← Chapters

ဧကရီနှင့် နဂါး

Vol. 72 Ch. 1005

ဧကရီနှင့် နဂါး

Vol. 72 Ch. 1005

“...”

တဖြည်းဖြည်း လင်းလက်လာသည့် အနက်ရောင် ကျောက်တိုင်ကို ကြည့်ရင်း လူတိုင်း၏ နှလုံးသားများမှာ စတင်ကာ လေးလံ လာခဲ့၏။ စိန်ခေါ်သူ မိန်းကလေး နှစ်ယောက်မှာ အလှတရား၊ အသက်နှင့် ပါရမီတို့ အရာတွင် နည်းနည်းလေးမျှ မနိမ့်ကျကြသူများ ဖြစ်သည်။ ဝူပိုင်ကျိုးမှာ မထင်မရှားဂိုဏ်းတစ်ခုမှ လာသည့်တိုင် သူမ၏ ကျင့်ကြံခြင်း အခြေခံကတော့ အတုအယောင် မဟုတ်ချေ။

ပုရိသများ၏ စိတ်များက လေးလံ အုံ့မှိုင်းခြင်းများနှင့် ပြည့်နှက်နေသည်။ ယီမင်၏ အဖြစ်အပျက်မှာ သူတို့ အတွင်တော့ ကျိန်စာ တစ်ခုလိုပင် ဖြစ်သည်။ နတ်မိမယ် စာရင်းဝင်လေး တစ်ယောက် အသားတစ်ခြား၊ အရိုးတစ်ခြား ဖြစ်ကာ သေဆုံးသွားမည့် အဖြစ်အပျက်မျိုးကို သူတို့ တွေးပင် မတွေးရဲကြချေ။ သို့သော်လည်း... နတ်မိမယ် စာရင်းဝင်များ အပေါ် မနာလိုစိတ် ရှိသည့် မိန်းကလေးများကတော့ အလားတူ ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်လာစေဖို့ ဆုတောင်း နေကြ၏။

“မဟာမိတ် ဖွဲ့စည်းပြီးပါပြီ... ရန်သူ အဆင့်... အဆင့်မြင့် အချိန်သခင်”

စန်းလော့ယန်က နောက်တစ်ကြိမ် ကြေညာလိုက်၏။ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့က ပြိုင်တူပင် ခေါင်းညိတ် လိုက်ကြသည်။

အဆင့်နိမ့် အချိန်သခင်မှ အဆင့်မြင့် အချိန်သခင်...

ကွာခြားချက်က သေးငယ်ပုံ ပေါ်သည့်တိုင် စနစ်မှ ထုတ်ပေးသည့် အဆင့်များ၏ ခြားနားချက်က မည်မျှ ကြီးမားကြောင်း လူတိုင်း သိကြပေသည်။

“မဟာ ဧကရာဇ်ဝူ အဆင်ပြေပါ့မလား...”

အစွန်အဖျား တစ်နေရာရှိ သေးငယ်သည့် လေးထောင့်ကွက်လေး တစ်ခုထဲတွင်တော့ မျိုးနွယ် ပေါင်းစုံ ပါဝင်သည့် ကျင့်ကြံသူ တစ်စု ရှိနေခဲ့၏။ သူတို့၏ မျက်လုံးများက စိုးရိမ်ပူပန်စွာဖြင့် စင်မြင့်ထက်ရှိ ဝူပိုင်ကျိုးကို ငေးမော ကြည့်နေခဲ့သည်။

ထိုအဖွဲ့၏ ရှေ့ဆုံး၌ ရှိနေသူကတော့ အယ်ဗန် မိန်းမလှလေး ဖြစ်သည့် ချင်းရိုင်ပင် ဖြစ်လေသည်။ အခြားလူများနှင့် ခြားနားစွာပင် သူမ၏ မျက်လုံးများက ယုံကြည်ချက် ရှိခြင်းများနှင့် ပြည့်နှက်နေ၏။

“စောင့်သာကြည့်နေပါ...”

၎င်းက ဝူပိုင်ကျိုး ကိုယ်တိုင် ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက် ဖြစ်လေရာ ချင်းရိုင်မှာ သူမကို အပြည့်အဝ ယုံကြည်ပေသည်။ သို့သော်လည်း လူတိုင်းက သူမလို တွေးနေတာမျိုးတော့ မဟုတ်ပါချေ။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်နှင့် အချိန်သခင် အဆင့်ကြားမှ ခြားနားချက်မှာ ကြီးမားလွန်းလှပေသည်။ ကျင့်ကြံခြင်း လောက၏ သမိုင်းကြောင်းတွင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်မှ အချိန်သခင် အဆင့်ကို မဆိုထားနှင့်၊ လောကသခင် အဆင့်ကိုပင် မချိုးဖျက်နိုင်သူ များစွာ ရှိခဲ့ဖူးသည်။

ထို့အပြင်... အချိန်သခင် အဆင့်များမှာ လောကသခင် အဆင့် ကျင့်ကြံသူများ ခုခံရန် မဖြစ်နိုင်သည့် အစီအရင်နှင့် ကျင့်စဉ်များကိုလည်း အသုံးပြုနိုင်စွမ်း ရှိသည်။ သူတို့ အမြင်၌ မိန်းမလှလေး နှစ်ယောက်မှာ သိပ်အခြေအနေ မကောင်းပါချေ။

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လေးထောင့်ကွက် အတွင်းတွင်တော့...

ပိုင်ယုရှီမှာ စင်မြင့်ပေါ်ကို ငေးကြည့် နေခဲ့သည့်တိုင် သူမ၏ အမြင်အာရုံက ဝေဝါး နေခဲ့သည်။ သူမ၏ အသိစိတ် တစ်ခုလုံးက ရှုပ်ထွေး နောက်ကျိ နေခဲ့၏။ မည်သူမှ သူမကို ဂရုမစိုက်ကြချေ။ သူမ ကိုယ်တိုင် စတေးခံကာ ကူညီပေးခဲ့သည့် လူပင်လျှင် သူမကို မလိုချင်ပေ။ လင်းမင်နှင့် အမှတ်တရများကို ပြန်လည် တွေးတောရင်း ပိုင်ယုရှီ၏ နှလုံးသားမှာ တစစ်စစ် နာကျင်မှုများကို ခံစားနေခဲ့ရ၏။

သို့သော်လည်း ဘေးနားရှိ လူများ၏ အာရုံစူးစိုက်မှုများမှာ သူမ အပေါ်တွင် ရှိမနေခဲ့ချေ။ အားလုံး၏ မျက်လုံးများက စိတ်ဝင်စားစွာဖြင့် စင်မြင့်ထက်ရှိ မိန်းကလေး နှစ်ယောက်ကိုသာ ငေးကြည့် နေခဲ့၏။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် ဖြစ်သည်။ သူမက အကြွင်းမဲ့ စည်းစိမ်တွင် အလွန် ကျော်ကြားကာ နဂါး စစ်တပ် တစ်ခုကိုပင် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ရွှယ်ရီ‌ဖေး ဘာလုပ်ပြမည်ကို အားလုံး စိတ်ဝင်စား နေကြ၏။

“အညံ့ခံလို့ရော ရလား မသိဘူး...”

ကျန်းယန်က မေးလိုက်၏။ သူ၏ မျက်လုံးများက တလက်လက် တောက်ပနေကာ ဝူပိုင်ကျိုးကို စိုက်ကြည့် နေခဲ့သည်။ လိုချင် တပ်မက်သည့် ဆန္ဒနှင့် လေးစားမှုများက သူ့နှလုံးသားကို သိမ်းပိုက် စိုးမိုးထား၏။ ထင်ရှားသည့် နောက်ခံမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိသည့်တိုင် ထိုမိန်းကလေး၏ ကျင့်ကြံခြင်း အခြေခံ၊ အသက်နှင့် ပါရမီတို့က အထင်ကြီးစရာ ကောင်းလွန်းလှသည်။

ဝူပိုင်ကျိုးလို မိန်းကလေးမျိုးက စောစောစီးစီး မသေသင့်ဟု သူ ခံစားရသည်။ ထာဝရ အစည်းအရုံး အနေဖြင့် ပါရမီရှင်များ အတွက် လွတ်လမ်း တစ်ခုချန်ထားသင့်ပေသည်။

“အခြားလူတွေကိုပဲ လိုက်စိုးရိမ် မနေနဲ့... အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရွေးချယ်ခံတွေ အနေနဲ့ ရန်သူကို ဘယ်လို အနိုင်ယူမလဲ ဆိုတာ တွေးထားကြဦး...”

လင်းရှန်းရှန်းက ထောက်ပြလိုက်၏။ လင်းမင် အပါအဝင် ရွေးချယ်ခံ သုံးယောက်လုံး ခေါင်းညိတ် လိုက်ကြသည်။ သူတို့မှာ အဆုံးမဲ့ ကောင်းကင် လောကဂိုဏ်းကြီး တစ်ဂိုဏ်းကို ကိုယ်စားပြုနေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သာ ညီလာခံ ဝင်ခွင့်တွင် ကျရှုံးခဲ့ပါက အလွန် ကြီးမားသည့် အရှက်ရစရာ ကိစ္စ ဖြစ်သွားပေလိမ့်မည်။

ထိုအချိန် စင်မြင့်ထက်တွင်တော့ အဆင့်မြင့် အချိန်သခင် အဆင့် ရန်သူမှာ အပြည့်အဝ ဖွဲ့စည်းပြီးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက မိန်းမ သဏ္ဌာန် ရှိကာ အရပ် ငါးပေ သုံးလက်မခန့် မြင့်ပေလိမ့်မည်။ အခြားလူများလိုပင် သူမသည်လည်း မျက်နှာတစ်ဝက်ကို ဖုံးကွယ် ထားခဲ့သည်။

သူမ၏ ကျောနောက်တွင်တော့ မြှားကျည်တောက်ကြီး တစ်ခု ရှိနေခဲ့၏။ ၎င်းကို ရောင်စုံ သင်္ကေတ အမှတ်အသားများက ဖုံးကွယ် ထားသည်။ သို့သော်လည်း သူမလက်ထဲ၌ လေးကိုင်ထားသည်ကိုတော့ မတွေ့ရပါချေ။ ရန်သူ၏ ကျား၊ မ အမျိုးအစားကို စိန်ခေါ်သူများနှင့်သာ ဆုံးဖြတ်ကြောင်း အားလုံး သဘောပေါက် လိုက်ကြ၏။

ရန်သူ ဖွဲ့စည်းလာသည်နှင့် တစ်ပြိုင်နက်တည်းပင် ဝူပိုင်ကျိုးမှာ လက်နက်ကို ဆွဲထုတ်လိုက်၏။ ၎င်းက ထိပ်ဖျားတွင် လခြမ်း သဏ္ဌာန် အသွားပါရှိသည့် လှံတစ်စင်း ဖြစ်လေသည်။ မိန်းကလေး၏ အမူအရာက အလွန်အမင်း တည်ငြိမ်နေကာ မျက်လုံးများမှာ ဝိညာဉ် အလင်းများဖြင့် တလက်လက် တောက်ပနေ၏။

ရွှယ်ရီဖေးကတော့ မည်သည့် လက်နက်ကိုမှ ထုတ်ယူခြင်း မပြုချေ။ သို့သော်လည်း သူမ၏ ဟေဇယ်ရောင် မျက်လုံးများက ခရမ်းရောင် အသွင်ပြောင်းလဲ သွားကာ သူငယ်အိမ်များမှာ နဂါးမျက်လုံးများအလား ထက်ရှသွား၏။ သူမ အသက်ရှူလိုက်တိုင်း ခပ်ဖျော့ဖျော့ ဟိန်းသံများမှာ စင်မြင့်တစ်ခုလုံးကို ဟိန်းသွား၏။

တိုက်ပွဲ စတင်သည့် ကြေညာသံ မရှိချေ။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ရန်သူက ငွေရောင် လောကနယ်မြေကို ထုတ်ဖော်ကာ စင်မြင့်ကို ဖုံးလွှမ်းလိုက်၏။

ဘုန်း...

ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ မလှုပ်ရှားရသေးခင်မှာပင် လောကနယ်မြေမှာ သူတို့ကို ဖုံးလွှမ်း သွားခဲ့ပြီ ဖြစ်သည်။ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း အတွင်းရှိ လူများမှာ နှလုံးသားများ ပေါက်ထွက်တော့ မတတ် ခံစားလိုက်ရ၏။

ဘုန်း... ဘုန်း...

အလွန်တရာ ပြင်းထန်လှသည့် ဖိအား ပြုတ်ကျလာသည်နှင့် တစ်ပြိုင်နက် စင်မြင့်၏ နေရာ အနှံ့အပြားမှာ ပေါက်ကွဲမှုများဖြင့် ပြည့်နှက်သွား၏။ သိပ်စည်းလှစွာသော ဖုန်မှုန့်များက မိန်းကလေး နှစ်ယောက်ကို တဒင်္ဂ အတွင်းမှာပင် လွှမ်းခြုံ သွားသည်။ သူတို့ နှစ်ယောက်၏ ကံကြမ္မာကို မည်သူမှ တွေ့မြင်နိုင်စွမ်း မရှိတော့ချေ။

မရေမတွက်နိုင်သော လူများမှာ ဒွိဟခံစားချက်များကို ခံစားလိုက်ရ၏။ ထာဝရ အစည်းအရုံးက ဝေ့ဝူယင်၏ ကိုယ်လုပ်တော်ကို သတ်ဖြတ်ချင်နေသည်လော။

သို့‌သော်လည်း... အံ့ဖွယ် ကောင်းစွာပင် ဖုန်မှုန့်များ ဆဲသွားသော အခိုက်၌ မိန်းကလေး နှစ်ယောက်မှာ နေရာတွင်ပင် မထိမခိုက် ရှိနေသည်ကို တွေ့လိုက်ရ၏။ စုမေ့ ကဲ့သို့ပင် သူတို့ နှစ်ယောက်မှာ လောကဖိအား၏ သက်ရောက်မှုဒဏ်ကို နည်းနည်းလေးမျှ မခံစားရသည့်ပုံ ပေါ်သည်။

မိန်းကလေး နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ တစ်ယောက်၏ မျက်လုံးမှ ထွက်ပေါ်နေသည့် စွမ်းအားကို တစ်ယောက် မြင်တွေ့ လိုက်ရ၏။

လောကစွမ်းအားပင်...

ထိုအရာက လောကဖိအား တိုက်ခိုက်မှုကို ရင်ဆိုင်ရန် စုမေ့ အသုံးပြုခဲ့သည့် ပြိုင်စံရှား နည်းလမ်းပင် ဖြစ်သည်။ လွန်ခဲ့သည့် တစ်ပတ် အတွင်း၌ ကျင့်ကြံသူတိုင်းမှာ စုမေ့ ချန်ထားခဲ့သည့် စစ်ပွဲ အကြွင်းအကျန်များနှင့် ပတ်သက်၍ ဉာဏ်အလင်းများ ရရှိရန် ကြိုးပမ်းခဲ့ကြသည်။

အများစုက သူမ၏ တိုက်ခိုက်မှုများ အပေါ် အာရုံစိုက်ခဲ့ကြသော်လည်း သူတို့ နှစ်ယောက်ကတော့ စုမေ့၏ ခံစစ်ကိုသာ စိတ်ဝင်စားခဲ့သည်။ မိန်းကလေး နှစ်ယောက်စလုံးမှာ ‌ကောင်းကင်တာအို၏ ကောင်းချီးခံများ အတွက် ပါရမီ ဖြည့်ဖက် ဖြစ်လာရန် ရည်ရွယ်၍ မွေးဖွားလာကြသူများ ဖြစ်ကြလေရာ အလွန် ဉာဏ်ရည် ထက်မြက်ကြပေသည်။

လွန်ခဲ့သည့် ခုနစ်နှစ်တာ အတွင်း စုမေ့ အနေဖြင့် မည်ကဲ့သို့ ကျင့်ကြံခဲ့သည် ဖြစ်စေ သာလွန်ခြင်း အဆင့် ကြယ်တာရာသခင် တစ်ယောက်၏ လောကနယ်မြေထဲ၌ ပေါ့ပေါ့ပါးပါး ရပ်တည်ရန် မဖြစ်နိုင်ကြောင်း သူတို့ သိပေသည်။ ကြယ်တာရာ သခင် အဆင့် ရောက်ခါစ လူတစ်ဦး မဆိုထားနှင့် အဆင့်တူ အချင်းပင် ထိုကဲ့သို့ ရပ်တည်ရန် မဖြစ်နိုင်ချေ။ သို့ဖြစ်လေရာ... စုမေ့မှာ ရန်သူ၏ လောကဖိအားကို ဖယ်ရှားရန် ပြိုင်စံရှား ကျင့်စဉ် တစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်ရပေမည်။

လွန်ခဲ့သည့် တစ်ပတ် အတွင်း သူမတို့ နှစ်ဦး စလုံး စုမေ့ ချန်ခဲ့သည့် အကြွင်းအကျန်များမှ တစ်ဆင့် ဉာဏ်အလင်း ရရှိဖို့ ကြိုးပမ်းခဲ့ကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် နှစ်ယောက်စလုံးမှာ တစ်ချိန်တည်း အောင်မြင် ခဲ့ကြသည်။ ထို့နောက်... ယုံကြည်ချက် ရှိရှိဖြင့် သူတို့နှစ်ယောက် စိန်ခေါ်ရန် ရွေ့လျားခဲ့ကြသည်။

“...”

တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည့် မိန်းကလေး နှစ်ယောက်ကို ကြည့်ကာ လူအုပ်ကြီးမှာ တိတ်ဆိတ် သွားခဲ့ကြ၏။

“သူတို့ ဘယ်လို လုပ်လိုက်တာလဲ...”

လင်းမင်က အံ့သြတကြီး ရေရွတ်လိုက်၏။ ရန်သူ၏ လောကနယ်မြေထံမှ ထုတ်လွှတ်နေသည့် လောကဖိအားမှာ အလွန် ပြင်းထန်လှကြောင်း သူပင်လျှင် ခံစားနိင်သည်။ အကယ်၍ ကြယ်တာရာ အကာအကွယ်ကိုသာ ထုတ်ဖော် မထားပါက ၎င်းက သူ့ကိုပင် စိစိညက်ညက် ချေနိုင်လောက်သည်။ သို့သော်လည်း... မိန်းကလေး နှစ်ယောက်ကတော့ ဘာမှ မဖြစ်သလိုမျိုး ရပ်တည်နေကြဆဲ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များက ဘာသားနှင့် ထုဆစ် ထားလို့နည်း။

“လောကသံချပ်ကာလား...”

လင်းရှန်းရှန်းက အံ့သြတကြီးဖြင့် ရေရွတ်လိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ လောကဖိအားအား မည်ကဲ့သို့ တွန်းလှန်နေကြသည်ကို သူမ ထင်ရှားစွာ မြင်နိုင်ပေသည်။ သူတို့ နှစ်ယောက်၏ ပတ်လည်တွင် လောကအင်အား စွမ်းအင်များမှာ လှိုင်းများသဖွယ် ရစ်သိုင်း၍ ထွက်ပေါ်နေသည်။ ၎င်းတို့ကပင် ရန်သူ၏ လောကဖိအားကို အနားမကပ်နိုင်အောင် တားဆီးထားခြင်း ဖြစ်ပေသည်။

“ဟုတ်တယ်... သူတို့က လောကနယ်မြေရဲ့ စဦး စွမ်းအားကို အသုံးပြု နေကြတာ...”

လင်းရှန်းရှဲ့က မိခင်ဖြစ်သူ၏ စကားကို ထောက်ခံလိုက်၏။ လောကဖိအားကို ခုခံရန် လောကအင်အားလှိုင်းများအား အသုံးပြုသည့် နည်းလမ်းမျိုးကို သူမ တစ်ခါမှ မကြားဖူးခဲ့ချေ။

“အထင်ကြီးစရာပဲ...”

လင်းရှန်းရှန်း၏ အသံက အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်နေ၏။ သို့သော်လည်း... သူမ နားမလည်နိုင်သည့် အရာ ရှိနေသေးဆဲ ဖြစ်သည်။ ကိုယ်ပိုင် လောကအင်အားကို ထုတ်လွှတ်ဖို့ အတွက် ဆိုလျှင် လောကနယ်မြေ တစ်ခု လိုပေသည်။ သူတို့ နှစ်ယောက်စလုံးမှာ ယခုမှ ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များ ဖြစ်ကြပေသည်။

အာရုဏ်ဦး နေမီးတောက် ဆေးလုံး...

ရွှယ်ရီဖေး ရရှိခဲ့သည် ဆိုလျှင် ထိုအရာက အဓိပ္ပာယ် ရှိသည်။ သို့သော်လည်း... ဝူပိုင်ကျိုး ဆိုသည့် အမျိုးသမီးက မည်သူနည်း။ သူမကရော ဝေ့ဝူယင်နှင့် နီးစပ်သူ တစ်ယောက်‌လော။

အချိန်သခင် အဆင့် လောကနယ်မြေ ခြိမ်းခြောက်မှုကို ဖယ်ရှားခဲ့ပြီး ဖြစ်လေရာ မိန်းကလေး နှစ်ယောက်မှာ ရန်သူ၏ အကြီးမားဆုံး အားသာချက်ကို ကိုင်တွယ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... အစစ်အမှန် တိုက်ပွဲကား ယခုမှ စတင်မည် ဖြစ်သည်။

အချိန်သခင်က သူ့ဘယ်လက်ကို မိန်းကလေး နှစ်ယောက်ထံသို့ ဦးတည်ကာ မြှောက်လိုက်၏။ ဝိညာဉ်အလင်းများက ပြိုးပြိုးပြက်ပြက် လင်းလက်လာကာ ရှည်လျားသည့် လေးတစ်ခု ဖွဲ့စည်းလာခဲ့လေသည်။

ဝှစ်...

ပစ်ခတ်လိုက်သည့် အရိပ်အ‌‌ယောင် မရှိခင်မှာပင် မြှားတစ်စင်းမှာ လေဟုန်ကို ဖောက်ထွက် ပျံသန်းကာ အမြင့်မားဆုံးသော နှုန်းနှင့် အတူ ဝူပိုင်ကျိုး၏ နဖူးထံ ဦးတည် ဝင်ရောက်သွားတော့၏။

***

All Chapters