ငါမရွေးချယ်နိုင်ဘူး
Vol. 10 Ch. 14
မက်ဒါနာက စေဘာစတိန်းပေါ်ကိုတက်ပြီး ရှေ့ကနေပြေးတယ်။ ဆိုဖီယာနဲ့ဖလေရာကတော့ နောက်ကနေ လိုက်လာနေပါပြီ။ လမ်းသွားလမ်းလာတွေကတော့ နာမည်ကျော် မစ်ရှင်အဖွဲ့ဝင်နှစ်ယောက်က ငွေရောင်ဆံပင်နဲ့မင်းသမီးလေးကို ဘာကြောင့်နောက်ကနေလိုက်နေမှန်း နားမလည်ကြတဲ့အတွက် ကြောင်အအနဲ့ကြည့်ကျန်ခဲ့ကြလေရဲ့။
“ဘေးကိုဘေးကို...” မက်ဒါနာက သူ့ရှေ့မှာရှိနေတဲ့သူတွေကို ဝင်မတိုက်မိအောင် အော်ဟစ်ပြီးသတိပေးနေရတယ်။ တဖြည်းဖြည်းနဲ့ဘာဘီကျူ့ဆိုင်နားကို ရောက်လာပြီ။ ပြီးတော့ တစ်ယောက်တည်း ပျင်းရိစွာနဲ့ အသားကင်စားနေတဲ့ လင်ဒါနဲ့မက်ဒါနာတို့ မျက်စိအကြည့်ချင်း ဆုံမိသွားကြလေရဲ့။
ဖျောက်....
လင်ဒါလက်ထဲက အသားညှပ်တဲ့တူကျိုးသွားပြီ။ ရဲအရာရှိတစ်ယောက်ဖြစ်တဲ့အားလျော်စွာပဲ ဖြစ်နေတဲ့အခြေအနေကိုကြည့်ရုံနဲ့ ဖြစ်ရတဲ့အကြောင်းအရင်းကို လင်ဒါခန့်မှန်းနိုင်သွားတယ်ဆိုရမလား။ လင်ဒါက ချက်ချင်းဆိုသလိုပဲ သူ့နည်းပညာသေတ္တာကို ဆွဲထုတ်လိုက်ပြီး နောက်ကနေ ဝတ်စုံဝတ်လိုက်ပါတယ်။
ငါးမိနစ်လောက်ကြာတဲ့အထိ မက်ဒါနာက ရှေ့ကနေပြေးနေရပြီး နောက်ကနေ ဆိုဖီယာ၊ ဖလေရာ၊ လင်ဒါတို့က အော်ဟစ်ပြီးပြေးလိုက်နေကြတယ်။ သတင်းမီဒီယာတွေလည်း သတိထားမိကုန်ပြီးတော့ နောက်ကနေ ဟယ်လီကော်ပတာတစ်စင်းနဲ့ သတင်းလိုက်ယူပါပြီ။ ပိုဆိုးတာက နယူးယောက်မြို့ပေါ်က တီဗီပါတဲ့ဆိုင်းဘုတ်တိုင်းက သူတို့သတင်းကို တိုက်ရိုက်ထုတ်လွှင့်နေတာပဲ။
“Fox 5NY ကနေပြီး တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ဖြစ်စဥ်ကတော့ ဆုဗာနာမင်းသမီးလေးကို မစ်ရှင်အဖွဲ့ဝင်သုံးယောက်က အသေရရအရှင်ရရ နောက်ကနေပြီး ပြေးလိုက်နေတာပါ။ မစ်ရှင်အဖွဲ့တာဝန်ရှိသူဖြစ်တဲ့ ဗစ်ကောင့် ဖရာလီတာကတော့ မစ်ရှင်အဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်နေတာလို့ပြောပေမဲ့ ဘယ်လိုလေ့ကျင့်မှုမျိုးလဲခင်ဗျာ။”
မက်ဒါနာက တီဗီဆိုင်းဘုတ်တစ်ခုပေါ်မှာပြသနေတဲ့ သတင်းတစ်ခုကိုမြင်ပြီး ရေထဲကို ချက်ချင်းခုန်ချချင်စိတ်ပေါက်သွားတယ်။ နဂိုကတည်းက မရှိတဲ့ ဂုဏ်သိက္ခာလေးတွေတော့ သွားပြီလို့တွေးမိလိုက်ချိန်မှာ သက်ပြင်းချလိုက်ပြီး နားကြပ်ကို လက်နဲ့ထိကာ ပြောလိုက်တယ်။
“အေမီ၊ ငါ့ကို ဒီနေရာကနေထုတ်ပေး။”
“ဟုတ်ကဲ့ပါ မမလေး။” အေမီက ချက်ချင်းပြန်တုံ့ပြန်တယ်။ မက်ဒါနာနဲ့ခွေးနက်ကြီးရှေ့မှာ ပေါ်တယ်တစ်ခုပွင့်လာပြီးတဲ့နောက် နှစ်ယောက်လုံး မြို့လယ်ခေါင်ကနေ ပျောက်သွားပြီး ဒေါသထွက်နေတဲ့ ဟိုသုံးယောက်ကတော့ ရပ်လိုက်ကြတယ်။ အဲဲဒီနောက် သူတို့တွေက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပါပြီ။
ဆိုဖီယာက လက်ပိုက်ထားရင်းကနေ ဖလေရာနဲ့လင်ဒါတို့ကို ပြောလိုက်ပါတယ်။ “ဘယ်လိုဖြစ်တာလဲတော့ မသိပေမဲ့ နင်တို့နှစ်ယောက်က ငါမက်ဒါနာနဲ့ချိန်းတွေ့ဖို့လုပ်နေတာကို ဖျက်ဆီးနိုင်ခဲ့တဲ့ပုံပဲ။ ငါတို့ချိန်းတွေ့မယ့်အချိန်နဲ့ အချိန်တူမှာဒိတ်ဖို့ သူ့ကိုသွားပြောပြီးတော့ပေါ့။”
လင်ဒါကလည်း သူတို့ရှေ့က နတ်သူငယ်အပုမလေးကို မကျေမနပ်ကြည့်လိုက်ပါတယ်။ “ဒါပေါ့၊ မက်ဒါနာကို နင်တစ်ယောက်တည်း အပိုင်စီးခွင့်မပေးနိုင်ဘူးလေ။”
ဖလေရာကလည်း ခေါင်းညိတ်လိုက်တယ်။ “ဒါကြောင့်မလို့ မနေ့ညက ငါနဲ့လင်ဒါတိုင်ပင်ပြီးတော့ မက်ဒါနာကို နင်နဲ့တစ်ချိန်တည်း ငါတို့နဲ့လာချိန်းတွေ့ဖို့ ဖိအားပေးဖို့ဆုံးဖြတ်လိုက်တာ။ အစီအစဥ်အရဆိုရင် ငါတို့သုံးယောက်ထဲက တစ်ယောက်ကိုပဲ ရွေးပြီးတော့ ချိန်းတွေ့လိမ့်မယ်လို့ ယူဆခဲ့ပေမဲ့ပေါ့။”
ဆိုဖီယာက နဖူးကြောကိုရှုံ့ထားလိုက်ပြီး ပြောလိုက်ပါပြီ။ “ဘာ၊ ငါတို့သဘောတူထားတာ အဲဒီလိုမဟုတ်ဘူးလေ။ ဟိုဟာမ ဖရာလီတာက ငါတို့ကိုကျောတာမခံနိုင်လို့ ဒိတ်ရုံပဲဆို။”
လင်ဒါနဲ့ဖလေရာက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးတော့ ဆိုဖီယာကို ဒေါသထွက်နေတဲ့မျက်နှာနဲ့ကြည့်လိုက်ပါတယ်။ အဲဒီနောက်တော့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို လင်ဒါက ရှင်းပြလိုက်ပါလေရော။
“လောလောဆယ် ဖရာလီတာက မင်္ဂလာဆောင်ဝတ်စုံကိစ္စကြောင့် ငါတို့ထက် နှာတစ်ဖျားသာသွားတာအမှန်ပဲ။ ဒါကြောင့် S-F-L သုံးပွင့်ဆိုင် မဟာမိတ်ကိုဖွဲ့စည်းခဲ့တယ်ဆိုပေမဲ့ အရင်ကလည်း ငါတို့က ဖရာလီတာနဲ့အတူ F-F-L မဟာမိတ်ကိုဖွဲ့ပြီး နင့်ကိုလိုက်ပြိုင်ခဲ့ဖူးတယ်။ နင်က တခြားသူတွေထက် မသာတော့တဲ့အချိန်မှာ အဲဒီမဟာမိတ်ကို ဖျက်သိမ်းခဲ့တယ်ဆိုပေမဲ့ပေါ့။”
ဖလေရာကတော့ “အခုလောလောဆယ် ငါတို့က မဟာမိတ်ဆိုပေမဲ့ ဖရာလီတာကို ဆွဲချပြီးသွားရင် နင်က ငါတို့ရဲ့အဓိကပြိုင်ဘက်ပြန်ဖြစ်လာဦးမှာပဲ ဒါကြောင်မလို့ ငါတို့နှစ်ယောက်က လျှို့ဝှက်ပူးပေါင်းပြီး မဟာမိတ်ထဲက မဟာမိတ်လုပ်ထားတာ။”
ဆိုဖီယာက စိတ်အချဥ်ပေါက်နေတဲ့မျက်နှာနဲ့ ဖလေရာနဲ့လင်ဒါတို့ကိုကြည့်နေရင်းကနေ ကျောခိုင်းလိုက်တယ်။
“နင်တို့ဘာတွေပြောနေလဲမသိပေမဲ့ သစ္စာဖောက်ခံလိုက်ရတဲ့ပုံပဲ။ အခုတော့သွားပြီ။”
အဲဒီနောက်တော့ ဆိုဖီယာက ပျံသန်းထွက်ခွာသွားပြီး ဖလေရာနဲ့လင်ဒါကလည်း လမ်းခွဲလိုက်ကြပါတယ်။ အင်ပါယာစတိတ်အဆောက်အဦးပေါ်ကနေပြီး ပေါ်တယ်သေးသေးလေးကိုဖွင့်ကာ ဖြစ်နေတဲ့အဖြစ်အပျက်တွေကို ချောင်းကြည့်နေတဲ့ မက်ဒါနာနဲ့အေမီကတော့ တစ်ယောက်ကိုတစ်ယောက် မသာမယာမျက်နှာတွေနဲ့ ကြည့်လိုက်ကြလေရဲ့။
“အနာဂတ်မှာမမလေးအနေနဲ့ သူတို့ထဲက ဘယ်သူ့ကိုမှမယုံကြည်ဖို့ သတိရပေးပါရှင့်။ အခုဆိုရင် လူတိုင်းလူတိုင်းမှာ မမလေးကိုသိမ်းပိုက်ဖို့အတွက် အစီအစဥ်တွေရှိနေပြီဆိုတာ မျက်မြင်တွေ့ခဲ့ရပြီမဟုတ်လား။”
အေမီက မက်ဒါနာကို တည်ကြည်တဲ့မျက်နှာထားတဲ့ပြောလိုက်ပါတယ်။ မက်ဒါနာကလည်း နဖူးပေါ်က ချွေးစတွေကို ဖယ်ရှားရင်းနဲ့ သက်ပြင်းချလိုက်ပါတော့တယ်။
“နဂိုကတည်းက သူတို့အချင်းချင်းပြိုင်နေကြမှန်းသိပေမဲ့ ဒီလောက်ကြီးဆိုးလိမ့်မယ် ထင်မထားတာအမှန်ပဲ။”
မက်ဒါနာကို အေမီက ကြည့်နေရင်းပြုံးပြလိုက်ပါတယ်။ အဲဒီနောက် အပြစ်တင်တဲ့လေသံနဲ့ပြောလိုက်ပါလေရော။
“ဒါကတော့ မမလေးရဲ့အပြစ်ပဲလေ။ မမလေးက လူတိုင်းကို ဦးစားပေးနေပြီးတော့ အခုချိန်ထိတောင်မှ ကိုယ်တကယ်ချစ်တဲ့သူကို ရွေးချယ်နိုင်စွမ်းမှမရှိတာ။”
မက်ဒါနာကတော့ ခုံတန်းတစ်ခုပေါ်မှာ ဝင်ထိုင်လိုက်ရင်းနဲ့ အေမီရဲ့စကားကို ခွန်းတုံ့ပြန်ပါတယ်။ သူ့မျက်လုံးတွေမှာ ပင်ပန်းတဲ့အရိပ်အယောင်ကို တွေ့မြင်နိုင်တယ်။
“ငါတကယ်ပဲ နင်တို့ထဲက တစ်ယောက်ကိုရွေးချယ်ရဲတဲ့ သတ္တိမရှိဘူး။ ဒီလိုမရွေးချယ်နိုင်ရတဲ့အကြောင်းကလည်း နင်တို့အားလုံးက ငါ့ကိုပျော်ရွှင်အောင်ထားပေးနိုင်တဲ့သူတွေဖြစ်နေလို့ပဲ။”
မက်ဒါနာက လက်ညိုးလေးတစ်ချောင်းကိုထောင်လိုက်တယ်။ အဲဒီနောက်တော့ တကယ့်ကိုကြည်နူးနေတဲ့လေသံနဲ့ စပြီးပြောပါတယ်။
“ပထမဆုံးအနေနဲ့ဆိုဖီယာက ငါ့အတွက်ဆိုရင် ဘာမဆိုလုပ်ပေးဖို့ရှိနေပြီးတော့ သူ့ဝိညာဥ်နဲ့ငါ့ဝိညာဥ်က ဆက်နွယ်နေတာ။ သေချာနားမလည်ပေမဲ့ အဲဒီလိုလုပ်ထားရင် သူက ငါ့ကိုဘယ်နေရာရောက်ရောက် မှတ်မိနေပြီး ရှာဖွေနိုင်စွမ်းရှိတယ်ဆိုလား။ သူက ငါ့ကို သူ့ဘဝမှာအရေးအကြီးဆုံးလူအဖြစ် သတ်မှတ်ထားတာမဟုတ်လား။”
အဲဒီနောက်တော့ မက်ဒါနာက လက်နောက်တစ်ချောင်းကိုထောင်လိုက်တယ်။ နောက်တော့ လူတစ်ယောက်အကြောင်းကိုပြောတယ်။
“ဖရာလီတာက ငါ့ကိုလက်ထပ်ပြီး သက်ဆုံးတိုင်အတူနေထိုင်သွားဖို့အထိ ဆုံးဖြတ်ထားတယ်။ သူ့ရဲ့အရင်ဘဝ၊ သူ့ရဲ့စည်းစမ်တွေနဲ့အရာအားလုံးကိုစွန့်လွှတ်ပြီး ငါနဲ့အတူနေထိုင်သွားဖို့ စဥ်းစားထားတဲ့ မိန်းကလေးပဲ။ သူက ငယ်သေးတယ်ဆိုပေမဲ့ သူ့ဆုံးဖြတ်ချက်ကို ငါပေါ့ပေါ့တန်တန်သဘောမထားဘူး။”
အဲဒီနောက်တော့ နောက်ထပ်လက်တစ်ချောင်းထပ်ထောင်တယ်။ “ဖလေရာဆိုရင်လည်း သူက ငါ့ကိုတစ်ဘဝလုံးပျော်ရွှင်အောင်လုပ်ပေးဖို့ သူဖြည့်ဆည်းပေးနိုင်သမျှဖြည့်ဆည်းပေးဖို့ စဥ်းစားနေတာပဲ။ သူက ငါ့အတွက်ဗီလာတစ်လုံးဝယ်ထားတယ်။ ငါ့ရဲ့နောင်ရေးစိတ်ချရအောင်လို့ ရင်းနှီးမြုပ်နှံမှုတွေ ကိုယ်စားလုပ်ထားပေးတယ်။ ဒီလောက်မျှော်လင့်ချက်ကြီးမားနေတဲ့သူ့ကို ဘယ်မျက်နှာနဲ့ငါငြင်းဆန်ရမှာလဲ။”
စတုတ္ထလက်ချောင်းကို မက်ဒါနာက ထောင်လိုက်ပြန်ပြီ။ “လင်ဒါဆိုရင်လည်း ငါ့ကိုလုပ်ဖော်ကိုင်ဖက်တစ်ယောက်လိုရော ချစ်ရသူလိုပါ ဆက်ဆံတယ်။ သူ့နဲ့ငါက တစ်ယောက်ကိုတစ်ယောက်ခံစားချက်တွေမျှဝေနိုင်ကြပြီး သူက ငါ့အတွက်အသက်ပေးပြီးချစ်နိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးသား။ မိသားစုလေးတစ်ခုလည်း ငါတို့တည်ထောင်ခဲ့ပြီးပြီမဟုတ်လား။”
ငါးခါမြောက် မက်ဒါနာက လက်ညိုးထိုးလိုက်ပါတယ်။ အခုမက်ဒါနာက လက်ဝါးတစ်ဖက်လုံးကို မြောက်ထားသလိုဖြစ်နေပြီ
“ပြီးတော့ ဖရက်၊ သူက ငါ့ကိုကာကွယ်ပေးဖို့အသင့်ဖြစ်နေပြီး ကာကွယ်ပေးလွန်းလို့ ငါအသက်ရှုကျပ်လုနီးပါးပဲ။ သူက တခြားသူတွေလိုမျိုး ငါ့ကိုပိုင်ဆိုင်လိုစိတ်မရှိပေမဲ့ သူက ငါ့အနားမှာအမြဲတမ်းနေချင်စိတ်ရှိတယ်။ သူက အနိုင်ရဖို့အတွက်မျှော်လင့်မထားဘူး၊ ဒါပေမဲ့ သူက ငါသူ့ကိုပြန်မချစ်ရင်တောင် ငါ့ကိုအသက်ဆုံးတဲ့အထိ ချစ်သွားမယ့်သူပဲ။ ဒီလိုလူမျိုးကို ငါမထားခဲ့နိုင်ဘူး။”
မက်ဒါနာက နောက်လက်တစ်ဖက်ကိုမြှောက်လိုက်ပြီးတော့ လက်သန်းလေးတစ်ချောင်းကို ထောင်လိုက်ပြန်တယ်။ “ပြီးတော့ နင်ပေါ့အေမီ။ နင့်ရဲ့တည်ရှိမှုတစ်ခုလုံးကို ငါ့အတွက်ပေးဆပ်ဖို့ အသင့်ဖြစ်နေခဲ့ပြီးသား။ ဒီနေ့တောင်မှ နင်သဝန်တိုပြီး မခံမရပ်နိုင်ဖြစ်နေခဲ့ပေမဲ့ ငါ့ကိုကူညီပေးခဲ့တယ်မဟုတ်လား။ ဒီလိုအိမ်စေမလေးကို ငါကဘာကြောင့်များ ထားခဲ့ရမှာလဲ။”
မက်ဒါနာက စကားအရှည်ကြီးပြောပြီးတဲ့နောက်မှာတော့ သက်ပြင်းရှည်ကြီးချလိုက်တယ်။ သူတကယ်ပဲမရွေးချယ်နိုင်ဘူး။
“နင်တို့ထဲကတစ်ယောက်ကို ရွေးချယ်လိုက်ရင် ကျန်တဲ့သူတွေ စိတ်ဆင်းရဲရလိမ့်မယ်။ ငါ့နှလုံးသားထဲမှာ ချစ်ရသူတစ်ယောက်ပဲဆန့်မယ်ဆိုရင်တောင်မှ ငါက နင်တို့ထဲကတစ်ယောက်ကို မရွေးချယ်နိုင်ဘူး။ ငါက နင်တို့ကို မနာကျင်စေချင်လို့ပဲ။”
မက်ဒါနာက အခုလိုပြောပြီးတဲ့နောက်မှာတော့ စိတ်လက်ပေါ့ပါးသွားတယ်။ ဓားနတ်ဆိုးမေးခဲ့တဲ့မေးခွန်းအတွက် သူ့မှာအဖြေရှိခဲ့ပြီထင်တာပဲ။ တကယ်တော့ အစကတည်းက သူက ဒီအဖြေကိုပေးဖို့ ဆုံးဖြတ်ထားခဲ့ပြီးသားပါ။ တစ်ယောက်ယောက်ကိုချစ်မိခဲ့ရင်တောင် ဒီလူတွေကို သူမထားရစ်ခဲ့နိုင်ဘူး။
အေမီကတော့ သူ့သခင်မလေးရဲ့အဖြေကိုနားထောင်ပြီးတဲ့နောက် ငိုတော့မလိုမျက်နှာမျိုးနဲ့ ပြုံးလိုက်တယ်။ အေမီရဲ့ငိုပြုံးက မျက်ရည်မကျလို့ထူးဆန်းနေတယ်ဆိုပေမဲ့ တကယ်ချစ်စရာကောင်းတယ်။ အဲဒီနောက်တော့ မက်ဒါနာရဲ့ရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်ပြီး တင်းတင်းဖက်ထားတော့တာပဲ။
“မမလေးက တကယ့်ကို တစ်ကိုယ်ကောင်းဆန်တာပဲ။ ဒါပေမဲ့... အဲဒီလိုမမလေးကိုပဲချစ်တယ်။”
မက်ဒါနာကတော့ အေမီရဲ့ခေါင်းပေါ်က ဆံပင်တွေကို ပွတ်သပ်ပေးနေရင်းနဲ့ ပြုံးပြလိုက်တယ်။ အဲဒီနောက်တော့ ကိစ္စတစ်ခုကိုတွေးမိလာပြီး မေးလိုက်တယ်။
“ဒါနဲ့အေမီရေ၊ နင်လည်းပြိုင်နေတဲ့အထဲမှာ ပါတယ်မဟုတ်လား။ နင်ကရော ငါ့ကိုသိမ်းပိုက်ဖို့အတွက် ဘယ်လိုဗျူဟာတွေခင်းထားလဲပြောပါဦး။”
မက်ဒါနာရဲ့ရင်ကိုတိုးဝှေ့နေတဲ့ အေမီက ခေါင်းဖော်ကြည့်လိုက်တယ်။ မျက်နှာမှာတော့ ညစ်ကပ်ကပ်အပြုံးလေးနဲ့။ နောက်တော့ အေမီက နှုတ်ခမ်းပေါ်ကို လက်ညိုးလေးတင်ပြီးတော့ ဒါကလျှို့ဝှက်ချက်လေဆိုတဲ့ မျက်နှာပေးမျိုးလုပ်ပြတယ်။ ဒါပေမဲ့ မက်ဒါနာကတော့ ပိုပြီးကောက်ကျစ်တော့မယ့်အပြုံးမျိုးပြုံးလိုက်ပြီး အေမီကိုပြောလိုက်လေရဲ့။
“နင်က ငါ့ဝမ်းဗိုက်ကို နင်ချက်တဲ့ဟင်းလျာတွေနဲ့သိမ်းပိုက်ထားပြီးပြီ။ ပြီးတော့ နင်ငါ့ကိုကူညီတယ်ဆိုတာကလည်း ဒီယုန်မြင်လို့ဒီခြုံထွင်တာမဟုတ်လား။ အေမီက စိတ်ချရတယ်ဆိုပြီး ငါပေါ့လျော့သွားအောင်လေ။ နင်က ငါတစ်ယောက်ယောက်ကို ရွေးချယ်လိုက်ရင်တောင်မှ တခြားသူတွေလိုမျိုး ကျန်ရစ်ဖြစ်မှာမဟုတ်ဘဲ ငါ့နောက်ကပ်ပါလာမယ့် အိမ်စေဆိုတော့ ငါ့ကိုရွေးချယ်ခွင့်ပေးရင်လည်း အရှုံးမရှိဘူးလေ။”
မက်ဒါနာက ပြောပြောဆိုဆိုနဲ့ အေမီရဲ့နှာတံကို လက်မနဲ့လက်ညိုးကြားညှပ်ပြီး ဖိညှစ်လိုက်တယ်။ အဲဒီနောက် ရှက်ရွံပြီးမျက်နှာကိုကွယ်ဝှက်ထားချင်နေတဲ့ အေမီရဲ့မေးကိုကိုင်ပြီးတော့
“ဒီလိုနဲ့ ငါလုံးဝသတိလွတ်သွားတဲ့နေ့ကျရင် နင်က ငါ့ကိုအိပ်ဆေးခတ် ပခုံးပေါ်တင်ပြီးတော့ ဘယ်သူမှရှာမတွေ့နိုင်တဲ့တစ်နေနေရာကိုခေါ်သွားဖို့ စဥ်းစားနေတာမဟုတ်လား။ တစ်နည်းအားဖြင့် နင်က ငါ့ကိုခိုးပြေးဖို့ကြံနေတာပဲ။”
“.....” အေမီက မက်ဒါနာရဲ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး သူ့ပါးစပ်ကို လက်ဝါးနဲ့ကာထားပေမဲ့ ဘာမှပြန်မဖြေတော့ဘူး။ မက်ဒါနာကတော့ ပြုံးလိုက်ပြီးတော့
“တိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပဲတဲ့။ ဒီတော့ ငါ့ခန့်မှန်းချက်က မှန်တယ်ဆိုပါတော့။”
အေမီက ရှုံ့မဲ့နေတဲ့မျက်နှာနဲ့ မက်ဒါနာကို ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီနောက်တော့ မက်ဒါနာကို အိမ်စေဆန်ဆန် ဦးညွှတ်လိုက်ပြီးတော့ ဝန်ခံလာပါတယ်။
“မမလေးကတော့ မမလေးပါပဲ။ ကျွန်မရဲ့အစီအစဥ်ကို အတိအကျသိနေတာပဲ။”
တစ်ဖက်မှာတော့ မက်ဒါနာက စားထားသမျှတွေကို အန်မထုတ်မိအောင်လို့ ထိန်းချုပ်ထားရတယ်။ သူ့ရဲ့ပေါက်ကရစိတ်ကူးတွေက အေမီရဲ့တကယ့်အကြံဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မထားတာ။ မက်ဒါနာက အေမီဆီကနေ နည်းနည်းခွာရပ်လိုက်တယ်။ ပြီးတော့ ပြေးပေါက်ပါ ကြိုရှာထားသေးတာ။
“ကြည့်ရတာ ငါလည်းနင့်ကို စိတ်ချထားလို့မရတော့တဲ့ပုံပဲ။”
အေမီက ရှက်ပြုံးလေးပြုံးပြီး ခေါင်းကိုစောင်းငဲ့ကာ မက်ဒါနာကို တစ်ချက်ခိုးကြည့်လိုက်တယ်။ အဲဲဒီနောက်တော့ စိုးရိမ်မှုကြောင့် တိုးညှင်းနေတဲ့လေသံနဲ့ ပြောလိုက်ပါတော့တယ်။
“ဒါပေမဲ့ မမလေး၊ ဟိုကိစ္စကိုတော့ မမေ့ပါဘူးနော်။”
မက်ဒါနာက ပြုံးလိုက်ပြီး အေမီနားကို တိုးကပ်လာတယ်။ အဲဒီနောက် အေမီရဲ့လက်ကိုဆွဲလိုက်ပြီးတော့ပြောတယ်။
“ငါမမေ့ပါဘူးနော်၊ ဒါပေမဲ့ တေးဂီတမရှိဘဲ ဘယ်လိုတွဲကမှာလဲ။ အလွတ်တန်းကမှာလား။”
မက်ဒါနာမေးလိုက်တော့ အေမီက ခေါင်းခါပြပါတယ်။ နောက်တော့ အေမီက မက်ဒါနာကို တစ်နေရာကိုတွဲခေါ်သွားတယ်။ တကယ်ပဲ အင်ပါယာစတိတ်အဆောက်အဦးပေါ်မှာ တေးဂီတသံတိုးတိုးလေးပြန့်နှံနေတဲ့ နေရာတစ်ခုရှိနေတယ်။
အသက်ခြောက်ဆယ်အရွယ် အဖိုးအိုတစ်ယောက်က ခုံတန်းတစ်ခုပေါ်မှာထိုင်နေပြီး ဒဏ်ရာရစစ်ပြန်လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကလေးနဲ့ဦးထုပ်ကိုရှေ့မှာချထားတယ်။ ပြီးတော့ စျေးပေါပေါတယောလေးကို တိုးညှင်းစွာတီးခတ်နေတယ်။ အဖိုးအိုမှာ မျက်လုံးတစ်ဖက်ရှိမနေဘူး။ ဒါပေမဲ့ သူတီးတဲ့တယောလက်သံက နားဝင်ချိုပါတယ်။
အေမီက ဒေါ်လာနှစ်ဆယ်တန်လေးကို အဖိုးအိုဖြန့်ခင်းထားတဲ့ ဦးထုပ်ထဲထည့်လိုက်ပြီး ယဥ်ကျေးစွာနဲ့ပြောလိုက်ပါတယ်။
“အဖိုး၊ စုံတွဲကဖို့သီချင်းလေး တီးပေးလို့ရမလား။”
မျက်စိတစ်ဖက်လက်အဖိုးအိုက မက်ဒါနာတို့စုံတွဲကိုမော့ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ အဲဒီနောက်မှာတော့ ကျော်ကြားတဲ့ ရိုးမန့်သီချင်းတစ်ပုဒ်ဖြစ်တဲ့ အီဗာ မာရီယာ (Ave Maria)သီချင်းကို စတင်တီးခတ်ပါတယ်။
နူးညံ့ညင်သာတဲ့သံစဥ်က အနီးတစ်ဝိုက်မှာစတင်ပြန့်နှံလာတယ်။ အေမီကတော့ မက်ဒါနာကို ကြည့်လိုက်တယ်။ မက်ဒါနာကလည်း ပြုံးလိုက်ပြီးတော့ အေမီရဲ့လက်ကိုဆွဲကာ ကဖို့ပြင်ပါတယ်။
“အေမီ၊ ငါက ဖလေရာဆီကနေ အကနည်းနည်းသင်ဖူးတယ်ဆိုပေမဲ့ အကမကောင်းဘူးနော်။”
အေမီကလည်း ခေါင်းညိတ်လိုက်ပြီ။ “ကျွန်မသိပါတယ်၊ ကျွန်မက ဦးဆောင်ပြီးထိန်းကသွားမှာဖြစ်လို့ မမလေးစိုးရိမ်စရာမလိုပါဘူး။”
အေမီက မက်ဒါနာရဲ့ခါးပေါ်ကို လက်တင်ကာ ယောက်ျားလေးတစ်ယောက်ကရမယ့်အပိုင်းကို တာဝန်ယူပြီး ဦးဆောင်ကပါတယ်။ တည်ငြိမ်တဲ့ တေးသံရယ်၊ မိန်းမလေးနှစ်ယောက်ရယ်၊ လီလီပန်းလိုနူးညံ့တဲ့ကကွက်တွေရယ်ကြောင့် ပတ်ဝန်းကျင်က သူတို့နှစ်ယောက်ရဲ့စုံတွဲအကကို သတိထားမိလာကြပြီ။
“အစကတော့ လူရှင်းတုန်းကဖို့ စဥ်းစားထားတယ်ဆိုပေမဲ့ လူတွေကြားထဲမှာကရတာလည်း မဆိုးလှပါဘူး။”
မက်ဒါနာက ပြုံးပြီးတော့ ပြောလိုက်တယ်။ အေမီကလည်း တစ်လျှောက်လုံး မက်ဒါနာရဲ့မျက်လုံးတွေကို ကြည့်နေရင်းကနေ ပြောလိုက်ပါတယ်။
“မမလေးက အရမ်းလှတာပဲ။”
“အေမီရွေးထားတဲ့အဝတ်က ငါနဲ့လိုက်ဖက်နေလို့ပါ။” မက်ဒါနာက အေမီကို ချီးကျူးလိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ကကွက်တွေက ရှေ့ဆက်သွားနေတယ်။ တေးဂီတက အဆုံးသတ်တော့မယ့်အချိန်မှာ အေမီက မက်ဒါနာကို လွှတ်ချလိုက်ပြီး ပြုတ်မကျအောင်ပြန်ဖမ်းထားလိုက်ကာ ခါးကိုကိုင်းပြီး နမ်းရှုတ်လိုက်တယ်။
ဘေးကနေ တစ်ချိန်လုံးကြည့်ပြီး အသက်ရှုဖို့တောင်မေ့နေတဲ့ ပရိသတ်တွေကလည်း လက်ခုပ်တီးလိုက်ကြပါတယ်။ မက်ဒါနာကတော့ အေမီရဲ့ရုတ်တရက်အနမ်းကြောင့် ရှက်သွားခဲ့ပေမဲ့ နောက်တော့ အိမ်စေမလေးကို အားယူပြီးတော့ အသာပြုံးပြလိုက်တယ်။
“ပြောခါမှ၊ မမလေးရဲ့ပထမဆုံးအနမ်းကို သူများရသွားတာပဲ။ ဒီတော့ မှတ်မှတ်ရရဖြစ်သွားအောင်လို့ ပြင်သစ်အနမ်းလေးနမ်းကြမလား။”
အေမီက ရုတ်တရက်ကြီး ကြောင်စီစီတွေထပြောတဲ့အတွက် မက်ဒါနာက အေမီကို သူ့ရင်ခွင်ထဲကနေပြီး ပစ်ထုတ်လိုက်တယ်။ နောက်တော့ ခါးထောက်လိုက်ပြီး အေမီကိုဆူပါလေရော။
“အေမီ၊ ဒီလောက်ဆိုတော်ရောပေါ့။ နင်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးအတင့်ရဲလာတော့တာပဲ။”
အေမီကတော့ မက်ဒါနာရဲ့စကားကို ပြုံးပြုံးလေးနဲ့ပဲနားထောင်နေတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက် ကျောင်းကိုပြန်လာဖြစ်တယ်။
ခန့်မှန်းမထားခဲ့တာတော့မဟုတ်ပေမဲ့ အရင်ပြန်သွားကြတဲ့ ဖလေရာ၊ လင်ဒါနဲ့ ဆိုဖီယာတို့က ဝန်ထမ်းဆောင်မှာ သူတို့နှစ်ယောက်ကို လက်နက်အပြည့်အစုံနဲ့စောင့်နေကြပြီ။
“မက်ဒါနာ၊ ဒီနေ့ကိစ္စက သည်းမခံနိုင်စရာပဲ။ မိန်းကလေးသုံးယောက်ကို တစ်ပြိုင်နက်တည်းချိန်းစရာလား။” ဆိုဖီယာက ပြောလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာဘာမှမပြောရသေးခင်မှာပဲ အေမီက ရှေ့ထွက်လာပြီး မက်ဒါနာရှေ့မှာပိတ်ရပ်လိုက်ပါတယ်။
“မမလေးကို တစ်ချိန်တည်းတစ်နေရာတည်းမှာ ချိန်းဖို့အတွက် ကြံစည်ခဲ့ကြတာ ရှင်တို့ပဲလေ။ မမလေးက ရှင်တို့တွေကို စိတ်မကောင်းမဖြစ်စေချင်လို့ အားလုံးကိုလက်ခံခဲ့ရုံတင်ပါ။ ဒီထက်ပိုအတင့်ရဲလာမယ်ဆိုရင်တော့ ကျွန်မက ရှင်တို့ကို အမည်ပျက်စာရင်းထဲထပ်ထည့်ပြီးတော့ ဆုံးမဖို့ပဲရှိတော့တယ်။”
ဒီတော့မှ ကျန်တဲ့သုံးယောက်လည်း ဆက်ပြဿနာမရှာတော့ဘဲ ဒီကိစ္စဒီမှာတင်ရပ်လိုက်ကြတယ်။ မက်ဒါနာလည်း စိတ်ချလက်ချနဲ့ လေပူတွေကို မှုတ်ထုတ်လိုက်ပါတော့တယ်။