← Chapters

ယီမင်

Vol. 72 Ch. 1002

ယီမင်

Vol. 72 Ch. 1002

“သံမဏိ နှလုံးသား ဂိုဏ်းချုပ်... အသက် ၅၅၇ နှစ်... ကြယ်တာရာ အမြုတေ အဆင့်ကိုး... ရန်သူ အဆင့်... ကြယ်တာရာ သခင် သာလွန်ခြင်း အဆင့်...”

ရွေးချယ်ခံများ၊ တန်ခိုးရှင် နတ်မိမယ်များ၊ သူရဲကောင်းများ၊ အကြီးအကဲများ အားလုံးမှာ ကောင်းကင်ရှိ စင်မြင့်ကို မော့ကြည့်နေကြ၏။

လူငယ် ကျင့်ကြံသူများမှာ ထာဝရ အစည်းအရုံး၏ ရန်သူ ရွေးချယ်မှုက အနည်းငယ် မမျှတသလို သူတို့ ခံစားလိုက်ရသည်။ သံမဏိ နှလုံးသား ဂိုဏ်းချုပ်မှာ စုမေ့ အသက်ထက် နှစ်ပေါင်း ဆယ့်တစ်ဆ ကျော် ကျင့်ကြံထားသူ ဖြစ်သည်။ တကယ်တမ်းဆိုလျှင် သူတို့၏ ရန်သူ အဆင့်များက အနည်းငယ် ကွာခြားသင့်ပေသည်။ သံမဏိက နှလုံးသား ဂိုဏ်းချုပ်၏ ရန်သူ အဆင့်က သာလွန်ခြင်း ဆိုလျှင် စုမေ့မှာ အဆင့်နိမ့်လောက်သာ ဖြစ်သင့်သည်။

သို့သော်လည်း စီနီယာ ကျင့်ကြံသူများကတော့ အကြောင်းရင်းကို သိကြပေသည်။ သံမဏိ နှလုံးသား ဂိုဏ်းချုပ်မှာ ဂိုဏ်းချုပ် တစ်‌ယောက်သာ ဖြစ်သည်။ စုမေ့လို ရွေးချယ်ခံ တစ်ယောက် မဟုတ်ချေ။ အဆင့်အတန်းချင်း မတူလေရာ သူတို့၏ စံချိန်စံနှုန်းများမှာလည်း ကွဲပြားလိမ့်မည် ဖြစ်သည်။

“ငါတို့ ဂိုဏ်းချုပ်ကွ...”

“တစ်ခါတည်း အမှုန့်ချေ ပစ်လိုက်...”

ခပ်လှမ်းလှမ်းဆီမှ အော်ဟစ် အားပေးသံများ ထွက်ပေါ်လာသည်။ သံမဏိ နှလုံးသားဂိုဏ်းချုပ်က အနည်းငယ် ပြုံးကာ ရင်ဘတ်ကို ကော့ကာ ရပ်လိုက်သည်။ ယုံကြည်ချက် မြင့်မားသည့် သူ၏ မျက်ဝန်းများက ‘မဟာစက်ဝန်း ညီလာခံရေ... ငါလာပြီ’ ဟု ကြုံးဝါးနေသလိုပင်။

“စိန်ခေါ်မှုကို ဆက်သွားဖို့ ဆန္ဒရှိလား...”

စန်းလော့ယန်က စုမေ့တုန်းကလို အသံမျိုးနှင့်ပင် မေးလိုက်၏။

“ဆန္ဒ ရှိပါတယ်...”

သံမဏိကနှလုံးသား ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။ ဆေဘာ စွမ်းအင်များက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံသွားသည်။ တိုက်ပွဲဝင်ရန် သူ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဟူး...ဟူး...

အနက်ရောင် ကျောက်တိုင်မှ မီးခိုးများ ထွက်ပေါ်လာကာ ရန်သူမှာ ဖွဲ့စည်းလာခဲ့သည်။ သို့သော်လည်း... ပထမတစ်ကြိမ် တုန်းကနှင့် ကွာခြားစွာပင် ၎င်းက... ခပ်ပိန်ပိန်ပါးပါး အမျိုးသား တစ်ယောက် ဖြစ်သည်။ သူက လက်တစ်ဖက်တွင် လှံတစ်စင်းကို ဆုပ်ကိုင်ထား၏။ မျက်နှာတစ်ဝက်ကတော့ အလားတူပင် မီးခိုးရောင် အလင်းများဖြင့် ဖုံးကွယ်ထားသည်။

ဝှစ်...

သံမဏိ နှလုံးသားဂိုဏ်းချုပ်က ငွေ‌ရောင် လောကနယ်မြေကို ထုတ်လွှတ်လိုက်ကာ နှစ်သောင်း ခုနစ်ထောင် ကီလိုမီတာ တိုင်အောင် ဖြန့်ကျက်သွား၏။

၎င်းက ပထမ ပုံရိပ်၏ ကီလီမီတာ ရှစ်သောင်းနှင့် ကွာခြားသည့် သံမဏိနှလုံးသား ဂိုဏ်းချုပ်မှာ ကြောက်ရွံ့ခြင်း မရှိချေ။ စုမေ့ဆိုလျှင် လောကနယ်မြေ တစ်ခုကိုပင် ထုတ်ဖော်ခဲ့ခြင်း မရှိချေ။ သူမက ဆေဘာကိုသာ သုံးကာ ရန်သူကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

သူကတော့ လောကနယ်မြေကို ထုတ်ဖော်ခဲ့လေရာ ဘယ်လိုပဲ ဖြစ်ဖြစ် စုမေ့ထက် ပိုမို အားသာချက် ရှိသွားခဲ့ပြီ ဖြစ်သည်။

ဟူး...

မီးခိုးရောင် ပုံရိပ်ကလည်း သူ၏ အညိုရောင် ဖျော့ဖျော့ လောကနယ်မြေကို ထုတ်ဖော်လိုက်၏။ လောကနယ်မြေ နှစ်ခုမှာ ဝင်တိုက်မိသွားကြသည်။

ခရက်...

သံမဏိ ဆေဘာဂိုဏ်းချုပ် ဓားရိုးကို ဆုပ်ကိုင်လိုက်ချိန်မှာပင် ထူးဆန်းသော အသံတစ်ခုမှာ သူ့ လောကနယ်မြေမှ ထွက်ပေါ်လာ၏။ သူ၏ မျက်လုံးများက ပြူးကျယ်သွားကာ မျက်နှာရှိ သွေးရောင်များ ပျောက်ကွယ် သွားသည်။

“မကောင်းတော့ဘူး...”

သူက အလျှင်အမြန်ပင် ဆေဘာကို ဓားအိမ်မှ ချွတ်ဖို့ ကြိုးစား လိုက်၏။ သို့သော်လည်း လောကဖိအားက အဆထောင်ပေါင်းများစွာ တိုးမြင့်သွားကာ သူ၏ လောကနယ်မြေမှာ တစ်ခဏချင်း ပြိုကွဲသွားသည်။ သွေးများမှာ သူ့နှာခေါင်းနှင့် ပါးစပ်တို့မှ ထွက်ပေါ်လာခဲ့၏။

သံမဏိ ဆေဘာဂိုဏ်းချုပ်က အလျှင်အမြန် နောက်ဆုတ်ဖို့ ကြိုးပမ်းလိုက်သည်။ သို့သော်လည်း... အားလုံးကား နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။

ဘုန်း...

ပြင်းထန်သော ပေါက်ကွဲသံ တစ်ခုနှင့် အတူ ငွေအဆင့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်မှာ သွေးမှုန်များ အဖြစ် ပြောင်းလဲကာ ပေါက်ကွဲ သွားခဲ့ပြီ ဖြစ်လေသည်။

"..."

အားလုံးမှာ တိတ်ဆိတ် သွားကြ၏။ အချို့က မည်သည့် အရာများ ဖြစ်ပျက်သွားသည်ကို နားလည်သည့် အလား ခေါင်းခါလိုက်ကြသည်။

“ယီမင်... ‌ယောက်ျား...”

လောကသခင် အဆင့် မိန်းမငယ်လေး တစ်ယောက်မှာ အတုအယောင် မြေဆွဲအားကို ကျော်လွန်ကာ စင်မြင့်ထက်သို့ သွေးရူးသွေးတန်း ခုန်တက်လာ၏။ သူမက သံမဏိ နှလုံးသား ဂိုဏ်းချုပ်၏ အကြွင်းအကျန်များ ကျန်ရစ်ခဲ့သည့် နေရာကို ပြေးလွှား သွားခဲ့သည်။

ဘုန်း...

မိန်းကလေးမှာ စင်မြင့်ပေါ် ပြင်းထန်စွာပင် ပြုတ်ကျသွား၏။ သူမ၏ မျက်ဝန်းများက မျက်ရည်များဖြင့် စိုရွှဲနေသည်။ ကံကောင်းထောက်မစွာပင် စင်မြင့်တစ်ခွင် ပျံ့နှံ့နေသည့် လောကနယ်မြေမှာ မီးခိုးရောင် ပုံရိပ်နှင့် အတူ ပြန်လည် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။ မိန်းကလေးမှာ ယီမင်၏ အကြွင်းအကျန်များ ရှေ့တွင် ဒူးထောက် ထိုင်ချလိုက်၏။

“ယီမင်... ယီမင်...”

တဖွဖွ ရေရွတ်ရင်း မျက်ရည်များက အဆုံးမဲ့စွာ စီးကျလာခဲ့သည်။

"ဘုရားရေ...”

မိန်းကလေးမှာ ကိုယ်ဝန်ကြီးနှင့် ဖြစ်ကြောင်း သတိထားမိသော အခိုက်၌ လူတိုင်းမှာ စိတ်မကောင်း ဖြစ်သွားမိ၏။ ဘယ်လောက်တောင် ကံဆိုးလိုက်သည့် ဇနီးသည်နည်း။

ဝှစ်...

တောက်ပသည့် အလင်း တစ်ခုမှာ ယီမင်၏ အကြွင်းအကျန်များထဲမှ ထွက်ပေါ်လာ၏။ ၎င်းက အလွန်သေးငယ်လှကာ စက်ဝိုင်း တစ်ခု ပုံသဏ္ဌာန် ရှိသည်။ ထိုအလင်းစက် ကလေးမှာ ကြယ်တာရာ အမြုတေ အဆင့်၏ ဥပဒေသများကို ဆုပ်ကိုင်ထားသည့် အလား စတင်ကာ ကြီးထွားလာသည်။ မိန်းကလေးက ဖမ်းဆုပ်ရန် ကြိုးပမ်းလိုက်သော်လည်း ၎င်းမှာ ပျောက်ကွယ် သွား၏။ သူမ၏ ကျင့်ကြံခြင်း အခြေခံက ထိုကဲ့သို့ ပြုလုပ်ရန် အလွန် နိမ့်ပါးပေသေးသည်။

“...”

လင်းမင်မှာ ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေမိခဲ့၏။ ဤသည်က ကြယ်ခြေချခြင်း ဖြစ်စဉ်ကို သူ ပထမဆုံး အကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ကြယ်တာရာ သခင် တစ်ယောက်၏ အမြုတေ သေမျိုး တာအို အဖြစ် ပြောင်းလဲ သွားသည့် အခါ ကောင်းကင်မှ ချီးမြှင့်ထားသည့် အရာအားလုံး ပြန်လည် ယူဆောင်ခံသွားရသည်။ ၎င်းက တစ်နေ့တစ်ချိန်တွင် နေကြယ် တစ်စင်း ဖြစ်သွားလိမ့်မည် ဖြစ်ကာ မရေမတွက်နိုင်သော အသက်များကို မွေးထုတ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

ကောင်းကင်တာအို ကိုယ်တိုင် ဖန်တီးထားသည့် ထိုဖြစ်စဉ်ကို လောကသခင် တစ်ပါး မဆိုထားနှင့် သေမျိုး တစ်ပိုင်း အရှင် အဆင့် တစ်ယောက်ပင် မတားဆီးရဲပါချေ။ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်နှင့် အတူ လျှို့ဝှက် တာအို၏ ထောက်ပံ့မှုကို ရရှိထားသည့် မြေကြီး ရှန့်ထိုများ သာလျှင် ထိုကဲ့သို့ လုပ်‌ဆောင်နိုင်စွမ်း ရှိပေသည်။ သို့သော်လည်း... ကြီးမားသည့် ကုန်ကျစရိတ်များကိုတော့ သူတို့ ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

ကောင်းကင်တာအို၏ ကြယ်ခြေချခြင်း ဖြစ်စဉ်ကို ကျော်လွှားပြီးမှသာ ထာဝရ ပြန်လည် မွေးဖွားခြင်း ကဲ့သို့ ဆေးလုံးများဖြင့် ထိုပုဂ္ဂိုလ်ကို ပြန်လည် အသက်သွင်းနိုင်လိမ့်မည် ဖြစ်သည်။ ကံမကောင်းစွာပင် သံမဏိ နှလုံးသား ဂိုဏ်းချုပ်ကို ကယ်တင်ပေးမည့်လူ မရှိခဲ့ပါချေ။

ယီမင်မှာ ကိုယ်ဝန်ဆောင် ဇနီးသည်ကို ချန်ရစ်ကာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်လေသည်။ မိန်းကလေးမှာ ရီဝေစွာပင် ယီမင်၏ ကြယ်တာရာ အမြုတေ ပျောက်ကွယ်သွားသည့် အရပ်ကို လှမ်းကာ ငေးမော နေခဲ့၏။

“ဆွတ်ပျံ့လေဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ... အသက် ၂၄၄ နှစ်... ကြယ်တာရာ အမြုတေ အဆင့် ခုနစ်... ရန်သူ အဆင့်... လောကသခင် အထွတ်အထိပ် အဆင့်”

စန်းလော့ယန်၏ အသံမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း... မိန်းကလေးမှာ ဘာကိုမှ မကြားသည့် အလား ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။

“စိန်ခေါ်မှုကို ဆက်ချင်လား...”

“မကောင်းတော့ဘူး...”

အောက်ရှိ လူတိုင်းမှာ နှလုံးသားများ တဒိတ်ဒိတ် တုန်ရီသွားကြ၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် အကြီးအကဲ တစ်ယောက်မှာ အလျှင်မြန်ဆုံးနှုန်းဖြင့် စင်မြင့်ထက်သို့ ရောက်ရှိလာကာ ကိုယ်ဝန်ဆောင် မိန်းကလေးကို ဆုပ်ကိုင်လိုက်သည်။ သို့သော်လည်း... မိန်းကလေး၏ ဝတ်စုံကို ထိလိုက်သည်နှင့် အလွန် ပြင်းထန်သည့် အင်အား တစ်ခု ရစ်သိုင်းလာသည်ကို သူ ခံစားလိုက်ရ၏။

ဝှစ်...

သေမျိုးတစ်ပိုင်း အရှင် အဆင့်မှာ တုန့်ဆိုင်းခြင်း မရှိပဲ နောက်သို့ ပြန်ဆုတ်သွားသည်။ မိန်းကလေးကို ကယ်တင်ချင်သော်လည်း... သူ့အသက်ထက် ပို၍ အရေးကြီးသည့် အရာ မရှိပါချေ။ စက္ကန့်ဝက်မျှ အတွင်းမှာပင် သူ မူလကြမ်းပြင်ပေါ် ပြန်လည် ရောက်ရှိသွား၏။

“စိန်ခေါ်ပွဲကို ဘယ်သူမှ နှောင့်ယှက်လို့ မရဘူး...”

စန်းလော့ယန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။

“...”

အားလုံးမှာ နားလည် သဘောပေါက်စွာဖြင့် စိတ်များ လေးပင် သွားကြ၏။ သူတို့ တိတ်တဆိတ်ပင် မိန်းကလေးကို ဆက်လက် ငေးကြည့် နေမိကြသည်။ စိတ်ခံစားချက်ကို အလိုလိုက်ကာ လက်မခံစေဖို့ သူတို့ စိတ်ထဲမှ ဆုတောင်း နေမိကြ၏။

ဤသို့နှင့် ငါးမိနစ် တိတိ ကြာမြင့်သွား၏။ မိန်းကလေးမှာ ယီမင်၏ အကြွင်းအကျန်များ ရှေ့တွင် ဆက်လက် ငေးမောနေဆဲ ဖြစ်ပေသည်။

ဝှစ်...

ရုတ်တရက် စင်မြင့်ဆီမှ အလင်း တစ်ခု ထွက်ပေါ်လာကာ မိန်းကလေးကို ဝန်းရံ သွားသည်။ ထို့နောက် သူမမှာ လုံးဝ ပျောက်ကွယ် သွားတော့၏။ သူမ သေသလား ရှင်သလား ဆိုတာကိုတော့ ဘယ်သူမှ မသိရပါချေ။ သို့သော်လည်း... များစွာသော လူများကတော့ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းများ ချလိုက်မိကြ၏။ မိန်းကလေးအား ဝန်းရံထားသည့် အလင်းများက အာကာသ အလင်းများ ဖြစ်သည်။ သူမက အပြင်သို့ ပို့ဆောင် ခံလိုက်ရပြီ ဖြစ်လေသည်။

ဟူး... ဟူး...

ယီမင်၏ အကြွင်းအကျန်များမှာ သံမဏိ နှလုံးသားဂိုဏ်းထံ ပြန်လည် ရောက်ရှိ သွားခဲ့၏။ ဂိုဏ်းသားများစွာမှာ သေဆုံးသွားခဲ့သည့် သူတို့၏ ဂိုဏ်းချုပ်ကို အမူအရာ အမျိုးမျိုးဖြင့် ကြည့်နေခဲ့မိကြသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ တစ်နေ့တစ်ချိန်တွင် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်ရောက်ရန် အခွင့်အရေး ရှိသူ ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ မျက်တောင်တစ်ခပ်စာ အတွင်း သေဆုံး သွားရပြီ ဖြစ်သည်။

အုံ့မှိုင်းမှိုင်း လေထုမှာ ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့နေ၏။ စန်းလော့ယန် မညာချေ။ စိန်ခေါ်မှုမှာ သူတို့၏ အသက်များကို အချိန်မရွေး နှုတ်ယူ သွားနိုင်စွမ်း ရှိပေသည်။

ကျင့်ကြံခြင်းကား တကယ် ခက်ခဲလှပေသည်။

***

All Chapters