← Chapters

စိန်ခေါ်သူ အသစ်

Vol. 72 Ch. 1003

စိန်ခေါ်သူ အသစ်

Vol. 72 Ch. 1003

“ကြည့်ရတာ ရန်သူ အဆင့်က စိန်ခေါ်သူရဲ့ အဆင့်အတန်းနဲ့ ကျင့်ကြံခြင်း အခြေခံပေါ် မူတည်နေတဲ့ပုံ ပေါ်တယ်...”

လင်းရှန်းရှန်က အတွေးကို အတည်ပြုဟန်ဖြင့် ‌ရေရွတ်လိုက်၏။ မိန်းကလေးက အထွတ်အထိပ် အဆင့် လောကသခင် တစ်ယောက်ကို ရင်ဆိုင်ရချိန်တွင် ယီမင်ကတော့ သာလွန်ခြင်း အဆင့် ကြယ်တာရာ သခင် တစ်ယောက်ကို ရင်ဆိုင်ခဲ့ရသည်။

လင်းရှန်းရှဲ့က မိခင် ဖြစ်သူ၏ စကားကို ထောက်ခံဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။

“အသက်နဲ့ နောက်ခံ အင်အားစုရောပဲ...”

သူမက ထပ်ဖြည့်လိုက်သည်။ စုမေ့မှာ အသက်ငယ်သည့်တိုင် ရွှေအဆင့် အင်အားစု တစ်ခု၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်လေရာ သာလွန်ခြင်း အဆင့် ရန်သူနှင့် ရင်ဆိုင်ခဲ့ရသည်။ အကယ်၍ သူမသာ အသက်ပိုကြီးကာ လျှို့ဝှက်ဂိုဏ်း တစ်ခု၏ ရွေးချယ်ခံ ဆိုပါက ပိုမို သန်မာသည့် ရန်သူများနှင့် ရင်ဆိုင် ရနိုင်သည်။

အခြားတစ်ဖက်တွင်တော့... ယီမင်မှာ အသက်ကြီးသည့်တိုင် သာလွန်ခြင်း အဆင့် ရန်သူနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအရာက ရွေးချယ်ခံထက် ပိုမို ပေါ့ပါးသည့် ငွေအဆင့် ဂိုဏ်းချုပ် အဆင့်အတန်းကြောင့်ပင် ဖြစ်သည်။ အကယ်၍ သူသာ စုမေ့နှင့် အသက် အတူတူ ဆိုပါက ရင်ဆိုင်ရမည့် ရန်သူမှာ ပိုမို၍ပင် နိမ့်ကျသွားလိမ့်မည် ဖြစ်သည်။

လင်းမင်မှာ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ လောကဂိုဏ်းကြီး တစ်ခု၏ ရှေးဟောင်း ရွေးချယ်ခံ အနေဖြင့် မည်ကဲ့သို့သော ရန်သူမျိုးနှင့် သူ ရင်ဆိုင်ရဦးမည် မသိသေးချေ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ မကြောက်ပါချေ။ မြင့်မားလာသည့် ကျင့်ကြံခြင်း အခြေခံနှင့် အတူ ရန်သူက အချိန်သခင် တစ်ယောက် ဖြစ်လျှင်ပင် သူ ရင်ဆိုင် ရဲပေသည်။

ယီမင် သေဆုံးပြီးသည့်နောက် အားလုံး၏ ခံစားချက်များမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာကြ၏။ သူတို့က ရသမျှ အချိန်ကို သုံးကာ ဝိညာဉ် သင်္ကေတများကို စုပ်ယူဖို့ ကြိုးပမ်းလိုက်ကြသည်။ ဤသည်က သူတို့၏ ကျင့်ကြံခြင်း အခြေခံများကို မြှင့်တင်ရန် အခွင့်အရေး ဖြစ်သည်။

ခရက်... ခရက်...

သို့သော်လည်း ဆက်တိုက် ဆိုသလိုပင် ပုံရိပ် နှစ်ခုမှာ အပေါ်သို့ ခုန်တက်လာကြ၏။ သူတို့က အလွယ်တကူပင် အတုအယောင် မြေဆွဲအားကို ကျော်လွန်ကာ စင်မြင့်ပေါ်သို့ လှပစွာ ကျဆင်းလာကြသည်။ အားလုံး ခေါင်းများကို မော့ကြည့်လိုက်ကြရာ လှပသည့် မိန်းကလေး နှစ်ယောက်ကို တွေ့လိုက်ရ၏။

“နဂါး နတ်မိမယ်...”

လူငယ် ကျင့်ကြံသူ တစ်ယောက်က ဘေးနားရှိ စီနီယာ၏ အင်္ကျီလက်ကို ဆွဲရင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သူ၏ အသံက အလွန် ကျယ်လောင်လှလေရာ ရောက်ရှိနေသည့် လူတိုင်းလိုလို ကြားလိုက်ကြရလေသည်။

စီနီယာ ဖြစ်သူက “ဒီလောက်တောင် အဖြစ်သည်းရသလား” ဆိုသည့် ပုံစံမျိုးဖြင့် လူငယ်ကို စောင်းကြည့်လိုက်၏။ ညီလာခံ တက်ရောက်ရန် ရောက်ရှိနေသည့် ကျင့်ကြံသူ အများစုမှာ သူတို့ထက် အဆပေါင်းများစွာ ပိုမို ကြောက်ဖို့ကောင်းကြသူချည်း ဖြစ်သည်။ အကယ်၍ သူတို့သာ စိတ်အနှောက်အယှက် ဖြစ်သွားပါက ပေးဆပ်မှုမှာ ကြီးမား သွားနိုင်ပေသည်။

အနက်နှင့် ရွှေရောင် ပေါင်းစပ် ဝတ်ဆင်ထားသည့် မိန်းကလေးကို သတိထားမိသည်နှင့် တစ်ပြိုင်နက် အားလုံး၏ မျက်လုံးများက လင်းလက်သွား၏။ ရှိုက်ကြီးရှိုက်ဖို အသွယ်သွယ်နှင့် အတူ ထိုမိန်းကလေးမှာ နတ်မိမယ်လေး တစ်ပါး အလား ခေါင်းအစ ခြေအဆုံး လှပသူ ဖြစ်သည်။ သူမက အာရုံ စူးစိုက်မှုတိုင်းနှင့် အကြွင်းမဲ့ ထိုက်တန်သူလည်း ဖြစ်သည်။

နဂါးနတ်မိမယ်...

ရွှယ်ရီဖေး...

“သူက နဂါးမွေးဖွားခြင်း အဖွဲ့ရဲ့‌ ခေါင်းဆောင်ပဲ... သူ့ဆီမှာ ဒဏ္ဍာရီထဲက နဂါးတွေနဲ့ စစ်တပ် တစ်ခု ရှိတယ်လို့ ကြားဖူးတယ်...”

ရွှယ်ရီဖေး၏ ပရိသတ် တစ်ယောက်က လေးစား အားကျစွာဖြင့် ပြောလိုက်၏။

“နဂါး နတ်မိမယ်လေးက တကယ့် နဂါးတစ်ကောင်လို ပုံစံ ပြောင်းနိုင်တယ်လို့ ငါ ကြားဖူးတယ်... သူက ‌ရွှေရောင် အသက်နန်းတော်နဲ့လည်း ကြီးကြီးမားမား ဆက်စပ်နေတယ် တဲ့”

အခြားတစ်ယောက်ကလည်း အားကျမခံပင် ဆိုလိုက်၏။ ထိုအခိုက်၌ သူတို့ နှစ်ယောက်သာလျှင် မက များစွာသော လူများမှာ ရွှယ်ရီဖေး အကြောင်းကို တက်ကြွစွာပင် ပြောဆို နေကြခြင်း ဖြစ်သည်။

အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းရှိ လူအချို့၏ အကြည့်များကတော့ လင်းရှန်းရှဲ့ အပေါ် ကျရောက် သွားကြ၏။ ရွှယ်ရီဖေးမှာ ဝေ့ဝူယင်နှင့် ပတ်သက်နေ‌ကြောင်း သူတို့ အားလုံး သိရှိပြီး ဖြစ်သည်။ လင်းရှန်းရှဲ့မှာလည်း ကောလဟလများထဲက အတိုင်း ဝေ့ဝူယင်၏ ဇနီးလောင်း ဆိုလျှင် သူတို့ နှစ်ယောက်မှာ...

“...”

လင်းရှန်းရှဲ့မှာ တိတ်ဆိတ်နေ၏။ လင်းမင်၏ မျက်လုံးများကတော့ ကျဉ်းမြောင်း သွားသည်။ ဒေါသအငွေ့အသက်များမှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။

“ဝေ့ဝူယင်ရော ဒီနေရာကို ရောက်နေလား...”

အဂ္ဂိရတ် တာအိုကို တစိုက်မတ်မတ် လျှောက်လှမ်းနေသည့် အဂ္ဂိရတ် အင်ပါယာ တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။

လူအိုကြီးမှာ ထာဝရ ဧကရာဇ်ကို စံပြပုဂ္ဂိုလ် အဖြစ် အလွန်တရာ လေးစားသူ ဖြစ်လေရာ ဒုတိယ ထာဝရ ဧကရာဇ် ဖြစ်နိုင်ချေ ရှိသည့် ဝေ့ဝူယင်ကိုလည်း လွန်ခဲ့သည့် ဆယ်စုနှစ် နီးပါး တစ်လျှောက်လုံး တွေ့ချင်နေခဲ့သည်။ သူ မဟာစက်ဝန်း ရှန့်ထို ညီလာခံ တက်ရောက်လာရသည့် အဓိက အကြောင်းရင်း ပင်လျှင် ဝေ့ဝူယင်ကို တွေ့မြင်ချင်သောကြောင့် ဖြစ်သည်။

“ဟုတ်တယ်... ဝေ့ဝူယင် ဘယ်မှာလဲ”

အားလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ ဝေ့ဝူယင်မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ ဖန်တီးရှင် ဖြစ်လေရာ ညီလာခံကို ကျိန်းသေ တက်ရောက်လာမှာ သေချာသည်။ ထို့အပြင် သူက အလွန် ကျော်ကြားသည့် အဂ္ဂိရတ် ပညာရှင် တစ်ပါးလည်း ဖြစ်သည်။ ကျင့်ကြံခြင်း လောကအား တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့သည့် ဆေးညွှန်းပိုင်ရှင်ကို မည်သူက မတွေ့ချင်ပဲ နေမည်နည်း။

“အရူးတွေ...”

လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က ထိုမျှ အရန်‌ကော ဆိုသည့် ပုံစံမျိုးဖြင့် အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။

“ဝေ့ဝူယင်က သေမျိုး အဂ္ဂိရတ် အာဏာရှင် ဆိုတာ မေ့နေတာလား...”

“...”

အားလုံး၏ မျက်လုံးများမှာ နားလည် သဘောပေါက်ခြင်းများနှင့် ပြည့်နှက် သွားသည်။ ဟုတ်သား...။ ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည်။ ရွှေရောင် အသက်နန်းတော် ကိုယ်တိုင်မှာ ထိုအချက်ကို ကြေညာခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်လေရာ... သူက အဓိက ခန်းမထဲတွင် ရှိနေလိမ့်မည် ဖြစ်သည်။ ယခုလို နေရာမျိုးကို မည်ကဲ့သို့ လာလိမ့်မည်နည်း။ အားလုံး၏ အာရုံများက စင်မြင့်ထက်ရှိ ရွှယ်ရီဖေးထံ ပြန်လည် ရောက်ရှိသွားကြ၏။

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လေးထောင့်ကွက် အတွင်းတွင်တော့ ပိုင်ယုရှီက အထင်သေးစွာဖြင့် နှာခေါင်းရှုံ့ လိုက်၏။

“သူက အသုံးမကျတဲ့ ကိုယ်လုပ်တော် တစ်‌ယောက်ပဲဟာကို... ဘာထူးခြားလို့လဲ...”

သူမကား... မိစ္ဆာစစ်ပွဲ လောကနယ်မြေတွင် လင်းမင် အတွက် အတုအယောင် လောကနယ်မြေ တစ်ခု ဖန်တီးပေးခဲ့ကာ ဝေ့ဝူယင်နှင့် အတူ ရှေ့ဟောင်း ရွေးချယ်ခံ ဖြစ်လာစေခဲ့သည့် မိန်းကလေးပင် ဖြစ်သည်။ အခြေအနေများ မည်မျှပင် ကွဲပြားသွားစေကာမူ လင်းမင်သာလျှင် ဝေ့ဝူယင်ထက် ပိုမို၍ သင့်တော်သည့် ရွေးချယ်ခံဟု သူမ ယူဆနေဆဲ ဖြစ်သည်။ သူမ၏ ခေါင်းမာမှုက အမှန်တရားကို လက်ခံရန် ယနေ့တိုင် ငြင်းဆန်နေဆဲ ဖြစ်သည်။

“အသုံးမကျတဲ့ ကိုယ်လုပ်တော် ဟုတ်လား...”

လင်းရှန်းရှန်း၏ မျက်လုံးများက စူးရဲစွာဖြင့် ပိုင်ယုရှီ အပေါ် ကျရောက်သွား၏။

“သူက ရွှေအဆင့် အင်အားစု တစ်ခု ဖြစ်တဲ့ နဂါးမွေးဖွားခြင်း အဖွဲ့ရဲ့ တည်ထောင်သူ... နောက်ပြီး တန်ခိုးရှင် နတ်မိမယ် စာရင်းမှာ အဆင့်ခုနစ်... မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ သူ့ရုပ်ရည်၊ သူ့အဆင့်အတန်း၊ သူ့ပါရမီကို ယှဉ်နိုင်တဲ့လူ ဘယ်နှစ်ယောက်များ ရှိလို့လဲ... ဒါတောင် နင်က အသုံးမကျတဲ့ ကိုယ်လုပ်တော် တစ်ယောက်ပဲ လို့ ပြောချင်နေတာလား... နင့်ကိုယ်နင်ရော ပြန်ကြည့်ဦး... ဒြပ်စင် ကာကွယ်သူ အရှင်ဟန်ယုဟိုင်ရဲ့ မြေးဖြစ်နေတာက လွဲလို့ ဘာအသုံးကျတာ ရှိလဲ... တကယ့် အချစ်ရူးလေးပဲ”

“...”

ပိုင်ယုရှီ၏ မျက်နှာမှာ ဖြူရော်သွား၏။ ဂိုဏ်းချုပ်၏ စကားလုံးများက အတော်လေး ပြင်းထန်သည်ဟု လူတိုင်း တွေးလိုက်မိကြသည်။ သို့သော်လည်း ထိုအရာက လူတိုင်း ပြောချင်နေသည့် စကားလုံးများပင် ဖြစ်သည်။ မိစ္ဆာ စစ်ပွဲ လောကနယ်မြေတွင် မိန်းကလေး ဝင်ရောက်စွက်ဖက်ခဲ့သည့် ကိစ္စများကို အားလုံး သိရှိကြပြီး ဖြစ်သည်။ မဟုတ်ပါက နာမည်ကျော် ဝေ့ဝူယင်မှာ သူတို့ဂိုဏ်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေလောက်ပြီ ဖြစ်သည်။

လင်းမင်မှာ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏။ သူ စကားပြောရန် ဟန်ပြင်လိုက်သော်လည်း လင်းရှန်းရှဲ့က သူ့ပခုံးကို လှမ်းကာ ထိလိုက်သည်။ သူ လှည့်ကြည့်လိုက်တော့ သူမ ခေါင်းခါပြတာကို မြင်ရ၏။ လင်းမင် အံကို တင်းတင်းကြိတ်ကာ ဒေါသများ ထွက်နေရုံသာ တတ်နိုင်တော့သည်။

“အိုး...”

လင်းရှန်းရှန်းက လင်းမင်၏ ဒေါသများကို အာရုံခံမိသည့် အလား လှည့်ကြည့်လိုက်၏။

“နင် ‌ဒေါသထွက်နေတယ် ဆိုရင် ပိုင်ယုရှီကို တာအို လက်တွဲဖော် အနေနဲ့ လက်ထပ်ပြလိုက်လေ... သူက အသုံးမကျတာ မဟုတ်ဘူး... သူ့မှာလည်း တန်ဖိုးရှိတယ် ဆိုတာ ပြလိုက်”

“...”

လူတိုင်းမှာ တတ်ဆိတ်သွားကြ၏။ ပိုင်ယုရှီ၏ ဖြူရော်နေသည့် မျက်နှာက ချက်ချင်းပင် ပန်းနုရောင် ရှက်သွေးများဖြင့် ဖြတ်ပြေးသွားသည်။

တာအိုလက်တွဲဖော်နှင့် ဇနီးမယား ဆိုသည့် စကားလုံး နှစ်ခုနှင့် များစွာ‌သော အဓိပ္ပာယ် ခြားနားချက်များ ရှိပေသည်။ တာအို လက်တွဲဖော် ဖြစ်သည်နှင့် သူမနှင့် လင်းမင်တို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် သေတဖန် သက်တစ်ဆုံး သစ္စာရှိရတော့မည် ဖြစ်သည်။

သို့သော်လည်း လင်းမင်က မည်သို့မျှ တုန့်ပြန်ခြင်း မပြုချေ။ သူက လင်းရှန်းရှဲ့ကိုသာ မသိသာ လှမ်းကြည့်လိုက်၏။ အကယ်၍ လင်းရှန်းရှန်းက “ဇနီး” ဟု ပြောပါက သူ မဆိုင်းမတွပင် လက်ခံကာ သူမ မှားယွင်းကြောင်း သက်သေပြမိလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆို‌စေ... လူတစ်‌ယောက်တွင် တစ်ယောက်ထက် ပိုသည့် ဇနီးနှင့် ကိုယ်လုပ်တော်များ ထားရှိနိုင်သည် မဟုတ်ပါလား။ သို့သော်လည်း... တာအို လက်တွဲဖော်ကတော့ တစ်ယောက်သာ ရှိလိမ့်မည် ဖြစ်သည်။

သူ စိတ်အလိုကို လိုက်ကာ အရဲမစွန့်ရဲပါချေ။ မည်သို့ပင် ဆိုစေ... သူ ချစ်နေသူက အခြား တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။

လင်းရှန်းရှန်းက ပိုင်ယုရှီဘက်ကို လှည့်ကာ လှပစွာ ပြုံးပြလိုက်၏။

“နင့်တန်ဖိုးက ဘယ်လောက်ရှိလဲ ဆိုတာ အခု မြင်ပြီ မလား... ဒါပေမဲ့ စိတ်မပူပါနဲ့... သူက နင့်ကို ကိုယ်လုပ်တော် တစ်ယောက် အနေနဲ့တော့ လက်ခံချင် ခံမှာပါ”

“အမေ... တော်လောက်ပြီ...”

လင်းရှန်းရှဲ့က ပင့်သက် တစ်ချက် ရှိုက်ရင်း ပြောလိုက်၏။ ပိုင်ယုရှီ စကား လွန်သွားသည်မှာ မှန်သော်လည်း မိခင် ဖြစ်သူအနေဖြင့် ထိုမျှလောက် မနှိပ်ကွပ်သင့်ချေ။ မည်သို့ပင် ဆိုစေ... ပိုင်ယုရှီ၏ အဘိုးမှာ ဒြပ်စင် စောင့်ရှောက်သူ ဖြစ်နေသေးသည် မဟုတ်ပါလား။

“...”

ပိုင်ယုရှီ၏ မျှော်လင့်ချက် မျက်ဝန်းများမှာ တဖြည်းဖြည်း ပြန်လည် မှေးမှိန်သွား၏။ တာအို လက်တွဲဖော် အကြောင်း ပြောဆိုပြီး ကတည်းက လင်းမင်မှာ သူမကို လှည့်ပင် မကြည့်တော့ချေ။ ထို့အပြင် သူက သူမကို ကာကွယ်ပေးသည့် စကားတစ်ခွန်းမှလည်း ထပ်မဆိုတော့ချေ။

"..."

ဆွေးနွေးမှုများ မြင့်တက်နေခဲ့သည့် တစ်ချိန်တည်းမှာပင် စင်မြင့်ထက်တွင်တော့ မိန်းကလေး နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်း ဆိုင်မိကာ အံ့အားသင့် သွားကြ‌တော့၏။

***

All Chapters