ထိပ်သီး ပုဂ္ဂိုလ်များ
Vol. 72 Ch. 996
အင်ပါယာ မျိုးနွယ်နှင့် ခြားနားစွာပင် ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ မြေကြီး ရှန့်ထိုများမှာ ထူးဆန်းစွာပင် မြင်ကွင်းမှ ပျောက်ကွယ် နေကြ၏။ သူတို့က ဥက္ကာပျံများ အဖြစ်သာ သင်္ဘောများထဲမှ ပျံထွက်လာကာ ခုနစ်ရောင်ခြယ် အလင်းများထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားကြသည်။
ထို့နောက်တွင်တော့ အဆုံးမဲ့ သင်္ဘောကြီးမှာ စတင်ကာ လှုပ်ရှား လာခဲ့လေသည်။ ၎င်း၏ ဧရာမ ကိုယ်ထည်ကြီး လှုပ်ရှားသွားသည်နှင့် အမှောင် ဟင်းလင်းပြင် တစ်ခုလုံးမှာ လှိုင်းများဖြင့် ပြည့်နှက် သွား၏။ အနီးအနား၌ ရှိနေသည့် သင်္ဘောငယ်လေးများမှာ မန်နာလှိုင်းများ၏ တွန်းဖယ်မှုကို ခံလိုက်ရလေသည်။ မည်သည့် ထိခိုက် ပျက်စီးမှုမှ မဖြစ်ပွားခဲ့သည်မှာ အလွန်ပင် ကံကောင်းလှပေသည်။
ဝှစ်... ဝှစ်...
ထာဝရ ကောင်းကင်နားသို့ ရောက်ရှိပြီးနောက် အလင်းတန်း ကိုးဆယ့်ကိုးခုမှာ အဆုံးမဲ့ထဲမှ ထွက်ပေါ်လာကာ ခုနစ်ရောင်ခြယ် ကျောက်တိုင်ထဲသို့ ဝင်ရောက် သွားခဲ့၏။
တတိယမြောက် ထိပ်သီး အင်အားစုကြီးမှာလည်း ဝင်ရောက် သွားခဲ့လေပြီ။ ယခုက ကြယ်တာရာ ခေါင်းဆောင်များ၏ အလှည့်ကို ကျရောက်လာခဲ့ပြီ ဖြစ်သည်။
နောက်ထပ် တစ်ဖန် လှုပ်ရှားလာသည်ကတော့ သင်္ဘော ခြောက်စင်းပါ တပ်ဖွဲ့ တစ်ခု ဖြစ်ပေသည်။ လေထု ကင်းမဲ့သည့် အမှောင် ဟင်းလင်းပြင် အတွင်းတွင်ပင် သူတို့၏ သင်္ဘောများမှာ ထူးဆန်းသော မီးတောက်များနှင့် တောက်လောင်နေ၏။ သူတို့ကတော့ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် တတိယမြောက် အင်အား အကြီးဆုံး ကြယ်တာရာ နယ်မြေ ဖြစ်သည့် မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေ ခေါင်းဆောင်များပင် ဖြစ်လေသည်။
“အင်ဖာနို နေမီးတောက် ဘုရားကျောင်းမှာ မြေကြီး ရှန့်ထို ငါးယောက် ရှိတယ်... ပုပ်ရဟန်း မင်းကြီး တစ်ယောက်၊ သူ့ရဲ့ မျိုးဆက် သုံးယောက်နဲ့ အကန့်အသတ်မဲ့လို့ ခေါ်တဲ့ သီးခြား ကျင့်ကြံသူ တစ်ယောက်ပဲ... မြေကြီး ရှန့်ထိုတွေထဲမှာ အကန့်အသတ်မဲ့က အသန်မာဆုံးထဲမှာ ပါတယ်လို့ ကျော်ကြားတယ်... သူ့ထက် သာတဲ့ မြေကြီး ရှန့်ထို သုံးယောက်ပဲ ရှိတယ်”
လင်းရှန်းရှဲ့က သူမ၏ သဘာဝ အတိုင်း ရှင်းပြလိုက်၏။ လင်းမင်၏ မျက်လုံးများက နားလည် သဘောပေါက်ခြင်းများနှင့် ပြည့်နှက် သွားကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေ၏ အကန့်အသတ်မဲ့မှာ အလွန် ကြောက်မက်ဖွယ် ကောင်းသော ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် သူ့ထက် သာလွန်သည့် မြေကြီး ရှန့်ထို သုံးယောက်သာ ရှိပေသည်။ လင်းမင်မှာ ကြယ်ကွင်းပြင်၏ အစစ်အမှန် ထိပ်သီး ကျင့်ကြံသူများကို သိချင်လာခဲ့၏။
“အသန်မာဆုံး သုံးယောက်က ဘယ်သူလဲ စီနီယာ အမလင်း...”
လင်းမင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ လင်းရှန်းရှဲ့က အသက်ကို ခပ်ပြင်းပြင်း ရှူကာ အင်ဖာနို နေမီးတောက် ဘုရားကျောင်းဦးဆောင်သည့် မီးတောက် ခြောက်ခု ကြယ်တာရာ နယ်မြေ၏ သင်္ဘောများကို လေ့လာလိုက်၏။
“ရွှေရောင် အသက်နန်းတော် ထုတ်ပြန်ထားတဲ့ ထိပ်သီး မြေကြီး ရှန့်ထို သုံးယောက်က ကြယ်ကိုးပွင့် ရှန့်ထို ခန်းမက ဝိညာဉ်ရှန့်ထို ဧကရာဇ်ရယ်၊ အဆုံးမဲ့ သိုင်းဂိုဏ်းက အဆုံးမဲ့ သိုင်းဧကရာဇ်ရယ်၊ ထျန်းမျိုးနွယ်ရဲ့ အင်ပါယာ အကြံပေးတို့ပဲ”
နာမည် တစ်ခုချင်းစီကို ရေရွတ်လိုက်တိုင်း၌ လင်းရှန်းရှဲ့၏ လေသံက အလွန်ပင် လေးနက် နေသည်။ ထိုပုဂ္ဂိုလ်ကြီးများမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အမြင့်မားဆုံးသော ဂုဏ်သိက္ခာနှင့် အတူ အသန်မာဆုံးသော အင်အားစုကြီးများကို နောက်ခံပြုထားကြသူများ ဖြစ်သည်။
လင်းမင်မှာ သူ၏ မိုးကုပ်စက်ဝိုင်းက ပိုမို ကျယ်ပြန့်လာသလို ခံစားလိုက်ရလေရာ ရင်များပင် ခုန်လာခဲ့၏။ ထိုအခိုက်အတန့်တွင် မီးတောက် ခြောက်ခု ကြယ်ကွင်းပြင်၏ ကျင့်ကြံသူများမှာ ခုနစ်ရောင်ခြယ် အလင်းတန်းများထဲကို တိုးဝင်ကာ မြင်ကွင်းများမှ ပျောက်ကွယ် သွားခဲ့ကြပြီ ဖြစ်သည်။
ဝှစ်...
နောက်ထပ် တစ်ဖန် အလှည့်ကျသည်ကတော့ တံတားများနှင့် တြိဂံ ဝင်္ကပါ တစ်ခု သဖွယ် ဆက်သွယ် ထားသည့် ဟင်းလင်းပြင် သင်္ဘော သုံးစင်း ဖြစ်သည်။
သုံးမြှောင့် ပေါင်းစည်းခြင်းဂိုဏ်း...
၎င်း၏ ဖွဲ့စည်းပုံနှင့် လည်ပတ်ပုံတို့ကို အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ လောကဂိုဏ်းကြီးများနှင့် ဆင်တူကာ များလှစွာသော ကလန်များ၊ အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်နေသည်။ ၎င်းက အဆုံးမဲ့ သိုင်းဂိုဏ်းကြီးလောက် ကြီးမားခြင်း မရှိသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ် အလွန် အထင်ကြီးစရာ ကောင်းနေဆဲ ဖြစ်သည်။
“သုံးမြှောင့် ပေါင်းစည်းခြင်းဂိုဏ်းက မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ စတုတ္ထမြောက် အင်အားအကြီးဆုံး ကြယ်တာရာ နယ်မြေ ဖြစ်တဲ့ သုံးမြှောင့် ကြယ်တာရာ နယ်မြေရဲ့ ခေါင်းဆောင်ပဲ”
လင်းရှန်းရှဲ့က ကြေညာလိုက်၏။ သူမ၏ စိတ်လှုပ်ရှားမှုများက အထွတ်အထိပ်သို့ပင် ရောက်လုနီးပါး ဖြစ်သည်။ အဆုံးမဲ့ ဟင်းလင်းပြင် အတွင်းရှိ အကြီးမားဆုံး ဂိုဏ်းကြီးများထံ သွားလောက် လည်ပတ်လိုသည်က သူမ၏ ဆန္ဒများထဲမှ တစ်ခု ဖြစ်ပေသည်။
သို့သော်လည်း... ကံမကောင်းစွာပင် အတိတ်၌ သူမမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ကောင်းချီးခံ နတ်မိမယ်ကလေး ဖြစ်နေသည့် အပြင် လင်းမျိုးနွယ်၏ အနာဂတ် ခေါင်းဆောင်လည်း ဖြစ်နေခဲ့လေရာ ကန့်သတ်ချက် များစွာ ရှိနေခဲ့သည်။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ ထွက်ခွာ၍ ရွေးချယ်ခံ ပြိုင်ပွဲကို သွားရောက်ရုံဖြင့်ပင် သူမ အသက် ဆုံးရှုံးလုနီးပါး အထိ ဖြစ်သွားခဲ့သည်။ အကယ်၍ လင်းမင်ကြောင့်သာ မဟုတ်ပါက... သူမ သေလျှင်သေ မသေးလျှင်လည်း ရန်သူများ၏ လက်၌ သုံ့ပန်းတစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ယခုတွင်တော့ အခြေအနေ အားလုံးက ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ကျန်းကျိရီ၏ သူမ အပေါ် ရန်လိုမှုများက ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည့် အပြင် အခြား အကြီးအကဲများထံမှ မျက်နှာသာပေးမှုများကိုပါ သူမ ရရှိလာခဲ့သည်။ သူမတို့၏ အဓိက ရန်သူ ဖြစ်သည့် အင်ပါး အင်အားစုများမှာလည်း ပျောက်ကွယ် သွားခဲ့လေပြီ။ ဤသည်က သူမ ဘဝတွင် ပိုင်ဆိုင်ခွင့် ရရှိလိမ့်မည်ဟု တစ်ခါမှ မျှော်လင့် မထားခဲ့သည့် အခြေအနေပင် ဖြစ်လေသည်။
ထိုအရာ အားလုံးက သူမ ဘဝထဲကို အမှတ်မထင် ဝင်ရောက်လာခဲ့သည့် ငွေရောင် မျက်လုံးများ ပိုင်ရှင် လူငယ်လေး တစ်ယောက်၏ သက်ရောက်မှုများပင် ဖြစ်ပေသည်။
လင်းရှန်းရှဲ့ ဆက်လက်၍ မတွေးတောနိုင်ခင်မှာပင် လင်းမင်က ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် မေးလိုက်၏။
“နေဦး... အမလင်း... စောနက အမပြောတဲ့ ထိပ်သီး ပုဂ္ဂိုလ် သုံးယောက်ထဲမှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာလည်း မပါပါလား... သူက ကြယ်ကွင်းပြင် တစ်ခုလုံးမှာ နံပတ်တစ် မဟုတ်ဘူးလား...”
သူ၏ သံသယက အမှား မပါပါချေ။ နတ်ဘုရား အင်ပါယာမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် နံပတ်တစ် အင်အားစုကြီး၏ ခေါင်းဆောင် ဖြစ်သည်။ အင်ပါယာ အကြံပေးပင်လျှင် ထိုစာရင်း၌ ပါဝင်လေရာ နတ်ဘုရား အင်ပါယာက အဘယ်ကြောင့် မပါရမည်နည်း။
လင်းရှန်းရှဲ့မှာ လင်းမင်ကို သုန်မှုန်စွာ ကြည့်လိုက်မိ၏။ လင်းမင်မှာ အသိဉာဏ်ကို အသုံးမချသလို ခံစားချက် တစ်ရပ်က သူမ စိတ်အတွင်း ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း... လင်းမင်မှာ ငယ်ရွယ်ကာ အတွေ့အကြုံ နည်းပါးသေးကြောင်း သူမ ကိုယ့်ကိုယ်ကို ပြန်လည် သတိပေးလိုက်၏။
“ကြယ်ကွင်းပြင် တစ်ခုလုံးရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူကို ဘယ်လိုလုပ်ပြီး အခြားလူတွေနဲ့ တစ်တန်းတည်းထားလို့ ရမှာလဲ...”
စကားပြောလိုက်သူက လင်းရှန်းရှဲ့ မဟုတ်ပါချေ။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းချုပ် တစ်ဖြစ်လည်း လင်းရှန်းရှန်းပင် ဖြစ်လေသည်။ သူမ၏ အသံက ဖော်ပြ၍ မရနိုင်သည့် လေးနက်မှုများနှင့် ပြည့်နှက် နေ၏။
“သူက အခြားလူတွေနဲ့ တူညီတဲ့ အဆင့် တစ်ခုမှာ မဟုတ်ဘူး...”
ဘုန်း...
လင်းရှန်းရှန်း၏ စကားလုံးများမှာ ပတ်ဝန်းကျင်ရှိ မန်နာများကို သက်ရောက် သွားသည့် အလား ဟင်းလင်းပြင် သင်္ဘောမှာ အနည်းငယ် တုန်ရီသွား၏။
“ဒါဆို...”
လင်းမင်၏ မျက်လုံးများမှာ ဉာဏ်အလင်းများနှင့် ပြည့်နှက် သွား၏။ သူ၏ နှလုံးသားက ထိန်းချုပ်လို့ မရနိုင်အောင် တဒိတ်ဒိတ် တုန်ရီလာသည်။
“အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာက လောကရှန့်ထို...”
ဘုန်း... ဘုန်း...
သူ၏ စကားမဆုံးခင်မှာပင် သင်္ဘောက ပိုမို ကြမ်းတမ်းစွာ တုန်ရီလာကာ မန်နာများမှာ ဗြောင်းဆန် ကုန်တော့၏။ ထူးဆန်းသော ဖိအားများက သင်္ဘောပေါ် အဆက်မပြတ် ကျဆင်းလာသည်။
အလွန် ဝေးကွာသည့် တစ်နေရာတွင်တော့ ပုံရိပ် တစ်ခုမှာ ဖြည်းညင်းစွာပင် မျက်လုံးများ ပွင့်လာခဲ့၏။ သူ၏ မျက်လုံးများက အဆုံးမဲ့ ကြယ်တာရာများနှင့် ပြည့်နှက်နေသည်။ ထိုကြယ်များက ထူးဆန်းသည့် ပတ်လမ်းများနှင့် ရွေ့လျားနေကာ ဝင်္ကပါ တစ်ခု သဖွယ် နေရာယူထား၏။ စက္ကန့် အနည်းငယ် ကြာပြီးနောက်၌ ထိုမျက်လုံးများက ပြန်လည် ပိတ်သွားခဲ့သည်။
မန်နာများမှာ ပြန်လည်၍ ငြိမ်သက် သွား၏။ သို့သော်လည်း လင်းမင်၏နှလုံးသားကတော့ လှိုင်းထန်နေဆဲ ဖြစ်သည်။ အင်ပါယာ မျိုးနွယ်၏ ခေါင်းဆောင်က လောက ရှန့်ထို တစ်ပါး ဖြစ်နေသည်လား။ သူက ကြယ်ကွင်းပြင် တစ်ခုလုံး၏ ထိပ်သီး ပုဂ္ဂိုလ် ဖြစ်နေတာ အံ့အားသင့်စရာ မရှိတော့ချေ။
***