ငါ မင်းကို အိမ်ပြန်ခေါ်သွားမယ်
Vol. 93 Ch. 1295
အချိန်က တရွေ့ရွေ့နှင့် တစ်နာရီ ကုန်လွန်သွားလေပြီ။ သတ်ဖြတ်ဖျော်ဖြေသူနှစ်ယောက်ကို တိုက်ခိုက်ရေးကွင်းသို့ ခေါ်ဆောင်လာသည်။ အဖြူရောင်ဝတ်ရုံနှင့် ရွှေအင်မော်တယ်တစ်ယောက်က ပရိတ်သတ်ကို အနည်းငယ် ဉီးညွတ်လျက် ပြုံးကာ ကြေညာလိုက်၏ “ဒါက ဒီနေ့ရဲ့ရှစ်ပွဲမြောက်ပဲ။ ပုံဆောင်ခဲမျိုးနွယ်ရဲ့ကျွမ်းကျင်သူနဲ့ ငှက်မျိုးနွယ်ကျွမ်းကျင်သူတို့ တိုက်ခိုက်ကြမယ်။ အလောင်းအစားလုပ်ချင်တဲ့ဧည့်သည်တော်တွေကတော့ သင်တို့ရဲ့လောင်းကြေးကို နေရာချလို့ရပါပြီ”
ထိုသို့ပြောပြီးနောက် သူက ဆက်မနေတော့ဘဲ တိုက်ခိုက်ရေးကွင်းမှ ထွက်လာခဲ့သည်။
နဂါးဖျက်ဆီးသူက ထန်ရှုထံ လျှောက်လာကာ တီးတိုးပြော၏ “ဆရာမဟာထန်၊ အဲဒီပုံဆောင်ခဲမျိုးနွယ်ကျွမ်းကျင်သူက သာမန်အင်မော်တယ်တစ်ယောက်ပဲ၊ ငှက်မျိုးနွယ်ကျွမ်းကျင်သူကတော့ မြေအင်မော်တယ်အဆင့်ကို တက်လှမ်းကာစပဲ။ သူတို့ကို ဒီပွဲမှာ တွဲပေးလိုက်တာကတော့ ဒီပုံဆောင်ခဲမျိုးနွယ်ကျွမ်းကျင်သူက အရမ်းအားကောင်းပြီး မြေအင်မော်တယ်တစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုလိုတယ်။ ဒါပေမယ့် အကျဉ်းသားပြိုင်ကွင်းရဲ့စီမံသူတွေက သတင်းအချက်အလက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလဲ ဖြစ်နိုင်တယ်။ တကယ်တော့ ဒီလိုကျင့်ကြံခြင်းအဆင့်ကွာဟမှုက ခုထေဖို့ မလွယ်ကူဘူးလေ”
“အဲဒီသတ်ဖြတ်ဖျော်ဖြေသူတွေရဲ့အချက်အလက်တွေကို ရဖို့ မင်းက လိုက်သွားနေတာလား”ထန်ရှုက ပြုံးကာ မှတ်ချက်ပြုလိုက်သည်။
“အာ၊ ဘာလို့လဲဆိုတော့ ဒါက ငါ့ရဲ့ဝန်ဆောင်မှုတွေထဲက တစ်ခုပဲလေ၊ ဒါကြောင့် သူတို့ရဲ့အချက်အလက်တွေကို ငါ သိရမှာပေါ့”နဂါးဖျက်ဆီးသူက ပြုံးကာ ပြန်ဖြေ၏ “ဒါပေမယ့် ဆရာ့ရဲ့ဆုံးဖြတ်ချက်ကိုတော့ ငါ မနှောင့်ယှက်ပါဘူး၊ သူတို့ရဲ့အချက်အလက်ကို ပြောပြရုံပါပဲ”
ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ စူးရှထက်မြက်သောအမြင်အာရုံရှိသော်ငြား ဤပုံဆောင်ခဲမျိုးနွယ်နှင့်ငှက်မျိုးနွယ်ကျွမ်းကျင်သူတို့က တိုက်ခိုက်ရန် မစတင်သေးပေ၊ ထို့ကြောင့် သူတို့၏ခွန်အားကို သူက မဆုံးဖြတ်နိုင်ပေ။
“သူတို့ရဲ့အရင်ပြိုင်ပွဲမှတ်တမ်းတွေကို ငါ့ကို ပြောပြပါ”
နဂါးဖျက်ဆီးသူက ပြိုင်ပွဲဝင်သူနှစ်ယောက်၏ယခင်ပြိုင်ပွဲမှတ်တမ်းများကို ထန်ရှုထံ ပြောပြ၏။ နောက်ဆုံးတွင် သူက ပြောလိုက်၏ “ဆရာမဟာထန်၊ ဆရာက ဆက်တိုက်လောင်းကစားလုပ်ချင်တယ်ဆိုရင် သတ်ဖြတ်ဖျော်ဖြေသူတွေရဲ့အချက်အလက်အားလုံးကို ရယူဖို့ လိုမယ်၊ မဟုတ်ရင် ဆုံးဖြတ်ချက်ချဖို့အတွက် ပြိုင်ပွဲစမှာကို စောင့်နေရလိမ့်မယ်”
ထန်ရှုက ခေါင်းညိတ်ကာ ထိုလူနှစ်ယောက်၏မှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက် သူက ပြော၏ “အဲဒီပုံဆောင်ခဲမျိုးနွယ်ကျွမ်းကျင်သူအနိုင်မှာ လောင်းကြေးထပ်လိုက်ပါ”
“အင်မော်တယ်သလင်းကျောက်တစ်သိန်းလုံးလား”နဂါးဖျက်ဆီးသူ၏လည်ချောင်းက ခြောက်ကပ်သွားကာ တုံ့ဆိုင်းလျက် မေးလိုက်သည်။
“ဟုတ်တယ်။ အားလုံးပဲ”ထန်ရှုက အတည်ပြုပေးလိုက်သည်။
ပုံဆောင်ခဲမျိုးနွယ်ဝင်အပေါ် အင်မော်တယ်သလင်းကျောက်တစ်သိန်းလုံး လောင်းကြေးထပ်ရန် ထန်ရှု၏ဆုံးဖြတ်ချက်က ဉာဏ်ရှိသောလုပ်ကွက်တစ်ခုမဟုတ်ဟု နဂါးဖျက်ဆီးသူက တွေးလိုက်သည်။ ထန်ရှုက ထိုလူနှစ်ယောက်၏တိုက်ပွဲမှတ်တမ်းများကို ကြားရုံသာ ရှိသေးသည်မဟုတ်လော။
သို့သော် သူက မဖြောင်းဖျရဲပေ။ အကူအညီမဲ့သောခံစားချက်နှင့်အတူ အင်မော်တယ်သလင်းကျောက်တစ်သိန်းလောင်းကြေးထပ်ရန်အတွက် ငွေကိုင်ဆီသို့ ထွက်သွားလိုက်၏။
များမကြာမီ နဂါးဖျက်ဆီးသူက လောင်းကြေးတိုကင်နှင့်အတူ ပြန်ရောက်လာသည်။ ထန်ရှုထံ ကမ်းပေးပြီးနောက် သူက ရိုသေလေးစားစွာ ပြောလိုက်၏ “ဆရာမဟာထန်၊ အနိုင်ရတဲ့အခါ တိုကင်ကို အင်မော်တယ်သလင်းကျောက်တွေနဲ့ ဖလှယ်ဖို့ ငွေကိုင်ဆီ သွားလို့ရတယ်။ ပြီးတော့ ပြိုင်ပွဲမစတင်ခင် ငါတို့မှာ အချိန်တစ်နာရီကျန်သေးတယ်။ ဒီသတ်ဖြတ်ဖျော်ဖြေသူနှစ်ယောက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထပ်ကြည့်ချင်လား”
ခဏစဉ်းစားပြီးနောက် ထန်ရှုက ထရပ်ကာ ပြောလိုက်သည် “ဒီနေရာမှာ အချိန်ဖြုန်းတာထက် သူတို့ကို တစ်ချက်သွားကြည့်တာက ကောင်းမယ်”
ထိုသို့ပြောပြီးနောက် သူက ထွက်လာခဲ့သည်။ သို့သော် ထိုတိုက်ခိုက်သူနှစ်ယောက်၏လှောင်အိမ်များထံ တိုက်ရိုက်မသွားဘဲ လှောင်အိမ်တန်း၏အဆုံးမှ စတင်ကာ လှောင်အိမ်တစ်ခုစီပေါ်ရှိ အချက်အလက်များကို ဖတ်၏။ နာရီဝက်ကြာပြီးနောက် တိုက်ခိုက်သူတစ်ရာနီးပါးကို လေ့လာကာ သူတို့၏အချက်အလက်များကို ဖတ်ပြီးခဲ့သည်။
“ဆရာမဟာထန်၊ တိုက်ပွဲက စတော့မယ်၊ ငါတို့ ထိုင်တဲ့နေရာကို ပြန်မသွားတော့ဘူးလား”နဂါးဖျက်ဆီးသူက ထန်ရှု၏စိတ်ကို နားမလည်နိုင်ပေ။ သူက ခဏချီတုံချတုံဖြစ်ပြီးနောက် တီးတိုးမေးလိုက်သည်။
“ပြိုင်ပွဲတွေကို မကြည့်ခင် ဒီတိုက်ခိုက်သူတွေအားလုံးရဲ့အချက်အလက်တွေအားလုံးကို ငါ ဖတ်ရလိမ့်မယ်”ထန်ရှုက ပြောလိုက်၏ “ဒါပေမယ့် မင်းက ငါ့နောက်လိုက်ရတာ ပျင်းနေပြီဆိုရင် ပြိုင်ပွဲကို ပြန်သွားကြည့်လို့ရပါတယ်”
ကောင်လေးက စဉ်းစားလိုက်ပြီးနောက် ရိုးသားစွာ ပြောလိုက်၏ “ငါ ဆရာမဟာထန်နဲ့အတူ နေမှာပါ။ ဆရာသဘောကျတဲ့တိုက်ခိုက်သူတစ်ယောက်ကို တွေ့တဲ့အခါ သူဒါမှဟုတ်သူမကို ဝယ်ဖို့အတွက် ငါ ပြေးလွှားပေးနိုင်တာပေါ့”
“ကောင်းပြီလေ”ထန်ရှုက ပြန်ဖြေကာ ရှေ့ဆက်လျှောက်သွားသည်။ တိုက်ခိုက်သူနှစ်ရာကျော်ရှိပြီး ထန်ရှုက တစ်ရာ့လေးဆယ်မြောက်ကို ကြည့်ရန် ရောက်သွားချိန်တွင် ပုံဆောင်ခဲမျိုးနွယ်ကျွမ်းကျင်သူက အနိုင်ရသူအဖြစ် အဆုံးသတ်သွားခဲ့၏။
“ငါတို့ နိုင်သွားပြီ”
စိတ်လှုပ်ရှားလွန်းသဖြင့် နဂါးဖျက်ဆီးသူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေလေသည်။ သူက လောင်းကစားလုပ်ခဲ့သူမဟုတ်သော်လည်း ထန်ရှုအတွက် အင်မော်တယ်သလင်းကျောက်တစ်သိန်းရရန် ဘယ်လိုတောင် လွယ်ကူနေခြင်းက သူ့မျက်လုံးများက အမှန်တကယ် ပွင့်သွားစေသည်။ ထန်ရှုက ပိုအနိုင်ရလေလေ၊ သူက ထန်ရှုထံမှ ဆုလာဒ်များ ပိုရရန် အခွင့်အရေးတစ်ခုရှိလာနိုင်၏။
ထန်ရှုက ကောင်လေး၏အံ့အားတကြီးရေရွတ်သံကို ကြားပုံမရပေ။ လက်ရှိအချိန်တွင် သူက ဧရာမသံလှောင်အိမ်တစ်ခုအရှေ့တွင် ရပ်ကာ အထဲရှိ ပိန်လှီကာ သွေးထွက်နေသော ကြောင်အမျိုးသမီးတစ်ယောက်ကို ကြည့်နေ၏။ ကြောင်အမျိုးသမီးက အလွန်လှပသည်။ သူမ၏ပါးပြင်ပေါ်ရှိ အလျားလိုက်အစင်းကြောင်းအနည်းငယ်က လွဲ၍ သူမ၏အမြီးက အတန်အသင့်ရှည်သည်၊ တစ်ယောက်ယောက်က ဖြတ်ထားမှန်း သိသာ၏၊ သူမ၏အခြားလက္ခဏာများက လူသားများနှင့် မကွာခြားပေ။
ထန်ရှုက ချဉ်းကပ်လာချိန်တိင်း အခြားတိုက်ခိုက်သူများက ကြောက်စရာကောင်းသောသို့မဟုတ်အန္တရာယ်ပြုမည့်အမူအရာကို အမြဲတမ်း ပြသည်၊ ဤအမျိုးသမီးက လွဲ၍ပေါ့လေ။ သူမကို ကြည့်ရန်အတွက် လူများစွာက အပြင်ဘက်၌ စုပြုံနေသည်ကို သိလျှင်ပင် သူမ၏အမူအရာနှင့်မျက်လုံးများက ထူးမခြားနားပေ။
“ဘာလို့ သူမကို တွေ့ဖူးတယ်လို့ ခံစားနေရပါလိမ့်”
ထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး အတွေးအကြည့်တစ်ခုက သူ့မျက်လုံးထဲတွင်ထွက်ပေါ်လာ၏။ သူမကို မြင်သည့် အခိုက်တွင် ဤအမျိုးသမီးနှင့် ရင်းနှီးသည်ဟု သူက ခံစားမိသည်။ သူမကို မှတ်မိရန် မှတ်ဉာဏ်ကို အဆက်မပြတ် အလုပ်ပေးသော်လည်း သူက မမှတ်မိနိုင်ခဲ့ပေ။
ကစ်သီ(ကြောင်ကလေး)၊ မတ်တပ်ထပြီး လှည့်ကြည့်လိုက်စမ်း…”
ထန်ရှုက ရုတ်တရက် ပြောသည်။
စိုးရိမ်ကြောင့်ကြသောအမူအရာတစ်ခုက ကြောင်အမျိုးသမီး၏အသက်မဲ့သောမျက်လုံးများထဲတွင် လက်သွား၏။ ခေါင်းလှည့်ကာ ထန်ရှုကို ကြည့်ပြီးနောက် သူမက အနည်းငယ် အနည်းငယ်ထိတ်လန့်သွားပြီး သူမ၏အပြာရောင်ဖျော့ဖျော့မျက်လုံးများက မျက်တောင်ခတ်သွား၏။ သို့သော် အလင်း၏အရှိန်နှင့်အတူ သူမက ထန်ရှုထံ ရုတ်တရက် ပြေးလာသည်။ သူမလက်များက လှောင်အိမ်သံလုံးများကို ဆုပ်ကိုင်ကာ ထန်ရှုကို စိုက်ကြည့်ပြီး သူမ၏နှာခေါင်းက တစ်ခုခုကို အနံ့ခံရန် ကြိုးစားနေသည်။
နာရီဝက်ကြာပြီးနောက် သူမ၏မျက်ခုံးများက ရုတ်တရက် ကျုံ့သွားကာ လှောင်အိမ်မှ လက်လွှတ်လိုက်သည်။ နောက်သို့ ယီဝေဝေလျှောက်သွားရင်း သူမက ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
“ရှင်က…”
လည်ချောင်းက ပြင်းပြင်းထန်ထန်ထိခိုက်ထားသည့်အလား သူမ၏အသံက အနည်းငယ်အက်ကွဲနေသည်။ စကားတစ်လုံးကို ပြောပြီးနောက် သူမက ကျန်စကားလုံးများကို ပြန်မျိုချလိုက်၏။
မျက်ရည်များက ကျဆင်းလာပြီး သူမ၏ထိတ်လန့်တုန်လှုပ်သောမျက်လုံးများက အုပ်မိုးသွား၏။ ထန်ရှု၏အကြည့်အောက်တွင် သူမက ဘေးသို့ ဖြည်းဖြည်းချင်း လဲချကာ မျက်ရည်များ စီးကျရင်း သူမ၏သွေးစွန်းနေသောလက်ချောင်းများဖြင့် ငြင်သာစွာ ကုတ်ခြစ်နေလေတော့၏။
“ထိုထိုရိုလား”
ထန်ရှု၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး မယုံကြည်နိုင်သောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ဖြတ်ကျော်သွား၏။ ငနာမငြိမ်ဖြစ်လျက် တူညီသောလှုပ်ရှားမှုကိုပင် အဆက်မပြတ်ပြုလုပ်နေသည့် ကြောင်အမျိုးသမီးထံ သူက မှင်တက်စွာ စိုက်ကြည့်နေလိုက်၏။
“မင်းရဲ့ဗိုက်ကို ငါ့ကို ပြပါ”သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် နက်ရှိုင်းသောအသံနှင့် ထန်ရှုက မေးလိုက်သည်။
ကြောင်အမျိုးသမီးက ဖြည်းဖြည်းချင်း ထရပ်ကာ သူမ၏အပေါ်ဝတ်ရုံကို မတင်လိုက်သည်။ ထိတ်လန့်တုန်လှုပ်စရာအမာရွတ်တစ်ခုက ထွက်ပေါ်လာပြီး ထန်ရှုက ကြောင်အမျိုးသမီး၏ဝမ်းဗိုက်မှ အနက်ရောင်မျဉ်းကြောင်းတစ်ခုကို မြင်လိုက်ရသည်။
ဤအချိန်တွင် ထန်ရှုက လက်သီးတင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ သူ့မျက်လုံးများက လူသတ်တော့မည့်အတိုင်း နဂါးဖျက်ဆီးသူဘက် လှည့်ကာ ပြောလိုက်၏ “ငါ သူမကို လိုချင်တယ်။ ဘယ်လောက်ပဲပေးရပေးရ ငါ သူမကို ဝယ်မယ်လို့ ဒီအကျဉ်းသားပြိုင်ကွင်းရဲ့တာဝန်ရှိသူကို သတင်းပို့လိုက်ပါ”
ထန်ရှုက အင်မော်တယ်သလင်းကျောက်တစ်သိန်း အနိုင်ရသည်ကို သူက အပျော်လွန်နေသဖြင့် ထန်ရှုနှင့်ကြောင်အမျိုးသမီးကြား ဖြစ်ပျက်ခဲ့သောအခြေအနေကို ကောင်လေးက သတိမပြုမိခဲ့ပေ။ သို့သော် ထန်ရှု၏အမိန့်ကို ကြားပြီးနောက် သူက ကြောင်အမျိုးသမီးကို လျင်မြန်စွာ လေ့လာလိုက်ပြီး ငွေကိုင်ဆီသို့ ပြေးသွား၏။
နာရီဝက်ကြာပြီးနောက် ကောင်လေးက မီးခိုးရောင်ဝတ်မုတ်ဆိတ်လူအိုကြီးတစ်ယောက်နှင့်အတူ ပြန်လာသည်။
“ဒီရောင်းရင်းအင်မော်တယ်က ဒီသတ်ဖြတ်ဖျော်ဖြေသူကို ဝယ်ချင်တယ်လို့ ငါ့ကို ပြောခဲ့တယ်။ အဲဒါ အမှန်ပဲလား”လူအိုကြီးက ပြုံးကာ မုတ်ဆိတ်မွေးပွတ်သပ်ရင်း ပြောလိုက်၏။
“သူမရဲ့ဈေးနှုန်းအတိအကျက…”ထန်ရှုက မေးလိုက်သည်။
လူအိုကြီးက ပြုံးကာ ပြန်ဖြေ၏ “ဒီသတ်ဖြတ်ဖျော်ဖြေသူကို အင်မော်တယ်သလင်းကျောက်လေးသိန်းနှစ်သောင်းနဲ့ ဝယ်နိုင်ပါတယ်”
ထန်ရှုက သူ့ထံ လောင်းကြေးတိုကင်ကို ပေးလိုက်ပြီး သူ့သိုလှောင်လက်စွပ်မှ အင်မော်တယ်သလင်းကျောက်နှစ်သိန်းနှစ်သောင်းကို ယူထုတ်လိုက်သည်။ သူတို့အားလုံးကို အခြားလက်စွပ်တစ်ကွင်းထဲသို့ လွှဲပြောင်းပေးပြီးနောက် သူက လူအိုကြီးထံ ကမ်းပေးကာ ပြောလိုက်၏ “ဒါတွေက အင်မော်တယ်သလင်းကျောက်လေးသိန်းနှစ်သောင်းပဲ။ သူမက ငါ့အပိုင်ဖြစ်ပြီပေါ့”
လူအိုကြီးက အနည်းငယ်ပြုံးကာ သော့တစ်ချောင်းကို ယူထုတ်လျက် သံလှောင်အိမ်ကို ရစ်ပတ်ထားသည့်သံကြိုးကို ဖြုတ်လိုက်သည်။ ထို့နောက် ထန်ရှုထံ ကျောက်စိမ်းတိုကင်တစ်ခုပေးကာ ပြော၏ “သူမရဲ့အသက်နဲ့စိတ်ဝိညာဉ်အဆီအနှစ်က ဒီတိုကင်ထဲမှာ ရှိတယ်။ အခုချိန်ကစပြီး သူမရဲ့အသက်က မင်းလက်ထဲမှာပဲ”
ထန်ရှုက လက်ကို ဝှေ့ယမ်းပြလိုက်သည်၊ လူအိုကြီးက ထွက်သွား၏။ ထို့နောက် အစစ်အမှန်မီးစက်တစ်ခုက သူ့လက်ဖဝါးပေါ်တွင် ထွက်ပေါ်လာပြီး ကျောက်စိမ်းတိုကင်ကို ချက်ချင်း မီးရှို့လိုက်သည်။ သို့သော် ၎င်းထဲမှ ကြောင်အမျိုးသမီး၏စိတ်ဝိညာဉ်အဆီအနှစ်အမျှင်တန်းကို လျင်မြန်စွာ ဆုပ်ကိုင်ကာ သူမ၏ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ပေးလိုက်၏။
“ဆရာမဟာထန်…”
သူက ကမ္ဘာပေါ်တွင် မယုံကြည်နိုင်စရာအကောင်းဆုံးအရာကို မြင်တွေ့ခဲ့ရသည်ပမာ နဂါးဖျက်ဆီးသူက ထိတ်လန့်တုန်လှုပ်သွားသည်။ သတ်ဖြတ်ဖျော်ဖြေသူတိုင်းက ကြောက်စရာကောင်းကာ ရက်စက်ကြမ်းကြုတ်သည့်စရိုက်ရှိသည်ကို သူက သိထားသည်။ သူတို့၏အသက်ရင်းမြစ်နှင့်စိတ်ဝိညာဉ်အဆီအနှစ်ကို မထိန်းချုပ်ထားလျှင် ကြောက်စရာကောင်းသောကံကြမ္မာတစ်ခုက သူတို့၏သခင်ထံ ကျရောက်သွားပေလိမ့်မည်။
ထန်ရှုက အင်မော်တယ်သလင်းကျောက်နှစ်ဆယ်ကို ယူထုတ်ကာ ကောင်လေးထံ ကမ်းပေးလျက် ပြောလိုက်သည် “အခုကစပြီး မင်း ငါ့နောက် ထပ်လိုက်စရာမလိုတော့ဘူး၊ ဒါကြောင့် ဒီအင်မော်တယ်သလင်းကျောက်တွေကို ယူသွားပါ။ ငါက မင်းကို အရင်မရှာဘဲနဲ့ မင်းကိုယ်မင်း ငါ့ရှေ့မှာ မထွက်ပေါ်လာစေပါနဲ့”
နဂါးဖျက်ဆီးသူက စိတ်ထဲ၌ တုန်လှုပ်သွားကာ ခဏ တုံ့ဆိုင်းသွား၏။ အနည်းငယ်နောင်တရသောမျက်နှာနှင့် သူက အင်မော်တယ်သလင်းကျောက်နှစ်ဆယ်ကို လက်ခံကာ လျင်မြန်စွာ ထွက်ခွာသွား၏။
ထို့နောက် ထန်ရှုက သူ့သိုလှောင်လက်စွပ်မှ ဝတ်ရုံတစ်ခုကို ယူထုတ်ကာ ကြောင်အမျိုးသမီးထံ လျှောက်လာလျက် သူမခန္ဓာကိုယ်ကို အုပ်ပေးပြီး ငြင်သာစွာ ပြောလိုက်၏ “မင်း တော်တော်ဒုက္ခရောက်ခဲ့ရမှာပဲ”
မျက်ရည်လုံးကြီးများက ကြောင်အမျိုးသမီး၏မျက်လုံးများထဲမှ စီးကျလာသည်။ သူမက ခေါင်းခါယမ်းလျက် ထန်ရှုကို ပွေ့ဖက်လိုက်၏။
အချိန်အတန်ကြာပြီးနောက် ထန်ရှုက သူမ၏ပခုံးကို ပုတ်ကာ နွေဉီးအချိန်ဆေးတစ်လုံးကို ယူထုတ်ပြီး သူမပါးစပ်ထဲသို့ ထည့်ပေးကာ ပြောလိုက်၏ “ငါ့နောက်လိုက်လာပါ။ အိမ်မပြန်ခင် ဒီနေရာမှာ ငါတို့ ရက်အနည်းငယ်လောက် နေကြမယ်”