← Chapters

လီအဘိုးကြီးနှင့် တွေ့ဆုံခြင်း

Vol. 62 Ch. 929

လီအဘိုးကြီးနှင့် တွေ့ဆုံခြင်း

Vol. 62 Ch. 929

“ ငါတို့ မနေ့ညက တွေ့ခဲ့ပြီးပြီ မဟုတ်ဘူးလား.. ဘာထပ်လာလုပ်ပြန်တာ…”

လီဂျန်းနီ၏ အမူအရာမှာ အခက်တွေ့နေပုံပေါက်နေပြီး “ ငါ့ အဘိုးက နင်နဲ့ တွေ့ချင်နေလို့…”

“ မင်းအဘိုးက…” လင်းရီ ကြက်သေသေသွားခဲ့သည်။

“ ငါကဖြင့် မင်းကိုတောင် ကောင်းကောင်းမသိတာ ဘာဆိုင်လို့ မင်းအဘိုးက ငါနဲ့ တွေ့ချင်နေရတာတုန်း…”

“ ဒီလို တောင်းဆိုတာက နည်းနည်းလေးလွန်တယ်ဆိုတာ ငါလည်း သိတယ်… ပြီးတော့ ငါလည်းသူ့ကို ပြောပါတယ်ဟယ်… ဒါပေမယ့် နားမှမထောင်တာ… ဒါကြောင့်မို့ နင့်ကို တစ်မနက်ခင်းလုံး ဒီမှာလာစောင့်နေတာလေ… နင် ငါနဲ့ လိုက်ခဲ့ပေးပါလားနော်…”

လက်တွေ့တွင်တော့ လီဂျန်းနီ မနေ့ညကတည်းက လင်းရီကို လာရှာခဲ့ခြင်းပင်။

သို့သော်လည်း ပန်ဂုဟိုတယ်၏ စံချိန်စံနှုန်းက အင်မတန် မြင့်မားသောကြောင့် စည်းမျဉ်းစည်းကမ်းတို့ကလည်း အလိုအလျောက် တင်းကြပ်လေသည်။ သူတို့ထံ၌ ဧည့်သည်၏ ကိုယ်ရေး အချက်အလက်များအား ဖွင့်ထုတ်ပိုင်ခွင့်မရှိပေ။ ထို့ကြောင့် လီဂျန်းနီမှ လင်းရီ မည်သည့် အခန်း၌ တည်းနေလဲဆိုတာကို မသိသည့်အပြင် သူမထံ၌ လင်းရီ၏ ဖုန်းနံပါတ်ကလည်း ရှိမနေပြန်ချေ။ ထို့ကြောင့် မနက်စောစောလာ၍ ဟိုတယ်အပေါက်ဝ၌ ထိုင်စောင့်ရုံသာ တတ်နိုင်တော့၏။

လီဂျန်းနီ၏ တောင်းဆိုလာမှုက အနည်းငယ် ကြောင်တောင်တောင် နိုင်လွန်းသောကြောင့် လင်းရီ ငြင်းဆန်ချင်နေခဲ့သည်။

ငါကဖြင့် သူနဲ့ အရမ်းကြီး ရင်းနှီးနေတာမျိုးလည်း မဟုတ်ပဲနဲ့ ဘာဆိုင်လို့ သူ့အဘိုးက ငါနဲ့ လာတွေ့ချင်နေရတာ…

သို့သော်လည်း လင်းရီ ပြောအံ့ဆဲဆဲ စကားလုံးတို့အား ပြန်လည် မျိုချလိုက်၏။ မနေ့က လီဂျန်းနီ မေးမြန်းခဲ့သည့် မေးခွန်းကြောင့်သာ မဟုတ်ပါက သူမအဘိုးမှာ သူနှင့် တွေ့ချင်နေလိမ့်မည်မဟုတ်ဟု လင်းရီ ခန့်မှန်းကြည့်လိုက်လေသည်။

သူကိုယ်တိုင်ကလည်း ကျွန်းပေါ်၌ ဖြစ်ပျက်ခဲ့သည်များကို နက်နက်နဲနဲ တူးဆွချင်နေမိ၏။ ၎င်းကျွန်းကိုယ်တိုင်ကပင် အင်မတန် ထူးဆန်းလွန်းလှသည်။

အနက်ဝတ်နှင့်လူ၏ ခွန်အားက သန်မာလွန်းလှကာ လင်းရီပင် သူ့အား မကိုင်တွယ်နိုင်ချေ။

အကယ်၍ ကျွန်းပေါ်၌ လျှို့ဝှက်ချက် တစ်စုံတစ်ရာသာ မရှိပါက အနက်ဝတ်နှင့်လူမှာ ဘယ်တုန်းကမျှ ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။

အဆိုပါ အကြောင်း အရင်းကြောင့် လင်းရီ လီဂျန်းနီ၏ အဘိုးကြီးနှင့် သွားတွေ့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

မည်သူက ပြောနိုင်မည်နည်း။ သူ ထိုအဘိုးကြီးထံမှ သတင်းအချက်အလက်တစ်ချို့ ရရှိသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

“ ကောင်းပြီလေ… ငါမင်းနဲ့ လိုက်ခဲ့လိုက်မယ်…”လင်းရီ သဘောတူလိုက်ပြီး ဝူဖေးယွဲ့ဘက်သို့ လှည့်၍ “ အစ်ကို.. ဟိုတယ်ခန်းမထဲ ထိုင်ပြီး ကျွန်တော့်ကို ခဏလောက် စောင့်နေဦး… သိပ်မကြာဘူး.. ပြန်လာခဲ့မယ်…”

ဝူဖေးယွဲ့ လီဂျန်းနီကို သင်္ကာမကင်းစွာကြည့်ရင်း “ ကောင်းပြီလေ… သတိလည်း ထားဦး…”

“ အဆင်ပြေတယ်.. ကျွန်တော် ကိုယ်လုပ်တာကို နားလည်တယ်…”

ပြောပြီးနောက် လင်းရီ လီဂျန်းနီ၏ ကားထဲ ဝင်သွားခဲ့လိုက်သည်။

သူ ယမန်နေ့က တွေ့ခဲ့သည့် အမျိုးသမီးမှာ ခရီးသည်ထိုင်ခုံ၌ ရှိနေပြီး ကားထဲသို့ ရောက်ပြီးနောက် သူမ လင်းရီကို နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်၍ နှုတ်ဆက်သည့် အနေဖြင့် ခေါင်းညိမ့်ပြုံးပြလိုက်သည်။

နာရီဝက်ကြာအောင် မောင်းနှင်ပြီးနောက် သူတို့ ရန်ကျင်းမြို့၏ ရပ်ကွက်ဟောင်းတစ်ခုထံ ရောက်ရှိလာသည်။

မြို့၏ မေ့လျော့နေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရပြီး လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် သုံးဆယ်ခန့်မှ လူနေမှု ပုံစံများကို ထိန်းသိမ်းထားကာ စည်ကားပြီး ရှုပ်ယှက်ခတ်နေသည့် အငွေ့အသက်တို့က လေထုထဲ ပြည့်နှက်နေသည်။

လီဂျန်းနီ ကားကို တစ်နေရာ၌ ထိုးရပ်လိုက်၏။ ထို့နောက် သုံးယောက်သား အနီးရှိ ခြံဝန်းထဲသို့ ဝင်သွားခဲ့ကြသည်။

သို့သော်လည်း သူတို့ သုံးဦး အထဲ ဝင်သွားစဉ်၌ အိမ်၏ မျက်စောင်းထိုး ဗန်အတွင်းရှိ လူနှစ်ဦးမှာလည်း ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

“ လီမိသားစုဆီ တစ်ယောက်ယောက်လာလည်နေတယ်… ကြည့်ရတာ ဟိုကလေးပဲနေမှာ…”

“ ဒီမှာနေပြီး သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ကြစို့… သူပြန်ထွက်လာတာနဲ့ ငါတို့ သူ့နောက် လိုက်ကြမယ်…”

“ ကောင်းပြီ.. “

လင်းရီနှင့် ကျန်နှစ်ယောက်မှာ ဗန်ကားထဲရှိ လူနှစ်ဦးကို သတိမမူမိပဲ ခြံဝန်းထဲသို့ တန်းမတ်စွာ ဝင်သွားခဲ့ကြသည်။

ခြံဝန်းထဲတွင်တော့ ပန်းအလှအိုး ဒါဇင်နှင့်ချီအောင် ရှိနေသော်လည်း အများစုကတော့ ညှိုးနွမ်းနေချေပြီ။

အိမ်၏ ဝင်ပေါက်ဝ‌ဘေး၌ မီးဖိုအသေးစားလေး တစ်ခု ရှိ၏။ အပေါ်တွင် ပွက်ပွက်ဆူနေသည့် ကြေးရေနွေးအိုး တစ်လုံး တည်ထားပြီး အိမ်၏ ပတ်ဝန်းကျင်ကို အနည်းငယ်ပို၍ လှုပ်ရှားသက်ဝင်သွားစေခဲ့သည်။

“ ဝင်သွားလိုက်… အဘိုးက အထဲမှာ..” လီဂျန်းနီ ပြောလိုက်သည်။

“ ပြီးတော့ ဘာမှမစိုးရိမ်နဲ့.. ငါ့မိသားစုက ဒီမှာ မရှိဘူး… အဘိုးနဲ့ သူ့ဒရိုင်ဘာပဲ ရှိတာ… ဘာမှ နေရခက်နေစရာ မလိုဘူး..”

“ အင်း…”

လင်းရီ ခေါင်းညိမ့်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

အိမ်ထဲရှိ ပရိဘောဂများအားလုံးက အင်မတန် ဟောင်းနွမ်းနေသည်။ သို့သော် တစ်ခုချင်းစီတိုင်းကလည်း တန်ဖိုးအရမ်းရှိသည့် ရှေးဟောင်းပစ္စည်းများ ဖြစ်နေခဲ့ကြ၏။

အထဲတွင်တော့ လူနှစ်ဦး ရှိနေကြသည်။

အဘိုးကြီး တစ်ဦးနှင့် အမျိုးသားတစ်ဦး။

တစ်ဦးမှာ ငွေရောင်သမ်းနေသည့် ဆံပင်တို့နှင့် တောင်ဝှေးကို ကိုင်ထားပြီး စားပွဲရှေ့တွင် ရေနွေးကြမ်းခွက်ကို မှုတ်သောက်နေသည်။

အခြားတစ်ဦးကတော့ အသက်သုံးဆယ် အရွယ်ခန့်မျှရှိပြီး အဆိုပါ လူအိုကြီး ဘေး၌ မတ်တပ်ရပ်နေလျက်ရှိ၏။ သူ၏ အမူအရာက သက်တောင့်သက်သာ ရှိနေပြီး ဘေးရှိ လူအိုကြီးနှင့် မိတ်ဟောင်းရင်းချာကြီးများပမာ ရယ်မော စကားပြောဆိုနေသည်။

အဘိုးကြီး၏ နာမည်မှာ လီရွှယ်ရုန် ဖြစ်ပြီး သူကတော့ လီဂျန်းနီ၏ အဘိုးဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဘေးတွင် ရပ်နေသည့် အမျိုးသားကတော့ ဖူဟိုင်ရှန်းဟု ခေါ်တွင်ကာ လီရွှယ်ရုန်ဘေး၌ ဒရိုင်ဘာတစ်ဦးအဖြစ် ပျိုရွယ်စဉ်ကတည်းက အမှုတော်ထမ်းလာခဲ့သူဖြစ်သည်။

“ လင်းရီ... မစ္စတာလင်းဆိုတာ မင်းလား…”

လင်းရီ ဝင်လာသည်ကို မြင်တော့ လီရွှယ်ရုန် ဖူဟိုင်ရှန်း၏ အကူအညီဖြင့် မတ်တပ်ရပ်လိုက်ပြီး “ မစ္စတာလင်း… ကျေးဇူးပြုပြီး ထိုင်ပါဦး… ငါမင်းကို မျှော်နေတာတောင် ကြာရောပေါ့…”

လင်းရီ ခေါင်ညိမ့်လိုက်ပြီး ဘေးရှိ ထိုင်ခုံအလွတ်၌ ဝင်ထိုင်လိုက်သည်။

“ နှောင့်ယှက်မိလို့ စိတ်မရှိပါနဲ့ မစ္စတာလင်း.. ရိုင်းပြတယ်လို့တော့ မထင်လိုက်ပါနဲ့.... ဒီအဘိုးကြီးက ဒီတိုင်း‌ မေးချင်တာလေး ရှိနေလို့ပါ… ဘာ မကောင်းတဲ့ ရည်ရွယ်ချက်မှ မပါပါဘူး..” လီရွှယ်ရုန် ကြင်နာစွာ ပြောဆိုလိုက်သည်။

“ ရပါတယ်.. ကျုပ်ကလည်း အချိန်ဖြုန်းရတာ ကြိုက်တဲ့ကောင် မဟုတ်ဘူး.. ဒီတော့ စကားပလ္လင်ခံမနေနဲ့… ခင်များ မေးချင်တာမေး…”

လီရွှယ်ရုန် လင်းရီအတွက် ရေနွေးကြမ်း ငဲ့ပေးလိုက်ရင်း “ အပြင်မှာ အေးလာတယ်ဆိုတော့… ကိုယ်နွေးသွားအောင် တစ်ခွက်လောက် သောက်လိုက်ပါဦး မစ္စတာလင်း..”

ဆိုရိုးများအတိုင်း ပြုံးပြနေသူအား ပါးသွားရိုက်၍ မသင့်လျော်ချေ။ သူကိုယ်တိုင်လည်း ဤနေရာသို့ ရောက်ပြီးဖြစ်သောကြောင့် လင်းရီ အလျင်လိုမနေတော့ချေ။

ထို့ကြောင့် ရေနွေး တစ်ငုံ သောက်လိုက်၏။ အစပိုင်းတွင်တော့ ခါးသပ်သပ်လေးနှင့် နောက်ပိုင်းတွင်တော့ ချိုမြသည့် သစ်သီးကဲ့သို့ အရသာလေးက တွဲလျက် လိုက်ပါလာခဲ့ကာ လျှာပေါ်၌ အချိန်အကြာကြီး စွဲထင်ကျန်ရစ်နေလေသည်။

ရေနွေးကြမ်း၏ အရသာ မည်မျှကောင်းမွန်နေသည်ကို ဘေးချိတ်ထား၍ ရေနွေးဖျော်သည့် အစုံ တစ်ခုတည်းကပင် တန်ကြေးတော်တော် ရှိ နေတော့၏။

“ ဒါ ဝူရီတောင်က သဟုန်ပေါင်း ဟုတ်တယ်မလား… အရသာက တော်တော်လေး ကောင်းတယ်..”

“ အို… မစ္စတာလင်းက ဒီလောက် ငယ်ငယ်လေးနဲ့ ရေနွေးကြမ်းရဲ့ မူလအစကို ခန့်မှန်း ပြောဆိုနိုင်နေတယ်.. တကယ့်ကို မျက်စိ အမြင်ပွင့်စရာပါပဲ….”

“ ကျုပ်က ငယ်ရွယ်တယ်ဆိုပေမယ့် တော်တော်လေး နှံ့နှံ့စပ်စပ် ရှိတယ်… ဒီလို ရေနွေးကြမ်း လောက်ကတော့ ပြဿနာမရှိဘူး..”

လီရွှယ်ရုန် ပြုံးပြီး ခေါင်းမော့လိုက်၏။ သူ လင်းရီထံမှ ထူးခြားသည့် အနံ့အသက်ကို ရရှိနေသည်။

ထို့နောက် သူ လင်းရီခွက်ထဲ ထပ်ဖြည့်ပေးလိုက်ပြီး အပြုံးလေးဖြင့် “ မစ္စတာလင်းလို ဉာဏ်ကောင်းတဲ့သူက ခန့်မှန်းထားပြီး ဖြစ်မယ်လို့ ကျုပ်ထင်ပါတယ်… ကျုပ် မစ္စတာလင်းကို ဒီဖိတ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ခရိုခဝ ကျွန်းအကြောင်း မေးမြန်းချင်လို့ပါပဲ…”

လင်းရီ တိတ်တဆိတ် ခေါင်းညိမ့်လိုက်ပြီး ဖြည်းညင်းစွာဖြင့် “ ခင်များလည်း ခရိုခဝ ကျွန်းအကြောင်း ကြားပြီး ဖြစ်မှာပါ… ကျုပ်သိနေတာထက်တောင် ပိုသိနေမယ်ဆိုတာ သေချာတယ်… တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကျုပ်တို့ ပွင့်ပွင့်လင်းလင်းပဲ စကားပြောကြတာပေါ့…”

လီရွှယ်ရုန် လင်းရီကို စူးစိုက်ကြည့်လိုက်ပြီး “ မစ္စတာလင်းက ဘာကိုဆိုလိုချင်နေတာလဲမသိဘူး..”

“ ခင်များသိတာ ကျုပ်ကို ပြောပြ… အဲ့တာဆို ကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ကျုပ်က ပြန်ပြောပြမယ်.. ညီတူမျှတူ သတင်းဖလှယ်ကြတာပေါ့…”

ယင်းကလည်း လင်းရီ ဤနေရာသို့ လိုက်ခဲ့ရသည့် အကြောင်းရင်း အကြောင်းခံပင်။ ခရိုခဝ ကျွန်းစုမှာ တမူထူးခြားနေပြီး အမည်မသိ လျှို့ဝှက်ချက်တို့ သေချာပေါက် ရှိနေရပေမည်။

သို့သော်လည်း ၎င်းတို့က မည်သည့်အရာ ဖြစ်သလဲ ဆိုတာတော့ လင်းရီ သဲလွန်စ မရှိပေ။ သူ့အဖို့ ယခု အခွင့်အရေးမှတစ်ဆင့် ထိုလျှို့ဝှက်ချက်တို့က ဘာတွေလဲဆိုတာ သိသွားလျှင်တော့ အကောင်းဆုံး ဖြစ်ပေမည်။

လီရွှယ်ရုန် ပြုံးလိုက်ပြီး “ မျှတပါတယ်… ဒီတော့ မစ္စတာလင်းက ကျွန်းပေါ်မှာ ဘာတွေဖြစ်ခဲ့လဲ အရင်ပြောပြပေးမလား…”

“ ခင်များလေသံ နားထောင်ရသလောက်တော့ ဘာကမ်းလှမ်းမှုမှ မရှိပဲနဲ့ ကျုပ်ဆီကနေ အမြတ်ထုတ်ချင်နေသလိုပဲနော…” လင်းရီ ပြုံးလိုက်ပြီး “ ကျုပ်က ခင်များထက် ငယ်ချင် ငယ်နေလိမ့်မယ်.. ဒါပေမယ့် ကျုပ်ရှေ့မှာ ဒီလိုလှည့်ကွက်မျိုး လာမသုံးနဲ့… ခင်များကပဲ ကျုပ်ကို ဒီနေရာ ခေါ်လိုက်တယ်… ဒီတော့ ခင်များဘက်ကပဲ စိတ်ရင်းအမှန်ကို အရင်ပြသင့်တယ်မထင်ဘူးလား…”

“ မစ္စတာလင်းက ကျုပ် လုံလောက်အောင် မရိုးသားနေဘူးလို့ ထင်နေတာလား…”

“ အမှန်ပဲ..” လင်းရီ မေးခွန်းကို ရှောင်ရှားမနေပဲ ဖြေလိုက်ပြီး နာရီကို ကြည့်ကာ “ ကျုပ်မှာ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးတယ်… ဒီတော့ ခင်များကို အချိန်သိပ်မပေးနိုင်ဘူ… မြန်မြန်ပြော..”

ဖူဟိုင်ရှန်း၏ အမူအရာမှာ မသိမသာ အေးစက်လာခဲ့သည်။ သို့သော်လည်း လီရွှယ်ရုန်၏ အမိန့်ကို မရရှိသေးသောကြောင့် နေရာ၌သာ ထီးထီးကြီး ရပ်နေရင်း မလှုပ်ရှားဝံ့သေးချေ။

သို့သော်လည်း လင်းရီအပေါ်တွင်တော့ ရန်လိုသည့် အရိပ်အယောင်များအား ပြသနေလေသည်။

“ လူငယ်လေး… တက်တက်ကြွကြွရှိတယ်ဆိုတာ ကောင်းတဲ့အရာပဲ… ဒါပေမယ့် မင်းရဲ့ ပြိုင်ဘက်က ဘယ်သူဆိုတာ အရင်နားလည်ထားဖို့လည်း လိုသေးတယ်… ပြီးတော့ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး မှန်မှန်ကန်ကန် ပြုမူတတ်ဖို့လည်း လိုသေးတယ်ကွ… ဉာဏ်ကောင်းတဲ့သူဆိုတာ အဲ့လိုနေသင့်တယ်….”

All Chapters