ကြယ်တာရာ နယ်မြေများ
Vol. 72 Ch. 997
“လောကသက်တံ့ ကြယ်တာရာ နယ်မြေ...”
ရုတ်တရက် ထွက်ပေါ်လာသည့် လင်းရှန်းရှဲ့၏ အသံကြောင့် လင်းမင်မှာ အတွေးအာရုံမှ ပြန်လည် နိုးထလာ၏။ ထာဝရ ကောင်းကင်ဆီသို့ လှမ်းကြည့်လိုက်ရာ အလင်း ကျောက်တိုင်နားကို တဖြည်းဖြည်း ချဉ်းကပ်သွားသည့် သင်္ဘော ခုနစ်စင်းကို သူ တွေ့လိုက်ရသည်။ ၎င်းတို့ တစ်ခုချင်းက အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်၊ အပြာ၊ မဲနယ်နှင့် ခရမ်း စသည်ဖြင့် မတူကွဲပြားသည့် အရောင် တစ်မျိုးစီကို ပိုင်ဆိုင်ထားကာ တစ်ခုနှင့် တစ်ခု သံကြိုးရှည်ကြီးများနှင့် ဆက်သွယ် ထားကြ၏။
“သက်တံလောက ကြယ်တာရာ နယ်မြေမှာ ခေါင်းဆောင် မရှိဘူး... သူတို့ကို တန်ခိုးရှင် အင်အားစုကြီး ခုနစ်ခုက ပူးပေါင်း အုပ်စိုးကြပြီးတော့ သက်တံ့လောက မဟာမိတ်တွေလို့ ခေါ်ကြတယ်... သူတို့က မဟာစက်ဝန်း ကြယ်ကွင်းပြင်ရဲ့ ရှေးအကျဆုံး အင်အားစုတွေမှာ ပါတယ်”
လင်းရှန်းရှဲ့ ရှင်းပြနေစဉ်မှာပင် သက်တံ့လောကဂိုဏ်းမှာလည်း ခုနစ်ရောင်ခြယ် အလင်းတန်းများထဲကို ဝင်ရောက် သွားကြ၏။
“သူတို့မှာ မြေကြီး ရှန့်ထို ခုနစ်ယောက်တောင် ရှိတာလား...”
လင်းမင်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။ ဤအတိုင်း ဆိုပါက... သက်တံ့ လောကဂိုဏ်းမှာ လျှော့မတွက်သင့်သည့် အင်အားစု တစ်ခု ဖြစ်ပေသည်။
သို့သော်လည်း လင်းရှန်းရှဲ့က ခေါင်းခါလိုက်၏။
“ဟင့်အင်း... သူတို့မှာ တစ်ယောက်ပဲ ရှိတာ... ဒါပေမဲ့ သူတို့ရဲ့ ကြယ်တာရာ နယ်မြေက မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ နံပတ်ငါး ဖြစ်နေတုန်းပဲ... သက်တံ့လောက ကြယ်တာရာ နယ်မြေရဲ့ အဓိက အင်အားက သက်တံ့ဝှက် အစီအရင်ကနေ လာတာ... ဘယ်သူမှ ရင်မဆိုင်ချင်တဲ့ အစီအရင် တစ်ခု... စမ်းသပ်ဖို့ ကြိုးစားခဲ့တဲ့ အင်အားစုတိုင်း ရှင်းလင်း ခံခဲ့ရတဲ့ အစီအရင် တစ်ခုပေါ့လေ...”
“ရှေးလူကြီးတွေ ပြောစကား အရဆိုရင် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာဟာ သူ မြေကြီး ရှန့်ထို ဖြစ်ပြီး မကြာခင် သက်တံ့လောက ကြယ်တာရာ နယ်မြေကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့သေးတယ် တဲ့... ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျရှုံးပြီး ဒဏ်ရာတွေကို တံခါးပိတ်ပြီးတောင် ပြန် ကုသခဲ့ရတယ်... အဲဒီအချိန်က စလို့ သက်တံ့လောက မဟာမိတ် အဖွဲ့ကို ဘယ်သူမှ စိန်မခေါ်ရဲတော့ဘူး”
“...”
လင်းမင်မှာ အံ့အားသင့် သွားခဲ့၏။ လင်းရှန်းရှဲ့ ပြောဖူးသလောက် ဆိုလျှင် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ ပထမဆုံး မြေကြီး ရှန့်ထို ဖြစ်သည်။ ထို့နောက်မှသာ အခြား မြေကြီး ရှန့်ထိုများ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကြီးကျယ် ခမ်းနားလှစွာသော အဆုံးမဲ့ ကောင်းကင် အင်ပါယာမှာ သက်တံ့လောက မဟာမိတ် အဖွဲ့ကို ရှုံးနိမ့်ခဲ့သည်လား။ ထိုနောက်ကွယ်တွင် ပိုမို ရှုပ်ထွေးသည့် ဇာတ်ကြောင်းများ ရှိနေဦးမှာ သေချာပေသည်။
မကြာခင်မှာပင် ပိုမို များပြားလှသည့် ကြယ်တရာ နယ်မြေများမှာ အလင်းကျောက်တိုင်နားသို့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ချဉ်းကပ် သွားကြ၏။
“အဲဒါက မဟာ ပျက်သုဉ်းခြင်း ကြယ်တာရာ နယ်မြေ... ကြယ်ကွင်းပြင် တစ်ခုလုံးမှာ ခြောက်ခု မြောက်ပေါ့”
"မြင့်မြတ်သောနေ ကြယ်တာရာ နယ်မြေ... သူတို့ကတော့ နံပတ် ခုနစ် ချိတ်တယ်”
လင်းရှန်းရှဲ့က ကြယ်တာရာ နယ်မြေများ အကြောင်းကို တစ်ခုချင်းစီ အလိုက် လင်းမင်ကို ဆက်လက် ရှင်းပြ နေခဲ့၏။
၎င်းတို့အား နံပတ်စဉ် တပ်ပြရပါက... ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ (နံပတ်-၈)၊ အလင်းအလွန် ကြယ်တာရာ နယ်မြေ (နံပတ်-ကိုး)၊ မူလ ဂိုင်ယာ (နံပတ်-၁၀)၊ ပြည်ထောင်စု ရင်းမြစ် (နံပတ်-၁၁)၊ ရတနာ အလင်း (နံပတ်-၁၂)၊ မြေကြီးရစ်ခွေ (နံပတ်-၁၃)၊ မူလတွင်းနက် (နံပတ်- ၁၄)၊ မူလအမှောင် (နံပတ်-၁၅)၊ နေ့အလင်း (နံပတ်-၁၆)၊ ရောင်စဉ်ဝိညာဉ် (နံပတ်-၁၇)၊ အရိုးတစ်ထောင် (နံပတ်-၁၈)၊ စိမ်းလမ်းခြင်း နတ်ဘုံ (နံပတ်-၁၉)၊ မဟာပြာလွင်ခြင်း (နံပတ်-၂၀)၊ ထာဝရပွင့်လန်းခြင်း (နံပတ်-၂၁)နှင့် လကြွေဆင်းခြင်း ကြယ်တာရာ နယ်မြေ (နံပတ်-၂၂) တို့ ဟူ၍ပင် ဖြစ်လေသည်။
လင်းရှန်းရှဲ့မှာ ကြယ်တာရာ နယ်မြေများနှင့် ပတ်သက်ပါက အလွန်ပင် ဗဟုသုတ ကြွယ်ဝသူ ဖြစ်ကာ ထူးခြားချက်တိုင်းကို သိရှိထားသူ ဖြစ်သည်။
“မူလဂိုင်ယာက ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ နေကြယ်တစ်လုံးနဲ့ ဂြိုဟ်တစ်ခုပဲ ရှိတဲ့ တစ်ခုတည်းသော ကြယ်တာရာ နယ်မြေပဲ... ဒါပေမဲ့ သူတို့ရဲ့ ဂြိုဟ် အရမ်းကို ကြီးတယ်... ကျိရန် နေကြယ်တွေထက်တောင် ပိုပြီးတော့ ကြီသေးတယ်...”
နေကြယ်များကို ၎င်းတို့၏ အရွယ်အစား အလိုက် နေကြယ်ပု၊ တိုက်တန်၊ ကျိရန်၊ ကျိကျားနှင့် အကြွင်းမဲ့ ဟူ၍ ငါးမျိုး ခွဲခြားထား၏။
“မူလဂိုင်ယာ ကြယ်တာရာ နယ်မြေက ကျင့်ကြံသူတွေက သူတို့ရဲ့ ဂြိုဟ်ကို စဉ်ဆက်မပြတ် သန့်စင်နေကြတာ... တကယ် ရူးသွပ်နေတဲ့ လူတွေ... ဂြိုဟ်အရွယ်အစားကို မြှင့်တင်ဖို့ အတွက် နတ္ထိဟင်းလင်းပြင်ထဲကိုတောင် ခရီးနှင်ပြီး လေလွင့်ကောင်းကင်တွေ လိုက်ရှာကြသေးတာ... ပြောစကားတွေ အရ ဆိုရင် ဟင်းလင်းပြင် မုဆိုး အဖွဲ့အစည်းတိုင်း နီးပါးက သူတို့ဆီကတဲ့... မှားမှန်း မှန်မှန်... ဟင်းလင်းပြင်နဲ့ ပတ်သက်ရင် သူတို့ ကျွမ်းကျင်တာကတော့ တကယ်ပဲ”
“မူလအမှောင် ကြယ်တာရာ နယ်မြေရဲ့ ကျင့်ကြံသူတွေကတော့ နေကြယ်တွေကို အမှောင်အလင်း ရည်ရွယ်ချက်တွေနဲ့ သန့်စင်ထားကြတာ... သူတို့ရဲ့ ကြယ်တာရာ နယ်မြေ တစ်ခုလုံးက အနက်ရောင် ပုံစံ ရှိတဲ့ အမှောင်အလင်း စွမ်းအင်တွေနဲ့ ဖုံးလွှမ်းနေတယ်... ရှင်းရှင်း ပြောရရင် တစ်လောကလုံး မှောင်နေတယ် ပေါ့လေ...”
“အဲဒါကြောင့်ပဲ မူလအမှောင် ကြယ်တာရာ နယ်မြေသားတိုင်းက အမှောင်နဲ့ အလင်း စွမ်းအင်တွေကို သဘာဝ လက်ဆောင် အဖြစ် ပိုင်ဆိုင်ထားကြတယ်... သူတို့က ဘယ်လို အမှောင်ထုကို မဆို ဖြတ်သန်းပြီး မြင်နိုင်ကြတယ်... အဲဒီလို စွမ်းရည်ကပဲ သူတို့ကို ပျောက်ကွယ်ခြင်း အမှတ်တွေ၊ ကြယ်တရာ မိုးတွေနဲ့ အန္တရာယ် များတဲ့ ပတ်ဝန်းကျင်မှာ အသက်ရှင်နိုင်အောင် ထောက်ပံ့ပေးထားတာ”
“နောက်ပြီး မူလအမှောင်က ကြယ်ကွင်းပြင်မှာ ကြယ်တာရာမိုး အများဆုံး တင်ပို့တဲ့ အဖွဲ့အစည်းပဲ... ကြယ်တာရာမိုးတွေကို ချိပ်ပိတ် ဖမ်းဆီးတဲ့ သူတို့ရဲ့ နည်းလမ်းတွေက တကယ် ပြိုင်ဘက်ကင်းတယ်... အဲဒီ နယ်ပယ်မှာ ဘယ်သူမှ သူတို့ကို မယှဉ်နိုင်ဘူး”
“မူလတွင်းနက် ကြယ်တာရာ နယ်မြေက အစတုန်းက မူလအမှောင် ကြယ်တာရာ နယ်မြေရဲ့ အစိတ်အပိုင်း တစ်ခုပဲ... သူတိ့က သန့်စင်တဲ့ အမှောင်စွမ်းအင် တစ်မျိုးတည်းကိုပဲ ယုံကြည်တယ် ဆိုပြီး မကြေညာခင် အချိန် အထိ ပေါ့လေ... မူလတွင်းနက်က ကြယ်တာရာ နယ်မြေ နှစ်ဆယ့်နှစ်ခုမှာ လူဦးရေ အနည်းဆုံး ဆိုပေမဲ့ အသန်မာဆုံး အမှောင် ကျင့်ကြံသူတွေနဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေကို ပိုင်ဆိုင်ထားတယ်... သူတို့က အရမ်း ကြောက်ဖို့ ကောင်းကြတယ်...”
“ဒါပေမဲ့ မူလတွင်းနက်သားတွေက မူလ အမှောင်သားတွေလို အမှောင်ထုထဲမှာတော့ မနေဘူး... သူတို့ရဲ့ နေကြယ်တွေက ပုံမှန်အတိုင်း အလင်းကို ထုတ်လွှတ်ပေးတယ်... အမှောင်တွင်းနက်နဲ့ ပတ်သက်ရင် ပြောစမှတ် အပြုကြဆုံးကတော့ သူတို့ ဂြိုဟ်တွေပဲ... အဲဒီ ထူးဆန်းတဲ့ ကောင်းကင်ခန္ဓာတွေက ဘယ်လို အလင်းမျိုးကို မဆို စုပ်ယူပြီး လျှို့ဝှက် ဆန်းကြယ်တဲ့ နည်းလမ်းတွေနဲ့ အသန့်စင်ဆုံး မှောင် စွမ်းအင်တွေကို ပြန်ထုတ်ပေးနိုင်စွမ်း ရှိတယ်”
"လကြွေဆင်းခြင်း ကြယ်တာရာ နယ်မြေကတော့ နေမရှိတဲ့ တစ်ခုတည်းသော ကြယ်တာရာ နယ်မြေပေါ့လေ... လတွေဆီ စွမ်းအင် ဖြည့်တင်းဖို့ အတွက် သူတို့က နေကြယ်တွေကို ဖျက်ဆီးပစ်လိုက်တယ်လို့လည်း ပြောစမှတ် ပြုကြတယ်... သူတို့က လတွေကို ဖန်တီးကြတယ်... အရမ်းကို လှပပြီး ငွေရောင် အဆင်းနဲ့ ထွန်းလင်းနေတဲ့ လတွေပေါ့လေ... ငါကြားဖူးသလောက်ဆို လကြွေဆင်းခြင်း ကြယ်တာရာ နယ်မြေက မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးမှာ အလှပဆုံး နေရာတဲ့... အားအနည်းဆုံး ကြယ်တာရာ နယ်မြေ ဖြစ်နေတာကတော့ တစ်ပိုင်းပေါ့လေ”
လင်းရှန်းရှဲ့၏ ရှင်းပြမှုများ အဆုံးသတ်တွင်တော့ ကြယ်တာရာ နယ်မြေ နှစ်ဆယ့်နှစ်ခုမှာ အလင်းတိုင် အတွင်း ဝင်ရောက် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ သီးသန့် ရပ်တည်နေသည့် အင်အားစုများ၊ ကလန်များ၊ အစည်းအရုံးများ၊ ဂိုဏ်းကြီးများသာ ကျန်ရှိပေတော့သည်။
အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ မြေကြီး ရှန့်ထို တစ်ယောက်မှ ပါမလာလေရာ လှုပ်ရှားခြင်း မပြုနိုင်သေးချေ။ အာကာသ ဝေဟင်ဂိုဏ်းကတော့ သူတို့လူများကို တစ်ယောက်ထက် ကျော်လွန်၍ ဘယ်တော့မှ စေလွှတ်လေ့ မရှိချေ။ ရောက်ရှိလာသည့် တစ်ယောက်မှာလည်း ဘယ်တော့မှ လူသိရှင်ကြား မလာပါချေ။ ထို့ကြောင့်ပင် အာကာသဝေဟင်ဂိုဏ်း၏ တမန်တော်မှာ ရောက်ရှိပြီး ဖြစ်နိုင်ပေသည်။
သို့ဖြစ်လေရာ... နိုဘယ်ကလန်များ၏ အလှည့် ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ဘုန်း...
ချက်ချင်းဆိုသလိုပင် အဖြူရောင် သင်္ဘောကြီး နှစ်စင်းမှာ ထာဝရ ကောင်းကင်ဆီ ချဉ်းကပ် သွား၏။ ၎င်းတို့၏ အထက်တွင်တော့ အဖြူရောင် ဧရာမ ဓားကြီး သဏ္ဌာန် ပုံရိပ်ယောင်ကြီး တစ်ခု ပါရှိသည်။ ၎င်းက တိုက်ရိုက် ကြည့်ရုံမျှဖြင့် နာကျင် စေနိုင်စွမ်း ရှိသည့် ဓားရည်ရွယ်ချက် အလင်းများကို ထုတ်လွှတ်နေ၏။
လင်းမင်မှာ တစ်ချက် ကြည့်ရုံမျှဖြင့်ပင် မျက်လုံးများကို အတင်းအကြပ် မှိတ်လိုက်ရသည်။ မျက်ရည်များမှာ သူ့မျက်လုံး ထောင့်စွန်းများမှ စီးကျလာသည်။ အချို့ အားနည်းသူများ ဆိုလျှင် သွေးမျက်ရည်များပင် ကျလာကြ၏။
လျှို့ဝှက် အာဏာရှင် အဆင့်များ၏ မျက်လုံးများက ကျဉ်းမြောင်း သွားကြ၏။ မည်မျှ မောက်မာကာ ကြမ်းတမ်းလိုက်သနည်း။
အံ့အားသင့်ဖို့ ကောင်းစွာပင်... ထိုလုပ်ရပ်က ယာယီ ငြိမ်းချမ်းရေး လျှို့ဝှက် ကျိန်စာကို ချိုးဖျက်မိခြင်း မရှိပါချေ။ ကြည့်ရသည်က လျှို့ဝှက် ကျိန်စာမှာ သေဆုံးခြင်းနှင့် နီးစပ်ခြင်း သရွေ့ အရာအားလုံးကို လျစ်လျူထားသည့်ပုံပင်။
“အသန်မာဆုံး အင်အားစုတွေ ထွက်သွားတာနဲ့ စပြီး မောက်မာတော့တာပဲ... ဟမ့်...”
လင်းရှန်းရှန်းက အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။
ကျန်းမျိုးနွယ်...
သူတို့က ဓားတစ်စင်း နယ်မြေ၏ အုပ်စိုးသူများ ဖြစ်ကာ ဓားတာအို တစ်ခုတည်းကိုသာ အထူးပြု ကျင့်ကြံကြသည်။ မြေကြီး ရှန့်ထို နှစ်ယောက်နှင့် အတူ သူတို့က နိုဘယ်ကလန် ရှစ်ခုတွင် အင်အား အကြီးဆုံးလည်း ဖြစ်သည်။ ထို့အပြင်... ကျန်းမျိုးနွယ်မှာ မြေကြီး ရှန့်ထို တစ်ယောက်တည်းကို ပိုင်ဆိုင်ထားသည့် ကြယ်တာရာ နယ်မြေများထက်ပင် ပိုမို အင်အားကြီးသည်။သို့ဖြစ်လေရာ... သူတို့၏ မောက်မာမည် ဆိုလည်း မောက်မာစရာပင် ဖြစ်သည်။
အားလုံး၏ အကြည့်များ အောက်တွင်ပင် ကျန်းမျိုးနွယ်ဝင်များမှာ အလင်း ကျောက်တိုင်ထဲကို ဝင်ရောက် သွားခဲ့၏။ သင်္ဘောများထက်ရှိ ဓားကြီးမှာလည်း တဖြည်းဖြည်း ပြန်လည် မှေးမှိန်သွားခဲ့သည်။ လျှို့ဝှက်ကျိန်စာ ကျိုးပျက်သည် အထိ မောက်မာရအောင် သူတို့ မမိုက်မဲသေးချေ။
မကြာခင် အခြား နိုဘယ်ကလန်များမှာလည်း တစ်ခုပြီး တစ်ခု လှုပ်ရှားလာကာ အလင်းကျောက်တိုက်ထဲကို ဝင်ရောက် သွားကြ၏။
လင်းရှန်းရှန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း နိုဘယ် ကလန် ရှစ်ခု အကြောင်း လင်းမင် အပါအဝင် လူငယ် ရွေးချယ်ခံများကို ရှင်းပြလိုက်သည်။
“တော်ဝင်မျိုးနွယ် ရှစ်ခုမှာ ကျန်း၊ ယု၊ ချန်းနဲ့ ဟယ်တွေက မြေကြီး ရှန့်ထိုတွေကို ပိုင်ဆိုင်ထားကြတယ်... လျူမျိုးနွယ်ရဲ့ မြေကြီး ရှန့်ထိုကတော့ အင်ပါယာ အကျဉ်းထောင်ထဲမှ ချုပ်နှောင်ခံထားရတယ်... သူ့ပြစ်ဒဏ်က နှစ်နှစ်သောင်း အထိ ကြာမြင့်လိမ့်မယ်... ဒီတော့ လျူမျိုးနွယ်မှာလည်း မြေကြီး ရှန့်ထို မရှိတော့ဘူးလို့ ယူဆလို့ ရတယ်... ကျန်းတွေက မြေကြီး ရှန့်ထို နှစ်ယောက်ကို ပိုင်ဆိုင်ထားပေမဲ့ ကျန်တဲ့ မျိုးနွယ်တွေကတော့ တစ်ယောက်စီပဲ... အခြား မျိုးနွယ်သုံးခု ဖြစ်တဲ့ ပင်း၊ ထန်နဲ့ မင်တွေမှာတော့ မြေကြီး ရှန့်ထို တစ်ယောက်မှ မရှိဘူး”
လင်းမင်မှာ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။ ယခုဆိုလျှင် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ တည်ဆောက်ပုံများ အကြောင်းသူ နားလည်သလောက် ရှိသွားခဲ့ပြီ ဖြစ်သည်။
မြေကြီး ရှန့်ထို လေးဆယ့်လေးယောက်...
ထိုအရေအတွက် တစ်ခုတည်းဖြင့်ပင် အဆုံးမဲ့ ကောင်းကင်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အသန်မာဆုံး အင်အားစု ဖြစ်ကြောင်း သံသယ ရှိစရာ မလိုတော့ချေ။ သူတို့က ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၊ အင်ဖာနို နေမီးတောက် ဘုရားကျောင်းတို့ကို စုစည်းခြင်း မရှိသည့်တိုင် အင်ပါယာ မျိုးနွယ် တစ်ခုတည်းက ပင်လျှင် မည်သည့် ကြယ်တာရာ နယ်မြေထက် မဆို သာလွန်သည်။ တစ်ပါးတည်းသော လောကရှန့်ထိုကိုပါ ထည့်တွက်ပါက ပြောစရာပင် မလိုတော့ချေ။
ထို့နောက် အခြား အဆင့်နိမ့် တန်ခိုးရှင် အင်အားစုများမှလည်း တစ်ခုပြီး တစ်ခု ဝင်ရောက် သွားကြ၏။ လင်းရှန်းရှန်း၏ မျက်လုံးများက အဝေးရှိ အလင်းကျောက်တိုင်ကိုသာ လှမ်းကာ ငေးမော နေခဲ့သည်။
“ညီလာခံ တက်ရောက်ခွင့်က ဒီလောက် မရိုးရှင်းဘူး...”
သူမက သုန်မှုန်သည့် လေသံဖြင့် ရေရွတ်လိုက်၏။ အထူးသဖြင့် ထာဝရ နတ်ဘုရား၏ “အရည်အချင်း ပြည့်မှီသူများ” ဆိုသည့် စကားက သူမ၏ စိတ်ထဲ၌ တဝဲလည်လည် ပြန်လည် ပေါ်နေခဲ့လေသည်။
တစ်ခဏကြာပြီးနောက် လင်းရှန်းရှဲ့က ခေါင်းညိတ်လိုက်၏။
“မေမေပြောတာ မှန်တယ်... ထာဝရ အစည်းအရုံးက အားလုံးကို ဒီလောက် လွယ်လွယ်ကူကူနဲ့တော့ ဝင်ခွင့် ပေးမှာ မဟုတ်ဘူး... ပိုပြီး ရှုပ်ထွေးတဲ့ ကိစ္စတွေ ရှိလိမ့်ဦးမယ်...”
တစ်နာရီခန့် ကြာမြင့်ပြီးနောက်၌ ရွှေအဆင့်နှင့် ငွေအဆင့် အင်အားစုများမှာ စတင် ဝင်ရောက် သွားကြ၏။ လင်းရှန်းရှန်းနှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းသားများမှာ ဆက်လက် စောင့်ဆိုင်း နေကြဆဲ ဖြစ်သည်။
ဝမ်...
နောက်ထပ် နာရီဝက်မျှ ကြာမြင့်ပြီးနောက် လင်းရှန်းရှန်း၏ လက်စွပ်မှာ ဝိညာဉ်အလင်းများဖြင့် လင်းလက် လာခဲ့၏။ သူမ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားကာ လက်စွပ်ကို အလျှင်အမြန်ပင် စစ်ဆေး လိုက်သည်။
စာက ဟန်ယုဟိုင်ထံမှ ဖြစ်သည်။ ဒြပ်စင် စောင့်ရှောက်သူက သူမတို့ကို မြေကြီး ရှန့်ထိုများ မပါပဲ သွားရောက်ရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ပေသည်။
“ဂိုဏ်းချုပ်... ကျုပ်တို့ သွားကြမလား...”
သေမျိုးတစ်ပိုင်း အရှင် အဆင့် အကြီးအကဲ တစ်ယောက်က လင်းရှန်းရှန်းကို မေးလိုက်သည်။ သူသည်လည်းပဲ အလားတူ စာတစ်စောင်ကို လက်ခံ ရရှိပြီး ဖြစ်သည်။ လင်းရှန်းရှန်းက အသက်ကို ခပ်ပြင်းပြင်း ရှူကာ ပတ်ဝန်းကျင်ရှိ ထိပ်သီး ကျင့်ကြံသူများ၊ ရွေးချယ်ခံများနှင့် ဂိုဏ်း၏ နတ်မိမယ် တစ်ဖြစ်လည်း သူမ၏ သမီးတို့ကို ကြည့်လိုက်သည်။ အဆုံးသတ်တွင်တော့ အစစ်အမှန် ဒြပ်စင်ဂိုဏ်းချုပ်မှာ ခေါင်းညိတ်လိုက်လေ၏။
“သွားကြမယ်...”
ဟင်းလင်းပြင် သင်္ဘောမှာ စတင်ကာ လှုပ်ရှား လာခဲ့လေတော့၏။
***