ဆေဘာ
Vol. 72 Ch. 999
“ဟိုကိုကြည့်စမ်း...”
ရုတ်တရက်... ကျန်းယင်က ကောင်းကင်ကို လက်ညိုး ထိုးပြလိုက်၏။ အားလုံး၏ မျက်လုံးများက ကောင်းကင်ဆီ ရောက်ရှိသွားသည်။ ထို့နောက် သူတို့၏ စိတ်များက တုန်ရီသွားကြ၏။
စင်ကြီးတစ်ခု...၊ အလွန် ကြီးမားကာ ထူထဲလှသည့် မီးခိုးရောင် စင်ကြီး တစ်ခု...
၎င်းက မျက်စိတစ်ဆုံး ကျယ်ပြန့်လှကာ မိုင်ရာပေါင်းများစွာကို ဖြန့်ကျက်ထား၏။ လက်ရှိ သူတို့ အားလုံးမှာ စင်မြင့်ကြီး၏ လှေကား တတိယမြောက် အစွန်းတွင်သာ ရှိနေကြခြင်း ဖြစ်သည်။ သူတို့၏ အထက်၌ လှေကားနှစ်ထစ် ရှိနေသေးကာ သုံးမြှောင့် ပေါင်းစည်းခြင်းဂိုဏ်းနှင့် အဆုံးမဲ့ သိုင်းဂိုဏ်းကြီးတို့ ရှိနေပေသည်။
၎င်းတို့နှင့် ဆန့်ကျင်ဘက် အရပ်တွင်တော့ အလွန် လှပသည့် စက်ဝိုင်းပုံ ဂိတ်တံခါးကြီး တစ်ခု ရှိနေပေသည်။ ၎င်း၏ ဘေးနှစ်ဖက်တွင်တော့ ကျောက်တိုင်ကြီး နှစ်ခု ရှိ၏။ တစ်ခုက လျှို့ဝှက် အာဏာရှင် အဆင့်များသာ မြင်နိုင်သည့် အရောင် တစ်ခု ဖြစ်ကာ အခြားတစ်ခုကတော့ အနက်ရောင် ဖြစ်သည်။ ၎င်းတို့ တစ်ခုချင်းစီမှာ တောက်ပသည့် သင်္ကေတများနှင့် ပြည့်နှက်နေ၏။
“ဒီနေရာမှာ မြေကြီး ရှန့်ထိုတွေ မရှိဘူး...”
သေမျိုးတစ်ပိုင်း အရှင် အဆင့် အကြီးအကဲ တစ်ယောက်က မှတ်ချက်ချလိုက်၏။ ထိုမှတစ်ပါး... ကျန်လူအားလုံးကတော့ ဤနေရာတွင် ရှိနေပေသည်။ ရွေးချယ်ခံများ၊ တန်ခိုးရှင် စာရင်းဝင်များ၊ နန်းတော်သခင်များ၊ ဂိုဏ်းချုပ်များ ပင်လျှင် ချွင်းချက် မရှိပါချေ။
တစ်ခုတည်းသော ချွင်းချက်ကတော့ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ဖြစ်ပေသည်။ မြေကြီး ရှန့်ထိုများ ကဲ့သို့ပင် သူတို့သည်လည်း ပျောက်ကွယ် နေပေသည်။
ဝမ်... ဝမ်...
ပုံရိပ်ယောင် ဒြပ်စင်ဘီးကြီးထံမှ ဝင်္ကပါ လည်ပတ်သံများ ထွက်ပေါ်လာကာ သန့်စင်သော စွမ်းအင်များမှာ သူတို့ထံ စီးဆင်း လာကြ၏။ လင်းရှန်းရှန်း အပါအဝင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းသားများ၏ ကျင့်ကြံလိုသည့် ဆန္ဒက ပိုမို ပြင်းပြလာခဲ့သည်။
ထိုအခိုက်တွင်ပင် သူတို့ အားလုံးကို ခြုံငုံ၍ အသံတစ်ခု ထွက်ပေါ်လာ၏။
“အစစ်အမှန် ဒြပ်စင်ဂိုဏ်းသားတွေ... ကြိုဆိုပါတယ်...”
အသံက ထာဝရ နတ်ဘုရား၏ အသံ မဟုတ်ချေ။ သို့သော်လည်း အတော်လေး ဆင်တူပေသည်။ လင်းမင်ကတော့ ထိုအသံပိုင်ရှင်မှာ စန်းလော့ယန် ဖြစ်ကြောင်း တန်းကာ မှတ်မိလိုက်၏။
နဂါးငွေ့တန်း ကြယ်ကွင်းပြင် ပျက်စီးပြီးနောက် မဟာစက်ဝန်းဆီ ခရီးစဉ်တွင် ထိုပုဂ္ဂိုလ်ကြီးကို သူ တစ်ခါ မြင်ခဲ့ဖူးသည်။
အစစ်အမှန် ဒြပ်စင်ဂိုဏ်းသားများထံမှ အာရုံစူးစိုက်မှုကို ရယူပြီးနောက် စန်းလော့ယန်က တည်ငြိမ်စွာပင် ဆက်လက် ကြေညာလိုက်၏။
“မဟာစက်ဝန်း ရှန့်ထို ညီလာခံက စတင် နေပါပြီ... မြေကြီး ရှန့်ထိုတွေနဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ အားလုံးက အဓိက ခန်းမကြီးထဲမှာ ရှိနေပါတယ်... သူတို့က ရွေးချယ်ခံ ဆိုတဲ့ ဂုဏ်ပုဒ် အတွက် အရည်အသွေးတွေကို ပြန်သုံးသပ်ဖို့ ဆွေးနွေး နေကြပါတယ်”
“...”
အားလုံးမှာ အံ့အားသင့် သွားကြ၏။ ညီလာခံက စတင် နေပြီလော။ သမိုင်းတစ်ခေတ်ကို ပြဌာန်းမည့် ပွဲတော်ကို သူတို့ လွဲချော်ရတော့မည်လော။
“မလောကြပါနဲ့...”
အားလုံးထံမှ စိုးရိမ် ပူပန်မှုများကို ခံစားမိသည့် အလား စန်းလော့ယန်က နှစ်သိမ့် လိုက်၏။
“ခင်ဗျားတို့ အားလုံးက ညီလာခံအတွက် ဖိတ်ခေါ်ခံထားရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်... ဆိုတော့ ခင်ဗျားတို့လည်း ဘယ်လွဲချော်သင့်ပါ့မလဲ... ညီလာခံကို တက်ရောက် ဆွေးနွေးခွင့် ရှိပါတယ်... ဒါပေမဲ့ ပထမဆုံး အနေနဲ့ အဲဒီလို လုပ်နိုင်တဲ့ အရည်အချင်း ရှိတယ် ဆိုတာ ပြသဖို့ လိုပါတယ်”
အရည်အချင်း...
လင်းရှန်းရှန်းနှင့် လင်းရှန်းရှဲ့တို့ သားအမိ နှစ်ယောက် စလုံး၏ အမူအရာများမှာ သုန်မှုန် သွားကြ၏။ နောက်ဆုံး၌ ထာဝရ နတ်ဘုရား ပြောသည့် အရည်အချင်း ဆိုသည့် စကားလုံးကို သူတို့ နားလည်ခဲ့ပြီ ဖြစ်သည်။
လင်းရှန်းရှဲ့ ခေါင်းညိတ်လိုက်၏။ မှန်သည်။ ထာဝရ အစည်းအရုံးမှာ သိန်းနှင့် ချီသည့် လူများကို မည်ကဲ့သို့ လွတ်လွတ်လပ်လပ် ဝင်ခွင့် ပေးပါမည်နည်း။ လူ အလွန်အကျွံများသွားပါကလည်း... ပွဲမစည် ဖြစ်သွားပေလိမ့်မည်။
“ခင်ဗျားတို့ အထက်မှာ စင်မြင့်ရှိပါတယ်...အမြင့်တစ်ခုကို ရောက်တာနဲ့ အတုအယောင် မြေဆွဲအားက ပျောက်ကွယ် သွားလိမ့်မယ်... ခင်ဗျားတို့ စင်မြင့်ပေါ် တက်ပြီး ဝင်ခွင့်ကို စိန်ခေါ်နိုင်တယ်... အောင်မြင်တာနဲ့ အဓိက ခန်းမ ထဲကို ဝင်ခွင့် ရလိမ့်မယ်... ဒါပေမဲ့ သတိထားပါ... စိန်ခေါ်မှုက ခင်ဗျားတို့ရဲ့ အသက်ကို နှုတ်ယူ သွားနိုင်စွမ်း ရှိတယ်”
"ထာဝရ အစည်းအရုံးက ခင်ဗျားတို့ရဲ ဂိုဏ်းနဲ့ သက်ဆိုင်တဲ့ သင်္ကေတကို အခြေခံပြီး ကျင့်ကြံခြင်း အစီအရင် တစ်ခု တည်ဆောက်ထားပါတယ်... ဂရုတစိုက် ကျင့်ကြံပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားနိုင်ပါတယ်... ဂိတ်တံခါး တရားဝင် မပိတ်ခင် အချိန် အထိ ခင်ဗျားတို့မှာ အချိန် ခြောက်လ ရပါတယ်...”
“ဆိုတော့ကာ ခြောက်လ မပြည့်ခင် အတောအတွင်း စင်မြင့်ပေါ် တက်ပြီး စိတ်ကြိုက် စိန်ခေါ်လို့ ရတယ် ဆိုပါတော့လေ...”
“အနိုင်ရခဲ့ရင် ဆုလာဒ်က ညီလာခံ တက်ရောက်ခွင့် တစ်ခုတည်း မဟုတ်ဘူး... အားလုံး မျှော်လင့်ထားမှာ မဟုတ်တဲ့ အခြား အကျိုးအမြတ်တွေကိုပါ ခင်ဗျားတို့ကို စောင့်ကြိုနေပါလိမ့်မယ် ”
“...”
အစစ်အမှန် ဒြပ်စင်ဂိုဏ်းသားများ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် တဖျပ်ဖျပ် တောက်ပသွားကြသည်။ တစ်ချိန်တည်း၌ လေးနက်မှုများကလည်း နေရာယူ လာခဲ့၏။
သို့သော်လည်း... လင်းမင်၏ မျက်လုံးများကတော့ ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့်သာ ပြည့်နှက်နေသည်။ ဤသည်က သူ့အတွက် အခွင့်အရေးပင်။
ချပ်...
ထိုအခိုက်တွင်ပင် အသံတစ်ခု ထွက်ပေါ်လာကာ လူတိုင်း၏ အာရုံများကို ဆွဲဆောင် သွား၏။ ပုံရိပ် တစ်ခုမှာ မြေပြင်မှ ပျံတက်ကာ စင်မြင့်ပေါ် တက်သွားခဲ့ပြီ ဖြစ်လေသည်။
“...”
ကျင့်ကြံသူ အားလုံး၏ မျက်လုံးများက အမျိုးမျိုး ကွဲပြားသွားကြ၏။ ထာဝရ အစည်းအရုံးမှာ သူတို့ကို တိုက်ရိုက် ဝင်ခွင့် မပေးခဲ့သည့်တိုင် ဤနေရာက ကျင့်ကြံရန် အခွင့်အရေး ဖြစ်သည်။
မဟာစက်ဝန်း ရှန့်ထို ညီလာခံမှာ တစ်နာရီကျော်ခန့်သာ ကြာမြင့် သေးရာ သူတို့ တစ်ယောက်ချင်းစီတိုင်းတွင် ခြောက်လခန့် အချိန် ရှိပေသေးသည်။ ထိုအတောအတွင်း ထာဝရ အစည်းအရုံးမှ ထောက်ပံ့ပေးသည့် ရင်းမြစ်များနှင့် နောက်ထပ် အဆင့်များကို မြှင့်တင်ရန် သူတို့တွင် အခွင့်အရေး ရှိပေသည်။ အဘယ်ကြောင့် လောရသနည်း။
လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က သနားဟန်ဖြင့် ခေါင်းကို ခါယမ်း လိုက်လေသည်။
“ထာဝရ အစည်းအရုံးက လွယ်ကူတဲ့ စစ်ဆေးမှုကို ပြင်ဆင်ထားမယ်လို့ ထင်နေတာလား မသိဘူး... ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ”
“ဘာပဲ ဖြစ်ဖြစ်... စိန်ခေါ်ပွဲရဲ့ အတိမ်အနက်ကို ငါတို့ သိရတာပေါ့”
အခြား လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ စန်းလော့ယန်က စိန်ခေါ်မှုမှာ အသက် အန္တရာယ် ရှိကြောင်း ပြောခဲ့သည်။ ထိုအရာက အမှန်တကယ် ဖြစ်မည်လား သူ တွေ့မြင်လိုနေပြီ ဖြစ်သည်။
ဟူး...
စင်မြင့်ထက်သို့ ရောက်သွားသည်နှင့် ပုံရိပ်မှာ တဖြည်းဖြည်း ထင်ရှား လာခဲ့၏။ သူမက မိန်းကလေး တစ်ယောက် ဖြစ်ကာ ကြည်လင် တောက်ပသည့် အနက်ရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူမက ခါးကိုဆန့်တန်းကာ ရင်ကို ကော့ရင်း စစ်သည်တော် တစ်ယောက်လို ရပ်နေခဲ့၏။
သူမ၏ ညာဘက်လက်တွင်တော့ အနက်ရောင် အရိုးနှင့် ဆေဘာတစ်စင်းကို ကိုင်ဆိုင်ထားသည်။ ၎င်းထံမှ ထက်ရှသည့် အော်ရာများမှာ မသိမသာ ထွက်ပေါ်နေ၏။
မိန်းကလေး၏ မျက်နှာကို မြင်သည်နှင့် လင်းမင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွားခဲ့လေသည်။
“စုမေ့...”
သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုမိန်းကလေးကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက သူ သိပေသည်။ မဟာဝိညာဉ် စမ်းသပ်ပွဲတွင် ထိုမိန်းကလေးမှာ ကျူးဟိုင်နှင့် အတူ ဝေ့ဝူယင် နံဘေး၌ ရပ်ခဲ့သူ ဖြစ်သည်။
“စုမေ့ ဟုတ်လား...”
လင်းရှန်းရှန်းက အနည်းငယ် အံ့အားသင့်သွားကာ လင်းမင်ကို လှည့်ကြည့်လိုက်၏။
“နင် သူ့ကို သိတာလား...”
လင်းမင်က ခေါင်းညိတ်လိုက်၏။ သူ၏ မီးခိုးရောင် မျက်လုံးများကတော့ စုမေ့ကိုသာ စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။
“သူက ဝေ့ဝူယင်ရဲ့ ညာလက်ရုံး...”
ကျူးဟိုင်နှင့် တိုက်ပွဲ အပြီးတွင် ဝေ့ဝူယင်နှင့် ပတ်သက်သည့် အချက်အလက်များကို သူ စုစည်းခဲ့သည်။ ထိုအထဲ၌ စုမေ့ အကြောင်းလည်း အပါအဝင် ဖြစ်သည်။ သူမက ဝေ့ဝူယင်၏ ကိုယ်စားလှယ် သဖွယ် ဖြစ်ကာ များစွာသော အရေးကိစ္စများကို ဝေ့ဝူယင် ကိုယ်စား ကိုင်တွယ် ဖြေရှင်းလေ့ ရှိသည်။
“ဘယ်လို...”
အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းရှိ သေမျိုးတစ်ပိုင်း အရှင် အဆင့် အကြီးအကဲများမှာ လင်းမင်၏ စကားကြောင့် အံ့သြသွားခဲ့၏။ စင်မြင့်ထက်ရှိ ပုံရိပ်ကို ကြည့်ရင်း သူတို့ မျက်လုံးများထဲမှ လေးနက်မှုများက ပိုမို တိုးလာခဲ့လေသည်။
တစ်ချိန်တည်း၌ ထာဝရ နယ်မြေ အတွင်းရှိ လူများ၏ အမူအရာများကတော့ အမျိုးမျိုး ကွဲပြား သွားကြ၏။ ရွှေအဆင့်၊ ငွေအဆင့်နှင့် တန်ခိုးရှင် အဆင့်နိမ့် အင်အားစုများမှ လူငယ်များမှာ ထိတ်လန့် တုန်လှုပ် သွားကြဟန် ရကာ အကြီးအကဲများကတော့ အကြီးမားဆုံး ရန်သူ တစ်ယောက်ကို တွေ့လိုက်ရသည့် အလား အလွန်အမင်း လေးနက် သွားကြ၏။
“သူပဲ...”
“ဟုတ်တယ်... သူပဲ...”
“...”
ထာဝရ နယ်မြေသားများ၏ တုန့်ပြန်မှုများကို သတိထားမိလိုက်ရာ လင်းရှန်းရှန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ သူမက ဘာတွေ လုပ်ထားသနည်း။
ဟူး... ဟူး...
ထိုအခိုက်တွင်ပင် စင်မြင့်ထက်၌ လေစိမ်းများ တိုက်ခိုက်လာရာ စုမေ့၏ ဝတ်ရုံနှင့် ဆံပင်များက တဖျပ်ဖျပ် လွင့်ခါ သွား၏။ ထိုလေစိမ်းက ထူးဆန်းသော ဝိညာဉ် အင်အား တစ်ခု ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါချေ။
တစ်ခဏ ကြာပြီးနောက်၌ စန်းလော့ယန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့လေ၏။
“အထီးကျန်ဆေဘာဂိုဏ်းရဲ့ ရွေးချယ်ခံ... အသက် ၅၂ နှစ်... ကျင့်ကြံခြင်း အခြေခံက ကြယ်တာရာ အမြုတေ အဆင့်ကိုး... ရင်ဆိုင်ရမယ့် ရန်သူက... ကြယ်တာရာ သခင် သာလွန်ခြင်း အဆင့်”
ထိုကြေညာသံအား ကြားလိုက်ရသည်နှင့် အားလုံး၏မျက်လုံးများမှာ အံ့အားသင့်စွာဖြင့် ပြူးကျယ် သွားကြတော့၏။
***