ဝူပိုင်ကျိုး
Vol. 72 Ch. 1007
ဘုန်း...
ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ ရောင်စုံအလင်းများမှာ နေရာ အနှံ့ပြန့်ကျဲသွား၏။ အားလုံး၏ မျက်လုံးများက ပြူးကျယ် ဝိုင်းစက်စွာဖြင့် စင်မြင့်ထက်ရှိ မြင်ကွင်းကို ငေးမော နေကြသည်။ ဝူပိုင်ကျိုး၏ ဝတ်ရုံက တဖျပ်ဖျပ် လွင့်ခါနေကာ လှပသည့် ကောက်ကြောင်းများကို ပေါ်လွင်စွာ ဖော်ပြနေ၏။ သူမ၏ လှံထိပ်ဖျားတွင်တော့ ရန်သူ၏ ဦးခေါင်းက ထောက်ချင်းဖောက် စိုက်နေခဲ့သည်။ အချိန်သခင်ကား သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
သူတို့ လုပ်နိုင်ခဲ့ကြပြီ ဖြစ်သည်။ မိန်းကလေး နှစ်ယောက်မှာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ဖြင့် အဆင့်မြင့် အချိန်သခင် တစ်ပါးကို သတ်ဖြတ်နိုင်လိုက်ပြီ ဖြစ်သည်။ မည်သူမှ မယုံကြည်နိုင်ကြပါချေ။ သူတို့ မည်ကဲ့သို့ လုပ်လိုက်သနည်း။
အထူးသဖြင့် ဝူပိုင်ကျိုး နောက်ဆုံး ထုတ်ဖော်လိုက်သည့် အော်ရာနှင့် စွမ်းအားက သာမန် ကြယ်တာရာ သခင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သည် အထိ ပြင်းထန်လွန်းလှသည်။
“လူငယ်မျိုးဆက်က အမြဲတမ်း လူကြီး မျိုးဆက်ကို ဖုံးလွှမ်းသွားတာပဲ...”
သေမျိုးတစ်ပိုင်း အရှင် အဆင့် လူအိုကြီး တစ်ယောက်က ခေါင်းကို ခါရင်း ရေရွတ်လိုက်၏။ သူ့ဘေးနားရှိ လူတိုင်းမှာ ခံစားချက်များ ရောပြွမ်းနေကြသည်။
သူတို့ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တုန်းက ဆိုလျှင် အချိန်သခင် တစ်ယောက်ကို သတ်ဖြတ်ဖို့ မဆိုထားနှင့် လောကသခင် တစ်ယောက်နှင့်ပင် မနည်း ယှဉ်တိုက်ခဲ့ရသည်။ ဤနေရာတွင် ယှဉ်ပြိုင် တိုက်ခိုက်ခြင်းနှင့် အနိုင်ယူခြင်း တည်းဟူသော ဝေါဟာရ နှစ်ခုကြားမှ ကွာခြားချက်ကို သိရှိထားသင့်ပေသည်။ ထိပ်သီးဂိုဏ်းကြီးများ၏ ရွေးချယ်ခံများ ပင်လျှင် ထိုမိန်းကလေး နှစ်ယောက်လောက် ကြောက်စရာ မကောင်းပါချေ။
“ရွေးချယ်ခံ အသစ်က ဘယ်လို အဆင့်အတန်းမျိုး ရှိရမလဲ ဆိုတာ ထာဝရ အစည်းအရုံးက ရည်ရွယ်ချက် ရှိရှိ ပြနေသလိုပဲ...”
လင်းရှန်းရှဲ့က သက်ပြင်းတစ်ချက် ချလိုက်၏။ ဝေ့ဝူယင်၏ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် ထာဝရ အစည်းအရုံး၏ ထာဝရနယ်မြေ ဆေးလုံးတို့မှာ ကြယ်ကွင်းပြင် တစ်ခုလုံး၏ ပါရမီနှင့် ခွန်အားကို ပြောင်းလဲပစ်လိုက်သည်ဟုပင် ဆိုနိုင်ပေသည်။
ဝှစ်... ဝှစ်...
ရွှယ်ရီဖေးက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။ ငွေရောင်နဂါးက အာကာသ အမှုန်အမွှားများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့သည်။ သူမက ဖြည်းညင်းစွာပင် ဝူပိုင်ကျိုး နံဘေးသို့ ပျံသန်းသွားကာ ဘေးချင်းယှဉ် ရပ်လိုက်၏။
ဝူပိုင်ကျိုးမှာ မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်သည့်တိုင် အသက်ရှူသံများက လေးပင် နေသည်။ မိန်းကလေး အလွန်အမင်း အားအင် ကုန်ခမ်းနေပြီ ဖြစ်ကြောင်း သိသာလှပေသည်။ သူမက နောက်ဆုံး တိုက်ခိုက်မှုတွင် ရှိသမျှ ခွန်အားများကို အကုန်အစင် ထုတ်သုံးခဲ့ရခြင်း ဖြစ်သည်။
ဝူပိုင်ကျိုးက ဘေးနားတွင် လာရောက်ရပ်သည့် ရွှယ်ရီဖေးကို စောင်းကြည့်ကာ ပြုံးပြလိုက်၏။
“တော်တယ်...”
“...”
ရွှယ်ရီဖေးမှာ တဒင်္ဂမျှ ဆွံ့အသွားခဲ့၏။ ပထမဆုံး စတင် ဆုံတွေ့ခဲ့သည့် နေ့ကတည်းက စလို့ ဝူပိုင်ကျိုးမှာ ဝေ့ဝူယင်၏ ဗာကီရီ အဖွဲ့တွင် အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာလိမ့်မည်ဟု သူမ ခံစားခဲ့ရသည်။ သူမ ကိုယ့်ကိုယ်ကို စုမေ့နှင့်တော့ မနှိုင်းယှဉ်ရဲခဲ့ပါချေ။ ထိုမိန်းကလေးမှာ ဝေ့ဝူယင် အသက် ဝိညာဉ် နှစ်ခုစလုံးနှင့် ရင်း၍ ယုံကြည်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
သို့သော်လည်း... ဝူပိုင်ကျိုးနှင့် သူမတို့ကတော့ ကုန်းမြေတိုက်ကြီးချင်း မတူညီသည့်တိုင် အင်ပါယာ ကလန်များ၏ အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည်။ ထို့အပြင် သူတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် အင်အားစု တစ်ခုကို ဦးစီးနိုင်သည့် အရည်အချင်း ရှိကြသူများ ဖြစ်သည်။ ဝူပိုင်ကျိုးက သူမကို ပြိုင်ဘက် အဖြစ် ခံယူကြောင်းလည်း ရွှယ်ရီဖေး အစောကြီးတည်းက သဘောပေါက် ပေသည်။
“နင်ရောပဲ...”
မိန်းကလေးက လှပစွာ ပြုံးရင်း ပြန်ပြောလိုက်၏။ ထို့နောက် သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိစွာ ခေါင်းညိတ်ပြလိုက်သည်။
ဝူပိုင်ကျိုးက ပရိသတ်ဘက်သို့ ပြန်လှည့်ကာ လှံကို မြှောက်လိုက်၏။ ထို့နောက် လှံရိုးကို ကြမ်းပြင်ထံ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
ဘုန်း...
ထို့နောက် မိန်းကလေးက အဆုံးမဲ့ ကြယ်များကို ဝန်းရံရင်း ကျယ်လောင်စွာ ကြေညာလိုက်၏။
“ငါက အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းချုပ် ဝူပိုင်ကျိုး... အဲဒီ နာမည်ကို မှတ်ထားကြ...”
“...”
သေမျိုးတစ်ပိုင်း အရှင် အဆင့်များ၊ လျှို့ဝှက် ဝိညာဉ် အဆင့်များ အပါအဝင် လူတိုင်းမှာ သူမကို အံ့အားသင့်စွာ ကြည့်လိုက်မိကြ၏။ အချို့က သူမ၏ သတ္တိကို ကြိတ်ကာ ချီးကျူး လိုက်မိ၏။ သူမက နာမည် မှတ်ထားရန် ထိုက်တန်သူ တစ်ယောက် ဖြစ်ပေသည်။
ရွှယ်ရီဖေးကတော့ ထိုကဲ့သို့ ပြုလုပ်စရာ မလိုပါချေ။ သူမ၏ နာမည်ကို အဆုံးမဲ့ ကောင်းကင် တစ်ခုလုံး သိရှိပြီး ဖြစ်ပေသည်။ သူမက လူသူ ကင်းမဲ့နေသည့် နဂါးမွေးဖွားခြင်း အဖွဲ့၏ လေးထောင့်ကွက်ကို တစ်ချက် လှမ်းကြည့် လိုက်၏။ ထို့နောက် ဖြည်းညင်းစွာပင် ဟင်းလင်းပြင် ဂိတ်တံခါးထဲသို့ ဝင်ရောက် သွားတော့သည်။
ဝူပိုင်ကျိုးက အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသားများကို ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ထို့နောက် သူမသည်လည်း ရွှယ်ရီဖေး၏ နောက်သို့ လိုက်သွားခဲ့တော့သည်။
ဝှစ်...
မကြာခင် မိန်းကလေး နှစ်ယောက်မှာ ဟင်းလင်းပြင် ဂိတ်တံခါးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားကြတော့၏။
...
မဟာစက်ဝန်း ရှန့်ထို ညီလာခံ စတင်ပြီးနောက် ကျင့်ကြံသူ သုံးယောက်မှာ ဖြတ်ကျော်သွားခဲ့ကြပြီ ဖြစ်သည်။ ထို့အပြင် အားလုံးက အသက်တစ်ရာအောက် မိန်းမယ်လေးများ ဖြစ်ကြကာ အလွန်အမင်း ထူးချွန်ကြသည်။ အံ့အားသင့်စရာ တစ်ခုကား ထိုသုံးယောက်စလုံးမှာ ထိပ်သီး အင်အားစုကြီးများမှ မဟုတ်ကြခြင်းပင် ဖြစ်၏။
ထို့အတွက် လျှို့ဝှက် ထိပ်သီး အင်အားစုများမှာ မျက်နှာပူသလို ခံစားနေရ၏။ သူတို့က သူတို့၏ ရွေးချယ်ခံများ ရှေ့သို့ တက်ကာ စိန်ခေါ်ဖို့ မျှော်လင့် နေခဲ့ကြသည်။ တစ်နေ့တစ်ချိန်တွင် ထိပ်သီး ကျင့်ကြံသူများ ဖြစ်လာမည့် အစစ်အမှန် ရွေးချယ်ခံများ ဖြစ်ကြောင်း သက်သေပြစေလိုသည်။
မြေကြီးရှန့်ထိုများနှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် အားလုံးမှာလည်း ထိုဖြစ်ရပ်များကို အဓိက ခန်းမထဲမှ ကြည့်နေခဲ့ကြ၏။ ဤသည်က သူတို့၏ ကြွယ်ဝ ချမ်းသာမှု၊ ထိုက်တန်မှု၊ ပါရမီတို့ကို ချပြရန် အခွင့်ကောင်းတစ်ခု ဖြစ်ပေသည်။
သို့သော်လည်း ထိပ်သီး အင်အားစုများ၏ ရွေးချယ်ခံများမှာ သွေးဆူလွယ်သည့် ခပ်ပေါ့ပေါ့ သခင်လေးများ မဟုတ်ကြပါချေ။ သူတို့ထဲ၌ စုမေ့၊ ဝူပိုင်ကျိုးတို့နှင့်ပင် ယှဉ်နိုင်သည့် ပါရမီရှင်များ ပါသည့်တိုင် တိတ်တဆိတ် ကျင့်ကြံရင်း ထာဝရ အစည်းအရုံး၏ စနစ်ကို အကဲခတ် နေကြဆဲ ဖြစ်သည်။
ဝူပိုင်ကျိုးမှာ မထင်မရှား အင်အားစု တစ်ခုမှ လာခဲ့ပြီး မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ဖြင့် အဆင့်မြင့် လောကသခင် တစ်ယောက်နှင့် ယှဉ်ပြိုင်ရန် သတ်မှတ်ခံခဲ့ရသည်။ ရွှေအဆင့် အင်အားစု တစ်ခု၏ ခေါင်းဆောင် ဖြစ်သည့် အဆင့်ရှစ် နတ်မိမယ် ရွှယ်ရီဖေးကတော့ အဆင့်နိမ့် အချိန်သခင် တစ်ယောက်နှင့် ချထားပေးခြင်း ခံရသည်။ သူတို့ နှစ်ယောက် အကြား၌ အသက် နှစ်ဆယ် ကွာခြားသည်ကိုလည်း ထည့်တွက်ရလိမ့်မည် ဖြစ်သည်။
သို့ဖြစ်လေရာ... ထာဝရ အစည်းအရုံးမှာ အသက်၊ နောက်ခံနှင့် အဆင့်အတန်းလိုက်၍ ရန်သူအဆင့်ကို သတ်မှတ်သည်မှာ သေချာသည်။ လျှို့ဝှက် အဆင့် အင်အားစုများမှ လူများ ဆိုပါက ကွာခြားချက်က မည်မျှ အထိ မြင့်တက်သွားလိမ့်ဦးမည် မသိချေ။
လျှို့ဝှက်ဝိညာဉ် အဆင့် တစ်ယောက် ဦးဆောင်သည့် လျှို့ဝှက် အဆင့် အင်အားစုများမှ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ဆိုလျှင် အချိန်သခင် အဆင့်မြင့်နှင့် ရင်ဆိုင်ရလေမလား မည်သူမှ မသိကြပါချေ။ မြေကြီး ရှန့်ထို ဦးဆောင်သည့် အင်အားစုများမှ လူများ ဆိုလျှင်ရော...။ ထာဝရ အစည်းအရုံးက မည်သည့် သတ်မှတ်ချက်ကို အသုံးပြုနေသနည်း။
လောက၌ မသိခြင်းက ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။
များစွာသော လူငယ် ရွေးချယ်ခံများမှာ တိတ်တဆိတ်ပင် ဆက်လက် ကျင့်ကြံ နေကြ၏။ မိန်းကလေး သုံးယောက် လောကဖိအားအား မည်ကဲ့သို့ ခုခံခဲ့သည်ကို တွေ့မြင်ပြီး နောက်တွင် သူတို့ အထဲမှ များစွာမှာ ဉာဏ်အလင်း ရရှိသွားခဲ့ပြီ ဖြစ်သည်။ သူတို့ အနေဖြင့် ထိုဉာဏ်အလင်းကို ချေဖျက်ရပေလိမ့်မည်။
“လောကသံချပ်ကာက မင်းတို့ အဓိက ခန်းမထဲကို ဝင်ခွင့် ရ၊ မရ ဆိုတာ ဆုံးဖြတ်ပေးမယ့် အဓိက အကြောင်းရင်းပဲ...”
လင်းရှန်းရှန်းက သုန်မှုန်သည့် လေသံဖြင့် လင်းရှန်းရှဲ့၊ လင်းမင်နှင့် ကျိုးမောင်နှမကို ပြောလိုက်သည်။ လင်းရှန်းရှဲ့တို့ကလည်း လေးနက်သည့် အမူအရာနှင့် ခေါင်းညိတ် လိုက်ကြသည်။ ထိုစိန်ခေါ်မှုက ရွေးချယ်ခံ အဆင့်သစ်၏ ပထမဆုံး စမ်းသပ်ပွဲပင် ဖြစ်ကြောင်း သူတို့ သိပေသည်။ ထိုစမ်းသပ်မှုကို ကျော်လွှားနိုင်မှသာ စံသတ်မှတ်ချက် အသစ် အတွင်း ဝင်ရောက်ရန် သူတို့ထံတွင် အခွင့်အလမ်း ရှိပေလိမ့်မည်။
“ကျွန်တော်တို့ မဟာမိတ်ဖွဲ့ပြီး ယှဉ်ပြိုင်မယ် ဆိုရင်ရော...”
ကျန်းယန်က သူ့ညီမ ဖြစ်သူကို လှည့်ကြည့်ရင်း လင်းရှန်းရှန်းကို မေးလိုက်၏။ သူတို့ နှစ်ယောက်မှာ အမွှာများ ဖြစ်ကြလေရာ စွမ်းအင်၊ ဝိညာဉ်တို့နှင့် အလွန် ကိုက်ညီမှုများ ရှိပေသည်။ သူတို့ နှစ်ယောက်သာ ပူးပေါင်းလိုက်ပါက အစီအရင်၊ ကျင့်စဉ်များ၏ စွမ်းအင် အပေါ် များစွာ မြှင့်တင်နိုင်လိမ့်မည် ဖြစ်သည်။
“မင်းတို့ ကောင်းမယ် ထင်ရင် ကြိုးပမ်းကြည့်လေ... ဒါပေမဲ့ ပူးပေါင်းလိုက်တာနဲ့ ရန်သူရဲ့ အဆင့်အတန်းက အရမ်း မြင့်မားသွားမယ် ဆိုတာ မမေ့နဲ့... မနိုင်ဘူးထင်ရင် ကိုယ့်ကိုယ်ကို တွန်းအား ပေးစရာ မလိုဘူး”
ကျန်းမောင်နှမမှာ ကျန်းမျိုးနွယ်၏ အနာဂတ်များ ဖြစ်သည်။ အကယ်၍ သူတို့သာ သေဆုံးသွားပါက ကျန်းကျိရီ တစ်ယောက် ရူးသွပ်သွားလိမ့်မည် ဖြစ်သည်။ အကျိုးဆက်ကို မည်သူမှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပါချေ။
ဝှစ်...
ထိုအခိုက်တွင်ပင် ပုံရိပ် တစ်ခုမှာ စင်မြင့်ပေါ် ခုန်တက်လာခဲ့၏။ သူက ချောမောသည့် ရုပ်ရည်နှင့် လူငယ် တစ်ယောက် ဖြစ်ကာ အပြာရောင် မျက်လုံးများမှာ ရေစွမ်းအင်များကို သယ်ဆောင်ထား၏။ လူငယ် စင်မြင့်ပေါ် ရောက်သည်နှင့် လူအချို့မှာ တန်းကာ မှတ်မိလိုက်၏။
အထူးသဖြင့်... မဟာ ပြာလွင်ခြင်း ကြယ်တာရာ နယ်မြေမှ ကျင့်ကြံသူများပင်။ လူငယ်မှာ ကြယ်တာရာ နယ်မြေ အုပ်စိုးသူ အင်အားစု ဖြစ်သည့် အဋ္ဌမ ပင်လယ်မှ ရွေးချယ်ခံလောင်း တစ်ယောက်ပင်။
လူငယ်လေးမှာ တည်ငြိမ် နေသည့်တိုင် သူ့မျက်လုံးများ အတွင်းတွင်တော့ ဖုံးကွယ်ထားသည့် စိုးရိမ် ပူပန်မှု အငွေ့အသက်များ ရှိနေခဲ့၏။
“အဋ္ဌမ ပင်လယ်ရဲ့ ၃၄ ယောက်မြောက် မင်းသား... အသက် ၁၆၄... ကြယ်တာရာ အမြုတေ အဆင့်ငါး... ရန်သူ အဆင့် အထွတ်အထိပ် လောကသခင်...”
***