← Chapters

မဟာမိတ် ဖွဲ့စည်းခြင်း

Vol. 72 Ch. 1004

မဟာမိတ် ဖွဲ့စည်းခြင်း

Vol. 72 Ch. 1004

“နင်ကိုး...”

ရွှယ်ရီဖေးမှာ သူမနှင့် ဆန့်ကျင်ဘက်၌ ရပ်နေသည့် မိန်းကလေးကို ချက်ချင်းပင် မှတ်မိလိုက်၏။ သူမက အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ တော်ဝင် သမီးတော် ဝူပိုင်ကျိုးပင် ဖြစ်လေသည်။

မိန်းကလေးမှာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ ဝတ်စုံအသစ် ဖြစ်သည့် အဖြူ၊ ရွှေ၊ ခရမ်း၊ သွေးနှင့် အနက် အရောင် ငါးမျိုးစပ် ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုအရောင် တစ်ခုချင်းစီမှာ ယခင် အနန္တ ဧကရာဇ်ဂိုဏ်းကြီး၏ လက်ငါးချောင်း တောင်ထိပ် တစ်ခုချင်းစီကို ရည်ညွှန်းပေသည်။

ရွှယ်ရီဖေးကို ကြည့်ရင်း ဝူပိုင်ကျိုး၏ ခံစားချက်များမှာ ရှုပ်ထွေးနေ၏။ ထိုမိန်းကလေးမှာ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် ဖြစ်သည်။ ဝေ့ဝူယင်နှင့် တရားဝင် ဆက်ဆံရေး ရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဝေ့ဝူယင်မှာ နာ့ရှင်းရီကို ဇနီးမယား အဖြစ် လက်ထပ် ယူမည်ဟု ကတိစကား ပေးခဲ့ဖူးသည့်တိုင် ထိုအရာက တရားဝင် မဖြစ်ပါသေးချေ။

ရွှယ်ရီဖေးနှင့် အတူ တစ်ပြိုင်နက်တည်း စင်ပေါ်တက်လာမိသည်က တိုက်ဆိုင်လိုက်လေခြင်းဟု ဝူပိုင်ကျိုး တွေးလိုက်မိ၏။ ကြည့်ရသည်က သူတို့ နှစ်ယောက် အကြားတွင် တိုက်ဆိုင်မှု ရေစက်တစ်ခု ရှိနေသည့်ပုံ ရသည်။

ဝေ့ဝူယင်နှင့် စမတွေ့ခင် အချိန်တုန်းက သူတို့ နှစ်ယောက်စလုံးမှာ ကုန်းမြေတိုက်ကြီး တစ်ခုချ်းစီ၏ မင်းသမီးများ ဖြစ်ခဲ့ကြသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိလာပြီးနောက်တွင်လည်း သူတို့ နှစ်ယောက်စလုံးမှာ ကိုယ်ပိုင် အင်အားစုများကို ဦးဆောင်ခဲ့ကြသည်။ ရွှယ်ရီဖေးက နဂါး မွေးဖွားခြင်း အဖွဲ့ကို တည်ထောင်ကာ သူမကတော့ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကို စတင်ခဲ့သည်။ ကိုယ်စီ အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။

ဝူပိုင်ကျိုးမှာ ရွှယ်ရီဖေးကို အမြဲတမ်း ခြိမ်းခြောက်မှု တစ်ရပ်လို ခံစားခဲ့ရသည်။ ယခုမှမဟုတ် အနန္တ ဧကရာဇ်ဂိုဏ်းတွင် ရှိစဉ် ကတည်းက သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ပြိုင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်က ရန်သူများ မဟုတ်ကြသည့်တိုင် ပြိုင်ဘက်များ ဖြစ်နေဆဲ ဖြစ်သည်။

ဝူပိုင်ကျိုးက ခံစားချက်များကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ရင်း အပြုံးတု တစ်ခုကို ဆင်မြန်းလိုက်၏။

“မတွေ့တာ ကြာပြီ...”

“အင်း... ကြာပြီ...”

ရွှယ်ရီဖေးကလည်း ပြုံးလိုက်သည်။ သူတို့ နှစ်ယောက် နောက်ဆုံး တွေ့ခဲ့သည်မှာ အနန္တ ဧကရာဇ်ဂိုဏ်းတွင် ရှိစဉ်က ဖြစ်သည်။ ထို့နောက်တွင် မာ့ကျန်းက သူမကို ခေါ်ဆောင်သွားခဲ့ကာ ဝူပိုင်ကျိုးကတော့ အခြားလူများနှင့် အတူ ရွှေ့ပြောင်းခဲ့ရသည်။

မိန်းကလေးနှစ်ယောက် ပြုံးလိုက်သော အခိုက်၌ အောက်ရှိ ပုရိသ တိုင်းမှာ ကမ္ဘာတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရ၏။

တစ်ချိန်တည်း၌ သူတို့အနည်းငယ် အံ့အားသင့် နေခဲ့မိ၏။ ရွှယ်ရီဖေး၏ အလှအပနှင့် ဂုဏ်သတင်းမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် အလွန်ပင် ကျော်ကြားလှကာ တန်ခိုးရှင် နတ်မိမယ် စာရင်းတွင်ပင် အဆင့်ရှစ် ချိတ်သူ ဖြစ်သည်။ ယခု... နဂါး နတ်မိမယ်လေးနှင့် တန်းတူ နီးပါး လှပလှသည့် ထိုမိန်းကလေးက မည်သူနည်း။ သူမကရော တန်ခိုးရှင် နတ်မိမယ် စာရင်းဝင် တစ်ယောက်လော။ အချိန်နှင့် အမျှ အားလုံး၏ စိတ်ဝင်စားမှုများမှာ ပိုမို၍ တိုးလာခဲ့လေ၏။

“ဆိုတော့ နင်က သူ့ဂိုဏ်းကို ပြန်တည်ထောင်လိုက်တယ် ဆိုတာ အမှန်ပဲပေါ့...”

ရွှယ်ရီဖေးက ဝူပိုင်ကျိုး၏ ပြောင်းလဲသွားသည့် ဝတ်စုံကို ကြည့်ရင်း ပြောလိုက်သည်။ သူမ ကြားရသလောက် ဆိုလျှင် ယခင်က လျှမ်းလျှမ်းတောက်ခဲ့သည့် အနန္တ ဧကရာဇ်မှာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ ထိုဂိုဏ်းကို ခေါင်းဆောင်နေသူကတော့ ဝူပိုင်ကျိုးပင် ဖြစ်သည်။

“ငါတို့ဂိုဏ်းပါ...”

ဝူပိုင်ကျိုးက လှပစွာ ပြုံးရင်း ပြောလိုက်၏။ မိန်းကလေးက သူမသာလျှင် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ မဟာ မင်းသမီး ဖြစ်ကြောင်း ရွှယ်ရီဖေးကို သတိပေးလိုသည့်ပုံ ရသည်။ ယခု၌ သူမက ၎င်း၏ ခေါင်းဆောင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

မိန်းကလေး နှစ်ယောက် စကားပြောနေစဉ်မှာပင် ထူးဆန်းသည့် လေပြည်လေညှင်းမှာ ဝှေ့ယမ်းကာ တိုက်ခတ် သွား၏။ မိန်းကလေး နှစ်ယောက်၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကာ ဟင်းလင်းပြင် ဂိတ်တံခါးကို လှမ်းကြည့်လိုက်ကြသည်။ ထိုအရာက သူတို့၏ ရည်ရွယ်ချက် ဖြစ်ပေသည်။

“အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း ရွေးချယ်ခံ... အသက် ၄၉ နှစ်... ကျင့်ကြံခြင်း အဆင့်... ကြယ်တာရာ အမြုတေ အဆင့်ခြောက်... ရန်သူအဆင့်... လောကသခင် အဆင့်မြင့်”

“နဂါးနတ်မိမယ်... နတ်မိမယ် စာရင်းဝင် အဆင့်ရှစ်... နဂါးမွေးဖွားခြင်းအဖွဲ့ရဲ့ သခင်... ကျင့်ကြံခြင်း အဆင့်... ကြယ်တာရာ အမြုတေ အဆင့်ခြောက်... ရန်သူအဆင့်... အဆင့်နိမ့် အချိန်သခင်...”

စန်းလော့ယန်၏ အသံက ပျံ့နှံ့ကာ ထွက်ပေါ်လာခဲ့လေ၏။

“အတော်ငယ်တာပဲ...”

လူငယ် တစ်ယောက်က မယုံကြည်နိုင်စွာဖြင့် ‌အော်ဟစ်လိုက်သည်။ နဂါး နတ်မိမယ်လေးက အသက် ၆၇ နှစ်သာ ရှိသေးသည်လား။ ထိုအရာက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် အတွက် အလွန် ငယ်ရွယ်သည့် အသက် ဖြစ်ပေသည်။

“နောက်ထပ် တစ်ယောက်ကရော ဘယ်သူလဲ... အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းဆိုတာကရော ဘယ်ကဂိုဏ်းလဲ”

"တောက်ပသောနေ ကြယ်တာရာ နယ်မြေက ဖြစ်နိုင်လား...”

"နာမည်က ဒီလောက် ဝင့်ကြွားနေပုံ ထောက်ရင် ငါတော့ လကြွေဆင်းခြင်း ကြယ်တာရာ နယ်မြေကလို့ပဲ ထင်တယ်... အခြား ကြယ်တာရာ နယ်မြေတွေက ဒီလို တော်ဝင် နာမည်မျိုးကို လက်ခံမှာ မဟုတ်ဘူး”

လျှို့ဝှက် ဝိညာဉ် အဆင့် လူအိုကြီး တစ်ယောက်က ယုံကြည်ချက် ရှိစွာဖြင့် ကြေညာလိုက်၏။ မည်ကဲ့သို့သော ဂိုဏ်းမျိုးက သူတို့ကိုယ် သူတို့ အဆုံးမဲ့ ဧကရာဇ်ဟု သုံးနှုန်းရဲမည်နည်း။ ထိုအရာက တော်ဝင်မျိုးနွယ် အပေါ် လေးစားမှု ကင်းမဲ့ခြင်းပင် ဖြစ်လေသည်။

" အဆင့်နိမ့် အချိန်သခင်...”

အခြားတစ်ဖက်တွင်တော့ ရွှယ်ရီဖေးမှာ ရန်သူ အဆင့်ကို ကြားပြီးနောက် မျက်လုံးများ တောက်ပသွားခဲ့သည်။ ဝူပိုင်ကျိုးကတော့ မကျေမနပ်ဟန်ဖြင့် နှုတ်ခမ်းစူလိုက်သည်။

သူမက အဆင့်မြင့် လောကသခင် အဆင့် ပြိုင်ဘက်ကိုသာ လက်ခံ ရရှိခဲ့ပေသည်။ ကြည့်ရသည်က စန်းလော့ယန်မှာ သူမကို အထင်သေးကာ ခန့်မှန်းခဲ့ပုံ ပေါ်သည်။သို့သော်လည်း... ဝူပိုင်ကျိုးမှာ ကိုယ့်အခြေအနေကို နားလည်ပေသည်။

လက်ရှိ သူမတို့၏ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းမှာ ကြေးအဆင့် အင်အားစု တစ်ခုပင် ဖြစ်မလာသေးပါချေ။ အမြင့်ဆုံး အနေဖြင့် လောကသခင် အဆင့်များသာ ရှိသည်။ သူမတွင် အမှန်တရားကို ပြောင်းလဲ ပစ်နိုင်စွမ်း မရှိပါချေ။ အကယ်၍ သူမသာ ရွေးချယ်ခံ အစား အကြီးအကဲ တစ်ယောက် ဆိုပါက အဆင့်နိမ့် လောကသခင် တစ်ပါးနှင့်ပင် ရင်ဆိုင်ရနိုင်သည်။

ထာဝရ အစည်းအရုံး အနေဖြင့် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ လက်ရှိ ခွန်အားကို ခန့်မှန်းနိုင်ခြင်းက အတော်လေး ထူးဆန်းသည်ဟု ဝူပိုင်ကျိုး တွေးလိုက်မိ၏။ သူတို့က မည်သည့် နည်းလမ်းများကို သုံးနေသနည်း။

“ကောင်းကင် ပုရောဟိတ်...”

ရွှယ်ရီဖေးက ဝူပိုင်ကျိုး၏ အတွေးများကို သိသည့် အလား ပြောလိုက်သည်။ ဝူပိုင်ကျိုးက ခေါင်းညိတ်လိုက်၏။ သူမသည်လည်း အလားတူပင် တွေးမိသည်။ ထူးဆန်းသည့် လေပြည်လေညှင်း၏ နောက်ကွယ်တွင် ကောင်းကင် ပုရောဟိတ်များ ရှိနေနိုင်သည်။

ထိုအခိုက်တွင်ပင် စန်းလော့ယန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။

“လူနှစ်ယောက် စင်ပေါ်ကို ရောက်လာရင် မဟာမိတ် အနေနဲ့ ပူးပေါင်းလို့ ရတယ်... မင်းတို့ ဆန္ဒ ရှိကြလား...”

“...”

လူတိုင်းမှာ အံ့အားသင့် သွားခဲ့ကြ၏။ မိန်းကလေး နှစ်ယောက်မှာလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့ နှစ်ယောက် တစ်စုံတစ်ရာ ပြန်လည် မတုန့်ပြန်နိုင်ခင်မှာပင် စန်းလော့ယန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။

“မဟာမိတ် နှစ်ယောက် ပူးပေါင်းရင် ရန်သူရဲ့ အဆင့်ကလည်း ပိုမြင့်သွားလိမ့်မယ်... အနိုင်ရရှိခဲ့မယ် ဆိုရင် နှစ်ယောက်စလုံး ဝင်ခွင့် ရလိမ့်မယ်... ရွေးချယ်တဲ့ နေရာမှာ သတိရှိပါ... အသက် အန္တရာယ် အချိန်မရွေး ကျရောက် လာနိုင်ပါတယ်”

ရွှယ်ရီဖေးက အနည်းငယ် ပြုံးလိုက်၏။ ဝူပိုင်ကျိုးမှာ ထိုအခြေအနေကို လက်ခံရဲလိမ့်မည် မဟုတ်ဟု သူမ တွေးလိုက်မိသည်။ မည်သို့ပင် ဆိုစေ... ဝူပိုင်ကျိုး ရင်ဆိုင်ရမည့် ရန်သူက လောကသခင် အဆင့်မြင့်တွင်သာ ရှိသည် မဟုတ်ပါလား။ အဘယ်ကြောင့် သူမနှင့် ပူးပေါင်းကာ ပိုမို အဆင့်မြင့်သည့် ရန်သူကို တိုက်ခိုက်ရမည်နည်း။

သို့သော်လည်း... ဝူပိုင်ကျိုး၏ တုန့်ပြန်မှုက သူမ ထင်ထားသည်နှင့် ကွာခြားလှပေသည်။

“မဟာမိတ် မဆိုးပါဘူး...”

မိန်းကလေးက ပြုံးရင်း ပြောလိုက်၏။

“...”

ရွှယ်ရီဖေး မျက်မှောင်ကြုတ်လိုက်လိုက်မိသည်။

“ငါက နင့်အကူအညီကို လိုမယ် ထင်နေတာလား...”

ဝူပိုင်ကျိုးက တမင်သက်သက် ကူညီပေးခြင်းမျိုးကို သူမ မလိုချင်ပေ။ သူမ ကိုယ့်အတွက်ကို တိုက်ခိုက်နိုင်ပေသည်။

“နင် နားလည်မှု လွဲနေပြီ... ငါ နင့်ဆီက အကူအညီတောင်းနေတာ...”

ဝူပိုင်ကျိုးက ခေါင်းခါရင်း ပြောလိုက်၏။

“အကူအညီတောင်းတာ...”

ရွှယ်ရီဖေး အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့သည်။

“ဟုတ်တယ်...”

ဝူပိုင်ကျိုးက ခေါင်းညိတ်လိုက်၏။

“နင်သိတဲ့ အတိုင်း ခုက အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကို တောက်ပအောင် လုပ်ရမယ့် အချိန်ပဲ... ဒါပေမဲ့ သူတို့ စီစဉ်ပေးတဲ့ ရန်သူက အဆင့်နိမ့်လွန်းနေတယ်”

ရွှယ်ရီဖေးမှာ ဝူပိုင်ကျိုး တွေးတောနေသည့် အရာကို သဘောပေါက် သွား၏။ ထို့အပြင်... ပိုမို ကြီးကျယ်သည့် ရန်သူ တစ်ယောက်နှင့် ရင်ဆိုင်ပါက သူမ၏ ဂုဏ်သတင်းမှာ ပိုမို မြင့်တက်သွားလိမ့်မည် ဖြစ်သည်။

“ကောင်းပြီလေ... မဟာမိတ် ဖွဲ့ကြတာပေါ့...”

ရွှယ်ရီဖေး ခေါင်းညိတ်လိုက်၏။

“ယာယီနော်...”

ဝူပိုင်ကျိုးက ပြောလိုက်သည်။

“ဒါပေါ့...”

ရွှယ်ရီဖေးက ရယ်မောလိုက်၏။

"မင်းတို့ နှစ်ယောက် စိန်ခေါ်ပွဲကို ဆက်သွားဖို့ ဆန္ဒရှိလား...”

စန်းလော့ယန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။

"ဆန္ဒရှိပါတယ်...”

“မဟာမိတ် အနေနဲ့လား...”

"ဒါပေါ့...”

ဟူး... ဟူး...

အနက်ရောင် ကျောက်တိုင်မှာ စတင် တောက်ပလာခဲ့တော့၏။

***

All Chapters