘူးလား…”
“ အဟမ်း အဟမ်း… ဂုဏ်သိမ်ကြီးတဲ့ မြို့တော်ဝန်လျန်ကို ကျွန်တော်မျိုးနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ အလိုရှိနေပါတယ်… မဟုတ်ရင်တော့ နိုင်ငံရေး အောင်မြင်မှုတွေ မပေးဘူးဆိုပြီး စောဒကမတက်နဲ့ပေါ့…”
“ ဟာ.. နင် ပြောတာ နောက်ကျသွားပြီ… ငါအခု ရန်ကျင်းမှာ… ငါ့ အတွင်းရေးမှုးကို နင့်ဆီ လွှတ်လိုက်ရင်ရော..”
“ အဲ့လိုလုပ်လို့ ဘယ်ရမှာ.. ဒီက လူကိုယ်တိုင် တွေ့ရမှကို ဖြစ်မှာ…”
“ ဒါဆို နင်တစ်ရက်လောက်ထပ်စောင့်ပေးလို့ ဖြစ်လား… ငါမနက်ဖြန် လေယာဉ်နဲ့ ပြန်လာခဲ့မယ်လေ…”
“ အမ်…. မနက်ဖြန်ဆို အရမ်းနောက်ကျသွားတော့မှာ… ငါပဲ လာရှာလိုက်ပါ့မယ်…”
“ ကျွတ်… လာပြီးညာမနေနဲ့.. ဥက္ကဌကျီက နင့်ကို ဒီပေးလာမှာမို့တဲ့လား..”
“ မင်းပြောပုံကို ကြည့်လိုက်စမ်း… ငါ လင်းရီက တစ်စုံတစ်ယောက် ထိန်းချုပ်တာကို ခံမယ့် လူစားမျိုးလား….”
“ ဘာပဲဖြစ်ဖြစ်… ပေါ့တီးပေါ့ပြက် လုပ်နေတာတွေ ရပ်လိုက်တော့…. မြန်မြန် ဘာကိစ္စလဲ ဆိုတာပဲ ပြောပြ… ငါနင့်ကို ကူညီလို့ရအောင် တစ်ယောက်ယောက်နဲ့ ဆက်သွယ်ပေးမယ်..”
“ ထွေထူးကိစ္စကြီးတော့ မဟုတ်ပါဘူး..” လင်းရီ ပြုံးလိုက်ပြီး “ခုက နှစ်သစ်ကူး နီးလာပြီမလား… ဒီမှာ လူတွေ မီးပန်းလွှတ်တဲ့ နေရာရှိတယ်.. မင်းကို အဲ့နေရာ ခေါ်သွားပေးချင်လို့….”
လျန်ရူရွှယ် ရင်တစ်ချက် ခုန်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင်တော့ လင်းရီမှ စိတ်ရင်းအမှန်ဖြင့် ဖိတ်ကြားနေခြင်းလော သို့မဟုတ် ဥက္ကဌကျီမှ သဘောမတူသောကြောင့် သူမထံ ချဉ်းကပ်ခြင်းလော သူမ မတွေးတောနိုင်တော့ချေ။
မည်သို့ပင်ဆိုစေ လင်းရီနှင့်အတူ မီးရှူးပန်းကြည့်ရမည်မှာ ပျော်စရာအတိ ဖြစ်ပေလိမ့်မည်။
“ စိတ်ကူးယဉ်မနေနဲ့… ငါအခု အိမ်မှာ… နင်နဲ့ မီးပန်းတွေကြည့်ဖို့ မဖြစ်နိုင်ဘူး…”
“ မဖြစ်နိုင်ဘူး ပြောမနေနဲ့.. ပြတင်းပေါက် ဘေးမှာ ရပ်ပြီး အပြင်ကို ကြည့်ကြည့်လိုက်… ဘယ်သူပြောနိုင်မှာ… ကျိုးဟိုင်က မီးရှူးပန်းတွေကို မြင်နိုင်ချင်မြင်နိုင်မှာပဲလေ…”
“ လူကို လာပြီး အရူးလုပ်မနေစမ်းနဲ့… ရန်ကျင်းနဲ့ ကျိုးဟိုင်က ကီလို ထောင့်နှစ်ရာလောက် ဝေးနေတာကို နင်ထင်နေတာ ငါ့များ နတ်မျက်စိ ရထားတယ်လို့…..”
ရွှီး .... ဘန်း ဘန်း ဘန်း…
လျန်ရူရွှယ် စကားကို အဆုံးမသတ်နိုင်မီ အပြင်ဘက်၌ ပေါက်ကွဲသံ အတွဲလိုက်ကြီးအား ကြားလိုက်ရ၏။
ထို့နောက် ချက်ချင်းလက်ငင်း ကောင်းကင်၌ အရောင်စုံသည့် မီးရှူးပန်းများ ပေါက်ကွဲထွက်လာခဲ့ကာ ရန်ကျင်း၏ ကောင်းကင်အား ထိန်လင်းသွားစေသည်။
ရောင်စုံမီးပန်းတို့က တလက်လက်
ရိုးရှင်းစွာဖြင့် လူကို အကြည့်မလွှဲနိုင်အောင် မျက်စိဖမ်းစားနေစေတော့သည်။