ကြီးမားသော အလောင်းအစား
Vol. 93 Ch. 1301
အစကနေ အဆုံးအထိ ငရဲကိုးထပ်ဓားမာစတာက ထန်ရှု၏သရုပ်မှန်ကို မမေးခဲ့ပေ။ တကယ်တော့ ယခုက သူတို့၏ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပင် မဟုတ်လော။
များမကြာမီ ကျက်သရေရှိလှပသောအမျိုးသမီးတစ်ယောက်က တိုက်ခိုက်ရေးကွင်းထဲသို့ ဝင်လာသည်။ အနက်ရောင်တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားလျက် သူမက နက်ရှိုင်းသောအသံနှင့် ကြေညာလိုက်၏ “နောက်လာမယ့်ပြိုင်ပွဲက အားလုံးရဲ့သွေးတွေကို သေချာပေါက် ဆူပွက်စေပါလိမ့်မယ်၊ တိုက်ခိုက်သူတွေရဲ့နာမည်နဲ့သူတို့ရဲ့မှတ်တမ်းတွေကို အားလုံး သိကြမှာပါ။ ကဲ၊ အချိန်ဖြန်းမနေဘဲ တိုက်ပွဲပမ်နဲ့ ဗာဆက်တို့ကို တွေ့ကြရအောင်”
သူမအသံပျောက်ကွယ်သွားပြီးနောက် လူတိုင်းက တိုက်ခိုက်ရေးကွင်း၏ဝင်ပေါက်သို့ အာရုံစိုက်လိုက်ကြသည်။ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည့်အခိုက်အတန့်တွင် ပွဲကြည့်စင်တစ်ခုလုံးရှိ လောင်းကစားသမားထောင်ချီက သူတို့လောင်းထားသည့်တိုက်ခိုက်သူ၏နာမည်ကို အော်လိုက်ကြ၏။
“စဉီးအဆင့်ရွှေအင်မော်တယ်၊ တိုက်ပွဲပမ်”
“အလယ်ဆင့်ရွှေအင်မော်တယ်၊ ဗာဆက်”
ငရဲကိုးထပ်ဓားမာစတာက ထန်ရှုဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်၏ “စဉီးအဆင့်နဲ့ အလယ်အဆင့်။ တိုက်ပွဲပမ်က ၄၉ပွဲမှ ၄၈ပွဲ နိုင်ထားတယ်။ သူရှုံးခဲ့တဲ့ပွဲမှာ သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး အားနည်းနေလို့ပဲ။ ဗာဆက်ကတော့ တိုက်ပွဲ၆၂ပွဲမှာ ၆၀နိုင်ထားတယ်၊ သူက သူ့ပြိုင်ဘက်တိုင်းကို ရက်ရက်စက်စက်သတ်ဖြတ်လေ့ရှိတယ်။ သူက ဒီအကျဉ်းသားပြိုင်ကွင်းရဲ့အရက်စက်ဆုံးအင်မော်တယ်တွေထဲကတစ်ယောက်ပဲ၊ ပြီးတော့ ဒီနေရာမှာ အကြာဆုံးနေခဲ့သူဆိုလဲ ဟုတ်တယ်။ ဒီနှစ်ယောက်ကြား တိုက်ပွဲနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ၊ မဟာထန်ညီအကို။ ဘယ်သူက အဆုံးမှာ အနိုင်ရမှာလဲ”
ထန်ရှုက ထိုလူနှစ်ယောက်၏မှတ်တမ်းများကို ပြန်စဉ်းစားလိုက်၏။ မိနစ်အနည်းငယ်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြော၏ “တိုက်ပွဲပမ်ဖြစ်လိမ့်မယ်”
ငရဲကိုးထပ်ဓားမာစတာက ခေါင်းခါယမ်းကာ ပြုံးလျက် ပြော၏ “ကျုပ်က အများနဲ့ ဆန့်ကျင့်လေ့ရှိတယ်။ တစ်ဖက်က အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ လူတွေက ပိုတွေးလေလေ၊ ကျုပ်က အဲဒီလူကို လောင်းကြေးထပ်လေလေပဲ။ အာ၊ ဒီတိုက်ပွဲကို အလောင်းအစားလုပ်ကြရင်ရော ဘယ်လိုလဲ။ အများကြီးမဟုတ်ပါဘူး၊ နည်းနည်းလေးပါပဲ”
“ခင်ဗျားက ဘယ်လိုအလောင်းအစားလုပ်ချင်လို့လဲ၊ ငရဲကိုးထပ်ညီအကို”ထန်ရှုက ပြုံးကာ မေးလိုက်၏။
အလင်းတစ်ခုက ငရဲကိုးထပ်ဓားမာစတာ၏မျက်လုံးများထဲတွင် လက်သွားသည် “မင်း အနိုင်ရရင် ငါ့ရဲ့ငရဲကိုးထပ်ဓားကွက်ဆယ့်ရှစ်ကွက်ကို သင်ပေးမယ်။ ဒါပေမယ့် မင်းကတော့ ငါ့ကို ကောင်းကင်ဘုံဝင်ရိုးစွန်းအမျိုးသမီးပေးခဲ့တဲ့ပုံဆောင်ခဲအဆီအနှစ်တစ်သန်းကို ပေးဖို့ပဲ လိုတယ်။ ဘယ်လိုလဲ”
“မဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ငရဲကိုးထပ်ညီအကိုမှာ ကြောက်စရာကောင်းတဲ့ကျင့်ကြံခြင်းရှိပြီး မင်းဖန်တီးထားတဲ့ငရဲကိုးထပ်ဓားကွက်ဆယ့်ရှစ်ကွက်ကို အလွန်အားကောင်းတဲ့နတ်ဘုရားစွမ်းရည်တစ်ခုလို့ ရေတွက်နိုင်တယ်။ ငါက နတ်ဘုရားအတတ်တွေ မကင်းမဲ့နေတာတော့ စိတ်မကောင်းစရာပဲ၊ ဒါကြောင့် သလင်းကျောက်အဆီအနှစ်တစ်သန်းနဲ့ပဲ လောင်းကြေးထပ်ကြရအောင်။ ပြီးတော့ ဒါက ငါတို့ နှစ်ယောက်လုံးအတွက် အမျှတဆုံးနည်းလမ်းပဲ”
“မျှတပါတယ်”
ငရဲကိုးထပ်ဓားမာစတာက ထန်ရှုကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်၊ သူ့ဆုံးဖြတ်ချက်က မှန်သည်ဟု ခံစားမိ၏။ သူ့ရှေ့ရှိ ဤအကောင်က ယခင်က အလွန်အားကောင်းသောပုံရိပ်တစ်ခု သေချာပေါက် ဖြစ်ခဲ့ရမည်၊ ထို့ကြောင့် သူက ရယ်လျက် ပြောလိုက်သည် “ဒါဆို သလင်းကျောက်အဆီအနှစ်တစ်သန်းပေါ့…”
တိုက်ခိုက်ရေးကွင်းထဲတွင်။
တိုက်ပွဲပမ်က မျက်နှာချင်းဆိုင်ရှိ ဗာဆက်ကို တည်ငြိမ်စွာ လေ့လာနေသည်။ တိုက်ခိုက်ရန် ကွင်းထဲသို့ ဝင်လာသည့်အချိန်တိုင်း သူ၏တစ်ခုတည်းသောပန်းတိုင်က သူ့ရန်သူကို သတ်ဖြတ်မည့်အစား အသက်ရှင်ရန်ဖြစ်၏။ အကျဉ်းသားပြိုင်ကွင်းထဲရှိ ဘဝက မှောင်မည်းလှ၏။ အနိုင်ရမှသာ အသက်ဆက်ရှင်နိုင်မည်ကို သူက သိ၏။
သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်မီးပွားလေးတစ်ခု လောင်ကျွမ်းနေသေး၏။ ဤငရဲတွင်းမှ သူ့ကို ဝယ်ယူမည့် လူအချို့၏လေးစားအထင်ကြီးမှုကို ရရှိရန်အတွက်ပင်။ အနာဂတ်တွင် ထိုလူနောက်လိုက်ကာ သတ်ဖြတ်မှုများ အဆက်မပြတ်လုပ်ရမည်ဆိုလျှင်ပင် ဤငရဲတွင်းထဲတွင် ထာဝရနေရသည့်ထက် အများကြီးပိုကောင်း၏။
“တိုက်ပွဲ…စပြီ…”
လှပသောအမျိုးသမီးက ကြေညာလိုက်သည်၊ ဗာဆက်က သူ့ဓားကို ဝှေ့ယမ်းလိုက်၏။ သူက တိုက်ပွဲပမ်အထက် တစ်ရာမီတာအကွာသို့ ရောက်သည့်အခိုက်တွင် ဓားရောင်ခြည်တန်းကို ဖိနှိပ်ချလိုက်၏။
တိုက်ပွဲပမ်က ချိတ်ပိတ်အမျိုးမျိုးကို လျင်မြန်စွာ ထုတ်ဖော်သည်။ အလင်းအကာအလွှာများက သူ့အရှေ့တွင် အထပ်လိုက် ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သောဓားသွားတိုက်ခိုက်မှုများက ကျဆင်းနေသော်လည်း တိုက်ပွဲပမ်မှ မီတစ်ဝက်အကွာသို့ ရောက်သောအခါ ရပ်တန့်သွားသည်။ ငွေရောင်လှံတံတစ်ခုက တိုက်ပွဲပမ်၏လက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာ၏။ လှံအရိပ်က အဆုံးမရှိသောရွှေရောင်အက္ခရာများ ဖုံးအုပ်ထားသည့် မီးလျှံတစ်ခုကို ထုတ်လွှတ်ကာ အရှေ့ရှိ ဓားသွားအရိပ်များကို တိုက်ခိုက်လိုက်၏။
အုံး…
သူတို့က တစ်ပြိုင်နက်တည်း နောက်ဆုတ်လိုက်ကြသည်။
ဗာဆက်၏မျက်လုံးများက သွေးဆာနေလေသည်။ နှုတ်ခမ်းကို ယက်လျက် သူက ပြုံးဖြဲဖြဲနှင့် ပြော၏ “မင်းရဲ့တိုက်ပွဲ၂၄ပွဲကို ကြည့်ခဲ့ပြီး မင်းရဲ့နတ်ဘုရားအတတ်တွေရဲ့လျှို့ဝှက်ချက်တွေကို ငါ လေ့လာခဲ့တယ်၊ တိုက်ပွဲပမ်။ မင်းက နောက်တစ်ဆင့်တက်လှမ်းပြီး အလယ်ဆင့်ရွှေအင်မော်တယ်အဆင့်ကို ရောက်ရှိမယ်ဆိုရင်တော့ မင်းက ငါနဲ့ တိုက်ခိုက်နိုင်မှာပါ။ ဒါပေမယ့် မင်းရဲ့လက်ရှိခွန်အားက ငါ အသက်ရှင်ဖို့အတွက် ခြေနင်းတုံးတစ်ခုပဲ ဖြစ်လိမ့်မယ်။ ဒီနေ့၊ ငါ၊ ဗာဆက်က မင်းရဲ့သွေးကို သုံးပြီး နောက်ထပ်အောင်ပွဲတစ်ခုကို ရယူမယ်”
ထိုသို့ပြောရင်း သူ့ခန္ဓာကိုယ်ထဲရှိ မီတာတစ်ရာရှည်သောအနက်ရောင်သံကြိုးနှင့်အတူ အနက်ရောင်မြူတစ်ခုကို ထုတ်လွှတ်လိုက်၏။ ထိုအခိုက်တွင် သူက တိုက်ပွဲပမ်ထံ ထပ်မံပြေးဝင်သွားပြီး သူ့ဓားသွားကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းချပြီး သံကြိုးများက ဓားပုံရိပ်ပတ်လည်၌ ရစ်ဝဲသွား၏။
ဟမ့်၊ မင်းက ကျင့်ကြံခြင်းအဆင့်ပိုမြင့်မားတာနဲ့ မောက်မာရဲတာလား။ မင်းက သေချင်နေတာပဲ။ အဆင့်တစ်ဆင့်ပိုမြင့်တဲ့သူတွေကို တိုက်ခိုက်သတ်ဖြတ်တာက အင်မော်တယ်ကမ္ဘာမှာ သာမန်ဖြစ်စဉ်တစ်ခုပဲ။ ဒီလိုဆိုမှတော့ မင်းရဲ့သေဖို့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။
အေးစက်စက်အလင်းတစ်ခုက တိုက်ပွဲပမ်၏မျက်လုံးများထဲတွင် လက်သွား၏။ သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့လက်ထဲရှိ လှံတံက မြားတစ်ချောင်းအသွင်ပြောင်းကာ ကောင်းကင်သို့ တက်လျက် ပြေးလာနေသောဗာဆက်ထံ ပစ်ခတ်လိုက်၏။
“လျှပ်စီးလှံ…”
တိုက်ပွဲပမ်က လှံအရိပ်ပေါ်သို့ ခြေချသည့် အခိုက်တွင် မီးလျှံတစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူ့အသွင်အပြင်က မီးလျှံစစ်နတ်ဘုရားဝင်စားသည့်ပမာ ပြောင်းလဲသွား၏။ သူက ပညာရပ်များ၊ သတ်ဖြတ်ကွက်များကို အဆက်မပြတ်ထုတ်ဖော်လိုက်၏။
အုံး…
တိုက်ခိုက်ရေးကွင်းပတ်လည်တွင် အစီအရင်တစ်ခုကို ခင်းကျင်းထားသည်၊ ထို့ကြောင့် ထိုလူနှစ်ယောက်ကြား ထိပ်တိုက်ရင်ဆိုင်မှုမှ စွမ်းအားသက်ရောက်မှုက အပြင်ဘက်သို့ မရောက်ရှိပေ။
ကန့်လန့်ဖြတ်မီးလျှံနှင့်အနက်ရောင်မြူ။
နှစ်ယောက်က စွမ်းအားအမျိုးမျိုးကို ထုတ်လွှတ်နေ၏။ စွမ်းအင်ကုန်ဆုံးမှုစတင်ပြလာပြီး ဗာဆက်က တဖြည်းဖြည်း အသာစီးရလာသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ စတင်ဖုံးလွှမ်းလာသောကြောင့် သေးငယ်သောအသာစီးမှုတစ်ခုသာ ဖြစ်၏။
အချိန်ကြာလာသည်နှင့်အမျှ ဗာဆက်၏ခန္ဓာကိုယ်ထဲရှိ အနက်ရောင်တိုက်ပွဲဝင်ဓားသွားက ရုတ်တရက် ပျံသန်းထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ဓားသွားအလင်းက တိုက်ပွဲပမ်ကို ခုတ်ပိုင်းချလိုက်ပြီး အနက်ရောင်စစ်ဝတ်စုံက ရုတ်တရက် လျင်မြန်စွာ ဖောင်းပွလာကာ ဗာဆက်က တိုက်ပွဲပမ်အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်။
“သေစမ်း…”
နောက်ထပ်ဓားသွားက တိုက်ပွဲပမ်၏လည်းပင်းကို ချက်ချင်း ပိုင်းဖြတ်လိုက်၏။
“နေရာလပ်သိပ်သည်းခြင်း…”
တိုက်ပွဲပမ်က ဒီအကွက်ကို မျှော်လင့်ထားပုံရသည်။ သူ့လက်က လှုပ်ရှားကာ သူက ချိတ်ပိတ်တစ်ခု ထုတ်ဖော်၏။ ထိုဓားသွားက သူ့လည်ပင်းကို ရိုက်ခတ်သွားသည့်အခိုက်တွင် သူ့လက်ချောင်းများက လက်သည်းအဖြစ် ပြောင်းသွား၏။ သူ၏လှုပ်ရှားမှုက သူ့လည်ချောင်းအရှေ့ရှိ နေရာလပ်ကို တွန့်လိမ်သွားစေ၏။ နောက်အခိုက်အတန့်တွင် တွန့်လိမ်သွားသောနေရာလပ်က ချက်ချင်း ကြီးမားသွားပြီး သက်ရောက်မှုအားက ဗာဆက်၏ခန္ဓာကိုယ်ကို ချက်ချင်း တုန်ခါစေကာ သူက ရုတ်တရက် နောက်ဆုတ်လိုက်ရ၏။
“နောက်ထပ်…”
တိုက်ပွဲပမ်က ကြုံးဝါးလိုက်သည်။ အင်မော်တယ်စွမ်းအားတစ်ခုက လှံအရိပ်ထဲသို့ လိမ့်တက်လာပြီး ဗာဆက်၏ရင်ဘက်ကို ထိုးဖောက်သွားသည်။ ဗာဆက်က မယုံကြည်နိုင်မှုတို့နှင့်အတူ အံ့အားသင့်သွားလေ၏။
ပြင်းထန်သောသက်ရောက်မှုအားက ဗာဆက်၏နှလုံးဗဟိုချက်ကို ဖျက်ဆီးပြီး သူ့အတွင်းအင်္ဂါအားလုံးကို ပျက်ဆီးသွားစေသည်။ နောက်အခိုက်အတန့်တွင် လှံတံက လေထဲမှ ထွက်ပေါ်လာပြီး ဗာဆက်က လွင့်ထွက်သွား၏။
“အတူတူသေကြတာပေါ့…”
ဗာဆက်၏ခန္ဓာကိုယ်က ရုတ်တရက် မြင့်တက်သွားပြီး ရွှေရောင်အလင်းတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာ၏။ သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားနေသော်လည်း ရွှေရောင်အလင်းက လျှပ်စီးမိုးကြိုးတစ်ခုအလား ရွေ့လျားကာ ဓားသွားတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး တိုက်ပွဲပမ်၏ဉီးခေါင်းကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။
ဖူး…
တိုက်ပွဲပမ်က သူ့နဖူးရှေ့တွင် ဓားတိုတစ်လက်ထုတ်လျက် တိုက်ခိုက်မှုကို ရင်ဆိုင်၏။ ဓားသွားက ဓားတိုကို ဖျက်ဆီးသွားပြီး တိုက်ပွဲပမ်၏ဉီးခေါင်းအစား ဓားတိုကိုင်ထားသည့်လက်ဖဝါးကို ဖြတ်သွား၏။
အုံး…
ဓားသွားက ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်ပြီး ပေါက်ကွဲမှုကြောင့် တိုက်ပွဲပမ်၏ခန္ဓာကိုယ်က ဆယ်ကီလိုမီတာအကွာသို့ လွင့်စင်ကျသွား၏။
ဝှစ်…
ပုံရိပ်တစ်ခုက လျှပ်စီးအလား ရွေ့လျားလာပြီး တိုက်ပွဲပမ်အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ ပန်းရောင်မြူတစ်ခုက ထိုလူ၏လက်များမှ ပန်းထွက်လာကာ တိုက်ပွဲပမ်၏ထိမှန်ထားသောလက်ကောက်ဝတ်၌ စုဝေးသွား၏။ ထို့နောက် ရွှေရောင်ချည်မျှင်တစ်ခုက ထိမှန်ထားသောလက်ကို ရစ်ပတ်ကာ ပြန်ဆက်သွားစေ၏။
“ဒီအင်မော်တယ်တိုးပွားမြူက ရှင့်ရဲ့လက်ကောက်ဝတ်ကို သုံးရက်အတွင်း မူလအခြေအနေအတိုင်း ပြန်ရောက်စေနိုင်တယ်။ ဒါပေမယ့် အဲဒီအတောအတွင်း ဘယ်သူနဲ့မှ မတိုက်ခိုက်ဖို့ မှတ်ထားပါ”ကျက်သရေရှိလှပသောအမျိုးသမီးက ဗာဆက်၏ခန္ဓာကိုယ်ကို တစ်ချက်ကြည့်က ထွက်ခွာသွား၏။
တိုက်ပွဲပမ်က ခက်ခက်ခဲခဲထရပ်လိုက်သည်။ ထို့နောက် ပွဲကြည့်စင်ကို တစ်ချက်ပင် မကြည့်ဘဲ တိုက်ခိုက်ရေးကွင်းဝင်ပေါက်အပြင်ဘက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ပွဲကြည့်စင်တွင်။
အပြုံးတစ်ခုက ထန်ရှု၏ပါးစပ်ပေါက်တွင် ထွက်ပေါ်လာ၏။ သူက ငရဲကိုးထပ်ဓားမာစတာဘက်သို့ လှည့်ကာ အားတင်းပြုံးလျက် ပြော၏ “ကြည့်ရတာ ဒီအလောင်းအစားကို ငါ နိုင်သွားပုံပဲ”
ငရဲကိုးထပ်ဓားမာစတာက ခေါင်းညိတ်ကာ သိလိုစိတ်နှင့် မေး၏ “တိုက်ပွဲပမ်က အနိုင်ရမယ်လို့ ဘာလို့ မင်းက ဆုံးဖြတ်နိုင်ရတာလဲ”
“သူ့ရဲ့အချက်အလက်တွေပေါ် မူတည်ပြီးတော့ပေါ့”ထန်ရှုက ပြန်ဖြေ၏ “သူက နေရာလပ်နည်းစနစ်အချို့ကို ကျွမ်းကျင်တယ်လို့ သံသယရှိကြတယ်လို့ ရေးထားတယ်။ ဒါပေမယ့် အရင်တိုက်ပွဲတွေမှာ သူက နေရာလပ်နည်းစနစ်တွေကို ဘယ်တောမှ အသုံးမပြုခဲ့ဘူး။ မင်း နားမလည်ဘူးထင်တယ်၊ ဒါဆို ငါ မင်းကို ရိုးရိုးရှင်းရှင်းပြောမယ်။ သူ့မှာ နေရာလပ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ငါ ခန့်မှန်းလိုက်တာပဲ။ ပြီးတော့ ရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူတိုင်းမှာ အနည်းဆုံး ဝှက်ဖဲတစ်ခုရှိမယ်လို့ ငါ ထင်တယ်”
ငရဲကိုးထပ်ဓားမာစတာက မျက်မှောင်ကြုတ်လိုက်သည် “ငါ မသိတာ တစ်ခုရှိတယ်။ အရင်က သူ အသတ်ခံရလုနီးပါးဖြစ်ချိန်မှာ ဘာလို့ သူ့ရဲ့နေရာလပ်စွမ်းရည်ကို အသုံးမပြုခဲ့တာပဲ။ ဘာကြောင့် သူက အဲတိုက်ပွဲကို ရှုံးသွားရတာလဲ”
ထန်ရှုက မျက်မှောင်ကြုတ်ကာ တွေးလျက် ပြော၏ “ငါ မမှားရင် သူက သူ့ခွန်အားကို ဖုံးကွယ်ထားတာ ဖြစ်မယ်။ သူက စဉီးအဆင့်ရွှေအင်မော်တယ်တစ်ယောက်မဟုတ်ဖို့တောင် ဖြစ်နိုင်တယ်”
“သူက စဉီးအဆင့်ရွှေအင်မော်တယ်တစ်ယောက်မဟုတ်ဘူးလို့ မင်း ပြောတာလား”ငရဲကိုးထပ်ဓားမာစတာက အံ့အားသင့်သွား၏ “ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”