အသန်မာဆုံး အင်အားစု
Vol. 72 Ch. 995
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း မှီတင်း နေထိုင်ကြသော ကျင့်ကြံသူများစွာမှာ လျှို့ဝှက်ကျိန်စာ မျိုးစေ့၏ ချည်နှောင်မှုကို ခံလိုက်ကြရ၏။ အင်အားစု တစ်ခုခု၊ သို့မဟုတ် လူတစ်ယောက်ယောက်မှာ ငြိမ်းချမ်းရေးကို ချိုးဖောက်ရန် ကြိုးပမ်းပါက ၎င်းကို ဖျက်သိမ်းပစ်ရန် သူတို့တွင် တာဝန် ရှိလာနေခဲ့ပြီ ဖြစ်သည်။
လူတိုင်း လူတိုင်းမှာ ကြက်သီးထဖွယ် ကောင်းသည့် ခံစားချက်များကို ခံစားလိုက်ကြရ၏။ ဝိညာဉ်အာရုံကို အနည်းငယ် စိုက်ထုတ်လိုက်ရုံမျှဖြင့်ပင် နေရာတိုင်း၌ စိမ့်ဝင်နေသည့် လျှို့ဝှက်ကျိန်စာ၏ အသေးစိတ် အချက်အလက်များကို သူတို့ ခံစားနိုင်၏။ ညီလာခံ မပြီးမချင်း သဘောတူညီမှုကို ချိုးဖျက်ရန် နည်းလမ်း မရှိလေရာ ငြိမ်းချမ်းရေးမှ တစ်ပါး သူတို့တွင် အခြား ရွေးချယ်စရာ မရှိပါချေ။
အရိပ် နောက်ကွယ်မှ လှုပ်ရှားနေသည့် မိစ္ဆာ ကျင့်ကြံသူများ ပင်လျှင် ထိုအခိုက်မှ စတင်ကာ ငြိမ်သက် သွားကြ၏။ ငြိမ်းချမ်းရေးအား ချိုးဖောက်ရန် ကြိုးပမ်းမိသည်နှင့် သူတို့မှာ မြေကြီး ရှန့်ထိုများ အပါအဝင် တစ်လောကလုံးနှင့် ရန်သူ ဖြစ်သွားလိမ့်မည် ဖြစ်ကာ အပြီးတိုင် ချေမှုန်း ခံရပေလိမ့်မည် ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ တစ်လောကလုံးနှင့် ရန်သူ ဖြစ်ချင်သည့် လူ မရှိချေ။
ဘယ်လိုပဲ ဖြစ်ဖြစ်... ဤအခိုက်အတန့်က ယာယီသာ ဖြစ်သည်။ မဟာစက်ဝန်း ရှန့်ထို ညီလာခံ ပြီးမြောက် သွားသည်နှင့် သူတို့၏ အချိန်က နောက်တစ်ကြိမ် ပြန်လည် ကျရောက်လိမ့်မည် ဖြစ်သည်။ ရန်သူများမှာ ဓားသွားထက်၌ သေဆုံးကာ သူတို့၏ ကျင့်ကြံခြင်း အခြေခံကတော့ မြင့်တက်သထက် မြင့်တက် လာလိမ့်မည် ဖြစ်သည်။ သူတို့ စိတ်ရှည်ရပေလိမ့်မည်။
ထာဝရ ကောင်းကင်၏ အထက်... ဧရာမ အလင်း မျက်နှာပြင်ကြီးများ ထက်တွင်တော့ နတ်ဘုရား ကဲ့သို့ ပုဂ္ဂိုလ်ကြီး သုံးယောက်မှာ ဆက်လက် ရပ်နေကြဆဲ ဖြစ်သည်။ ထာဝရ နတ်ဘုရားမှာ ညီလာခံ တစ်ခုလုံး၏ အိမ်ရှင် ဖြစ်ကာ မရေမတွက်နိုင်သည့် ပရိသတ်များ ရှေ့တွင် အဓိက စကားပြောသူ အဖြစ် ဆက်လက် ဆောင်ရွက် နေခဲ့သည်။
ရှည်လျားသည့် မိန်းခွန်း တစ်ခုကို အဆုံးသတ်ပြီး နောက်တွင်တော့ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ပြောလိုက်လေသည်။
“အခုအချိန်က စလို့ ဖိတ်စာ ရထားတဲ့ လူတွေနဲ့ သတ်မှတ် အရည်အချင်း ပြည့်မှီတဲ့ လူတွေအားလုံး ထာဝရ ကောင်းကင်ကို ဝင်နိုင်ပါပြီ”
ဘုန်း...
ကြေညာသံ အဆုံးသတ် သွားသည်နှင့် တစ်ပြိုင်နက် ထစ်ချုန်းသံကြီး တစ်ခု ဖြစ်ပေါ်လာကာ ခုနစ်ရောင်ခြယ် အလင်းများ တောက်ပနေသော ကျောက်တိုင်ကြီး ထာဝရ ကောင်းကင်၏ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။ နောက်ထပ် ရှင်းပြမှုများ မလိုတော့ပါချေ။ ညီလာခံသို့ ပါဝင်ခွင့် ရှိသူတိုင်းမှာ ဘာလုပ်ရမည်ကို ကောင်းစွာ သိရှိပြီး ဖြစ်သည်။
မြေကြီး ရှန့်ထိုများ၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၊ အဂ္ဂိရတ် ရှန့်ထိုများ၊ တန်ခိုးရှင် နတ်မိမယ်များ၊ တန်ခိုးရှင် သူရဲကောင်းများ အားလုံးမှာ စတင်ကာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။
အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဟင်းလင်းပြင် သင်္ဘောထက်တွင်တော့ ဂိုဏ်းချုပ် လင်းရှန်းရှန်း ဦးဆောင်ကာ လိုက်ပါလာသည့် အုပ်စု တစ်ခု ရှိ၏။ လင်းရှန်းရှန်းမှာ အမြင့်ဆုံးသော ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင် မထားသည့်တိုင် ခေါင်းဆောင် တစ်ယောက်၏ ပြင်းထန်သည့် ရောင်ဝါကို ထုတ်လွှတ် ထားနိင်ပေသည်။
လင်းရှန်းရှန်း၏ အမူအရာက အနည်းငယ် သုန်မှုန်နေကာ အဝေးရှိ ခုနစ်ရောင်ခြယ် အလင်းတန်းကို လှမ်းကာ ငေးကြည့် နေခဲ့၏။ ထာဝရ နတ်ဘုရား၏ စကားလုံးများမှာ ရိုးရှင်းပုံ ပေါ်သည့်တိုင် ရှုပ်ထွေး ပွေလီသည့် အနက် အဓိပ္ပာယ်များ ပါဝင်နေပေသည်။ အထူးသဖြင့် သတ်မှတ် အရည်အချင်း ပြည့်မှီသူ ဆိုသည့် စကားလုံးပင်။ တဖြည်းဖြည်းနှင့် သက်တောင့်သက်သာ မရှိသည့် ခံစားချက်များမှာ လင်းရှန်းရှန်း၏ နှလုံးသား အတွင်း ပိုမို မြင့်တက် လာခဲ့လေ၏။
“ဂိုဏ်းချုပ်... တို့သွားကြမလား...”
သေမျိုးတစ်ပိုင်း အရှင် အဆင့် လူအိုကြီး တစ်ယောက်က လင်းရှန်းရှန်းကို လေးစားစွာပင် မေးလိုက်၏။ အခြားလူများကလည်း အမိန့်ကို စောင့်မျှော်သည့် အလား စိတ်လှုပ်ရှားစွာဖြင့် သူမဘက်သို့ လှည့်လိုက်ကြသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် မည်သည့် ကျင့်ကြံသူက ညီလာခံကို မတက်ရောက်ချင်မည်နည်း။ မည်သူက မပါဝင်ချင်မည်နည်း။ သူတို့အားလုံးမှာ အပြင်ပန်းအားဖြင့် စိတ်ရှည်နေသည့်ပုံ ပေါ်သည့်တိုင် အမှန်တကယ်တွင် မစောင့်နိုင်အောင် ဖြစ်နေကြပြီ ဖြစ်သည်။
လွန်ခဲ့သည့် လပိုင်း အတွင်း၌ ကပ်ပါး မျိုးနွယ်စုများ၏ ကျရှုံးမှု၊ လင်းရှန်းရှဲ့နှင့် ဝေ့ဝူယင်တို့၏ ကောလဟလများ အပါအဝင်၊ ဒြပ်စင်ကာကွယ်သူနှင့် မဟာ အကြီးအကဲ ကျန်းကျိရီတို့၏ မျက်နှာသာ ပေးမှုများကြောင့် လင်းရှန်းရှန်းမှာ ဂိုဏ်းအတွင်းရှိ အကြီးအကဲများ၏ လေးစားမှုများကို အရယူနိုင်ခဲ့သည်။ လက်ရှိ၌ လင်းရှန်းရှန်းမှာ ဂိုဏ်းအတွင်း၌ အရာရာ မဟုတ်လျှင်ပင် ခေါင်းဆောင် တစ်ဦး၏ အခွင့်အရေးမျိုးကို ပြန်လည် ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။
“...”
လင်းရှန်းရှန်းက ချက်ချင်း ပြန်လည် အဖြေမပေးသေးပဲ အဝေးရှိ အလင်းကျောက်တိုင်ကိုသာ လှမ်းငေးကြည့် နေခဲ့၏။ သူမ မျက်နှာထက်ရှိ အမူအရာက ပိုမို၍ လေးနက် လာနေခဲ့သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်၌... သေမျိုးတစ်ပိုင်း အရှင် အဆင့် အကြီးအကဲ တစ်ယောက်က ရှေ့သို့ တက်လာရင်း ပြောလိုက်သည်။
“ရှင်တို့ အားလုံး သတိမထားမိဘူးလား... ခုထိ ဘယ်သူမှ မလှုပ်ရှားကြသေးဘူး ဆိုတာ”
သူမက ပတ်ဝန်းကျင်ရှိ သင်္ဘောများကို လက်ညိုးထိုးပြလိုက်၏။ ထိုအခါတွင်မှ အကြီးအကဲများ အပါအဝင် အစစ်အမှန် ဒြပ်စင် ဂိုဏ်းသားများမှာ မည်သည့် သင်္ဘောမှ မလှုပ်ရှားကြသေးကြောင်း သဘောပေါက် သွားသည်။ သူတို့ အနည်းငယ် အံ့အားသင့် သွားကြ၏။
မှန်သည်။ ညီလာခံသို့ ဝင်ရောက်ရန် အရည်အသွေး ပြည့်မှီသူတိုင်းမှာ အပြေးအလွှား ဝင်ရောက်ချင် နေကြသည့်တိုင် အရေးပါမှု အလိုက် အစီအစဉ် တကျ ဖြစ်ဖို့လည်း လိုအပ်ပေသေးသည်။ အလောတကြီး လုပ်လိုက်ပါက မရေမတွက်နိုင်သည့် အင်အားစုများကို ဆန့်ကျင်မိသလို ဖြစ်သွားပေလိမ့်မည်။
ပထမဆုံး ဝင်ခွင့် ရှိသူများမှာ ကြယ်တာရာ နယ်မြေ ခေါင်းဆောင်များနှင့် ထိပ်တန်း အင်အားစုကြီးများသာ ဖြစ်သင့်သည်။ သူတို့လို ခပ်သေးသေး တန်ခိုးရှင် အင်အားစုလေးများ မဟုတ်ပါချေ။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ အထင်ကြီးစရာ ကောင်းသည့်တိုင် လက်ရှိ၌ သူတို့ကို ဦးဆောင်မည့် မြေကြီး ရှန့်ထို အဆင့် မရှိချေ။ သို့ဖြစ်လေရာ စောင့်ဆိုင်းရန် တစ်ခုသာ သူတို့တွင် ရွေးချယ်စရာ ရှိပေသည်။
“ကောင်းကင် ဖျက်ဆီးသူတွေရော...”
လင်းမင်က လင်းရှန်းရှဲ့ အနားသို့ တိုးကပ်ရင်း မေးလိုက်၏။ မရေမတွက်နိုင်သည့် ဟင်းလင်းပြင် သင်္ဘော အုပ်စုထဲတွင် အင်ပါယာ ကလန်၏ သင်္ဘော တစ်စင်းကိုမှ မတွေ့ရပါချေ။ ရောက်ရှိလာသမျှထဲ၌ အဆုံးမဲ့ သိုင်းဂိုဏ်းမှာ အကြီးကျယ်ဆုံး အင်အားစု ဖြစ်ပေသည်။
မည်သို့ပင် ဆိုစေ... အင်ပါယာ မျိုးနွယ်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် အကြီးကျယ်ဆုံး အင်အားစု ဖြစ်နေသေးဆဲ ဖြစ်သည်။ မည်သူက အင်ပါယာ မျိုးနွယ်ကို ကျော်လွန်၍ ဝင်ရဲမည်နည်း။ ထိုကဲ့သို့ ဝင်ရောက် လိုက်သည်နှင့် မိမိကိုယ်ကို အင်ပါယာ မျိုးနွယ်ထက် သာလွန်ကြောင်း ကြေညာလိုက်သလို ဖြစ်သွားပေလိမ့်မည်။ နောက်ဆက်တွဲများကား မတွေးရဲစရာပင်။
အချို့ အလိုက်မသိသော အင်အားစုကလေးများမှာ ရဲတင်းစွာဖြင့် စတင် လှုပ်ရှားရန် ကြိုးပမ်း လိုက်ကြလေသည်။ သို့သော်လည်း လက်မ အနည်းငယ် ရွေ့လျား ပြီးသည်နှင့် သူတို့၏ သင်္ဘောများမှာ ထိုးရပ် သွားခဲ့ကြ၏။ မည်သူမှ မထိခိုက်ကြသည့်တိုင် သင်္ဘော၏ အတွင်းပိုင်း ဝင်္ကပါများကတော့ အတင်းအကြပ် ရပ်တန့် ခံလိုက်ရပြီ ဖြစ်လေသည်။
များစွာသော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် စိုးထိတ် သွားကြ၏။ သူတို့က အလျှင်အမြန်ပင် လျှို့ဝှက် ကျိန်စာ သက်ရောက်မှုကို ကြည့်လိုက်ကြ၏။ ကံကောင်းထောက်မစွာပင် ကောင်းကင် တာအို၏ လွှမ်းမိုးမှု၊ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိပါချေ။ ကြည့်ရသည်က... လူများ အပေါ် ထိခိုက်ခြင်း မပြုသရွေ့ လျှို့ဝှက်ကျိန်စာက ကိစ္စ မရှိသည့်ပုံပင်။
ဂိုဏ်းငယ်များမှာ သူတို့၏ သင်္ဘောများထက်တွင်ပင် ငေးကြောင်ကာ ရပ်တန့် နေခဲ့ကြ၏။ သင်္ဘော၏ ပျက်စီးသွားသော အစီအရင်နှင့် ဝင်္ကပါများကို ပြန်လည် ပြင်ဆင်ရန် သူတို့ နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မည် ဖြစ်သည်။ ထို့အပြင် ကုန်ကျစရိတ်ကလည်း ဘယ်လိုနည်းနှင့်မျှ ပေါ့သေးသေး ဖြစ်လိမ့်မည် မဟုတ်ချေ။ တစ်ခါတစ်ရံ၌ အလိုက်မသိခြင်းက ပျက်စီးခြင်းကို ဦးတည် သွားနိုင်စွမ်း ရှိပေသည်။
“သူတို့ ရောက်မလာသေးဘူး...”
လင်းရှန်းရှဲ့က တည်ငြိမ်စွာပင် အဖြေပေးလိုက်သည်။ အင်ပါယာ ကလန်သာ ရောက်မလာသေးတာ မဟုတ်ချေ။ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှာလည်း ယခုတိုင် ပျက်ကွက်နေဆဲ ဖြစ်သည်။ များစွာသော လူများမှာ အကြောင်းရင်းကို သိချင်နေကြ၏။
“...”
လင်းမင်မှာ လင်းရှန်းရှဲ့၏ လိုရင်းတိုရှင်း အဖြေကြောင့် အံ့သြသွားခဲ့၏။ ခါတိုင်းဆိုလျှင် စီနီယာ အမလင်းမှာ မည်သည့် မေးခွန်းကို မဆို ဖြစ်နိုင်ချေ အရှိဆုံး အဖြေအထိ ဆွဲထုတ်ကာ ပြောတတ်သူ ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမ၏ တုန့်ပြန်ပုံက အခြေခံ ဆန်လွန်းလှသည်။ မိန်းကလေးနှင့် အနည်းငယ် ပိုမို ဝေးကွာလာသည့် အလား လင်းမင် ခံစားလိုက်ရ၏။
ကံကောင်းထောက်မစွာပင် သူ့တွင် အများကြီး တွေးရန် အချိန် မရှိခဲ့ပါချေ။ အမှောင် ဟင်းလင်းပြင် တစ်ခုလုံးက အလွန်တရာ မြင့်မြတ် သန့်စင်ကာ ကောင်းကင်ကြီး တမျှ ကျယ်ပြန့်လှသည့် အင်ပါယာ အော်ရာနှင့် ပြည့်နှက် သွားသလို သူ ခံစားလိုက်ရ၏။
ဟူး... ဟူး...
ကောင်းကင်ဖျက်ဆီးသူများ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က အရေအတွက်အားဖြင့် စုစုပေါင်း ရှစ်စင်း အထိ ရှိကာ အင်ပါယာ လှေတော် တစ်စင်းလည်း ပါရှိ၏။
အဆုံးမဲ့ ကောင်းကင်တွင် ကောင်းကင် ဖျက်ဆီးသူများက အကြီးမားဆုံးသော ခွန်အားနှင့် ဖျက်ဆီးခြင်း စွမ်းအားကို ကိုယ်စားပြုသည် ဆိုလျှင် အင်ပါယာ လှေတော်မှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ အမြင့်မြတ်ဆုံးနှင့် အသန့်စင်ဆုံး သွေးမျိုးဆက်ကို ဖော်ညွှန်းပေသည်။
အင်ပါယာ လှေတော်၏ အထက်တွင်တော့ ပုံရိပ် သုံးခု လိုက်ပါလာ၏။ အားလုံးက မြေကြီး ရှန့်ထိုများ ဖြစ်ကာ ထျန်းကလန်သားများ ဖြစ်ကြပေသည်။ သူတို့ထဲ၌ ဘယ်ဘက် အစွန်တွင် ရပ်နေသည့် ပုဂ္ဂိုလ်ကတော့ ထျန်းမူယန် ဖြစ်သည်။
အင်ပါယာ မျိုးနွယ်မှာ ချက်ချင်းပင် အမှောင် ဟင်းလင်းပြင် အတွင်းရှိ အနန္တ သင်္ဘောများ၏ အာရုံ စူးစိုက်မှုများကို ရရှိလိုက်၏။ အထူးသဖြင့်... ကောင်းကင် ဧကရာဇ်များ ကိုယ်တိုင်ကိုယ်ကျ ဦးစီးလာသည့် ကောင်းကင် ဖျက်ဆီးသူ သင်္ဘောကြီး ရှစ်ခုပင်။
စုစုပေါင်း မြေကြီး ရှန့်ထို ဆယ့်တစ်ယောက် ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ ဧကရီ ရှောင်ချွမ်းကိုပါ ထည့်တွက်ပါက မဟာစက်ဝန်း ရှန့်ထို ညီလာခံကို ထျန်းမျိုးနွယ်မှ မြေကြီး ရှန့်ထို ဆယ့်နှစ်ယောက် အထိ တက်ရောက်လာခြင်း ဖြစ်ပေသည်။
မည်သည်က စွမ်းအားနည်း။ ဤသည်က စွမ်းအားပင် ဖြစ်သည်။ သို့တိုင်အောင် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ ကိုယ်တိုင်ကိုယ်ကျ ပေါ်မလာခဲ့သေးချေ။
အထင်ကြီးလောက်ဖွယ် တပ်ပေါင်းစုကြီးကို ကြည့်ကာ လင်းမင်၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့၏။ ထက်ရှသော ဆန္ဒနှင့် ဆုံးဖြတ်ချက်များမှာ သူ့ မီးခိုးရောင် မျက်လုံးများထဲ၌ တဖျပ်ဖျပ် တောက်ပလာခဲ့သည်။ တစ်နေ့၌ ထိုလျှို့ဝှက် အာဏာရှင်များနှင့် သူ ရင်ဘောင်တန်းကာ ရပ်နိုင်ရမည် ဖြစ်သည်။
“စီနီယာ အမလင်း... မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးမှာ မြေကြီး ရှန့်ထိုက နှစ်ရာ မကျော်ဘူးလို့ အမ ပြောဖူးတယ်နော်... အခု အင်ပါယာ ကောင်းကင်မှာတောင်...”
လင်းမင်က စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်ကာ လင်းရှန်းရှဲ့ကို ကြည့်လိုက်၏။ မိန်းကလေး၏ မျက်လုံးများက သူ့ကဲ့သို့ပင် တူညီသည့် ခံစားချက်များနှင့် ပြည့်နှက်နေသည်။ အမှန်အတိုင်း ဝန်ခံရပါက အင်ပါယာ မျိုးနွယ်၌ ကောင်းကင်ဖျက်ဆီးသူ ရှစ်စင်း ရှိတာကိုပင် သူမ မသိခဲ့ပါချေ။
လင်းရှန်းရှဲ့က ပင့်သက် တစ်ချက် ရှိုက်ကာ ပြန်လည် အဖြေပေးလိုက်၏။
“အဲဒါကြောင့်ပဲ သူတို့က အဆုံးမဲ့ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ အစွမ်း အထက်ဆုံး အင်အားစု ဖြစ်နေတာပေါ့... တရားဝင် စာရင်းတွေ အရ အဆုံးမဲ့ ကောင်းကင်မှာ မြေကြီး ရှန့်ထို လေးဆယ့်လေးယောက် တိတိ ရှိတယ်... တန်ခိုးရှင် အစည်းအရုံးတွေမှာ ခုနစ်ယောက်... တော်ဝင် ကလန် ရှစ်ခုမှာ ငါးယောက်... ရွှေရောင် နန်းတော် နှစ်ခုမှာ လေးယောက်... လောကဂိုဏ်းကြီး သုံးဂိုဏ်းမှာ ဆယ့်ငါးယောက်... အင်ပါယာ မျိုးနွယ်မှာတော့ ဆယ့်သုံးယောက် အထိ ရှိတယ်”
“...”
လင်းမင်မှာ ယနေ့ မတိုင်ခင် အချိန်အထိ အရေအတွက် အတိအကျကို တစ်ခါမှ မကြားဖူးချေ။ သူ့နှလုံးသားက ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့် အလား တဒိတ်ဒိတ် တုန်လာခဲ့၏။
“လေးဆယ့်လေး... လေးဆယ့်လေး...”
တန်ခိုးရှင် အင်အားစု တစ်ခုချင်းစီ၏ မြေကြီး ရှန့်ထို အရေအတွက် အတိအကျကိုပါ လင်းမင် သိချင် လာခဲ့သည်။
အကာသ ဝေဟင်ဂိုဏ်းတွင်ရော မည်မျှ ရှိသနည်း။ အဆုံးမဲ့ သိုင်းဂိုဏ်းတွင်ရော မည်မျှ အထိ ရှိသနည်း။ အဘယ်ကြောင့် အဆုံးမဲ့ သိုင်းဂိုဏ်းက မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် တတိယမြောက် အင်အား အကြီးဆုံး ဖြစ်နေရသနည်း။
လင်းမင် အံ့သြတကြီး တွေးတောနေမိစဉ်မှာပင် အင်ပါယာ မျိုးနွယ်၏ အင်ပါယာ မျိုးနွယ်၏ သင်္ဘောများမှာ ထာဝရ ကောင်းကင်နားတွင် ကျောက်ချ ရပ်နားလိုက်၏။ ထို့နောက် သူတို့၏ မြေကြီး ရှန့်ထိုများ၊ လျှို့ဝှက် အာဏာရှင် အဆင့်များ၊ ရွေးချယ်ခံများ၊ တန်ခိုးရှင် သတ်မှတ်ချက်ဝင်များ အားလုံးမှာ ဂြိုဟ်ဆီသို့ ဆင်းသက် သွားကာ ခုနစ်ရောင်ခြယ် အလင်းတန်းများထဲတွင် ပျောက်ကွယ်သွားကြတော့သည်။
ဟူး... ဟူး...
သိပ်မကြာခင်မှာပင် မတူကွဲပြားသော အရောင်များနှင့် ဧရာမ ဟင်းလင်းပြင် သင်္ဘောကြီးမှာ အဝေး တစ်နေရာတွင် ပေါ်လာခဲ့၏။
ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ...
ကြယ်ကွင်းပြင်၏ ဒုတိယမြောက် အကြီးမားဆုံး အင်အားစုကြီးမှာလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
***