ဧကရီနှင့် နဂါး (၂)
Vol. 72 Ch. 1006
ဝူပိုင်ကျိုး၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။ အချက်ပေးသံများက ဆက်တိုက်ဆိုသလို သူ့စိတ်ထဲ၌ မြည်ဟီးလာသည်။ ဦးခေါင်းတစ်ခုလုံးကို ထုတ်ချင်းဖောက် သွားနိုင်သည့် မြှား၏ အင်အားကို သူမ ရှင်းလင်းစွာပင် ခံစားနိုင်ပေသည်။
ပထမ မဟာအသွင်ပြောင်းခြင်း...
မိန်းကလေးက တုန့်ဆိုင်းခြင်း မရှိပဲ အသန်မာဆုံး အဆင့်ကို ဖော်ထုတ်လိုက်၏။ အင်ပါယာ အော်ရာ ထွက်ပေါ်လာသည်နှင့် အမျှ မြှား၏ လမ်းကြောင်းက ပြောင်းလဲသွားကာ အရှိန်မှာ သိသိသာသာ လျော့ကျသွားသည်။
သို့သော်လည်း... ထိုအခြေအနေက လျှပ်တစ်ပြက်မျှသာ ကြာမြင့်ကာ မြှားမှာ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိ၍ ပိုမို ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်နှုန်းဖြင့် ရွေ့လျားလာ၏။ မည်သို့ပင် ဆိုစေ... ၎င်း၏ နှောင့်နှေးမှုက ဝူပိုင်ကျိုး အတွက် တုန့်ပြန်ရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။ မိန်းကလေးက ရှောင်တိမ်းခြင်း မပြုချေ။ ဝိညာဉ် အခြေပြု တိုက်ခိုက်မှုမျိုးကို ရှောင်တိမ်းခြင်းက မည်မျှ ရူးမိုက်ဖွယ်ရာ ကျကြောင်း သူမ သိပေသည်။ ထို့အစား... သူမက လက်ထဲရှိ လှံကိုသာ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းနှင့် ရွေ့လျားလိုက်၏။
လှံသွားနှင့် မြှားမှာ ထိပ်တိုက် ဆုံတွေ့သွား၏။
ဘုန်း...
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ ပုံရိပ်တစ်ခုမှာ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် နောက်သို့ လွင့်ပျံသွား၏။ ဝူပိုင်ကျိုးမှာ ဆယ်မိုင်ခန့်သို့ ရောက်မှ လှံသွားကို ကြမ်းပြင်နှင့် ထောက်ရင်း ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းလိုက်လိုက်၏။ လှံသွား ရွေ့လျားသွားရာ ကြမ်းပြင် တစ်လျှောက်၌ စွပ်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်နေခဲ့၏။
မိန်းကလေးက နှုတ်ခမ်း ထောင့်စွန်းရှိ သွေးများကို အင်္ကျီလက်အိုးဖြင့် သုတ်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများမှာ အဆုံးမဲ့ လေးနက်မှုများနှင့် ပြည့်နှက်နေ၏။ ရန်သူကို လှမ်းကြည့်လိုက်သော အခိုက်၌ ၎င်းက နောက်တစ်ကြိမ် မြှားတစ်စင်း ပစ်လွှတ်လိုက်သည်ကို တွေ့မြင်လိုက်ရသည်။ ဝူပိုင်ကျိုး ချက်ချင်းပင် ကြယ်တာရာ အကာအကွယ်ကို အသက်သွင်းလိုက်၏။
သို့သော်လည်း မြှားက တစ်ခါမှ မရှိဖူးသည့် အလား ပျောက်ကွယ်သွားသည်။
‘အချိန်ပြိုကွဲခြင်း...’
ဝူပိုင်ကျိုး၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။ စောစောပိုင်းက တိုက်ခိုက်မှုမှာ အချိန်လှည့်စားမှု တစ်ခု ဖြစ်ကြောင်း သူမ သတိပြုမိသွား၏။ ကျင့်ကြံခြင်း အခြေခံ ကွာခြားမှုမှာ ကျော်လွှားရန် ခက်ခဲ လွန်းလှသည်။ ကြည့်ရသည်က... သူမ အနေဖြင့် နည်းနည်းလေးမျှ ထိန်ချန်ထား၍ မရတော့သည့်ပုံပင်။
ဘုန်း...
ဝူပိုင်ကျိုး၏ အော်ရာက အလွန် ကြောက်မက်ဖွယ် နှုန်းဖြင့် ပေါက်ကွဲလာကာ ရောင်စုံကြယ်များမှာ ပတ်ဝန်းကျင် မိုင်ပေါင်းများစွာ အထိ ပျံ့နှံ့သွားသည်။ ၎င်းတို့က အင်ပါယာ ဖိအား တစ်ခု အသွင်ဖြင့် ပြင်းထန်သည့် ရောင်ဝါများကို ထုတ်လွှတ်ကြ၏။ မိန်းကလေး၏ ဝတ်ရုံက ကြယ်များ အလယ်တွင် တဖျပ်ဖျပ် လွင့်ပါနေ၏။ လှံတစ်ခုကို ရဲဝံ့စွာ ဆုပ်ကိုင်ထားသည့် သူမ၏ ပုံစံက ကြယ်များကို အစိုးရသည့် အဆုံးမဲ့ ဧကရာဇ် တစ်ပါး အလား ထင်မှတ်မှားရပေသည်။
“သူ ခုခံလိုက်နိုင်တယ်...”
ဝူပိုင်ကျိုး တစ်ယောက် အမြင့်မားဆုံးသော အင်အားကို ထုတ်ဖော်နေချိန်တွင် အောက်ရှိ ပရိသတ်ကတော့ သူမ၏ ခံစစ်ကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေကြ၏။ အချိန်သခင် တစ်ယောက်၏ အချိန်ပြိုကွဲခြင်း စွမ်းအားကို ခုခံရန် အလွန်ပင် ခက်ခဲလှသည်။ ထို့အပြင်... သူတို့ အကြားရှိ ကျင့်ကြံခြင်း အဆင့် ကွာခြားချက်က နှစ်ဆင့်တောင် ဖြစ်သည်။ ထိုအရာက ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။
သို့သော်လည်း...အချိန်သခင်ကတော့ မည်သည့် ခံစားချက်နှင့်မှ တုန့်ပြန်ခြင်း မပြုချေ။ ၎င်းက မြှားကိုသာ နောက်တစ်ကြိမ် မြှောက်ကာ ရွှယ်ရီဖေးကို ပစ်ချလိုက်၏။
ရွှယ်ရီဖေးမှာ ၎င်း၏ အချိန်ကွဲလွဲခြင်း စွမ်းအားကို တားဆီးရန် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။ နဂါးသွေးမျိုးဆက်နှင့် အတူ သူမ၏ မျက်လုံးများမှာ အမြင့်ဆုံးသော အာရုံခံစွမ်းအားကို ပိုင်ဆိုင်ထား၏။ အချိန်စွမ်းအားလောက်ဖြင့် သူမကို အရူးလုပ်ရန် မဖြစ်နိုင်ပါချေ။ ဝိညာဉ်အာရုံဖြင့် မမြင်နိုင်သည့်တိုင် သူမ၏ မျက်လုံးများကတော့ ရန်သူ အချိန်သခင် မြှားကို ဆွဲထုတ်လိုက်ပုံ၊ ပစ်ခတ်လိုက်ပုံတို့ကို ရှင်းလင်းစွာပင် မြင်တွေ့ နေရ၏။
ရွှယ်ရီဖေးက မတုန့်မဆိုင်းပင် ယင်ယန် နတ်ဆိုး နဂါး ဝိညာဉ်နှင့် ဆက်သွယ်လိုက်၏။
ဂါး...
ဝရား...
မတူကွဲပြားသည့် နတ်ဆိုး နဂါး ဟိန်းသံ နှစ်ခုမှာ တစ်ချိန်တည်း ဆိုသလိုပင် ဟိန်းထွက်လာ၏။ မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် စင်မြင့်က ကွေးသွားသယောင် ထင်ရကာ မိန်းကလေး၏ မျက်လုံးများက ပိုမို၍ လေးနက်သွားသည်။ သူမက လက်နှစ်ဖက်ကို ဆုန့်ထုတ်ကာ စင်မြင့်ထံ ရိုက်ချလိုက်၏။
ဘုန်း...
ဟိန်းဟောက်သံများက ဆက်တိုက် ထွက်ပေါ်နေကာ နောက်ဆုံး၌ ၎င်းတို့မှာ တူညီသည့် ဟိန်းသံ တစ်ခုတည်း အဖြစ် ပေါင်းစပ် သွား၏။ ၎င်းအား ကြားလိုက်ရသည့် လူတိုင်းမှာ နှလုံးသားများ တုန်ရီသွားကြကာ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။
မြှား၏ အရှိန်က အလွန် လျှင်မြန်လှ၏။ သို့သော်လည်း... ရွှယ်ရီဖေး၏ နဂါး အင်အားက အံသြဖွယ် ကောင်းလောက်အောင် ပိုမို မြန်ဆန်လှပေသည်။ ငွေရောင် အလင်းများက မိန်းကလေး၏ ပတ်လည်တွင် ဝန်းရံလာကာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာ၏။
ဘုန်း...
အလွန်တရာ စူးရှလှသော အလင်းများမှာ အရပ်ရပ်သို့ ပျံ့နှံ့သွား၏။ ကြယ်တာရာ သခင်များ အပါအဝင် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများမှာ မျက်လုံးများကို ဖုံးအုပ်ကာ ကာကွယ် လိုက်ရ၏။ အလင်းများ မှေးမှန်သွာသော အခိုက်၌ စင်မြင့်ထက်ရှိ မြင်ကွင်းက နောက်တစ်ကြိမ် ပြန်လည် ပေါ်လာခဲ့သည်။ အခြေအနေကို လေ့လာလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်လုံးများက ပြူးကျယ်သွားခဲ့တော့၏။
ဟူး... ဟူး...
ဝူပိုင်ကျိုးမှာ ကြယ်တာရာများ၏ အလယ်၌ အဆုံးမဲ့ ဧကရီ တစ်ပါး အလား ရပ်တည်နေကာ ရွှယ်ရီဖေး၏ နံဘေးတွင်တော့ ငွေရောင် ဦးချိုပါ နဂါးကြီး တစ်ကောင်က ဝန်းရံနေ၏။ ၎င်းမှာ မိုင်ဆယ်နှင့်ချီ ရှည်လျားကာ အဇူရာ အကြွေးခွံများ ပိုင်ရှင် အန်နုအတိုင်း အတိအကျပင် ဖြစ်သည်။ ငွေရောင် ဖြစ်ခြင်းနှင့် ပိုမို သေးငယ်ခြင်းတို့မှ အပ ကွာခြားမှု မရှိလှပါချေ။
နဂါးကြီး၏ မျက်လုံးများမှာ သက်ရှိ သတ္တဝါများ အလား ဝိညာဉ် အလင်းများနှင့် ပြည့်နှက်နေ၏။ အကယ်၍ အနီးကပ်ကြည့်မည် ဆိုပါက ၎င်း၏ ကိုယ်ထည်ပေါ် တစ်နေရာတွင် အကြေးခွံများ ကျွတ်နေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ၎င်းက မြှားဖြတ်သန်းသွားသည့် လက္ခဏာ ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
မဟာ ဧကရီနှင့် နဂါး နတ်မိမယ်တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ အကြားတွင် စကားဖြင့် ပြောဆို ဆက်သွယ်စရာ မလိုပါချေ။ ထူးဆန်းသော ဆက်နွယ်မှု တစ်ခု ရှိနေသည့် အလား အကြည့် တစ်ချက်ဖြင့်ပင် ဘာလုပ်ရမည်ကို သူတို့ သိလိုက်ကြ၏။
အင်အား အပြည့် မြှားချက် နှစ်ချက်ကို ထုတ်လွှတ်အပြီး၌ အချိန်သခင်မှာ သူ၏ စွမ်းအား ၆၀ ရာခိုင်နှုန်းခန့်ကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သူ့အနေဖြင့် လက်ကျန် ၄၀ ရာခိုင်နှုန်းကို သုံးကာ ပွဲသိမ်း တိုက်ကွက်ကို ဖော်ထုတ် ရတော့မည် ဖြစ်သည်။ သူ မတုန့်မဆိုင်းပင် လှုပ်ရှားရန် ပြင်လိုက်သော်လည်း အချိန်က မဆိုသလောက် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
မိန်းကလေး နှစ်ယောက်မှာ အလွန် လျှင်မြန်သည့် အရှိန်များဖြင့် စတင်ကာ လှုပ်ရှား လာကြ၏။
ဝရား...
ရွှယ်ရီဖေး၏ ငွေရောင် နဂါးကြီးက ဒေါသတကြီး ဟိန်းဟောက်ကာ ဧရာမ ပါးစပ်ကြီးကို ဖွင့်လိုက်၏။ ရွှယ်ရီဖေးမှာ နဂါးမှ တစ်ဆင့် အာကာသ အကျဉ်းထောင်ကို ဖော်ထုတ်လိုက်၏။ ၎င်းက အာကာသ ပဲ့တင်သံ အဆင့်များပင်လျှင် ထုတ်ဖော်နိုင်သည့် စွမ်းအင် တစ်မျိုး ဖြစ်သည့်တိုင် ရန်သူကို ဖမ်းချုပ်ခြင်းမျိုး၌ အလွန် အသုံးဝင်ပေသည်။
ဘုန်း... ဘုန်း...
မိန်းကလေးမှာ နဂါးအင်အားနှင့် အတူ အချိန်သခင်၏ လွတ်လမ်း မှန်သမျှကို ချိပ်ပိတ် ပစ်လိုက်၏။ ၎င်းက ရန်သူကို ယာယီမျှသာ ရပ်တန့်နိုင်မည် ဖြစ်သည့်တိုင် ဝူပိုင်ကျိုးက အမြင့်မားဆုံးသော ခွန်အားနှင့် အတူ တုန့်ဆိုင်းခြင်း မရှိပဲ စတင် လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။
ဒုတိယမြောက် မဟာအသွင်ပြောင်းခြင်း...
ပုံမှန်အားဖြင့် ကျင့်ကြံသူ တစ်ယောက်မှာ ကြယ်တာရာ သခင်ဖြစ်မှ ဒုတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည့်တိုင် ဝူပိုင်ကျိုး၏ ကျင့်ကြံခြင်း အခြေခံက ထိုအဆင့်ကို ယာယီ ထိန်းချုပ်ရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။
ဘုန်း...
ရုတ်ချည်း မြင့်တက်သွားသည့် မိန်းကလေး၏ အော်ရာကို ကြည့်ရင်း လူတိုင်းမှာ ကြယ်တာရာ သခင် တစ်ပါးလိုပင် ခံစားလိုက်ရလေ၏။
“သေစမ်း...”
ပြင်းထန်သည့် ဟိန်းဟောက်သံနှင့် အတူ မိန်းကလေးက ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်၏။ အဆုံးမဲ့ ကြယ်များ အလယ်၌ သူမ၏ ခန္ဓာကိုယ်က ရွှယ်ရီဖေး ထိန်းချုပ်ထားသည့် အချိန်သခင် ရှေ့သို့ ရောက်ရှိသွား၏။
ဘုန်း...
ထို့နောက် သူမက လှံသွားနှင့် အတူ ရန်သူ၏ နဖူးကို တိုက်ရိုက် ထိုးဖောက်လိုက်တော့၏။
***