ဟောင်ရှောင်မင်
Vol. 72 Ch. 1008
‘အသက် ၁၆၄ ကို ကြယ်တာရာ အမြုတေ အဆင့်ငါး...’
လင်းမင်၏ မျက်လုံးများက အနည်းငယ် တောက်ပသွား၏။ သူက အသက် လေးဆယ့်ခြောက်နှစ်သာ ရှိသေးသည့်တိုင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်နေပြီ ဖြစ်သည်။
လင်းမင် ကိုယ့်ကိုယ်ကို စုမေ့နှင့် ယှဉ်ရန်တော့ ဆန္ဒ မရှိချေ။ ထိုမိန်းကလေးမှာ ဝေ့ဝူယင်ထံမှ အာရုဏ်ဦး နေမီးတောက် ဆေးလုံး အပြင် အခြား အကူအညီများစွာကို လက်ခံရရှိထားမှာ သေချာပေသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... သာမန် ရွေးချယ်ခံများနှင့် ယှဉ်ပါက သူ၏ အဆင့်အတန်းက များစွာ မြင့်မားနေသည်မှာ ထင်ရှားပေသည်။
သို့သော်လည်း... ပိုမို ကြီးကျယ် ခမ်းနားသည့် နယ်မြေ တစ်ခုကို ပြောင်းလဲတိုင်း ကျင့်ကြံခြင်း အခြေခံ လိုအပ်ချက်က ကြောက်မက်ဖွယ် ကောင်းအောင် မြင့်မားလာတာ လင်းမင် သတိထားမိခဲ့သည်။ အနန္တ ကုန်းမြေတိုက်ကြီးမှာတုန်းက အသက် ခြောက်ဆယ် မပြည့်ခင် ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို ရောက်ပါက ထိပ်သီး ပါရမီရှင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အစစ်အမှန် ဒြပ်စင် နန်းတော်မှာတော့ အနည်းငယ် ကွာခြားကာ အသက်နှစ်ရာ မပြည့်ခင် ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိပါက ပါရမီရှင် အဖြစ် သတ်မှတ်ခံရသည်။ တစ်ခု မှတ်သားထားသင့်သည်က... ထိုနေရာ၌ အစွမ်း အထက်ဆုံး ကျင့်ကြံသူများ ပင်လျှင် ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များ ဖြစ်သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်သို့ အရောက်တွင်တော့ ထိုသတ်မှတ်ချက်များက လုံးဝ ကျိုးပျက်သွားသည်။ ဤနေရာတွင် ပါရမီရှင် တစ်ယောက် ဖြစ်လာရန် အတွက် ဆိုလျှင် အသက် တစ်ရာ့ ရှစ်ဆယ် မပြည့်ခင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိဖို့ လိုသည်။ အသက် သုံးရာမှ ငါးရာ အတွင်း ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိကာ လျှို့ဝှက် သင်္ကေတများကို သန့်စင်နိုင်ဖို့ လိုအပ်သည်။
ကြယ်တာရာ အမြုတေ အဆင့်တွင် အဆင့် တစ်ခုချင်းစီကို တက်လှမ်းရန် အလွန်အမင်း ခက်ခဲသည်မှာ ရှင်းလင်းလှပေသည်။ အဋ္ဌမ ပင်လယ်၏ ၃၄ ယောက်မြောက် မင်းသား ဆိုလျှင် တန်ခိုးရှင် အင်အားစု တစ်ခု၏ နောက်ခံကို ပိုင်ဆိုင်ထားသည့်တိုင် အသက် ၁၆၄ နှစ်ရောက်မှ ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်း နိုင်ခဲ့သည်။
“သတင်းတွေ အရဆို ရွှေရောင် အသက်နန်းတော်ရဲ့ ရွေးချယ်ခံ မာ့လုလင်းက ဝိညာဉ် ဆင်းတု အဆင့်ကနေ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ငါးနှစ်တည်းနဲ့ ခုန်တက်သွားခဲ့တာတဲ့... အာရုဏ်ဦး နေမီးတောက် ဆေးလုံးရဲ့ အစွမ်းက အံ့မခန်းပဲ”
သေမျိုးတစ်ပိုင်း အရှင် အဆင့် အကြီးအကဲ တစ်ယောက်က လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။ အားလုံးမှာ သူ၏ စကားကို အသံတိတ် လက်ခံလိုက်မိသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ ရွေးချယ်ခံ အဆင့်အတန်းကို လုံးဝ ပြောင်းလဲ ပေးလိုက်ခြင်းပင် ဖြစ်သည်။ ညီလာခံက ဖြစ်ကို ဖြစ်လာရမည့် အရာ ဖြစ်သည်။
“...”
၃၄ ယောက်မြောက် မင်းသား၏ အမူအရာက အနည်းငယ် သုန်မှုန်ကာ ငြိမ်သက်နေ၏။ ပရိသတ်များမှာ စင်မြင့်ပေါ်ကို ငေးကြည့်နေကြကာ တန်ခိုးရှင် အင်အားစု တစ်ခု၏ ရွေးချယ်ခံက မည်မျှ စွမ်းဆောင် ပြနိုင်မည်ကို သိလိုနေကြသည်။
“စိန်ခေါ်မှုကို ဆက်လက်ဖို့ ဆန္ဒရှိလား...”
စန်းလော့ယန်၏ အချက်ပေးသံက ထွက်ပေါ်လာ၏။
“မရှိပါဘူး...”
လူငယ်က ငြင်းလိုက်သည်။ သို့သော်လည်း... သူ၏ ကြည်ပြာရောင် မျက်ဝန်းများက စိတ်ပျက်ခြင်း၊ လက်မခံလိုခြင်းများနှင့် ပြည့်နှက်နေသည်။
ဟူး... ဟူး...
စင်မြင့်ဆီမှ ငွေရောင် အလင်းတန်း စီးထွက်လာက လူငယ်ကို ဝန်းရံသွား၏။ ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် ၃၄ ယောက်မြောက် မင်းသားမှာ ပျောက်ချင်းမလှပင် ပျောက်ကွယ် သွားတော့သည်။ သူကား အပြင်ကို ပို့ဆောင် ခံလိုက်ရပြီ ဖြစ်သည်။
"..."
လူတိုင်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းများ ခါလိုက်ကြ၏။ သို့သော်လည်း ၃၄ ယောက်မြောက် မင်းသား အပေါ် သူတို့ နားလည်ကြပေသည်။
အလင်းပြန်ခြင်း အဆင့် တစ်ယောက်မှာ အထွတ်အထိပ် လောကသခင်ကို ရင်ဆိုင်ရမည့် အပြင် သတ်ပါ သတ်ဖြတ်ပြရမည် ဖြစ်သည်။ ထိုအရာက မည်မျှ ရက်စက်လိုက်သနည်း။
အကယ်၍ သူ့ထံတွင် အတုအယောင် လောကနယ်မြေ တစ်ခုနှင့် လောကသံချပ်ကာတို့ ရှိလျှင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း... ၃၄ ယောက်မြောက် မင်းသားထံတွင် ထိုစွမ်းရည်များ မရှိသည်မှာ ရှင်းလင်းလှသည်။
“သူက သတင်း အချက်အလက် အတွက် ကိုယ့်ကိုယ်ကို စတေးလိုက်တာပဲ...”
လင်းရှန်းရှန်းက မှတ်ချက်ချလိုက်၏။ သို့သော်လည်း... ထိုအရာက အလွန် လိုအပ်သည့် စတေးမှု ဖြစ်သည်။ ယခုအချိန် အထိ သူတို့ အချက်သုံးချက်ကို အတည်ပြုနိုင်ခဲ့ပြီး ဖြစ်သည်။
ပထမ တစ်ချက် အနေဖြင့်.. စိန်ခေါ်မှုတွင် အသက်၊ အဆင့်အတန်း၊ ကျင့်ကြံခြင်း အခြေခံနှင့် နောက်ခံ အင်အားစုတို့ကို ထည့်သွင်း စဉ်းစားသည်။ ဒုတိယ အချက်... စိန်ခေါ်မှုအား အရှုံးပေးခြင်းကို ညီလာခံမှ နှုတ်ထွက်ခြင်း အဖြစ် ယူဆသည်။
တတိယမြောက်နှင့် နောက်ဆုံး တစ်ချက်ကတော့ အရေး အကြီးဆုံးပင် ဖြစ်သည်။ စိန်ခေါ်ပွဲတွင် ရန်သူကို ရွေးချယ်ရာ၌ စံသတ်မှတ်ချက် အသစ်နှင့်သာ ရွေးချယ်သည်။ ၎င်းက ပထမ စံသတ်မှတ်ချက်များနှင့် အလွန် အလှမ်းကွာသည်။
မြေကြီး ရှန့်ထိုများ၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ သူတို့ တစ်ယောက်ချင်းစီ၏ စိန်ခေါ်ပွဲများကို ကြည့်ရှုကာ ရွေးချယ်ခံ အဆင့်အတန်းသစ်ကို သတ်မှတ် ဆွေးနွေးကြလိမ့်မည် ဖြစ်သည်။
ဝှစ်...
မိနစ်ပိုင်း အတွင်းမှာပင် နောက်ထပ် ပုံရိပ်တစ်ခုမှာ အလွန် ပြင်းထန်သည့် နှုန်းဖြင့် စင်မြင့်ပေါ်သို့ ရောက်ရှိလာ၏။ ထိုပုဂ္ဂိုလ်ကို မြင်သည်နှင့် အားလုံး၏ မျက်လုံးများက ပြူးကျယ်သွားသည်။
ဟောင်ရှောင်မင်...
သေမျိုးတစ်ပိုင်း အရှင်များထဲတွင်ပင် ဟောင်ရှောင်မင်မှာ အလွန် ကျော်ကြားသူ ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးမှာ တစ်ခါတုန်းက အဆင့်တူ နှစ်ယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ကာ အနိုင်ယူဖူးသည်။ ဟောင်ရှောင်မင်မှာ တပည့်များကို လေ့ကျင့်ပေးသော်လည်း ကိုယ်ပိုင် အင်အားစု တစ်ခု တည်ထောင်ခြင်း မပြုသလို တစ်နေရာတည်းတွင် အတည်တကျ နေထိုင်ခြင်းမျိုးလည်း မရှိချေ။ ကြယ်ကွင်းပြင် အနှံ့ ခြေဦးတည့်ရာ လျှောက်သွားနေလေ့ ရှိသည်။ များစွာသော လူများက ဟောင်ရှောင်မင်ကို ကျင့်ကြံခြင်း လောက၏ သူတော်စင်ကြီး အဖြစ်ပင် တင်စား ခေါ်ဝေါ်ကြသည်။
ဟောင်ရှောင်မင် စင်ပေါ်တက်သွားသည်နှင့် တစ်ပြိုင်နက် များစွာသော လူငယ်များမှာ တစ်ယောက်တည်း သီးသန့် ကျင့်ကြံနေသည့် လှပသော မိန်းမငယ်လေးကို လှမ်းကြည့်လိုက်ကြသည်။ သူမက ဟောင်ရှောင်မင်၏ တပည့် ဖြစ်ကာ နောက်တစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် ရွေးချယ်ခံလည်း ဖြစ်သည်။
စင်မြင့်ထက်၌ ထူးဆန်းသော လေပြည်လေညှင်းများ ထွက်ပေါ်လာခြင်း မရှိချေ။ ကောင်းကင် ပုရောဟိတ်များ၊ ဟောကိန်းများမှာ သေမျိုးများ အပေါ် လွယ်ကူစွာ စစ်ဆေးနိုင်သည် ဆိုသော်လည်း လျှို့ဝှက် အာဏာရှင်များကို ကြည့်ရှုရန် အတွက်တော့ စတေးမှုများစွာ လိုအပ်လိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ရန် မည်သူမှ ဆန္ဒ မရှိကြချေ။
“ခင်ဗျားရဲ့ သင်္ကေတ အဆင့်ကို ပြေပါ...”
စန်းလော့ယန်၏ အသံသာလျှင် ဟိန်းကာ ထွက်ပေါ်လာ၏။
‘သင်္ကေတ အဆင့်...’
များစွာသော လူများမှာ အံ့သြသွားကြ၏။ သင်္ကေတ အဆင့်များမှာ ကျင့်ကြံသူ တစ်ဦး တစ်ယောက်ချင်းစီ အတွက် လျှို့ဝှက်ချက်များ ဖြစ်ကြသည်။ ၎င်းတို့ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရန် မည်သူမှ ဆန္ဒ မရှိကြချေ။
သို့သော်လည်း... ဟောင်ရှောင်မင်ကတော့ ဂရုစိုက်ခြင်း မရှိပါချေ။ သူက ဟက်ဟက်ပက်ပက် ရယ်လိုက်ရင်း ပြန်လည် အဖြေပေးလိုက်၏။
“သင်္ကေတ ငါးခု...”
အားလုံး၏ မျက်ဝန်းများက အထင်ကြီး လေးစားခြင်းများနှင့် ပြည့်နှက် သွား၏။ သင်္ကေတ တစ်ခုကို ဖွဲ့စည်းနိုင်လျှင်ပင် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရန် လုံလောက်နေပြီ ဖြစ်သည်။ သို့သော်လည်း ဟောင်ရှောင်မင်ကတော့ ငါးခု အထိ ဖွဲ့စည်းထားနိုင်ခဲ့သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အဆင့်အတန်း အရပင်လျှင် ၎င်းက အလွန် မြင့်မားလွန်းလှသည်။ ထိုပုဂ္ဂိုလ်ကြီး သန်မာသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။
“သင်္ကေတ ငါးခု သေမျိုးတစ်ပိုင်း အရှင်... အသက်... ၆၀၀၀ ကျော်... ရန်သူ အဆင့်... အဆင့်မြင့် သေမျိုးတစ်ပိုင်း အရှင်”
“...”
လျှို့ဝှက် အာဏာရှင် အဆင့်များမှာ အံ့သြသွားကြ၏။ ထိုအံ့သြမှုက ဟောင်ရှောင်မင်၏ အချက်အလက်များကြောင့် မဟုတ်ပဲ ရန်သူ၏ အဆင့်ကြောင့်သာ ဖြစ်သည်။
ဟူး... ဟူး...
ဟင်းလင်းပြင် ဂိတ်တံခါးနားရှိ သင်္ကေတများနှင့် ဖုံးလွှမ်းနေသည့် ကျောက်တိုင်မှာ လျှို့ဝှက် အလင်းတန်းများဖြင့် စတင် တောက်ပလာခဲ့၏။ ထို့နောက် ယောက်ျား မိန်းမ ကွဲပြားခြင်း မရှိသည့် အရိပ် တစ်ခု ဖွဲ့စည်းလာခဲ့သည်။ တစ်နည်းအားဖြင့် ဆိုရပါက ၎င်းက စွမ်းအင်ထု တစ်ခုလိုပင် ဖြစ်သည်။
***