← Chapters

ကောင်းကင်နတ်ဘုံ၏ ဖန်ဆင်းရှင်

Vol. 71 Ch. 923

ကောင်းကင်နတ်ဘုံ၏ ဖန်ဆင်းရှင်

Vol. 71 Ch. 923

ယွင်ချွီးရှို့၏ အလှသည် အညစ်အကြေးကင်းစင်၍ ကြည်လင်နေသော ရေပြင်နှင့် ယှဉ်နိုင်၏။ သူမအပြုံးက အပြစ်ကင်း၊ ဖြူစင်လှသည့် အတွင်းစိတ်နှလုံးသားကို ထင်ဟပ်ပြသနေသည့်အလား ထင်ရပြီး သူမမျက်နှာလေးကို မြင်သည်နှင့် မဖွယ်မရာအတွေးများစွာ ဖြစ်ပေါ်လာလိမ့်မည်။

ချင်မူက အပြုံးပန်းများ ဝေဆာစွာဖြင့် အကြည့်လွှဲလိုက်သည်။ သူက ဒုန်းစိုင်းခုန်နေသော ရင်ခုန်သံများကို ထိန်းချုပ်ရင်း တွေးနေသည်။ ‘ဟိုမကောင်းဆိုးဝါး လီထျန်းရှင်နဲ့ ယှဉ်ရင် သူက ပိုအန္တရာယ်များတယ်... အသည်းနှလုံးကို ကစားတဲ့နေရာမှာ လီထျန်းရှင်က ကလေးသာသာပဲ ရှိသေးတယ်... ငါသာ ကျွယ်ဝူချိန်နဲ့ မတွေ့ခဲ့ရင် သူ့အလှထဲ နစ်မျောသွားမှာပဲ... ဒါပေမဲ့ ဒီအမျိုးသမီးမှာ ပြစ်ချက်တစ်ခု ရှိနေတယ်.... သူ့ရင်သားတွေက ဖွင့်ထွားသင့်သလောက် မဖွင့်ထွားဘူး’

နဂါးသွဲ့ပင်လယ်ထဲတွင် လေလှိုင်းများ တိုက်ခတ်လာ၍ ရေလှိုင်းများလည်း ထကြွလာသည်။ ကြောက်မက်ဖွယ်ရာ ‌အော်ဟစ်သံကြီးများအား အဆက်မပြတ်ကြားနေရ၏။

အမှောင်ထုထဲ၌ နတ်ဘုရားနှစ်ပါး ပုန်းကွယ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြသောကြောင့် မန့်လန်အဆောင်၏အပြင်တွင် ကမ္ဘာမြေအက်ကွဲကြေမွရလောက်အောင် အားကောင်းပြင်းထန်လှသည့် တိုက်ပွဲတစ်ပွဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ချင်မူက အဆောင်ထဲ လှည့်ဝင်သွားသည်။ “နောင်တော်ယွင်၊ ဒီမှာက ဆူသထက် ဆူလာရုံပဲ ရှိမှာ.... ကျွန်တော်တို့က အားနေမှတော့ ဒီအခွင့်အရေးကို အသုံးချပြီး သွေးကျိန်စာ ဖြေကြတာပေါ့”

ယွင်ကျန်းလီလည်း သူ့နောက်မှ ကပျာကယာ လိုက်ဝင်လာပြီး မန့်လန်အဆောင်၏ ပင်လယ်ရှုခင်းသာဆောင်သို့ ဝင်လိုက်ကြသည်။ ချင်မူက ထိုင်၍ မေးလေသည်။ “ကောင်းကင်ထဲက နတ်ဘုရားဘုရင်က ဘယ်သူလဲ နောင်တော်ယွင်သိလား”

ယွင်ကျန်းလီက ဖြေသည်။ “အဲဒီလူက ရုပ်အစစ် မဖော်ပြဘဲ ပုံရိပ်တစ်ခုကို သုံးနေတာ... ဒါပေမဲ့ သူ့ကောင်းကင်နတ်သိုင်းအရ သူ ဘယ်သူမှန်း ကျွန်တော် ပြောနိုင်ပါတယ်... သူလိုလူကို မှတ်မိဖို့ မခက်ဘူး... သူက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်မင်းလေးပါးထဲက တစ်‌ပါး၊ နတ်ဘုရားဘုရင်နန့်မင်တဲ့... ပင်လယ်ထဲ တစ်ယောက်ကတော့ ရှေးဟောင်းနတ်ဘုရား မြောက်နတ်မင်းရွှမ်းဝူအပြင် တခြားမဟုတ်ဘူး.. နန့်မင်မိုးကြိုးမီးလျှံက မြောက်နတ်မင်းရွှမ်းဝူ၏ မဟာမိုးကြိုးတိမ်တိုက်ငါးခုနဲ့ တိုက်ခိုက်နေတာ... သူတို့က ဘယ်သူဘယ်ဝါမှန်း ဖုံးထားကြပေမယ့် ကျွန်တော့်ကိုတော့ အရူးမလုပ်နိုင်ပါဘူး”

ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံး ပွင့်လာပြီး သူက အထွတ်အမြတ်နန်းတော်ဧရိယာ အဆင့်မြင့်အသိပညာကို ထုတ်လွှတ်၍ အသိစိတ်အလျဉ်အား အသက်သွင်းလိုက်သည်။ တခဏအတွင်း သူ၏အသိစိတ်အလျဉ်သည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သန်မာအားကောင်းလာ၏။

ဝှမ်

တတိယမျက်လုံး၏ ဆဋ္ဌဂံသဏ္ဍာန် သူငယ်အိမ်၏အတွင်းမှ ဖြောင့်တန်းနေသော အလင်းတန်းတစ်တန်းသည် ယွင်ကျန်းလီ၏ မျက်ခုံးနှစ်ဖက်အကြားအပေါ်သို့ ကျရောက်လာ၏။

ဤအခိုက်အတန့်တွင် ကောင်းကင်ထဲ၌ မှိန်ပျပျ နေရောင် ပေါ်ထွက်လာပြီး သိပ်သည်းအုံ့ဆိုင်းနေသည့် မြူခိုးများအကြားတွင် နေလုံးကြီးမှာ အတော်လေး မှုန်မှုန်ဝါးဝါး ဖြစ်နေသည်။

သို့သော် ထိုနေလုံးကြီး မှိတ်တုတ်မှိတ်တုတ် လင်းလက်နေစဉ် တိမ်မည်းတိမ်စိုင်များအနောက်၌ မရေမတွက်နိုင်သော နေများ ပေါ်ထွက်လာကြသည်။ နေတစ်စင်းပြီးတစ်စင်း တိမ်တိုက်များအကြား ငုပ်လျိုးလျက် ကောင်းကင်ထဲ၌ လွင့်မျောနေကြလေသည်။

ဤနေများဆီမှ ခြေသုံးချောင်း ကျီးနက်များသည် တိမ်တိုက်များကို ထိုးခွင်း၍ နဂါးသွဲ့ရေကန်ဆီသို့ ရောက်လာကြ၏။

ခြေသုံးချောင်း ရွှေကျီးကန်းပေါင်းများစွာက အမှောင်ထုထဲရှိ မန့်လန်အဆောင်အတွင်းရှိ ပင်လယ်ရှုခင်းသာဆောင်ဆီသို့ ပြေးဝင်လာကြရင်း တအာအာ အော်ဟစ်နေကြသည်။ ၎င်းတို့နှင့်အတူ တောက်ပလင်းထိန်နေသော မီးတောက်များလည်း လိုက်ပါလာကြ၏။

ယွင်ကျန်းလီမှာ အပြင်ကို ကြည့်လိုက်ပြီးနောက် ခပ်အက်အက်အသံဖြင့် ပြောသည်။ “မဟာနေဧကရာဇ်ပဲ”

ယန်အာနှင့် နဂါးချီလင် အပြေးအလွှား ရောက်လာကြသည်။ သူတို့ ရှုခင်းသာဆောင်အနား ရောက်သည့်အခါ ယန်အာသည် နဂါးစာကလေးအသွင် ပြောင်း၍ အမိုးအပေါ် ပျံတက်သွား၏။ သူမက အရပ်လေးမျက်နှာမှ လာနေသော ရွှေကျီးကန်းများကို စိုးရိမ်ထိတ်လန့်စွာ ကြည့်နေသည်။

ချီကျုံရီလည်း အပြေးသွားရန် ပြင်လိုက်စဉ် ယွင်ချွီးရှို့က ပြုံးလိုက်သည်။ “သခင်လေးချီ၊ ဒီမှာ အင်မတန် အန္တရာယ်များပါတယ်... ဘာကြောင့် ကိုယ့်အသက်ကို စွန့်စားနေမှာလဲ”

ချီကျုံရီ၏ မျက်ဝန်းများက နွေးထွေးနေသည်။ “မင်းနဲ့အတူ ရှိနေရတာက ပိုအန္တရာယ်များတယ်... မင်းက ငါ့တာအိုနှလုံးသားကို ပြုစားနေတာပဲ” ထိုသို့ပြောပြီးနောက် သူက ချင်မူ ရှိနေသော ရှုခင်းသာဆောင်သို့ လမ်းလျှောက်သွားသည်။

ယွင်ချွီးရှို့သည် စိတ်ဆိုးမာန်ဆိုးဖြင့် သူ့နောက်မှ လိုက်လာ၏။

ရုတ်တရက် ကောင်းကင်ထဲတွင် မှိန်ပျပျကြယ်များ ထွက်လာသည်။ ကြယ်များမှာ အချိန်နှင့် နေရာဟင်းလင်းပြင် မတည်ငြိမ်သကဲ့သို့ ယမ်းခါနေကြ၏။ ထို့နောက် တစ်စင်းပြီးတစ်စင်း နဂါးသွဲ့ပင်လယ်ထဲသို့ ကြွေကျလာသဖြင့် နားကွဲမတတ် ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်နေသည်။

ကြယ်များက အတိုင်းထက်အလွန် သိပ်သည်းထူပိန်းနေသော တိမ်တိုက်များကို ထိုး‌ဖောက်ရင်း မီးတောက်မီးလျှံများနှင့်အတူ ဆင်းသက်လာသည်။ ၎င်းတို့ နဂါးသွဲ့ပင်လယ်ထဲ ကျသွားသည့်အခါ တိုက်အားကြောင့် ပင်လယ်ပြင်မှာ ပွင့်ထွက်သွား၏။

ပင်လယ်ထဲမှ ဘီလူးကြီးများ တစ်ကောင်ပြီးတစ်ကောင် ထွက်လာပြီး ကောင်းကင်ထက်၌ ပျံဝဲနေသော ရွှေကျီးကျန်းများဆီသို့ လှမ်းဆွဲကြသည်။

ပင်လယ်ထဲက ရေဘီလူးများ၊ ဝေဟင်ထက်က ရွှေကျီးကန်းများသည် တစ်ဖက်ကိုတစ်ဖက် သတ်ဖြတ်နေကြရင်း မည်သူမျှ မန့်လန်အဆောင်အနား မကပ်နိုင်အောင် ဟန့်တားဖျက်စီးနေကြသည်။

ချင်မူက ပြဿနာ၏ ဇစ်မြစ်ကို အပြတ်ရှင်းချင်သောကြောင့် အသိစိတ်အလျဉ်ကို ယွင်ကျင်းလီ၏ သွေးစီးဆင်းရာ လမ်းကြောင်းအတိုင်း လိုက်သွားစေပြီးနောက် ကျိန်စာ၏အရင်းအမြစ်ထံ ရောက်သွားသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်ထက်မှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ ဧရာမလက်ဝါးကြီးတစ်ဖက်က နေ၊ တိမ်တိုက်များနှင့် ကျီးကန်းများကို ဖယ်ရှား၍ မန့်လန်အဆောင်အပေါ်သို့ ရိုက်ချနေ၏။

လက်ဝါးကြီး ကျဆင်းလာနေစဉ် လက်ဝါးနှင့် လေဖိအား၏ ပွတ်တိုက်မှုကြောင့် မီးဟုန်းဟုန်းတောက်လာသည်။ လက်ဝါးကြီးသည် မန့်လန်အဆောင် တည်ရှိသော ကျွန်းအား မီးလောင်ပြာချပစ်မည့်ပုံရသည်။

ဤအချိန်မှာပဲ မောင်းသံတစ်ချက် ထွက်‌ပေါ်လာသည်။ နဂါးသွဲ့ကျွန်းမှာ အနောက်အရပ်မှ ဖြာထွက်လာသော ရွှေရောင်တို့ဖြင့် လွှမ်းခြုံခံလိုက်ရ၏။ ရွှေရောင်အလင်းလုံးကြီးက လျန်မြန်စွာ လိမ့်ဆင်းလာရင်း မန့်လန်အဆောင်၏အပေါ်သို့ ရောက်လာသည်။

ရွှေရောင်အလင်းလုံးကြီးသည် လျင်မြန်စွာ လည်နေပြီး အတွင်းထဲ၌ ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်နေသော ကျားဖြူတစ်ကောင်ကို မြင်ရသည်။ ရွှေရောင်ဓားချီတန်းများသည် ကောင်းကင်ထက်သို့ ဖြာထွက်သွား၏။ တစ်စက္ကန့်အတွင်း ဧရာမမီးဝါးလက်ကြီးမှာ ဇကာပေါက်သဖွယ် ထိုးဖောက်ခံလိုက်ရသည်။

ကောင်းကင်ထက်မှ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။ ရုတ်တရက် မီးစွဲလောင်နေသော တိုင်လုံးကြီးတစ်လုံး ကောင်းကင်ထက်မှ ကျဆင်းလာ၏။ တိုင်လုံးကြီးက နဂါးသွဲ့ပင်လယ်ထဲသို့ တန်းတန်းမတ်မတ် စိုက်ဝင်သွားပြီး နှိုင်းယှဉ်၍မရလောက်အောင် မြင့်မားနေသည်။ ၎င်းသည် မန့်လန်အဆောင်ကို အလယ်တွင် ထားလျင် ပင်လယ်ရေကို ထိုးမွှေနေ၏။

ရွှေရောင်အလင်းလုံးကြီးက မန့်လန်အဆောင်၏အထက်တွင် ပျံဝဲလျက် ရှိသေးသည်။ ၎င်းဆီမှ အလင်းတန်းများ ဖြာထွက်နေပြီး တာအိုသံများ ပဲ့တင်ထက်နေသည်။ ကျားဖြူက ရွှေရောင်အလင်းထဲမှ ခုန်ထွက်ကာ တိုင်လုံးကြီးကို ကြားဖြတ်တိုက်ခိုက်ရန် ကြိုးစားနေသည်။

တိုင်လုံးကြီးသည် ရွှေရောင်အပ်တစ်စင်းအရွယ်သာ ရှိတော့သည့်တိုင်အောင် လျင်မြန်စွာ ကျုံ့သွားရင်း ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသဖြင့် ရွှေရောင်အလင်းလုံးကြီးအတွက် ကြားဖြတ်တိုက်ခိုက်ရန် ခက်နေသည်။

ဤအခိုက်အတန့်တွင် ရွှေရောင်စာရင်းစာရွက်တစ်ရွက်က လေထဲတွင် တဖျပ်ဖျပ် လှုပ်ခတ်လျက် အမှောင်ထုထဲမှ ပျံ့လွင့်လာသည်။ ရွှေရောင်အပ်က ရွှေရောင်စာရွက်ကို ထိုးဖောက်လိုက်သော်လည်း အန္တရာယ်တွင်းထဲမှ မလွတ်သေးပေ။

ရွှေရောင်စာရင်းစာရွက်နှင့် ရွှေရောင်အပ် ကောင်းကင်ထဲ၌ ထိတိုက်သွားသည့်အခါ ကြောက်မက်ဖွယ်ရာ စွမ်းအားလှိုင်းများ ပျံ့နှံ့လာ၏။ ကျွန်းပေါ်ရှိ လူများ ကြောက်လန့်တုန်ရီလာကြသည်။ ဤလှိုင်းတစ်လှိုင်းသာ သူတို့ဆီသို့ ရိုက်ခတ်လိုက်လျှင် သူတို့နှင့် ကျွန်းတစ်ကျွန်းလုံး ပြာကျသွားလိမ့်မည်။ ဝိညာဉ်များပင် လွတ်မြောက်မည်မဟုတ်ချေ။

ယန်အာလို နတ်ကောင်းကင်ခန်းမအဆင့်ပင် ယခုလို သိုင်းကွက်များမှ သူမကိုယ်သူမ ကာကွယ်နိုင်မည်မဟုတ်။ ပွဲချင်းပြီသာ သေဆုံးရလိမ့်မည်။

“နောင်တော်ယွင် အာရုံမပျံ့နဲ့”

ချင်မူက ယွင်ကျန်းလီ၏ အသိစိတ်အလျဉ်ထဲ၌ အာရုံပျံ့လွင့်နေသည်ကို ခံစားလိုက်ရ‌သောကြောင့် သူ့ကို သတိပေးလိုက်သည်။ “အာရုံပျံ့နေရင် နောင်တော်ယွင်ရဲ့ သွေးကျိန်စာကို ဖယ်ရှားဖို့ အနှောင့်အယှက်ဖြစ်တယ်”

ယွင်ကျန်းလီမှာ မနေနိုင်တော့ဘဲ မေးလိုက်မိသည်။ “ကောင်းကင်နတ်အရှင်၊ ဘယ်လိုလုပ် ဒီလောက် နေနိုင်တာလဲ... မကြောက်ဘူးလား.. အဲဒီကောင်းကင်နတ်သိုင်းတွေသာ ကောင်းကင်နတ်အရှင်ကို စောင့်ရှောက်ပေးနေတဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေကို ကျော်ဖြတ်လာရင် ကျွန်တော်တို့ကို အကြိမ်တစ်ထောင် သတ်ပစ်နိုင်တယ်ဗျ”

ချင်မူ၏အသိစိတ်အလျဉ်က သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲသို့ ဝင်လာသည်။ အသိစိတ်အလျဉ်သည် ရွှေရောင်ရေစီးကြောင်းသဖွယ် ထင်ရပြီး ဝိညာဉ်စင်မြင့်ကို ရိုက်ခတ်ကာ တောက်ပနေသော ယဇ်ပလ္လင်အသွင် ပြောင်းလိုက်၏။ “ကြောက်တာပေါ့... ဒါပေမဲ့ သူတို့ ထင်တိုင်းကြဲလို့ မရဘူး.... ငါ့ကို သေစေချင်တဲ့လူတွေက ငါနဲ့ ယတိပြတ် ခွာမပြဲချင်ဘူးလေ... ဒီတော့ ကောင်းကင်နတ်ဘုံပဲ နှစ်ခြမ်းကွဲရလိမ့်မယ်... ငါ့ကို ကာကွယ်ပေးမယ့်သူတွေကတော့ ငါ့ကို ရ‌အောင် ကာကွယ်ပေးလိမ့်မယ်.... ဒါကြောင့် အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိပါသေးတယ်... နောင်တော်ယွင်က သေဖို့ စိတ်ကို ပြင်ဆင်ပြီးသားမလား ... ဘာလို့ကြောက်နေသေးတာလဲ”

ယွင်ကျန်းလီ၏မူလဝိညာဉ်သည် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏အတွင်းရှိ ယဇ်ပလ္လင်ဆီသို့ စိုက်ကြည့်နေ၏။ ချင်မူ၏အသိစိတ်အလျဉ်ကား အထုအထည် ရှိနေသည်။ ထိုကဲ့သို့ သန်မာအားကောင်းသော အသိစိတ်အလျဉ်မျိုးအား သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။

“ငါ့ရဲ့ သွေးကျိန်စာကြောင့် နတ်ဘုရားဖြစ်တဲ့အထိ ငါ အသက်မရှင်နိုင်ဘူး.. ဒါကြောင့် သေရမှာ မကြောက်ခဲ့ဘူး... ဒါပေမယ့် သေမင်းနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့တဲ့အခါမှာတော့ ငါ ကြောက်မိနေသေးတယ်” သူက ရယ်လိုက်လေသည်။

အပြင်တွင် မီးငှက်ကြီးတစ်ကောင်က လျှပ်စီးလို အမြန်နှုန်းဖြင့် အမှောင်ထုကို ဖြတ်သန်းလာသဖြင့် မီးတောက်မီးလျှံများ တဟုန်းဟုန်း ထတောက်လာကာ ကြောက်မက်ဖွယ်ရာအားလှိုင်းကြီးတစ်လှိုင်း ဖြစ်ပေါ်လာ၏။

ရှုခင်းသာဆောင်၏အပေါ်တွင် နဂါးစာကလေးအသွင် ပြောင်းထားသည့် ယန်အာသည် အားပေးကြွေးကြော်ရင်း ခုန်ပေါက်နေသဖြင့် ပြုတ်ကျလဲလဲ ဖြစ်သွား၏။

အဆင့်မြင့်သိုင်းပညာရှင်များ ဝင်ရောက်လာသည်နှင့်အမျှ အခြေအနေမှာ ဖရိုဖရဲဖြစ်လာသည်။

အမှောင်ထုထဲတွင် မင်တုကောင်းကင်မုခ်ဝတစ်ခုသည် နဂါးသွဲ့ပင်လယ်ထဲမှ ထွက်ပေါ်လာ၏။ သေခြင်းရှင်ခြင်းစာအုပ်တစ်အုပ်က အလင်းရောင်များ ဖြန့်ကျက်လျက် ကောင်းကင်မုခ်ဝထဲမှ ထွက်လာသည်။

သေခြင်းရှင်ခြင်းစာအုပ် ‌ပေါ်လာသည့်အချိန်မှာပဲ နဂါးခေါင်းကြီးတစ်ခေါင်းက ကျွန်း၏အနောက်မှ ထွက်လာ၏။ ၎င်း၏ လည်ပင်းအရှည်ကြီးသည် ကျွန်းအပေါ်မှ ဖြတ်ကျော်သွားပြီး ခေါင်းကြီးဖြင့် မန့်လန်အဆောင်၏အရှေ့သို့ ရွေ့လျားသွားကာ သေခြင်းရှင်ခြင်းစာအုပ်၏ အလင်းရောင်ဆီမှ ကာပေးလိုက်သည်။

ဧရာမနဂါးကြီး အသက်ရှူလိုက်သည့်အခါ မိုင်တစ်သောင်းပတ်ပတ်လည်၌ မိုးကြိုးလျှပ်စီးများ ထစ်ချုန်းဖွဲ့တည်လာပြီး မင်တုကောင်းကင်မုခ်ဝဆီ ဝင်တိုက်သွားသည်။

ရုတ်တရက် သစ်ပင်အိုကြီးတစ်ပင်က ကောင်းကင်ထက်မှ ဆင်းသက်လာပြီး နဂါးခေါင်းကြီးအား နဂါးသွဲ့ပင်လယ်ထဲသို့ ဖိချလိုက်သည်။ နဂါးကြီးက ကျွန်းပေါ်ရှိ လူများကို မထိစေရန် ခန္ဓာကိုယ်ကို လူးလွန့်လျက် သစ်ပင်ကြီးကို ရစ်ပတ်လိုက်သည်။ သစ်ပင်ကြီး၏အမြစ်များကလည်း နဂါးကြီး၏ခန္ဓာကိုယ်အပေါ် တွယ်တက်လာပြီး ပင်လယ်တိမ်တိုက်များအကြား၌ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြ၏။

ယွင်ကျန်းလီ၊ ချီကျုံလီနှင့် ကျန်ရှိသူများမှာ ရှုပ်သပ်ရှုမော အံ့ဩနေကြသော်လည်း ကြောက်လန့်နေကြသေးသည်။ မန့်လန်အဆောင်၏ ကျွန်းမှာ အလွန်အန္တရာယ်များနေချေပြီ။ အချိန်မရွေး စိစိညက်ညက်ကြေကာ ပြာကျသွားနိုင်သည်။

သို့တိုင်အောင် တရားခံက အသန်မာဆုံး ဖြစ်တည်မှုများမဟုတ်သေးပေ။ ကောင်းကင်နတ်ဘုံ၏ အသန်မာဆုံး ဖြစ်တည်မှုများက လက်ရှိကောင်းကင်နတ်အရှင်ဆယ်ဦး ဖြစ်သည်။

ထိုဆယ်ဦးသည် အစကတည်းက အသန်မာ၊ အားအကောင်းဆုံးများ ဖြစ်ခဲ့ကြ၏။

ချင်မူ၏ မျက်ခုံးနှစ်ဖက်အကြားရှိ ဆဋ္ဌဂံသဏ္ဍာန် သူငယ်အိမ်သည် မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို အသုံးချရင်း တောက်ပသထက် တောက်ပလာ၏။ ယွင်ကျန်းလီ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲ၌ သူ ခင်းကျင်းထားသော ရွှေရောင်ယဇ်ပလ္လင်မှာ ချက်ချင်းဆိုသလို အသက်ဝင်လာတော့သည်။

ဤယဇ်ပလ္လင်သည် ယွင်ကျန်းလီ၏ သွေးထဲရှိ ကျိန်စာကို တစ်လွှာချင်း၊ တစ်လွှာချင်း ခွာနေ၏။

ဤအခိုက်အတန့်တွင် ကောင်းကင်က တသိမ့်သိမ့် တုန်ခါသွားသည်။ တာအိုသံများ ပျံ့လွင့်လာပြီး တခဏကြာသော် နဂါးသွဲ့ပင်လယ်ထဲ၌ အချင်းချင်း တိုက်ခိုက်နေကြသော ဖြစ်တည်မှုများအပေါ် ဖိနှိပ်လိုက်သည်။

ဤစွမ်းအားက ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှသဖြင့် ခုခံရန် စိတ်ကူးကြည့်၍ပင် မရပေ။

ကျွန်းပေါ်ရှိ လူသားများသာ ကျောက်ရုပ်သဖွယ် တိတ်ဆိတ်သွားကြခြင်းမဟုတ်၊ တိုက်ခိုက်နေသော ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုများလည်း ငြိမ်သက်သွားကြသည်။

မျက်စိတစ်မှိတ်အတွင်း နဂါးသွဲ့ပင်လယ်သည် တိတ်ဆိတ်အေးချမ်းသွား၏။ သရုပ်မှန်ကို ဖုံးကွယ်ထားသော ဖြစ်တည်မှုများက တိမ်မည်းတိမ်စိုင်များအကြား ငုပ်လျှိုးပျောက်ကွယ်သွားကြပြီး နေနှင့်လက ပင်လယ်ထဲမှ ထွက်လာကာ တိမ်တိုက်များအနောက်၌ နေရာယူလိုက်သည်။

ကြယ်တာရာများလည်း တစ်စင်းပြီးတစ်စင်း ပျံတက်လာပြီး ပျောက်ကွယ်သွားကြ၏။

ရွှေရောင်စာရင်းစာရွက်လည်း ဆုတ်ခွာသွားသဖြင့် ရွှေရောင်အလင်းတန်းများ ကြဲပါးသွားသည်။ ရွှေရောင်အပ်လည်း ပျောက်ကွယ်သွား၏။ နဂါးကြီးက ပင်လယ်ထဲ ငုပ်လျှိုးသွားပြီး လိပ်နက်က ထွက်ပြေးသွားသည်။ တိတ်ဆိတ်နေသော နဂါးသွဲ့ပင်လယ်သာ ကျန်ခဲ့လေသည်။ စောစောက ကမ္ဘာပျက်သုဉ်းတိုက်ပွဲကြီးက မဖြစ်ခဲ့သည့်အလားပင် ထင်ရသည်။

ကောင်းကင်မှာ တိမ်မည်းတိမ်စိုင်များကြောင့် မှိုင်းညို့အုံ့ဆိုင်းနေသဖြင့် နေရောင်မမြင်ရပေ။ အမှောင်ထုသည် နဂါးသွဲ့ပင်လယ်ကို ကြီးစိုးနေစဉ် မန့်လန်အဆောင်တစ်ခုတည်းသာ တောက်ပနေ၏။

ဤအခိုက်အတန့်တွင် လူရိပ်တစ်ခုက ပင်လယ်ပြင်ထက်၌ လမ်းလျှောက်ရင်း ချဉ်းကပ်လာသည်။ သူ့ဆီမှ ဧကရာဇ်ပလ္လင်အဆင့်ထက် မြင့်မားသော အရှိန်အဝါထွက်လာနေသည်။

သူ့တွင် မည်သူ့ကိုမဆို ဖိနှိပ်နိုင်သော အင်အားနှင့် အာဏာ ရှိသည်။

သူ သတ်ချင်လျှင် ကောင်းကင်နတ်ဘုံရှိ မည်သူမှ သူ့ကို မတားနိုင်ပေ။

ထို့အပြင် ယခုတွင် သူသည် လူတစ်ယောက်ကို သတ်ရန် ရောက်လာခဲ့ချေပြီ။

သူက မည်သူမှ သူ့ကို မသိအောင် သူ၏သရုပ်မှန်အား ဖုံးကွယ်ထား၏။

သူ သတ်ချင်သောလူက နတ်ဘုရားဖြစ်ရန် နည်းလမ်းကို ဖြန့်ဝေပေးခဲ့သော ကောင်းကင်နတ်အရှင်မူပင် ဖြစ်သည်။ ပေါ်ပေါ်ထင်ထင် လုပ်ကြံသတ်ဖြတ်လိုက်လျှင် သူ့ကို ထိုးချပြီး ဖယ်ရှားပစ်မည့် လူများ ရှိလာမည်စိုးသဖြင့် သဲလွန်စများ သူ မချန်ခဲ့ချင်ပေ။

ယခု သူ့လမ်းတွင် ပိတ်နေသူတစ်ယောက်မှ မရှိတော့။

ထို့အပြင် မန့်လန်အဆောင်နှင့်လည်း အလွန်နီးကပ်နေသည်။

ယွင်ကျန်းလီက အလျင်အမြန် ခေါင်းလှည့်လာပြီး အက်ကွဲကွဲ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ”

ချင်မူက သွေးကျိန်စာကို ဖြေရာတွင်သာ အာရုံအပြည့်အဝ စိုက်ထားသည်။ “စိတ်အေးအေးထား.... စောစောက တိုက်ပွဲက အစပဲ ရှိသေးတယ်.... တကယ့်ပွဲက အခုမှ စတာ”

ချီကျုံရီမှာ ကူကယ်ရာမဲ့လာသဖြင့် နဖူးမှ ချွေးပြန်လာသည်။ ယန်အာမှာလည်း ရှုခင်းသာဆောင်ထဲ ပြန်ဝင်လာပြီး အမွှေးအတောင်များ တုန်ရီနေသည်။ သူမက မီးအိမ်တစ်လုံးကို မည်သည့်နေရာကမှန်း မသိ ထုတ်ပြီး တုန်ရီစွာ ကိုင်ထား၏။

မီးအိမ်ကို ကောင်းကင်နတ်အရှင်ယွဲ့မှ သူမထံ ပေးခဲ့ခြင်း ဖြစ်၍ ဤမီးအိမ်ထဲ၌ ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းများ ကိန်းဝပ်နေသည်။ သူတို့ကို ကာကွယ်နိုင်မည်လား ဆိုသည်ကိုတော့ ယန်အာ မသေချာပေ။

နဂါးချီလင်သာ အဆောင်၏အပြင်၌ လှဲလျက် အိပ်မောကျနေသည်။

ဤအခိုက်အတန့်တွင် ပင်လယ်အောက်မှ အလင်းရောင် တောက်ပလာသည်။

ထိုလူက လမ်းလျှောက်နေသည်ကို ရုတ်တရက် ရပ်လိုက်ပြီး ပင်လယ်ထဲသို့ ငုံ့ကြည့်၏။

ပင်လယ်အောက်တွင် စက္ကူလှေတစ်စင်းက အရိပ်တစ်ခုသဖွယ် သူ လမ်းလျှောက်ရာအတိုင်း လိုက်နေသည်။ သင်္ဘောအပေါ်၌ မီးအိမ်တစ်လုံး ကိုင်ထားသော အဘိုးအိုတစ်ယောက် ရှိနေသည်။

သူ ရပ်လိုက်သည့်အခါ လှေကလည်း ရပ်သွားသည်။

မန်လန့်အဆောင်ထဲတွင် ချင်မူက ရယ်လေသည်။ “မပြည့်စုံသေးတဲ့ ကောင်းကင်နတ်ဘုံအဆင့်နဲ့ သိုင်းပညာရှင်တွေ သိုင်းကွက်ချင်းဖလှယ်တာ မြင်ဖူးကြလား”

“မမြင်ဖူးဘူး”

ချီကျုံရီက လှမ်းပြောသည်။ “ငါတို့တော့ မြင်ဖူးလည်း သေမှာပဲ... အခြေအနေတွေက ငါတို့ထိန်းချုပ်နိုင်တာထက် လွန်သွားပြီ”

သူ့နဖူးတွင် ချွေးစေးများ ရွှဲနေပြီး သူ့နှလုံးသားမှာလည်း ဆောက်တည်ရာမဲ့နေတော့သည်။

မရဏတမန်တော်နှင့် ယိုတု၏ တျန်းချိကျွင်းဆိုသည်မှာ သေခြင်းရှင်ခြင်းကောင်းကင်ရတနာ တည်ထောင်ခဲ့သော နဂါးဟန်ခေတ်၏ ကောင်းကင်နတ်အရှင်ကိုးပါးထဲမှ တစ်ပါး၊ ကောင်းကင်နတ်အရှင်ရုံသာ ဖြစ်၏။

တစ်ဖက်လူကို မသိရသော်လည်း ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်နိုင်ချေများသည်။

ကောင်းကင်နတ်အရှင်နှစ်ယောက် တိုက်ခိုက်လျှင် မည်မျှကြောက်စရာကောင်းသော လှိုင်းဂယက်များ ထွက်ပေါ်လာမည်နည်း။

ဤရှုခင်းသာအဆောင်၊ မန့်လန်အဆောင် သို့မဟုတ် နဂါးသွဲ့ကျွန်း မဆိုထားနှင့် နဂါးသွဲ့ပင်လယ်တစ်စင်းလုံးပင် ကျန်ခဲ့ပါ့မည်လား မသိနိုင်ပေ။ ကောင်းကင်နတ်ဘုံတစ်ဘုံစလုံးလည်း အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားလောက်သည်လား မည်သူသိနိုင်မည်နည်း။

ထိုလူသည် မလှုပ်ရှားဘဲ ငြိမ်သက်နေသော ပင်လယ်ပြင်ကိုသာ ငုံ့ကြည့်နေ၏။ ၎င်းအောက်တွင် စက္ကူလှေသည် အခြားကမ္ဘာတစ်ခုအထဲ၌ တိတ်ဆိတ်စွာ မျောလွင့်နေ၏။ ပင်လယ်ပြင်က ထိုကမ္ဘာထဲ၌ ရှိနေပြီး ဤနေရာက ပင်လယ်ကြမ်းပြင် ဖြစ်နေသည့်အလားပင် ထင်ရသည်

စက္ကူလှေ၏အပေါ်တွင် ကောင်းကင်နတ်အရှင်ရုံသည် တိတ်ဆိတ်နေပြီး မလှုပ်ရှားပေ။

နှစ်ယောက်စလုံးသည် ဟန်ချက်ပျက်သွားမည်ကို မလိုလားသလို၊ နဂါးသွဲ့ပင်လယ်ကိုသော်လည်းကောင်း၊ ကောင်းကင်နတ်ဘုံကိုလည်းကောင်း မဖျက်စီးချင်ကြပေ။

ဤအခိုက်အတန့်တွင် ချင်မူသည် ယွင်ကျန်းလီ၏ ခန္ဓာကိုယ်ထဲရှိ သွေးကျိန်စာကို ဖယ်ရှားပြီးသွား၏။ ထိုကျိန်စာက သွေးရောင်အသိစိတ်အလျဉ်တစ်မျိုး ဖြစ်၍ ချင်မူက ၎င်းကို ယွင်ကျန်းလီ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအတွင်းရှိ ယဇ်ပလ္လင်အထက်တွင် အတင်းအကြပ် ချုပ်ထားလိုက်သည်။

ချင်မူ စိတ်အေးသွားသည်။ ရုတ်တရက် သွေးရောင်အသိစိတ်အလျဉ်က ဝိုးတိုးဝါးတား အရိပ်အသွင် ဖွဲ့တည်လာပြီး ထူးဆန်းစွာ ရယ်၏။ “ဟီးဟီး ဘယ်ဖန်ဆင်းရှင်က ငါ့ရဲ့သွေးကျိန်စာကို ဖယ်ရှားလိုက်တာလဲ...‌ ကောင်းကင်နတ်ဘုံမှာ ဖန်ဆင်းရှင်နောက်တစ်ယောက် ရှိနေမယ် မထင်ထားဘူး”

ချင်မူ၏အသိစိတ်အလျဉ်က တုံ့ပြန်လိုက်သည်။ “ကျွန်တော်ပါ”

“အာ ကောင်းကင်နတ်အရှင်မူပါလား”

ထိုအရိပ်မှာ အံ့အားသင့်သွား၏။ "မင်းက ငါ့မျိုးနွယ်ရဲ့ အစီအရင်တွေကို တကယ် နားလည်တယ်ပေါ့... ကောင်းကင်နတ်အရှင် ပီသပါပေတယ်... ဒါပေမဲ့ မင်းက မင်းကိုယ်မင်းတောင် မကာကွယ်နိုင်ဘဲ ငါ့အစီအစဉ်တွေကို ဖျက်စီးပစ်တယ်... ကောင်းကင်နဲ့မြေကြီးရဲ့ အတိုင်းအတာကို မင်း မသိသေးဘူးပဲ.... မင်း ဒီမှာ အေးအေးဆေးဆေး နေလို့ရတာ ငါ့ကို ရန်လာစနေတယ်”

ရုတ်တရက် နဂါးသွဲ့ပင်လယ်ထက်ရှိ ကောင်းကင်သည် ပြင်းပြင်းထန်ထန် တုန်ခါလာရာ ကောင်းကင်နတ်အရှင်နောက်တစ်ယောက် ရောက်လာသည့် အရိပ်အယောင်များ ပြသလာ၏။

မထင်မှတ်ထားသော ဧည့်သည်ကြောင့် ပင်လယ်ထက်ရှိ လူနှင့် ကောင်းကင်နတ်အရှင်ရုံအကြားရှိ ဟန်ချက်ကား ကျိုးပျက်သွားတော့သည်။

All Chapters