← Chapters

ဝင်ရောက်ခြင်း

Vol. 72 Ch. 998

ဝင်ရောက်ခြင်း

Vol. 72 Ch. 998

အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ သင်္ဘောကြီးမှာ စတင်ကာ လှုပ်ရှား လာခဲ့၏။ ထာဝရ ကောင်းကင်ဆီ တဖြည်းဖြည်း ချဉ်းကပ်သွားသည့် သင်္ဘောကြီးကို ကြည့်ကာ လေ့လာ နေကြသူများမှာ အံ့အားသင့် သွားကြ၏။

အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အလွန် ကျော်ကြားသည့် လောကဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သည်။ သို့တိုင်အောင် ၎င်းမှာ မထင်မရှား သေမျိုး အင်အားစုကလေးများနှင့် ယှဉ်တွဲကာသာ အထဲသို့ ဝင်ရောက်နေသည်။ အဘယ်ကြောင့်နည်း။

ရောင်စုံ အလင်းထဲကို ဝင်ရောက်ရန် ကြိုးပမ်းနေသည့် မရေမတွက်နိုင်သော အင်အားစု ကလေးများမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း လှုပ်ရှားလာသည်ကို မြင်သည်နှင့် ထိတ်လန့် တုန်လှုပ် သွားကြကာ ရပ်တန့် လိုက်ကြ၏။ အချို့က သင်္ဘော လွတ်လပ်စွာ သွားလာနိုင်ရန် အတွက် လမ်းများကိုပင် ရှင်းလင်း ပေးလိုက်ကြသည်။ ထိုအရာက လောကဂိုဏ်းကြီး တစ်ခု အပေါ် သူတို့ ထားသည့် လေးစားမှုလည်း ဖြစ်ပေသည်။

မကြာခင်မှာပင် လင်းရှန်းရှန်းနှင့် အခြားလူများမှာ ထာဝရ ကောင်းကင် လေထု အလွှာ အထက်နားသို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ထိုဧရိယာ တစ်ဝိုက်၌ အခြား ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည့် အင်အားစုများစွာ၏ ဟင်းလင်းပြင် သင်္ဘောများကို ရပ်နားထားခဲ့၏။ ၎င်းတို့အား စောင့်ရှောက်ရန် အတွက် ကြယ်တာရာ သခင်အိုကြီးများသာ ကျန်ရစ်ခဲ့ပေသည်။

“ကျုပ်တို့ ဝင်ကြမလား... ဂိုဏ်းချုပ်...”

သေမျိုးတစ်ပိုင်း အရှင် အဆင့်က လင်းရှန်းရှန်းထံမှ ခွင့်ပြုချက်ကို တောင်းခံသည့် အလား မေးလိုက်သည်။ အခြားလူအားလုံးမှာလည်း စိတ်လှုပ်ရှားသည့် မျက်ဝန်များနှင့် အလင်းကျောက်တိုင်ကို လှမ်းကြည့် နေကြသည်။

လင်းရှန်းရှန်းမှာ အကူအညီ ကင်းမဲ့သလို ခံစားလိုက်ရ၏။ သို့သော်လည်း ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် သူမ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့၏။

“ဂရုစိုက်... ဝင်ခွင့်က ရိုးရှင်းမှာ မဟုတ်ဘူး...”

လင်းရှန်းရှန်း၏ သတိပေးသံက လေးနက်မှုများနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း... နွံကို မဖြတ်ကျော်ပဲ ပန်းတိုင်ကို ရောက်မှာ မဟုတ်ကြောင်းကို သူမ သိထားပေသည်။ ဆန္ဒပြင်းထန်သည့် မည်သူ့ကို မဆို သူမ တားဆီးလိမ့်မည် မဟုတ်ချေ။

ဝှစ်...

လင်းရှန်းရှန်းက ဦးဆောင်ကာ သင်္ဘောပေါ်မှ ထွက်ခွာလိုက်၏။ သူမ၏ နောက်မှ ရွေးချယ်ခံ သုံးယောက် လိုက်ပါလာခဲ့သည်။ တစ်ယောက်က လင်းမင် ဖြစ်ကာ အခြား နှစ်ယောက်ကတော့ လူငယ်လေး တစ်ယောက်နှင့် မိန်းမငယ်လေး တစ်ယောက်တို့ ဖြစ်သည်။ သူတို့၏ နာမည်များက ကျန်းယင်နှင့် ကျန်းယန်တို့ ဖြစ်ကာ ကျန်မျိုးနွယ်မှ ဆင်းသက်လာသည့် အမွှာ မောင်နှမများ ဖြစ်၏။

ကျန်းယင်နှင့် ကျန်းယန်တို့မှာ ငယ်ရွယ်သည့် အပြင် အတော်လေး ချောမောကာ ဆွဲဆောင်မှု ရှိလှ၏။ လူငယ်လေးမှာ အဇူရာ ဝတ်စုံကို ဝတ်ဆင်ထားကာ မိန်းမငယ်လေးကတော့ သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

လင်းမင်က သူတို့ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ကျန်းယင်မှာ လင်းမင်ထံမှ အကြည့်ကို ခံစားမိရာ လှည့်ကာ ပြုံးပြလိုက်သည်။ ထိုအပြုံးက သူမ၏ အလှတရားကို ပိုမို၍ ပေါ်လွင်သွားစေသယောင် လင်းမင် ခံစားလိုက်ရ၏။

ကျန်းယန်မှာ ညီမဖြစ်သူ၏ အပြုံးကို သတိထားမိသွား၏။ သူ၏ မျက်လုံးများက အန္တရာယ် အငွေ့အသက်များနှင့် ကျဉ်းမြောင်းသွားကာ လင်းမင်ဘက်ကို လှည့်ကြည့်လိုက်သည်။ လင်းမင်က ဖြူရော်စွာ ပြုံးကာ ကျန်းယန်ကို လျစ်လျူ ထားလိုက်၏။

ရွေးချယ်ခံ သုံးယောက်၏ နောက်တွင်တော့ နတ်မိမယ်လေး လင်းရှန်းရှဲ့ လိုက်ပါလာသည်။ တန်ခိုးရှင် နတ်မိမယ် စာရင်းဝင် ဟူသည့် ဂုဏ်ပုဒ်နှင့် အတူ ညီလာခံ အတွက် သူမ၏ အရေးပါမှုက မြေကြီး ရှန့်ထိုများ၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၊ ရွေးချယ်ခံများထက် လျော့နည်းပေသည်။

တန်ခိုးရှင် နတ်မိမယ်နှင့် တန်ခိုးရှင် သူရဲကောင်း စာရင်းဝင်များကို ညီလာခံဆီ ဖိတ်ခေါ်ခဲ့ခြင်းမှာ လူအများ၏ အာရုံ စူးစိုက်မှုများကို ရယူရန် တစ်ခုတည်း အတွက် ဟုပင် သူမ တွေးလိုက်မိသည်။

ဝှစ်... ဝှစ်...

အစစ်အမှန် ဒြပ်စင်ဂိုဏ်း အုပ်စုမှာ ရောင်စုံ အလင်းတန်းများ အတွင်းကို စတင် ဝင်ရောက် လိုက်ကြ၏။ သူတို့က အရေအတွက်အားဖြင့် တစ်ထောင်နီးပါးခန့် ပါဝင်လိမ့်မည် ဖြစ်ကာ အားလုံး နီးပါးမှာ လျှို့ဝှက် ကြယ်တာရာ အဆင့်၊ လျှို့ဝှက် ဝိညာဉ် အဆင့်များဖြစ်ကြသည်။

ဟူး...

ရောင်စုံ အလင်းတန်းများ အတွင်း ဝင်ရောက်လိုက်သည်နှင့် လင်းရှန်းရှဲ့မှာ ထူးဆန်းသည့် အင်အား တစ်ခု၏ ရစ်ပတ်မှုကို ခံစားလိုက်ရ၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်က အောက်သို့ အရှိန်အဟုန်ဖြင့် ထိုးကာ ကျဆင်းသွားသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးဖို့ အတွက် လင်းရှန်းရှဲ့မှာ ဝိညာဉ်အာရုံကို ဆန့်ထုတ်ရန် ကြိုးပမ်းလိုက်သည်။

သို့သော်လည်း... ထူးဆန်းသည့် အင်အားမှာ သူမ၏ စိတ်ဝိညာဉ်ကိုပါ ဖိနှိပ်ထား၏။ ဝိညာဉ်အာရုံကို ခန္ဓာကိုယ် အပြင်ဘက်သို့ တစ်လက်မမျှ လောက်တောင် သူမ မဆန့်ထုတ်နိုင်ပါချေ။

ရွေးချယ်စရာ မရှိတော့လေရာ လင်းရှန်းရှဲ့မှာ အလင်းတန်းများ ပျောက်ကွယ်သွားမည့် အချိန်ကို စောင့်ဆိုင်း နေလိုက်တော့၏။

ဘုန်း...

အချိန် သိပ်မကြာလိုက်ပါချေ။ နောက်ထပ် စက္ကန့် အနည်းငယ်အတွင်းမှာပင် သူမ၏ ခြေထောက်မှာ မာကြောသည့် ကြမ်းပြင် တစ်ခုပေါ် ကျဆင်းသွား၏။ ပတ်ဝန်းကျင်ရှိ အလင်းများ တဖြည်းဖြည်း ပြန်လည် မှေးမှိန်သွားကာ မိန်းကလေး၏ အာရုံများက ပြန်လည် ကြည်လင် ရှင်းလင်း လာခဲ့လေသည်။

မိန်းကလေးက မျက်တောင်များကို တဖျပ်ဖျပ် ခပ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ထို့နောက် အလွန် အံ့အားသင့်ဖွယ် ကောင်းသည့် မြင်ကွင်းတစ်ခုကို သူမ မြင်တွေ့လိုက်ရလေသည်။ ၎င်းက စမုတ်တံကြီး ကိုးခုနှင့် အလွန့်အလွန် ကြီးမားလွန်းလှသော ပုံရိပ်ယောင် ဘီးကြီးပင် ဖြစ်ကာ သူမ၏ ရှေ့တည့်တည့်၌ တည်ရှိနေခြင်း ဖြစ်သည်။

ထိုပုံရိပ်ယောင် ဘီးကြီးမှာ အဖြူရောင် အဆင်းရှိကာ ကျောက်စိမ်းဖြူဖြင့် တည်ဆောက်ထား၏။ သို့သော်လည်း ၎င်း၏ စမုတ်တံများကတော့ ဒြပ်စင်ကိုးခု ဖြစ်သည့် မြေကြီး၊ မီး၊ လေ၊ ရေ၊ သတ္တု၊ မိုးကြိုး၊ သစ်သား၊ ချော်ရည်ပူ၊ ရေခဲတို့ကို ကိုယ်စားပြုကာ ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ အလွန်အမင်း လှပလွန်းလှ၏။

“ဒြပ်စင်ဘီး...”

၎င်းက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ သင်္ကေတပင် ဖြစ်သည်။ တစ်ချက် ဝှေ့ကြည့်ရုံဖြင့်ပင် လင်းရှန်းရှဲ့မှ ပုံရိပ်ယောင် ဘီးကြီးမှ ထွက်ပေါ်နေသည့် အသန့်စင်ဆုံး ဒြပ်စင် စွမ်းအင်များကို ခံစားနေမိ၏။ ၎င်းတို့အား စုပ်ယူရုံဖြင့်ပင် ကျင့်ကြံခြင်း အခြေခံက တိုးတက်လာမှာ သေချာကြောင်း သူမ ခံစားနေမိသည်။

အခြားတစ်ဖက်၌... လျှို့ဝှက် ကြယ်တာရာ အဆင့်များနှင့် လျှို့ဝှက် ဝိညာဉ် အဆင့်များမှာလည်း ဒြပ်စင်ဘီးကြီးကို ကြည့်ကာ စိတ်လှုပ်ရှားသည့် အမူအရာများ ဖြစ်ပေါ်နေကြ၏။ လင်းရှန်းရှန်း ပင်လျှင် ဧရာမ ဒြပ်စင်ဘီးကြီးကို ကြည့်ကာ အံ့အားသင့် နေခဲ့၏။

အဖြူရောင် ဘီးကြီးထံမှ အရှိန်တညီးညီး ထွက်ပေါ်နေသည့် ကြွယ်ဝလှသော စွမ်းအင်များကို သူမ ကောင်းစွာ ခံစားမိပေသည်။ ၎င်းတို့မှာ ကြယ်တာရာ အဆင့်ထက် ကျော်လွန်နေသည့် လျှို့ဝှက် အဆင့် စွမ်းအင်များ ဖြစ်ပေသည်။

ထို့အပြင်... ဘီးကြီးမှာ ကျောက်ိစမ်း ရည်ရွယ်ချက်များကို ထုတ်လွှတ်နေလေရာ ကျောက်စိမ်း စွမ်းအင်များဖြင့် ဖန်တီးထားကြောင်း ရှင်းလင်းပေသည်။ ထျန်းတျန် အတွင်းရှိ သူမ၏ လျှို့ဝှက် ဝိညာဉ်မှာ တဆတ်ဆတ် တုန်ရီလာ ခဲ့၏။ ၎င်းက ကျင့်ကြံရန် စိုင်းပြင်းနေချေပြီ ဖြစ်သည်။

ရုတ်တရက်... ဘယ်ဘက်နားဆီမှ အာမေဍိတ်သံများ ထွက်ပေါ်လာ၏။ သူတို့အားလုံး အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ကျန်းမျိုးနွယ်၏ ကျင့်ကြံသူများကို တွေ့လိုက်ရသည်။

သူတို့၏ အရှေ့တွင်လည်း ကျန်းမျိုးနွယ် သင်္ကေတ ဖြစ်သည့် အလွန် ကြီးမားလှသော နေအလင်း ဓားကြီးတစ်စင်း ရှိနေပေသည်။

ကျန်းမျိုးနွယ်ဝင်များမှာ တင်ပျဉ်ချိတ် ထိုင်ကာ ဓားအော်ရာများကို ထုတ်လွှတ် နေကြသည်။ သူတို့က ကျင့်ကြံနေကြခြင်း ဖြစ်ပေသည်။

သို့သော်လည်း... သူတို့ အားလုံး၏ မျက်လုံးများက မိန်းကလေး တစ်ယောက်တည်း အပေါ်တွင် စုပြုူံကာ ကျရောက် နေကြ၏။ ထိုမိန်းကလေးမှာ အာမေဋိတ်သံများ ထွက်ပေါ်လာစေခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။

ဟူး... ဟူး...

မိန်းကလေး၏ ခန္ဓာကိုယ်က ဓားအော်ရာများဖြင့် ပြည့်နှက်နေကာ အခြေတည် ဓားရည်ရွယ်ချက်များကို ထုတ်လွှတ်နေ၏။ သူမက ယခုလေးတင် ဉာဏ်အလင်း ရရှိကာ ဓားရည်ရွယ်ချက်ကို နိုးထ နိုင်ခဲ့ခြင်း ဖြစ်သည်။ အလွန် ကြီးကျယ် ခမ်းနားသော အောင်မြင်မှု တစ်ခုပင်။

ဟူး... ဟူး...

အလားတူပင် အခြားအခြားသော အင်အားစုများမှာလည်း သူတို့၏ ကိုယ်ပိုင် သင်္ကေတများရှေ့၌ တင်ပျဉ်ချိတ် ထိုင်ကာ ကျင့်ကြံနေကြ၏။

လင်းရှန်းရှဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ် လိုက်သည်။ အင်အားစု တစ်ခုနှင့် တစ်ခုကြားတွင် မျဉ်းများ ရှိနေသည်ကို သူမ တွေ့ရ၏။ တစ်နည်းအားဖြင့် ဆိုရသော်... အင်အားစု တစ်ခုချင်းစီက လေးထောင့်ကွက်များ အတွင်း၌ အံဝင်ခွင်ကျ ရှိနေခြင်း ဖြစ်သည်။ ထိုလေးထောင့်ကွက် တစ်ခုချင်းစီက ခန့်မှန်းခြေအားဖြင့် မီတာ ငါးရာခန့် ကျယ်ဝန်းပေလိမ့်မည်။

“ဘာတွေ ဖြစ်နေတာလဲ...”

ကျန်းယန်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ သေမျိုးများမှ အစ.. လျှို့ဝှက် အာဏာရှင် အဆင့်များ အဆုံး သူ မျက်စိတစ်ဆုံး မြင်နိုင်သမျှ... ကျင့်ကြံသူ အားလုံးမှာလေးနက်စွာပင် ကျင့်ကြံနေကြသည်။ ညီလာခံက မည်သည့် နေရာမှာနည်း။

***

All Chapters