ဆေဘာ(၂)
Vol. 72 Ch. 1000
“သူက အသက် ငါးဆယ့် နှစ်နှစ်ပဲ ရှိသေးတာလား… နောက်ပြီး ကျင့်ကြံနှုန်းကြီးက”
နတ်မိမယ် ရှူံးအောင် လှပကာ ပါရမီ မြင့်မားလှသည့် မိန်းမလှလေး တစ်ယောက်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။
လွန်ခဲ့သည့် နှစ်အနည်းငယ် အကြာက စုမေ့ထံတွင် သူမ ဓားတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။ ထိုစဉ်အခါက စုမေ့မှာ သူမကဲ့သို့ပင် ကြယ်တာရာ အမြုတေ အဆင့်ခြောက် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ကြယ်တာရာ အမြုတေ အဆင့်ကိုးကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း… ထိုထက် ပိုမို၍ ထိတ်လန့်စရာ ကောင်းသည်က သူမ၏ အသက်အရွယ် ဖြစ်သည်။
အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် ထိုအမျိုးသမီးမှာ အသက် ၅၂ နှစ်ဟု မည်သူက ယုံနိုင်ပါမည်နည်း။ သူမမှာ နှစ်ပေါင်း နှစ်ရာကျော် ကျင့်ကြံခဲ့သည့်တိုင် ယခုမှ ကြယ်တာရာ အမြုတေ အဆင့်ခြောက်ကို ရောက်ရှိသေးသည်။ ကွာခြားချက်က ကြောက်စရာ ကောင်းလွန်းလှ၏။
“ငါးဆယ့် နှစ်နှစ်…”
လင်းရှန်းရှဲ့မှာလည်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။ အသက် ၅၂ နှစ်ဖြင့် ကြယ်တာရာ သခင် တစ်ယောက် ဖြစ်လာခြင်း… ထိုအရာက ပါရမီရှိခြင်း၏ အဓိပ္ပာယ်ပင် ဖြစ်သည်။
“သူက သာလွန်ခြင်း အဆင့် ကြယ်တာရာ သခင် တစ်ယောက်ကို အနိုင်ယူရမှာ…”
လင်းရှန်းရှန်းက လေးနက်စွာဖြင့် ပြောလိုက်သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက ကျင့်ကြံခြင်း အဆင့် တစ်ခုကို လေးခု ခွဲခြား ထားခဲ့သည်။ ၎င်းတို့မှာ အဆင့်နိမ့်၊ အဆင့်မြင့်၊ အထွတ်အထိပ်နှင့် သာလွန်ခြင်း အဆင့်တို့ပင် ဖြစ်သည်။ ဆိုလိုသည်က မိန်းကလေးမှာ စိန်ခေါ်မှုကို ဖြတ်ကျော်ရန် အစွမ်း အထက်ဆုံး ကြယ်တာရာ သခင် တစ်ယောက်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
“စိန်ခေါ်မှုကို စတင်ဖို့ ဆန္ဒရှိလား…”
စန်းလော့ယန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ် လာခဲ့၏။
လူတိုင်းမှာ ပိုမို၍ စိတ်လှုပ်ရှား လာကာ စင်မြင့်ထက်ကို ကြည့်လိုက်ကြ၏။ မိန်းကလေးမှာ အံ့ဖွယ် ပါရမီများကို ပိုင်ဆိုင် ထားသည့်တိုင် ယခုမှ အသက် ၅၂ နှစ်သာ ရှိပေသေးသည်။
ကျင့်ကြံခြင်း တန်ခိုး အဆင့်များမှာ ပိုမို မြင့်မားလေလေ အခြေခံ ခိုင်မာဖို့ ခက်လေလေ ဖြစ်သည်။ မိန်းကလေးမှာ အသက် ငယ်ငယ်ဖြင့် ကြယ်တာရာ သခင် အဆင့်ကို တက်လှမ်းနိုင်ခဲ့လျှင်ပင် ထိုအဆင့်တွင် အခြေခံ ခိုင်မာဖို့ အချိန် လိုပေးသည်။ သူမ ရောက်ရှိထားနိုင်သည့် အလွန်ဆုံး အဆင့်မှာ အဆင့်မြင့်သာ ဖြစ်သည်။
သို့သော်လည်း စိန်ခေါ်မှုကို ဖြတ်ကျော်ရန် သာလွန်ခြင်း အဆင့် ကြယ်တာရာ သခင် တစ်ယောက်ကို အနိုင်ယူဖို့ လိုအပ်ပေသည်။ အခန့်မသင့်ပါက အသက် အန္တရာယ်ပင် ဆုံးရှုံးနိုင်ကြောင်း စန်းလော့ယန်က သတိပေးခဲ့ပြီး ဖြစ်သည်။ သူမ၏ ပါရမီဖြင့် ထိုကဲ့သို့ အရဲစွန့်စရာ လိုသလော။
“ဆန္ဒရှိပါတယ်…”
စုမေ့က မတုန့်မဆိုင်းပင် ခေါင်းညိတ် လိုက်ကာ အဖြေပေးလိုက်၏။
”...”
စန်းလော့ယန်ထံမှ နောက်ထပ် စကားသံ ထွက်ပေါ် မလာတော့ချေ။
ထို့အစား အနက်ရောင် ကျောက်တိုင်ရှိ သင်္ကေတများထံမှ မီးခိုးများသာ ထွက်ပေါ်လာခဲ့၏။ မကြာခင်မှာပင် ၎င်းတို့က လူသား သဏ္ဍာန် ပုံရိပ် တစ်ခု အဖြစ် စုစည်း သွားခဲ့ကြသည်။ ၎င်းက အရပ်ရှည်ရှည်နှင့် ကြံ့ခိုင်သည့် မိန်းမသား တစ်ယောက် ဖြစ်ကာ မျက်နှာ တစ်ဝက်ကို မီးခိုးများနှင့် ဖုံးကွယ်ထား၏။
၎င်း၏ အသားအရေက မီးခိုးရောင်ပင် ဖြစ်သည်။ သို့သော်လည်း မျက်လုံးများကတော့ ပျောက်ကွယ်နေကာ ထိုနေရာတွင် ဆန်းကြယ်သည့် သင်္ကေတများသာ တည်ရှိနေ၏။
အလွန် ပြင်းထန်သည့် အော်ရာများက သူမ၏ ခန္ဓာကိုယ်ထံမှ ထွက်ပေါ်နေသည်။
“သာလွန်ခြင်း အဆင့် ကြယ်တာရာ သခင်…”
အားလုံး၏ မျက်လုံးများက လေးနက်မှုများနှင့် ပြည့်နှက် သွားသည်။
မီးခိုးရောင် ပုံရိပ်က အချိန်ဖြုန်းခြင်း မရှိပဲ တိုက်ရိုက်ပင် လောကနယ်မြေကို ဖြန့်ကျက် လိုက်၏။
ဟူး…
အပြာရင့်ရောင် လောကနယ်မြေက ပြန့်ကားလာကာ ကီလိုမီတာ ၈၀၀၀၀ အထိ ရောက်ရှိသွားသည်။ တစ်ဒင်္ဂ အတွင်းမှာပင်… စုမေ့ အပါအဝင် လောက တစ်ခုလုံးမှာ ၎င်း၏ ထိန်းချုပ်မှု အောက်သို့ ကျရောက် သွားသလို ခံစား လိုက်ရ၏။
“ကီလိုမီတာ ရှစ်သောင်း…”
များလှစွာသော လောကသခင်များ၊ အချိန်သခင်များမှာ မျက်လုံးများ ပြူးကျယ် သွားကြ၏။ လောကနယ်မြေ တစ်ခုမှာ လူတစ်ယောက်၏ ကျင့်ကြံခြင်း အခြေခံကို ကိုယ်စား ပြုနိုင်စွမ်း ရှိသည်။ ကြယ်တာရာ သခင် အဆင့်တွင် ကီလိုမီတာ ရှစ်သောင်းကို ပိုင်ဆိုင်နိုင်ခြင်းမှာ ပါရမီရှင်များစွာ၏ စံနှုန်းထက်ပင် ကျော်လွန်နေသည်။
အသက် ၅၂ နှစ်သာ ရှိသေးသည့် လူငယ် ကြယ်တာရာ သခင်လေး တစ်ယောက်က ထိုကဲ့သို့သော မိစ္ဆာသရဲကို မည်ကဲ့သို့ အနိုင်ယူနိုင်မည်နည်း။ စမ်းသပ်မှုက ထင်ထားသည်ထက်ပက် ပိုမို ခက်ခဲနေပုံ ပေါ်သည်။
လူငယ်မျိုးဆက်တိုင်းမှာ ပခုံးထက်သို့ ဖိအားတစ်ခု ပိကျလာသလို ခံစား လိုက်ရ၏။
ဖျပ်…
စုမေ့က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ ဆေဘာရည်ရွယ်ချက်က သူ့ မျက်လုံးများထဲ၌ လင်းလက်လာကာ လက်ထဲရှိ ဆေဘာထံ စီးဆင်း သွားသည်။
ထိုအခိုက်တွင်ပင် မီးခိုးရောင် ပုံရိပ်မှာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
ဘုန်း… ဘုန်း…
ကြောက်မက်ဖွယ် ထစ်ချုန်းသံများ ထွက်ပေါ်လာကာ လူသန်းပေါင်းများစွာကို သတ်ဖြတ်နိုင်သည့် ကြယ်တာရာ အင်အားများ စီးထွက် လာခဲ့သည်။ များစွာသော ကြယ်တာရာ သခင်များမှာ ထိုအင်အားကို ရင်ဆိုင်ရပါက အသက်ဆုံးရှူံး ရမလို ခံစား လိုက်ရသည်။
လျှို့ဝှက် ကြယ်တာရာ အဆင့်များ ပင်လျှင် သုန်မှုန် သွားခဲ့ကြ၏။
ရွှင်း…
ဆေဘာမှာ ဓားအိမ်ထဲမှ ထွက်ပေါ်လာ၏။ ၎င်းက အလွန်ထက်ရှာ မဟူရာ အဆင်းကို ပိုင်ဆိုင်ထားသည်။ နောက်ထပ် ခြေတစ်လှမ်းမှာပင် မိန်းကလေး၏ လက်ချောင်းများမှ အလင်းများမှာ မှေးမှိန်သွား၏။
ထို့နောက်တွင်ကား…
ကလန့်…
ဆေဘာမှာ ဓားအိမ်ထဲကို ပြန်လည် ဝင်ရောက်သွား၏။ မိန်းကလေးက တုန့်ဆိုင်းခြင်း မရှိပဲ ရှေ့သို့ ဆက်လက် ချီတက်သွားသည်။
အလွန် ပြင်းထန်လှသည့် ကြယ်တာရာ အင်အားများမှာ သူမ၏ ခန္ဓာကိုယ်ကို လေပြည်လေညှင်းများလို ဖြတ်ကျော်သွား၏။ မိန်းကလေး၏ ဆံပင်နှင့် အဝတ်အစားများက နူးညံ့စွာ လှုပ်ရှားသွား၏။
ဝှစ်…
သူမက မီးခိုးရောင် အရိပ်ကိုပါ တိုက်ရိုက် ဖြတ်ကျော်သွား၏။ ကီလိုမီတာ ရှစ်သောင်း ရှိသည့် လောကနယ်မြေက သူမ အတွက် တည်ရှိမနေသည့် အလားပင်။
စုမေ့က နောက်ကို လှည့်မကြည့်ပဲ ဟင်းလင်းပြင် ဂိတ်တံခါးထဲကို ဝင်ရောက် သွား၏။ ထို့နောက် အာကာသ အလင်းများဖြင့် ဝန်းရံလာကာ အပြီးတိုင် ပျောက်ကွယ် သွားတော့သည်။
“ဘာလဲ…”
ထိုအရာက လူငယ်တိုင်း၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည့် မေးခွန်း ဖြစ်သည်။ လင်းမင်မှာ အဖြေ တစ်ခုခု ရလိုရငြား ဘေးနားရှိ လင်းရှန်းရှဲ့ကို လှည့်ကြည့် လိုက်၏။ ထိုအခါ စီနီယာ အမလင်းမှာလည်း သူတို့ ကဲ့သို့ပင် အလားတူ မှင်သက်နေကြောင်း တွေ့လိုက်ရသည်။
အမှန်တကယ် အားဖြင့် စီနီယာ အမလင်း တစ်ယောက်တည်းသာ မကပါချေ။ ဂိုဏ်းချုပ် အပါအဝင် အကြီးအကဲများ အားလုံးမှာ သရဲ တစ်ကောင်အား တွေ့မြင်လိုက်ရသလို ဆွံ့အ နေကြခြင်း ဖြစ်ပေသည်။
မီးခိုးရောင် ပုံရိပ်ကတော့ နေရာတွင်ပင် ရုပ်တု တစ်ခုလိုမျိုး ဆက်ရပ် နေခဲ့၏။ သို့သော်လည်း သူမ၏ လည်ပင်း၌ သွေးစင်းကြောင်း တစ်ခု တဖြည်းဖြည်း ပေါ်လာနေသည်ကို အားလုံး ရှင်းလင်းစွာ တွေ့မြင်ရပေသည်။
ထို့နောက်တွင်ကား…
ဘုတ်…
မြည်သံ တစ်ခုနှင့် အတူ သူမ၏ ခေါင်းမှာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့၏။
“မျက်လုံးမှိတ်ထား…”
လင်းရှန်းရှဲ့က အော်ဟစ်လိုက်ရင်း လင်းမင်၏ မျက်လုံးများကို သူမ၏ လက်ဖြင့် ပိတ်လိုက်၏။
“ရွှမ်း…”
သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ အနက်ရောင် ဆေဘာ အလင်း တစ်ခုမှာ တစ်လောကလုံးကို လွှမ်းခြုံသွားလေတော့သည်။
ကြောက်ရွံ့ တုန်လှုပ်သည့် အော်သံများ၊ နာကျင်သံများမှာ ဆက်တိုက်ဆိုသလိုပင် ထွက်ပေါ်လာခဲ့၏။ လျှို့ဝှက် အာဏာရှင် အဆင့် အကြီးအကဲများမှာ ချက်ချင်းပင် အလင်း အကာအရံများကို ဖန်တီးကာ သူတို့၏ ရွေးချယ်ခံများ၊ တန်ခိုးရှင် နတ်မိမယ်များ၊ လူငယ် သူရဲကောင်းလေးများကို ကာကွယ် လိုက်ကြသည်။
လင်းရှန်းရှဲ့၏ လက်ချောင်းလေးများက နေရောင်ခြည် တစ်ခု သဖွယ် နွေးထွေးစွာ ကာကွယ် ထားသည်ကို ခံစားရလေရာ လင်းမင်၏ နှလုံးသားမှာ တဒိတ်ဒိတ် တုန်ရီနေ၏။ သို့သော်လည်း သူမ၏ လက်ချောင်းများ ကြားမှ အမှောင်ထုကို သူ မြင်တွေ့နေရပေသည်။
ဆေဘာ အလင်းများမှာ စက္ကန့် အနည်းငယ် ကြာအောင် တည်ရှိပြီးနောက် တစ်ခါမှ မရှိခဲ့သလို ပြန်လည် ပျောက်ကွယ် သွားခဲ့၏။ အခြေအနေ တစ်ခုလုံး ပြန်လည် တည်ငြိမ်သွားပြီးနောက် အကြီးအကဲများက သူတို့၏ အကာအကွယ် အလွှာများကို လျှော့ချလိုက်ကြကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်ကြသည်။
ထို့နောက် မြင်တွေ့လိုက်ရသော မြင်ကွင်းကား...
***