← Chapters

ဉာဏ်အလင်း

Vol. 72 Ch. 1001

ဉာဏ်အလင်း

Vol. 72 Ch. 1001

“ဘုရား... ဘုရား...”

စင်မြင့်ကြီး တစ်ခုလုံးမှာ ဆေဘာရာများဖြင့် ဖုံးအုပ်နေချေသည်။ အချို့က မိုင်ရာပေါင်းများစွာ အထိ ရှည်လျားကာ အချို့က တစ်မိုင်ခန့်သာ ရှည်လျား၏။ တစ်လက်မျှခန့် အထိသာ ရှည်လျားသည့် ဆေဘာရာများလည်း ရှိပေသည်။ သို့သော်လည်း ၎င်းတို့ အားလုံး၏ အနက်များကတော့ ညီတူညီမျှပင် ဖြစ်လေသည်။

ထိုအရာက မည်ကဲ့သို့သော ခွန်အားမျိုးနည်း။ ကျင့်ကြံခြင်း လောက၏ သမိုင်းကြောင်း၌ ပြိုင်စံရှား ရုပ်ခန္ဓာများ၊ သွေးကြောများကို ပိုင်ဆိုင်ထားကာ အလွန် တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် ကျင့်ကြံသူများ ရှိခဲ့ပေသည်။ သို့သော်လည်း... သူတို့ တစ်ယောက်ချင်းစီမှာ ကျင့်ကြံခြင်း အဆင့် တစ်ခုချင်းစီတိုင်းတွင် နှစ်ပေါင်းများစွာ မြှပ်နှံကာ ကျင့်ကြံခဲ့ကြသူများ ဖြစ်သည်။ သို့သော်လည်း... မိန်းကလေးကတော့ အသက် ငါးဆယ့် နှစ်နှစ်သာ ရှိပေသေးသည်။

ပါရမီရှင် ဆိုသည်မှာ အဘယ်နည်း။ ထိုအရာက ပါရမီရှင်ပင် ဖြစ်သည်။ မွန်းစတား ဆန်လွန်းလှသည့် ပါရမီရှင်မျိုးပင်။

လင်းရှန်းရှဲ့က သူမ၏ လက်ကို လင်းမင်၏ မျက်နှာထက်မှ ပြန်လည် ဖယ်ရှားလိုက်၏။ စုမေ့ထံမှ ဆေဘာ အကြွင်းအကျန်များမှာ နေရာတိုင်းတွင် စိမ့်ဝင် နေဆဲ ဖြစ်သည်။ လင်းမင် ဘာကိုမှ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ စုမေ့ ထွက်ခွာသွားပြီး နောက်မှ ဆေဘာအလင်းများမှာ အဘယ်ကြောင့် ပေါက်ကွဲ လာရသနည်း။

“ဘာဖြစ်သွားတာလဲ...”

လင်းမင်က လင်းရှန်းရှဲ့ဘက်သို့ လှည့်ကာ မေးလိုက်၏။ ထိုအခါ မိန်းကလေး၏ မျက်နှာက အလွန်အမင်း ဖြူရော် နေသည်ကို သတိထားမိလိုက်သည်။ သူမ၏ မျက်လုံးများကတော့ တစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခ ဖြစ်နေသည့် အလား ဝိညာဉ် အလင်းများနှင့် ပြည့်နှက်နေ၏။

“စီနီယာ အမ... အဆင်ပြေရဲ့လား...”

လင်းမင်က စိုးရိမ်စွာဖြင့် မေးလိုက်ရင်း မိန်ကလေးကို ဖေးမရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း... လင်းရှန်းရှဲ့က သူမကို လက်ကာကာ တားလိုက်သည်။

“ငါ အဆင်ပြေတယ်...”

သို့သော်လည်း... သူမ၏ လက်များက အနည်းငယ် တုန်ရီနေကာ အသက်ရှူသံများမှာ လေးပင် နေ၏။ လင်းမင်၏ စိတ်များက အနည်းငယ် ရှုပ်ထွေးသွားသည်။ သူ သူမကို ဖေးမဖို့ ကြိုးစားလိုက်ခြင်းက ကူညီချင်ရုံ သက်သက် ဖြစ်သည်။

“အဲဒီ မိန်းကလေးက သာမန် မဟုတ်ဘူး...”

ထိုအခိုက်တွင်ပင် လင်းရှန်းရှန်းက သုန်မှုန်သည့် လေသံဖြင့် ပြောလိုက်၏။

“အင်းလေ... ဝေ့ဝူယင်ရဲ့ ညာလက်ရုံးပဲ...”

သူမက ကိုယ့်ကိုယ်ကို ပြောဟန်ဖြင့် တီးတိုး ရေရွတ်လိုက်သည်။

“ဂိုဏ်းချုပ်... ဘာဖြစ်သွားတာလဲ...”

လင်းမင်က လင်းရှန်းရှန်းဘက်ကို လှည့်ကာ မေးလိုက်၏။ မည်သည့် အရာများဖြစ်ပျက် သွားသည်ကို သူ ယခုတိုင် နားမလည်နိုင်အောင် ဖြစ်နေသေးဆဲ ဖြစ်သည်။

“...”

လင်းရှန်းရှန်းက လင်းမင်ဘက်ကို လှည့်ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။ သူမ၏ သမီးဖြစ်သူ လင်းရှန်းရှဲ့မှာ လင်းမင် အပေါ်တွင် အချိန်၊ စွမ်းအင်၊ ကြွယ်ဝမှု များစွာ ရင်းနှီး မြှုပ်နှံခဲ့ကာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာ‌အောင် ပြုစု ပျိုးထောင် ပေးခဲ့သည်။ သို့သော်လည်း... စုမေ့ကို မြင်သည့် အခိုက်တွင်တော့ ထိုအရာ အားလုံးက သေးသိမ်လှသလို သူမ ခံစားလိုက်ရသည်။ ကွာခြားချက်က ကြီးမားလွန်းလှပေသည်။

“သူက ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာနိုင်လောက်လား...”

ရုတ်တရက် အတွေး တစ်ခုက သူမ စိတ်အတွင်း ဝင်ရောက် လာခဲ့၏။ တစ်ခဏတာမျှ တွေးတောပြီး နောက်တွင်တော့ သူမက ခေါင်းကိုသာ ခါလိုက်သည်။

ရွေးချယ်ခံ ဧကရာဇ်ကို ခွန်အားတစ်ခုတည်းဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ချေ။ လွန်ခဲ့သည့် နှစ်များ အတွင်း အလွန်အမင်း အစွမ်းထက်လှသည့် ပါရမီရှင်များစွာပေါ်ထွက် လာခဲ့ဖူးသည်။ သူတို့ အားလုံးက လောက တစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။ သို့‌သော်လည်း... သူတို့ အားလုံးမှာ ထိုဂုဏ်ထူးကို အရယူရန်တော့ ကျရှုံးခဲ့ပေသည်။

လင်းရှန်းရှန်းက ရှုပ်ထွေးနေသည့် အတွေးများကို ပြန်လည် ရုတ်သိမ်းလိုက်၏။ ထို့နောက် သူမက လင်းမင်၏ မေးခွန်းကို စတင်ကာ ဖြေလိုက်လေသည်။

“အဲဒီ မိန်းကလေးက အမှောင်အလင်း အင်အားကို သုံးပြီး... ဆေဘာအလင်းကို အချိန်၊ အာကာသ စွမ်းအင်တွေနဲ့ ပေါင်းစပ်ထားတာ... အသက် တစ်ရာတောင် မပြည့်သေးတဲ့ ကျင့်ကြံသူ တစ်ယောက်ဆီကနေ အဲဒီလို အစွမ်းထက်တဲ့ ကျင့်စဉ်မျိုး တစ်ခါမှ မမြင်ဖူးဘူး...”

၎င်းက ကျင့်ကြံခြင်းနှင့် နားလည်မှုတို့ကို အပြည့်အဝ ပေါင်းစပ်ထားသည့် တိုက်ခိုက်မှု ဖြစ်သည်။ ကြယ်တာရာ အမြုတေ အဆင့်ကိုးကို အလွန် လျှင်မြန်စွာ ရောက်ရှိခဲ့သည့်တိုင် လောကနယ်မြေ အဆင့်နှင့် လောကီ မျက်လုံး အဆင့်တို့တွင်လည်း သူမ၏ နားလည်မှုက အလွန် နက်ရှိုင်းကြောင်း ထင်ရှားလှပေသည်။

“အနက်ရောင် ဆေဘာ အလင်းကရော...”

လျှို့ဝှက်ကြယ်တာရာ အဆင့် တစ်ယောက်က နားမလည်စွာပင် မေးလိုက်၏။ လင်းမင် တို့လို လူငယ်များနှင့် ခြားနားစွာပင် သူက တိုက်ခိုက်မှုကို အစအဆုံး တွေ့မြင်လိုက်ရသူ ဖြစ်သည်။

“အဲဒါက သူပဲလေ...”

လင်းရှန်းရှန်းက သုန်မှုန်စွာဖြင့် ပြောလိုက်၏။

"...”

ရွေးချယ်ခံများမှာ နားမလည်နိုင် ဖြစ်သွားကြသည်။ သို့သော်လည်း လျှို့ဝှက် ကြယ်တာရာ အဆင့်များမှာတော့ မျက်လုံးများ တောက်ပသွားကြ၏။ သူမ မည်သည်ကို ဆိုလိုကြောင်း သူတို့ နားလည်ကြပေသည်။

“ကျင့်ကြံတော့...”

လင်းရှန်းရှန်းက ကြယ်တာရာ သခင်များကို အမိန့်ပေးလိုက်၏။ သို့သော်လည်း... သူမ၏ အမိန့်ပေးမှုက နောက်ကျ၍ပင် နေပေသေးသည်။ လင်ရှန်းရှဲ့တို့ ကဲ့သို့ ကြယ်တာရာ သခင်များမှာ မျက်လုံးများကို မှိတ်ကာ ထိုင်ချ၍ပင် ကျင့်ကြံနေကြပြီ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ဉာဏ်အလင်းရသည့် အော်ရာများကို ထုတ်လွှတ် နေကြ၏။

လင်းရှန်းရှဲ့မှာ ဒြပ်စင်ဘီး၏ ရှေ့တည့်တည့်၌ ထိုင်ကာ လက်ဟန်ချိပ်စည်းများကို တစ်ခုပြီး တစ်ခု ပြောင်းလဲ နေ၏။ သူမ၏ ဖြူရော်နေသည့် အမူအရာက တဖြည်းဖြည်း သွေးရောင် ပြန်သမ်းလာကာ ပိုမို၍ ကျန်းမာလာဟန် ရလေသည်။

ကြယ်တာရာ အမြုတေ အဆင့်ခုနစ်အောက် ကျင့်ကြံသူများမှာ အတင်းအကြပ် ကျင့်ကြံနေကြသည့် စီနီယာများကို ကြည့်ကာ အံ့သြသွားကြ၏။ သူတို့က နောက်တစ်ဆင့်ကို ချိုးဖျက်ရန် အလွန် အရေးကြီးသည့် နားလည်မှုများကို ဆုပ်ကိုင် သွားနိုင်ဟန် ရလေသည်။

စုမေ့၏ တိုက်ခိုက်မှုက အခွင့်အရေး တစ်ခု ဖြစ်ကြောင်း လင်းမင် နားလည်သွား၏။ သူက နောက်ကျကျန်နေရန် ဆန္ဒ မရှိလေရာ အမြင်အာရုံ အစီအရင်ကို သုံးကာ ဆေဘာရာများကို လေ့လာလိုက်လေသည်။ စင်မြင့်မှာ ပျက်စီးမှုများကို ပြန်လည် ပြုပြင်ဖို့ ကြိုးနေဟန် ရကာ ဆေဘာရာများ အတွင်းရှိ စွမ်းအင် အကြွင်းအကျန်များကို ဖယ်ရှားနေ၏။ သို့သော်လည်း... စွမ်းအင်များမှာ ပြုပြင်ရန် ကြိုးပမ်းမှုများကို ပြန်လည် ခုခံနေကြောင်း သူ တွေ့မြင်နေရသည်။

ထာဝရ တည်မြဲခြင်း...

ကံမကောင်းစွာပင် ထိုဖြစ်စဉ်မှာ အစမှ အဆုံးထိ မိနစ် နှစ်ဆယ်မျှသာ ကြာမြင့်ခဲ့ပေသည်။ အချိန်နှင့် အာကာသ ဉာဏ်အလင်းများကို သူ ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိပါချေ။ သူ စိတ်ထဲမှ မချင့်မရဲ ဖြစ်သွားမိ၏။

ရွှမ်း...

ရုတ်တရက်... ကောင်းကင်က ညွှန်ပြလိုက်သကဲ့သို့ စင်မြင့်၏ ထောင့်တစ်နေရာတွင် ဖြစ်တည်နေသည့် အလင်း တစ်ခုကို လင်းမင် တွေ့ရှိလိုက်ရ၏။ ၎င်းက အလွန်အမင်း အားနည်းလွန်းလှသည့်တိုင် ထိုနေရာတွင် ရှိနေသည်ကတော့ သေချာလှသည်။ လင်းမင် ချက်ချင်းပင် စိတ်နှင့် အာရုံ အလုံးစုံကို စုစည်းကာ ထိုနေရာကို အာရုံစိုက်လိုက်၏။

ဝမ်...

သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ သူ့ ကျင့်ကြံခြင်း ဝိညာဉ်က စတင်ကာ တုန်ရီလာသည်။ ထိုတုန်ရီမှုက သူ့ သွေးကြောများကို ဖြတ်သန်းကာ အသိစိတ် ပင်လယ် အထိ ရောက်ရှိသွားသည်။ ဒြပ်စင် ရည်ရွယ်ချက်က ချက်ချင်းပင် တုန့်ပြန်လာကာ သူ့မျက်လုံးများမှာ အဖြူရောင်အဖြစ် ပြောင်းလဲသွား၏။ အကယ်၍ အနီးကပ် ကြည့်မည် ဆိုပါက ထိုနေရာတွင် လေမုန်တိုင်းများ တိုက်ခိုက်နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

“လောက နှလုံးသား ရည်ရွယ်ချက်...”

အလင်း အကြွင်းအကျန်ကလေးမှာ ခေါင်းမာစွာပင် စင်မြင့်၏ ပြုပြင်မှုကို လက်ခံရန် ငြင်းဆန်နေ၏။ ၎င်းက ပတ်ဝန်းကျင်ရှိ မန်နာများကိုပင် ဆေဘာ အလင်းများအသွင် ပြောင်းလဲကာ ပြန်လည် တိုက်ခိုက်ဖို့ ကြိုးစားနေသည်။ လင်းမင်မှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်အား တည်ဆောက်ရန် အခွင့်အရေး တစ်ခုကို ဖမ်းဆုပ်မိလိုက်သလို ခံစားလိုက်ရ၏။

‘သတ္တုကနေ မြေကြီး... မြေကြီးကနေ လေ... ရေကနေ သစ်သား...’

သူ ချက်ချင်းပင် ထိုင်ချကာ မျက်လုံးများကို မှိတ်လိုက်လေတော့သည်။

...

နောက်ထပ် တစ်ပတ်လုံးကား စိန်ခေါ်မှု မရှိပဲ ကုန်ဆုံး သွားခဲ့၏။ များစွာသော ရွေးချယ်ခံများ၊ တန်ခိုးရှင် နတ်မိမယ်များ၊ သူရဲကောင်းများနှင့် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ငြိမ်သက်စွာပင် ကျင့်ကြံ နေကြသည်။ သို့သော်လည်း... သူတို့၏ စိတ်ထဲရှိ လေးပင်မှုများက အတော်အတန် ပြေလျော့ သွားကြပြီ ဖြစ်သည်။ စုမေ့ အသာတကြည် ကျော်ဖြတ်သွားပုံ အရဆိုလျှင်... ရန်သူမှာ ဒီလောက်ကြီး အစွမ်းထက်ပုံ မပေါ်ချေ။

နောက်ဆုံး၌ ငွေအဆင့် အင်အားစု တစ်ခုမှ ကြယ်တာရာ သခင် တစ်ယောက်မှာ စတင် လှုပ်ရှား လာခဲ့၏။ သူက သံမဏိနှလုံးသားဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ဖြစ်သည်။

သံမဏိနှလုံးသားဂိုဏ်းချုပ်မှာ ဂုဏ်သတင်းအားဖြင့် နိမ့်ပါးသူ တစ်ယောက် မဟုတ်ပဲ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်ဖူးသူ ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် အဆင့်ခုနစ် ချိတ်သည့် မြင့်မြတ်သောနေ ကြယ်တာရာ နယ်မြေတွင်ပင် သူက ထိပ်သီး ကြယ်တာရာ သခင် ၁၀၀၀ စာရင်းတွင်ပင် ပါဝင်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း... ဆေဘာအလင်းထံမှ ဉာဏ်အလင်း တစ်ချို့ကို ဆုပ်ကိုင်နိုင်ခဲ့ပြီး နောက်တွင် သူက ယခင်ကထက်ပင် ပိုမို သန်မာလာခဲ့သည်။ သို့ဖြစ်လေရာ... သူ၏ ယုံကြည်မှုက မသေးငယ်လှချေ။ အဆင့်နိမ့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် ယှဉ်ပြိုင်ရမည် ဆိုလျှင်ပင် မရှုံးနိုင်ဟု သူ ခံစားရသည်။

ခရက်...

သံမဏိနှလုံးသားဂိုဏ်းချုပ်မှာ အတုအယောင် မြေဆွဲအား၏ အကန့်အသတ်ကို ကျော်လွန်ကာ စင်မြင့်ထက်သို့ ရောက်ရှိသွား၏။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ လေးလံသည့် ဆေဘာတစ်စင်းကို ကျောထက်၌ ပိုးထားသည်။

ဟူး...

စင်မြင့်ပေါ်ကို ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသည့် လေထု တစ်ခုမှာ သံမဏိနှလုံးသားဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကို ဖြတ်သန်း တိုက်ခတ်သွား၏။ သူ၏ နက်မှောင်သည့် မျက်ခုံးများက အနည်းငယ် တွန့်ကွေး သွားသည်။

“သံမဏိ နှလုံးသား ဂိုဏ်းချုပ်... အသက် ၅၅၇ နှစ်... ကြယ်တာရာ အမြုတေ အဆင့်ကိုး... ရန်သူ အဆင့်... ကြယ်တာရာ သခင် သာလွန်ခြင်း အဆင့်...”

စန်းလော့ယန်၏ အသံက နောက်တစ်ကြိမ် စင်မြင့် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့တော့၏။

***

All Chapters