← Chapters

တိတ်ဆိတ်အေးချမ်းသွားခြင်း

Vol. 71 Ch. 925

တိတ်ဆိတ်အေးချမ်းသွားခြင်း

Vol. 71 Ch. 925

ကောင်းကင်နတ်အရှင်ယွဲ့မှာ ခြေထောက်နှစ်ချောင်းလုံးမှာ ဒုက္ခိတဖြစ်နေသော်လည်း ဝါအရင့်ဆုံး ကောင်းကင်နတ်အရှင်တစ်ယောက် ဖြစ်နေသေး၏။ နှစ်ပေါင်းများစွာ တံခါးပိတ်နေထိုင်နေခဲ့သော်လည်း အထင်သေး၍ ရသည့် လူစားမျိုး မဟုတ်ပေ။

နဂါးသွဲ့ရေကန်၏ ပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်သည် ဤကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုများကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်လုနီးပါး ဖြစ်နေကြ၏။

မန့်လန်အဆောင် တည်ရှိသည့် ကျွန်းသာလျှင် ဘေးကင်းလုံခြုံသေးသည်ဟု ဆိုရနိုင်သည်။

ကျွန်း‌ဆီမှ ကြည့်လိုက်လျှင် နေရာဟင်းလင်းပြင်မှာ မှန်ကွဲစများသဖွယ် ကြေမွနေသဖြင့် ကမူးရှုးထိုး‌ လည်ပတ်နေသော ကြောက်မက်ဖွယ်ရာ နေရာဟင်းလင်းပြင်မုန်တိုင်းပမာ ဖွဲ့တည်နေသည်။

ဤကြောက်မက်ဖွယ်ရာဖြစ်တည်မှုများက ကြေမွအက်ကွဲနေသော နေရာဟင်းလင်းပြင်အထဲတွင် မတုန်မလှုပ် ရပ်နေကြလေသည်။ မြင်ကွင်းက ကြောက်မက်ဖွယ်ရာကောင်းလွန်းသဖြင့် ချင်မူနှင့်ကျန်ရှိသူများမှာ ကျန်တစ်လောကလုံး သုတ်သင်ဖယ်ရှားခံလိုက်ရပြီး သူတို့၏ကျွန်းတစ်ကျွန်းသာ ကျန်တော့သည့်အလား ခံစားနေကြရသည်။

“ကောင်းကင်နတ်အရှင်တွေအကြား တိုက်ပွဲဖြစ်လာရင် သေချာပေါက် ကောင်းကင်နတ်ဘုံ ပျက်စီးသွားလိမ့်မယ်”

ချင်မူက တခူးခူး အိပ်ပျော်နေသော နဂါးချီလင်ကို ဆောင့်ကန်ကာ ပြောလိုက်သည်။ “ကံဆိုးစွာနဲ့ အဲ့ဒီတိုက်ပွဲတွေက ဖြစ်လာမှာမဟုတ်ဘူး”

နဂါးချီလင်က အိပ်နေရာမှ နိုးလာပြီး ဟိုကြည့်သည်ကြည့် ကြည့်ကာ သူ့ကို မေးလေသည်။ “တိုက်ပွဲမပြီးသေးဘူးလား ဂိုဏ်းသခင်”

ချင်မူ ခေါင်းညိတ်လိုက်သည့်အခါ နဂါးချီလင်က မြေပေါ်တွင် လှဲ၍ ပြန်အိပ်သွားသည်။

ယွင်ကျန်းလီက ရယ်သည်။ “ဒီကောင်ကြီးကတော့ ဒီလိုအချိန်မှာ အိပ်ပျော်နိုင်သေးတာ တော်တော်ကို ချီးကျူးရမယ်”

နဂါးချီလင်က မှေးစင်းနေသော မျက်လုံးများကို ဖွင့်၍ ဗလုံးဗထွေး ပြော၏။ “မိုးပြိုသွားရင်တောင် ဂိုဏ်းသခင်က ထမ်းရွက်နိုင်သေးတယ်.... သူတောင် သေသွားရင် ကျွန်တော်လည်း သေမှာပဲလေ.... အဲ့တော့ မအိပ်ဘဲ နေတော့ရော ဘာထူးမှာမလို့လဲ”

ပတ်၀န်းကျင်ရှိ လူများအားလုံး တဟားဟား ရယ်လိုက်ကြသည်။ သို့သော် နဂါးချီလင်၏စကားများက သေသေချာချာ စဉ်းစားကြည့်လျှင် ယုတ္တိရှိ၏။

လက်ရှိအခြေအနေအား သူတို့ မထိန်းချုပ်နိုင်ပေ။ ကောင်းကင်နတ်ဘုံကို ပြိုကွဲသွားစေသည့် တရားခံ ချင်မူ့ကို သတ်ဖြတ်နိုင်လျှင်တောင်မှ အခြေအနေက ပြောင်းလဲသွားမည်မဟုတ်ပေ။

သူတို့ မည်မျှဂရုစိုက်စေကာမူ ဦးတည်နေသည့်အခြေအနေအား ပြောင်းလဲနိုင်မည်မဟုတ်သဖြင့် စိုးရိမ်နေလည်း အလကားသာဖြစ်သည်။

နဂါးချီလင် ယခုလို သေရေးရှင်ရေးအခြေအနေတွင် အိပ်နိုင်ခြင်းက အမှန်တကယ် အထင်ကြီးစရာကောင်း၏။

“ကောင်းကင်နတ်အရှင်အဆင့် သိုင်းပညာရှင်ဆယ်ယောက်စလုံး ရောက်လာခဲ့ပြီ.... ခြောက်ယောက်က ကောင်းကင်နတ်ဘုံရဲ့ဘက်ကပဲ”

ယွင်ကျန်းလီက အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်သည်။ “ဆိုလိုတာက ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်လေးယောက် ကျန်နေသေးတော့.... သူတို့ အသာစီးရနေတုန်းပဲ.... ကောင်းကင်နတ်အရှင်မူ၊ အခြေအနေက ကျွန်တော်တို့ဘက် မသာသေးဘူး.... ကောင်းကင်နတ်အရှင် တစ်ယောက်နှစ်ယောက်လောက် ပြန်ပေါ်လာရင် ကောင်းကင်နတ်အရှင်မှာ တပ်ကူရှိသေးလား... ကောင်းကင်နတ်အရှင်ချင် ပေါ်လာမှာလား”

ချင်မူက ပြောလိုက်သည်။ “ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ကျေးရွာကို စောင့်ရှောက်နေတုန်းပဲ.... သူက အတိတ်တုန်းက မပေါ်လာသလို အခုလည်း ပေါ်လာမှာမဟုတ်ဘူး... ဒါ့အပြင် ကျန်တဲ့ကောင်းကင်နတ်အရှင်တစ်ယောက်မှ ကျွန်တော့်ကို မကူညီဘူးလို့ ဘယ်သူပြောလဲ”

အနား၌ ရပ်နေသော ယွင်ချွီးရှို့မှာ အနည်းငယ် မှင်သက်သွားပြီး သူ့ဆီသို့ ကြည့်၍ အတွေးနက်သွားပုံရသည်။

ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ယောက်ဖြစ်သည့် ဝူ၊ ဟွေ့၊ ရှောင်၊ ဇူ၊ လန်၊ ချန်း၊ ယန်၊ ဟုန်၊ ရှု နှင့် ကုန်းတို့တွင် ရှေးဟောင်းနတ်ဘုရင်သာလျှင် သူ၏သရုပ်မှန်ကို ဖော်ပြခဲ့၏။ ကျန်ရှိသူများက ကောင်းကင်နတ်အရှင်မူကို သတ်ဖြတ်ပြီးနောက် အတိုက်အခံပါတီများ၏ ရန်သူဖြစ်လာမည်စိုးသဖြင့် သရုပ်မှန်ကို မဖော်ပြခဲ့ပေ။

ထို့အပြင် ကောင်းကင်နတ်ဧကရီကလည်း ချင်မူ၏ဘက်၌ ရပ်တည်ခဲ့ရ၏။ ကောင်းကင်နတ်ဧကရီသည် အရှင်မယွမ်မူ၏အလောင်းက ချင်မူ၏လက်ထဲတွင် ရှိနေပြီး သူမညီမတော် အသက်ပြန်ရှင်လာမည်စိုးသဖြင့် ချင်မူ့ကို ကူညီခဲ့ရ၏။

ချင်မူက အခြားတစ်ယောက် သူ့ကို ကူညီလိမ့်မည်ဟု ယုံကြည်ချက်ရှိရှိ ပြောခဲ့သေးလေသည်။ ကောင်းကင်နတ်အရှင်ဆယ်ယောက်အနက် မည်သူဖြစ်နိုင်မည်နည်း။

ကောင်းကင်နတ်အရှင်ဆယ်‌ယောက်က ဘယ်သောအခါကမှ စည်းလုံးညီညွတ်ခြင်းမရှိခဲ့ပေ။

အတိတ်တုန်းက အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ပြဿနာရှာပြီး အငြင်းပွားခဲ့ကြ၏။ မကြာသေးမီက ကောင်းကင်နတ်အရှင်ဟောင်က အစွမ်းထက်ဆုံး နတ်လက်နက်ဖြင့် အောက်ဘုံသို့ ဆင်းသက်သွားခဲ့သော်လည်း ကောင်းကင်နတ်ဘုံသို့ ပြန်ဆုတ်ခွာခဲ့ရသည်။ ထိုအဖြစ်အပျက်က အခြားလူ၏ လက်ထဲသို့ ကမ္ဘာဦးဘုံ ကျရောက်သွားမည်ကို ကာကွယ်ရန် ဖြစ်သည်လော။

ကောင်းကင်နတ်အရှင်နောက်တစ်ယောက် ချဉ်းကပ်လာသည်။ မန့်လန်အဆောင် တည်ရှိသော ကျွန်းမှာ ဒဏ်မခံနိုင်တော့၍ ကျွန်း၏ အနားသတ်များ ပဲ့ကျလာ၏။ ကျွန်းပေါ်ရှိ ကျောက်တုံးကျောက်ခဲများ မှုန့်မှုန့်ညက်ညက် ကြေကုန်ကြသည်။

ကျွန်းပေါ်ရှိ နန်းတွင်းသူများမှာ ကောင်းကင်နတ်အရှင်များ၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကြောင့် သေသွားရမည်စိုးသဖြင့် မန့်လန်အဆောင်ဆီသို့ အပြေးရောက်လာကြသည်။

ချင်မူ ရှိနေသော မန့်လန်အဆောင်သည် ပင်လယ်ထဲ၌ ဖြစ်သော်လည်း ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ‌ကောင်းကင်နတ်ဧကရီနှင့် အခြားသူများမှ တိတ်တဆိတ် ကာကွယ်ပေးထားသောကြောင့် အနည်းဆုံး တစ်နာရီခွဲလောက်အချိန်အတွင်း သက်ရောက်ခံရမည်မဟုတ်ပေ။

သို့သော် ဤကောင်းကင်နတ်အရှင်တစ်ယောက်၏ ‌‌ရောက်ရှိလာမှုက ဟန်ချက်ပျက်သွားစေသည်။ ကျွန်းမှာ ဆက်လက်တောင့်မခံနိုင်တော့ဘဲ မကြာခင် သူတို့နှင့်အတူ ရေအောက် နစ်မြုပ်သွားပေတော့မည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်နောက်တစ်ယောက် နဂါးသွဲ့ပင်လယ်သို့ ရောက်လာ၏။

သူ၏ရောက်ရှိလာမှုက အခြေအနေကို ပြန်လည်မျှတသွားစေပြီး ကျွန်းမပြိုကွဲအောင် ဟန့်တားလိုက်လေသည်။

“ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှာ ဘယ်သူက ကောင်းကင်နတ်ဘုံကို ဆန့်ကျင်ပြီး ရပ်တည်ရဲတာလဲ”

အလင်းရောင်များ လွှမ်းခြုံနေသည့် ကောင်းကင်နတ်အရှင်တစ်ပါးက ရယ်လျက် ပြောသည်။ “ငါတို့ တစ်ယောက်ကိုတစ်ယောက် တာအိုမိတ်ဆွေတွေလို့ ခေါ်ခဲ့တာ နှမြောစရာပဲ... ဒီကလူတချို့က တချို့အရာတွေကို သူများတွေ မသိအောင် ဖုံးကွယ်ထားကြတယ်... ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းတို့က လူနည်းစုတွေပါပဲ”

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်တစ်ယောက် ရောက်လာ၍ ဟန်ချက်ပျက်သွားပြန်ကာ ကျွန်းမှာ ပြိုကျတော့မည့်အရိပ်အယောင်များ ပြသလာတော့သည်။

သို့သော် ဤကောင်းကင်နတ်အရှင် ရပ်လိုက်သည့်အချိန်တွင် ကောင်းကင်နတ်အရှင်တစ်ယောက်က ထပ်မံချဉ်းကပ်လာ၍ အခြေအနေကို ပြန်လည်ညီမျှသွားစေ၏။ ကျွန်း၏ ပြိုကျနေမှုလည်း ရပ်တန့်သွားသည်။

ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ယောက်စလုံး တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြ၏။

ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နတ်အရှင်ရုံနှင့် ကောင်းကင်နတ်အရှင်ယွဲ့ကို ထည့်ပေါင်းလိုက်လျှင် လက်ရှိတွင် အလွန်တရာ အစွမ်းထက်သော သိုင်းပညာရှင်‌ ၁၄ ယောက် ရှိနေပြီဖြစ်သည်။

ယွင်ကျန်းလီမှာ အလွန်ကျေးဇူးတင်စွာဖြင့် ပြောသည်။ “ဒီလိုမြင်ကွင်းမျိုး မြင်ရတာ ရှားမှ ရှားအခွင့်အရေးပဲ... ဒါမျိုး တစ်ခါမှ မဖြစ်ပွားခဲ့ဖူးဘူး.. ကောင်းကင်နတ်အရှင်အဆင့် ၁၄ ယောက်တဲ့... သူတို့သာ တိုက်ခိုက်ရင် မြင်ကွင်းက အင်မတန်မှ ခမ်းနားကြီးကျယ်လိမ့်မှာပဲ”

“လီးကို ခမ်းနားမှာလား”

ချီကျုံရီသည် အမျက်တစ်ချောင်းချောင်း ထွက်နေသဖြင့် သူ စကားပြောသည့်အခါ တံတွေးများ လာစင်လေသည်။ “သူတို့ မတိုက်ခိုက်အောင် သွားတောင်းပန်ရမယ့် အချိန်ကွ... သူတို့ တိုက်ခိုက်တာနဲ့ ငါတို့ သေချာပေါက် သေရလိမ့်မယ်.. ဒုတိယအစ်ကို၊ မင်းလဲ လီးပဲ... ဒီလိုအခြေအနေမှာတောင် အိပ်နေနိုင်သေးတယ်... မင်းတို့ မေးရမှာ ဒီပြဿနာကို ဘယ်လိုရှင်းမလဲ ဆိုတာပဲ”

ချင်မူက ရုတ်တရက် ပြောသည်။ “အေး ကောင်းကင်နတ်ဘုံတစ်ဘုံးလုံးကို အုပ်ချုပ်တဲ့ ကောင်းကင်နတ်ဧကရာဇ်ပဲ ဒီပြဿနာကို တားနိုင်တယ်... ကောင်းကင်နတ်ဧကရာဇ်ဆီက တော်ဝင်အမိန့် မကြာခင် ဒီကို ရောက်လာလောက်တယ်”

လူအုပ်ကြီးမှာ တုန်လှုပ်သွားကြသည်။ ကောင်းကင်နတ်ဧကရာဇ်သည် ကောင်းကင်နတ်ဘုံ၏ အရှင်သခင်မဟုတ်ပါလော။ ရှေးဟောင်းနတ်ဘုရားများဖြစ်စေ၊ ကောင်းကင်နတ်အရှင်များဖြစ်စေ၊ အားလုံး သူ၏လက်အောက်ငယ်သားများ ဖြစ်လေသည်။

ကောင်းကင်နတ်ဧကရာဇ်သည် နိုင်ငံရေး၌ ဝင်မပါတော့ဘဲ ကောင်းကင်နတ်အရှင် ဆယ်ဦးကိုသာ နန်းတွင်းရေးရာတို့အား စီမံဦးစီးစေခဲ့၏။ ထို့အပြင် မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းနှင့် ကျန်ရှိသူများက ကောင်းကင်နတ်ဧကရာဇ်၏ အမိန့်များကို ရံဖန်ရံခါမှ နားထောင်တတ်၏။ မည်သို့ဆိုစေ သူကား ကောင်းကင်နတ်ဘုံ၌ နာမည်ရှိနေဆဲ ဖြစ်၍ အားလုံး၏ ဘုံအရှင်သခင် ဖြစ်နေသေးသည်။

သူသာ ပေါ်လာလျှင် ဤတိုက်ပွဲကို တားနိုင်မည်။

သို့သော် ကောင်းကင်နတ်ဘုံ၏ အမည်ခံဘုရင်၊ ဘုံအရှင်သခင်၊ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သည် နဂါးဟန်ခေတ်အတွင်း၌ သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ချင်မူနှင့် ကောင်းကင်နတ်ဧကရီတို့ သိထားကြ၏။ ကောင်းကင်နတ်ဘုံက သူ့အား အမည်ခံဘုရင်အဖြစ် ဆက်လက်ထားရှိခြင်းမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးအကြားက အကျိုးစီးပွားအတွက် ဖြစ်ပေသည်။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် မရှိလျှင် သူတို့အကြားက မည်သူသည် သူ့နေရာကို ယူသင့်သည်နည်း။

သူတို့အနေဖြင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အမည်နာမကို အသုံးချပြီး ရှေးဟောင်းနတ်ဘုရားတို့အား အာဏာကျဆင်းအောင် လုပ်ကာ၊ သူတို့၏အာဏာစက်ကို တိုးချဲ့ခဲ့သည်။ ကောင်းကင်နတ်အရှင်တစ်ယောက်၏ အာဏာနှင့် အင်အားက ကျန်ကောင်းကင်နတ်အရှင်ကိုးယောက်ထက် သာလွန်သွားမှသာ ထိုသူသည် ရှေးဟောင်း‌ ကောင်းကင်နတ်ဧကရာဇ်ကို ချေမှုန်း၍ ထီးနန်းတက်နိုင်လိမ့်မည်။

ထိုသို့မလုပ်နိုင်လျှင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် သေဆုံးခဲ့သည့် အကြောင်းကို ဖော်ထုတ်ကြမည်မဟုတ်ဘဲ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကိုသာ သူတို့၏ဘုံအရှင်သခင်အဖြစ် ဆက်လက်ထားရှိကြမည် ဖြစ်သည်။

ယွင်ကျန်းလီမှာမူ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် သေဆုံးခဲ့သည့်အကြောင်း ယွင်မိသားစုက ပြောပြမထားသဖြင့် သူလည်း မသိပေ။

ယွင်မိသားစုနှင့် ‌ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အကြား ကြီးကြီးမားမား ပတ်သက်မှုရှိနေသည့်အတွက် ယွင်မိသားစုသာ ထိုအချက်ကို ထုတ်ပြောလိုက်လျှင် တစ်မိသားစုလုံး သုတ်သင်ခံရလိမ့်မည်။ ကောင်းကင်နတ်ဘုံ၏ အင်အားကြီးမားသော မိသားစုတစ်စု ဖြစ်လာမည်မဟုတ်ပေ။

တစ်ခါတရံ အသက်ရှင်ရန်အတွက် မသိနေရန် လိုအပ်သေးသည်။ ယင်းက ကောင်းကင်နတ်ဘုံ၏ တရားဝင်မထုတ်ပြန်ထားသော စည်းကမ်းတစ်ချက် ဖြစ်လာခဲ့၏။

ရုတ်တရက် အသံတစ်သံက နဂါးသွဲ့ပင်လယ်အထက်ရှိ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကို ဖြိုခွင်းလိုက်သည်။ “တော်ဝင်အမိန့်တော် ရောက်လာပါပြီ... ကောင်းကင်နတ်အရှင်မူဟာ အောက်ဘုံကနေ အပေါ်အထိ တက်လာခဲ့ပြီး ပင်ပန်းခဲ့ရမှုတွေအတွက် ညည်းညူခဲ့ခြင်း မရှိခဲ့ဘူး.. ကောင်းကင်နတ်အရှင်မူကို ဆုလာဘ်ချီးမြှင့်ဖို့အတွက် အကောင်းစားအရက်တွေနဲ့ မိန်းမလှတွေ ချီးမြှင့်တော်မူမယ်”

ယွင်ချွီးရှို့က ချင်မူ့ဆီသို့ လှမ်းကြည့်၍ ချင်မူက ပြုံးပြလိုက်သည်။

ယွင်ချွီးရှို့က နှာခေါင်းရှုံ့သည်။

နဂါးသွဲ့ရေကန်ထက်ရှိ ကောင်းကင်နတ်အရှင်တစ်ယောက်ကလည်း နှာခေါင်းရှုံ့၍ အမှောင်ထုထဲ ပြန်လည်ဆုတ်ခွာသွားသည်။ မိုင်တစ်ထောင်ရှည်လျားသော မက်မွန်တောအုပ်လည်း အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် ပျောက်သွား၏။ မက်မွန်ပန်းလေးတစ်ပွင့်သာ ကောင်းကင်ထက်တွင် မျောလွင့်လျက် ကျန်ခဲ့ပြီးနောက် လည်ပတ်ရင်း ပျောက်ကွယ်သွားလေသည်။

ကျန်ကောင်းကင်နတ်အရှင်များလည်း အလားတူထွက်သွားကြ၏။ ကောင်းကင်နယ်စားမင်းက ကောင်းကင်ထက်သို့ ထိုးတက်သွားသည့် အလင်းတန်းတစ်တန်း ဖြစ်သွားပြီး ‌မြေအောက်ဘုံအရှင်သခင်ကတော့ အမှောင်ထုထဲသို့ ပြန်လည်ငုပ်လျှိုးသွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ရုံ၏ လှေကလေးသည် ယိုတုဆီ ပြန်သွား၏။ မကြာမီ နေရာမှာ ရှင်းလင်းလာပြီး နဂါးသွဲ့ပင်လယ်သာ ကျန်ခဲ့သည်။ လှိုင်းထနေသော နေရာဟင်းလင်းပြင်မှာလည်း မတည်ငြိမ်သေးပေ။

မရေမတွက်နိုင်သော ကောင်းကင်နတ်စစ်သည်တော်များနှင့် နတ်စစ်သူကြီးများက စီတန်းနေရာယူထားကြပြီး အရာရှိနတ်ဘုရားတစ်ပါးက ဟင်းလင်းပြင်ဝဲဂယက်ကို ခက်ခက်ခဲခဲ ဖွင့်ကာ ကျွန်းပေါ်သို့ ဆင်းသက်လာသည်။ သူက လက်တွင် တော်ဝင်အမိန့်စာကို ကိုင်ထာပြီး ကြေညာ၏။ “ကောင်းကင်နတ်အရှင်မူ အမိန့်တော်နာခံ”

သူ့အနောက်၌ ပြိုင်ဘက်ကင်းအောင် လှပသော နန်းတွင်းသူများ ရှိကြပြီး သူတို့၏လက်ထဲတွင် အဖိုးထိုက်ရတနာများ၊ ဝိုင်များနှင့် လက်ဆောင်များစွာ ကိုင်ထားသည်။

ချင်မူက ဦးညွှတ်အရိုအသေပေး၍ လျှောက်တင်သည်။ “ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်”

အရာရှိနတ်ဘုရားက ၎င်းးကို သူ့လက်ထဲသို့ ထည့်ပြီး အလျင်အမြန် ပြောသည်။ “ကျေးဇူးပြုပြီး ထပါ ကောင်းကင်နတ်အရှင်၊ ခင်ဗျားက ကောင်းကင်နတ်အရှင်တစ်ယောက်ဆိုတဲ့အတိုင်း ကောင်းကင်နတ်အရှင်တစ်ယောက်လို ပြုမူသင့်ပါတယ်… ဘယ်သူမှ ခင်ဗျားအရိုအသေပေးတာကို မခံယူဝံ့ပါဘူး.. အားလုံး ကောင်းကင်တန်အရှင်ရဲ့ နေအိမ်ကို သန့်ရှင်းပေးကြ”

မရေမတွက်နိုင်သော နတ်စစ်သည်တော်များနှင့် စစ်သူကြီးများသည် အဖိုးထိုက်ရတနာများ ထုတ်၍ ကြေမွအက်ကွဲနေသော နေရာဟင်းလင်ပြင်ကို ပြန်ဆက်ရင်း နဂါးသွဲ့ရေကန်အား ပြုပြင်နေကြ၏။ ကျန်ရှိသူများက ဖန်ဆင်းလက်နက်များ ထုတ်ကာ မြေများ၊ ကျွန်းများ ဖန်ဆင်း‌နေကြသည်။ အားလုံး အလုပ်များနေကြလေသည်။

ကျန်ရှိသူများက နဂါးသွဲ့ရေကန်ထဲမှ အလောင်းများကို ဆယ်ယူ၍ သင်္ဘောအပေါ် တင်ကာ မြှုပ်နှံ့မည့်နေရာဆီသို့ ထွက်သွားကြသည်။

ကောင်းကင်နတ်ဘုံအတွက် ယခုလိုအရာမျိုး ကြုံတွေ့ဖူးသည်မှာ ထပမဆုံးအကြိမ် မဟုတ်သဖြင့် အားလုံး အစီအစဉ်တကျ လုပ်ဆောင်နေကြသည်။

ကောင်းကင်ထဲတွင် အပျိုမယ်များက ကခုန်သီဆိုနေကြ၏။ ဗုံသံများက နှစ်လိုဖွယ်ကောင်းပြီး အကများကလည်း လှပတင့်တယ်နေသည်။ အင်မတန်ပင် တိတ်ဆိတ်အေးချမ်းသွားသယောင် ခံစားရလေသည်။

အရာရှိနတ်ဘုရားက ချင်မူ့ကို ရိုရိုကျိုးကျိုးဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင် ကောင်းကင်နတ်ဘုံကို ပြန်မလာတာ ကြာပြီဆိုတော့ အသားကျရဲ့လား… ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်အရှင် ပတ်ဝန်းကျင်နဲ့ အသားမကျမှာစိုးလို့ ဒီမိန်းကလေးတွေကို လွှတ်လိုက်ပါတယ်… ကောင်းကင်နတ်အရှင်မူ လိုအပ်တာတွေ ရှိရင် ကျွန်တော့်ကို‌ ပြောပါ.. ကျွန်တော် ကောင်းကင်နတ်ဧကရာဇ်ဆီ ပြန်လျှောက်တင်ပြီး အမြန်ဆုံး ဖြည့်ဆည်းပေးပါ့မယ်”

ချင်မူက နန်းတွင်းသူများကို ကြည့်၍ နောက်လိုက်သည်။ “နဂါးသွဲ့ရေကန်မှာ နန်းတွင်းသူတွေ တစ်ပုံကြီးပါဗျာ…. ဘာလို့ ထပ်လွှတ်နေတာလဲ”

အရာရှိနတ်ဘုရားသည် သူဆိုလိုသည်ကို နားမလည်သည့်အလား မေး၏။ “နဂါးသွဲ့ရေကန်က နန်းတွင်းသူတွေ ဟုတ်လား… ဘယ်တုန်းက နဂါးသွဲ့ရေကန်မှာ နန်းတွင်းသူတွေ ရှိလို့လဲ… နဂါးသွဲ့ရေကန်မှာ ကောင်းကင်နတ်အရှင်ကို အလုပ်အကျွေးပြုမယ့်သူမရှိလို့ ကောင်းကင်နတ်ဧကရာဇ်က သူတို့တွေကို လွှတ်လိုက်တာပါ”

ချင်မူ မှင်သက်သွားသည့်အချိန်တွင် ကူပါကယ်ပါ အော်ဟစ်သံများက သူ့နားထဲတွင် ပြည့်နှက်သွားသည်။ သူက အလျင်အမြန် လှည့်ကြည့်လိုက်၏။

အရာရှိနတ်မင်းနောက်မှ လိုက်လာသည့် နတ်စစ်သည်တော်များနှင့် နတ်စစ်သူကြီးများသည် နဂါးသွဲ့ရေကန်၏ နန်းတွင်းသူများကို ဖမ်းဆီးနေကြ၏။ သူတို့က ဖမ်းဆီးပြီးနောက် ခေါင်းဖြတ်သတ်ကာ သူတိူ့မူလဝိညာဉ်နှင့်တကွ ဝိညာဉ်များကို ဖယ်ရှားသုတ်သင်ပစ်ကြသည်။

နတ်စစ်သည်တော်များနှင့် နတ်စစ်သူကြီးများသည် နန်းတွင်းသူများကို လျင်မြန်စွာ သတ်ဖြတ်ပြီးနောက် အလောင်းများကို သင်္ဘောတစ်စင်းအပေါ်တင်၍ ထွက်သွားကြလေသည်။

ကောင်းကင်ထဲတွင်မူ ကခုန်နေသော အပျိုမယ်များ ရှိနေကြသေး၏။ သာယာနာပျော်ဖွယ်ရာ နတ်တေးသံတို့သည် သူတို့ကို ၀န်းရံနေပြီး အောက်ရှိ တသွင်သွင် စီးဆင်းနေသည့် သွေးချောင်းများကို မမြင်သည့်အလား ပျော်ရွှင်စွာ ကခုန်နေကြလေသည်။

ချင်မူမှာ အသည်းထဲ အေးစိမ့်သွားပြီး အရာရှိနတ်မင်းဆီသို့ လှည့်ကြည့်သည်။

အရာရှိနတ်မင်းက အပြုးပန်းများ ဝေဆာစွာဖြင့် ပြော၏။ “သူတို့က မကြားသင့်တာတွေ ကြားပြီး မမြင်သင့်တာတွေ မြင်ခဲ့ပြီးပါပြီ..... ဒါကြောင့် သုတ်သင်ပစ်မှဖြစ်မယ်.... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့အလုပ်ကို ခက်ခဲအောင် မလုပ်ပါနဲ့.... ဒါက ထုံးစံပါပဲ”

ချင်မူ တိတ်ဆိတ်သွားသည်။

ကြောက်စရာကား အရာရှိနတ်မင်းပြောသည့် စကားမဟုတ်။ ဤအရာများက ထုံးစံဖြစ်နေသည့် အချက်ပင်ဖြစ်သည်။

သူက မလှုပ်မယှက် ရပ်နေသည့် ချီကျုံရီနှင့် ယွင်ကျန်းလီဆီ လှမ်းကြည့်သည်။ သိသိသာသာပင် နှစ်ယောက်စလုံးက ကြောက်စရာအကောင်းဆုံးဖြစ်သည့် ကောင်းကင်နတ်ဘုံ၏ ထုံးတမ်းဓလေ့များနှင့် ရင်းနှီးထားပြီဖြစ်ချေသည်။

‘ပြုပြင်ပြောင်းလဲမှုက လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေတင် မဟုတ်သင့်ဘူး.... အခုလို ရွံစရာကောင်းတဲ့ ဓလေ့တွေကိုလည်း ပြောင်း‌လဲပစ်ရမယ်.... လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကိုပဲ ပြုပြင်ပြောင်းလဲပြီး ဒီလိုသောက်ကျင့်တွေကို မပြောင်းလဲဘူးဆိုရင် အကျင့်ပျက်ခြစားနေတဲ့ ကောင်းကင်နတ်ဘုံကို တွန်းလှန်နိုင်ရင်တောင်မှ ငါတို့က ပိုပြီး အကျင့်ပျက်ခြစားနေတဲ့ ကောင်းကင်‌နတ်ဘုံကို တည်ထောင်သလိုပဲ ဖြစ်လိမ့်မယ်’

သူ့ရင်ထဲတွင် လှိုက်၍ ဝမ်းနည်းလာသည်။

ချုံဧကရာဇ်ခေတ်တွင် တစ်တိုင်းပြည်လုံး၏ အယူအဆသည် လူ့အသက်သည် ကောင်းကင်ဘုံထက် မြင့်မြတ်သည်ဟူ၍ ဖြစ်ခဲ့၏။

ခိုင်ဧကရာဇ်ခေတ်တွင် လူသားမျိုးနွယ်က အရေးပါပြီး နတ်ဘုရားတို့က လူသားများကို အလုပ်အကျွေးပြုရမည်ဟူသော အယူအဆသို့ အဆင့်မြင့်သွားခဲ့သည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အယူအဆက လူသားတို့၏ ရင်ဘတ်ထဲရှိ နတ်ဘုရားကို ဖျက်ဆီးပစ်ပြီး လူသားတို့အတွက် နိစ္စဓူ၀အသုံးတည့်မည့် အရာကို ဖန်တီးပေးမည့် တန်ခိုးရှင်လမ်းစဉ် ဖော်ဆောင်ရန် ဖြစ်လာခဲ့သည်။

ဤခေတ်များအတွင်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်သည် အခွင့်အရေးများအား တိုက်ခိုက်၍ ရယူခဲ့ရပြီး သွေးချွေးများ စတေးပေးခဲ့ရ၏။ သို့တိုင်အောင် ထိုကဲ့သို့ အယူအဆများက ကောင်းကင်နတ်ဘုံဆီသို့ ပျံ့နှံ့မလာခဲ့ပေ။

လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအတွက်သာ သက်ရောက်သော ပြုပြင်ပြောင်းလဲမှုသည် သင့်လျော်သော ပြုပြင်ပြောင်းလဲမှုမဟုတ်ပေ။

“ဘာတွေ တွေးနေတာလဲ” အရာရှိနတ်ဘုရားက မေးသည်။

“ကျွန်တော် တွေးနေတာက”

ချင်မူ၏ တည်ငြိမ်နေသော မျက်နှာအမူအရာအောက်တွင် ပေါက်ကွဲတော့မည့် မီးတောင်တစ်လုံး တည်ရှိနေသည့်အလား ထင်ရ၏။ သူက ပြောသည်။ “ဒီပျက်စီးနေတဲ့ကမ္ဘာလောကကြီးကို တစ်နေ့ ဖျက်ဆီးပစ်မယ်”

အရာရှိနတ်မင်းမှာ မှင်သက်သွားပြီးနောက် ပြောသည်။ “အတွေးကောင်းပါတယ် ကောင်းကင်နတ်အရှင်.... ဒါပေမဲ့ ထုံးစံက အသားကျနေပြီ.... ဘယ်အရာကမှ ရပ်တန့်နိုင်မှာမဟုတ်ဘူး.... မြန်မြန်လုပ်ကြ”

သူက နတ်စစ်သည်‌တော်များနှင့် နတ်စစ်သူကြီးများဆီသို့ လှမ်းအော်သည်။ “ဒီနေရာကို ရှင်းကြ... ကောင်းကင်နတ်အရှင် အနားယူနေတာ အနှောင့်အယှက် မဖြစ်စေနဲ့”

မကြာမီ နဂါးသွဲ့ရေကန်ကို လွှမ်းခြုံထားသော အမှောင်ထု ပျောက်ကွယ်သွားသည်။ နဂါးသွဲ့ရေကန်သည် ပြန်လည်ပြုပြင်ခံလိုက်ရပြီး ပင်လယ်တစ်စင်းပမာ ပြန်လည်ဖြစ်တည်လာ၏။

ရေကန်ကား ပင်လယ်ပမာ ကျယ်ပြန့်မြဲကျယ်ပြန့်လျက်ရှိပြီး ထိုနေ့ည၏ တိုက်ပွဲအတွင်း တောင်များ၊ ကျွန်းဆွယ်များကို သယ်ဆောင်‌လျက် သွားလာနေခဲ့ကြသော နတ်လိပ်ကြီးအားလုံး သေသွားကြသည်။

ယခုအချိန်တွင် မည်သည့်နေရာက ရောက်လာမှန်းမသိသော နတ်လိပ်ကြီးတစ်စုက ကောင်းကင်နတ်တောင်များ၊ ‌ကျွန်းများနှင့်အတူ ရောက်ရှိလာပြီး နဂါးသွဲ့ရေကန်ထဲ၌ တောင်များ၊ ကျွန်းများကို သယ်ဆောင်လျက် သွားလာနေကြ၏။

အပျိုမယ်တချို့က ဧရာမကြာပန်းပွင့်ကြီးများကို စိုက်ပျိုးနေကြပြီး ကြာပန်းများ ပွင့်လာကြသည်။ ပန်း၀ိညာဉ်များ ဖြစ်သော အမျိုးသမီးငယ်‌လေးများက ထိုပန်းပွင့်များအတွင်း၌ နေထိုင်နေကြ၏။ သူတို့က ပင်လယ်၏ဘေးတွင် ထိုင်လျက် တူရိယာများ တီးမှုတ်ကာ သီဆိုကခုန်နေကြလေသည်။ ဤမြင်ကွင်းက အတိုင်းထက်အလွန် လှပနေ၏။

‌အရာရှိနတ်မင်းက ချင်မူ့ဆီသို့ အရိုအသေပေးသည်။ “ကောင်းကင်နတ်အရှင် ဒီနေရာက ပုံမှန်ပြန်ဖြစ်သွားပါပြီ.... စိတ်ကျေနပ်ပါရဲ့လား”

All Chapters