← Chapters

ကပ်ဆိုးနတ်ဘုရားကြီး ရောက်လာပြီ

Vol. 71 Ch. 926

ကပ်ဆိုးနတ်ဘုရားကြီး ရောက်လာပြီ

Vol. 71 Ch. 926

နန်းတွင်းသူအသစ်များသည် နဂါးသွဲ့ပင်လယ်ထဲ၌ သေဆုံးသွားသော နန်းတွင်းသူအဟောင်းများနေရာသို့ အစားထိုးရောက်လာကြ၏။ အသစ်များက ပို၍ပင် သွက်လက်ကြပြီး ယန်အာထက်ပင် အပြုအစုကောင်းလေသည်။ မျက်နှာများက အမြဲအပြုံးပန်းများ ဝေဝေဆာဆာ ရှိကြကာ ကိုယ်ဟန်အနေအထားများကလည်း လှပတင့်တယ်ကြသည်။

ဤနန်းတွင်းသူများမှာ ယခင်နန်းတွင်းသူများ အသတ်ခံခဲ့ရသည်ကို မြင်တွေ့ပြီးနောက် သူတို့၏အသက်အန္တရာယ်အတွက် စိုးရိမ်သဖြင့် သတိထားနေကြမှန်း ချင်မူ သိသည်။ ချင်မူမှာ ထိုအခြင်းအရာကို ပြုပြင်ပြောင်းလဲပေးချင်သော်လည်း ကောင်းကင်နတ်ဘုံကို ပြောင်းလဲပေးနိုင်‌သောအစွမ်းအစ သူ့တွင် မရှိသေးပေ။

မထင်မှတ်ထားသည့် အံ့အားသင့်ဖွယ်ရာ အဖြစ်အပျက်များ ပြီးဆုံး၍ နောက်တစ်နေ့တွင် ကောင်းကင်နတ်ဘုံသည် ပုံမှန်အတိုင်း တိတ်ဆိတ်အေးချမ်းနေ၏။ ထိုအဖြစ်အပျက်က အတော်လေး ဂယက်ရိုက်စေခဲ့သော်လည်း ကောင်းကင်နတ်ဘုံရှိ တစ်ယောက်မှ ထုတ်မပြောကြပေ။ မည်သည့်အရာမှ မဖြစ်ပျက်သွားခဲ့သည့်အလား ထင်ရ၏။

နဂါးသွဲ့ပင်လယ်တိုက်ပွဲမှာ ကြီးမားလွန်းသဖြင့် ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ သူတို့မပြောကြသည့် အကြောင်းရင်းမှာ မပြောရဲ၍ ဖြစ်သည်။

မည်သို့ဆိုစေ ကောင်းကင်နတ်ဘုံတွင် အမြင်စူးရှသူများကတော့ အခြေအနေကို မြင်နိုင်သည်။

ကောင်းကင်နတ်ဘုံသည် မပျက်စီးနိုင်သယောင် ထင်ရသော်လည်း နဂါးသွဲ့ရေကန်၏ အဖြစ်အပျက်က ကောင်းကင်နတ်ဘုံတစ်ဘုံစလုံး တကွဲတပြား ပျက်စီးနေသည်မှာ ကြာပြီဖြစ်ကြောင်း ပြသနေ၏။ ကောင်းကင်နတ်ဘုံကား အချိန်မရွေး ပြိုကွဲသွားနိုင်သည်။

ကောင်းကင်နတ်အရှင်မူ၏ ရောက်ရှိလာမှုက ထိုအခြေအနေကို မြန်သွားစေပြီး လူမသိအောင် ဖုံးဖိထားသော အတွင်းရေးပဋိပက္ခများအား ဘူးပေါ်သလို ပေါ်လာစေခဲ့သည်။

လူအများစုက နဂါးသွဲ့ရေကန်အဖြစ်အပျက်ကို အာရုံစိုက်ထားကြဆဲ ဖြစ်သည်။ ဤသည်မှာ ကောင်းကင်နတ်အရှင်မူ ရောက်လာပြီးနောက် ဖြစ်ပွားသည့် ပထမဆုံးအဖြစ်အပျက်တစ်ခု ဖြစ်ပြီး ကောင်းကင်နတ်ဘုံကို ပြိုကွဲသွားစေခဲ့ချေပြီ။

နဂါးသွဲ့ရေကန်အဖြစ်အပျက်သည် ကောင်းကင်နတ်ဘုံထဲရှိ ရေဆိုးရေညစ်များ ပထမဆုံးအကြိမ် ပန်းထွက်လာသကဲ့သို့ ဖြစ်၏။

ပထမအကြိမ် ပြီးလျှင် ဒုတိယအကြိမ်နှင့် တတိယအကြိမ် လာမည်။ ပဋိပက္ခများက ကြီးထွားသထက် ကြီးထွားလာပြီး ထိန်းချုပ်မရသော အတိုင်းအတာအထိ ဖြစ်လာလိမ့်မည်။

နဂါးသွဲ့ရေကန်သည် နှစ်ရက်ကြာသော် ငြိမ်သက်သွား၏။ ထိုအချိန်တွင် ယွင်မိသားစု၏ ဘွားဘွားကြီးက ယွင်မိသားစု၏ မုဆိုးမများကို ဦးဆောင်၍ နဂါးသွဲ့ရေကန်သို့ ရောက်လာကာ ယွင်ကျန်းလီဆီ လာလည်သည်။

ယွင်ကျန်းလီ၏ ဤဘွားဘွားကြီးသည် ကောင်းကင်နတ်အရှင်ယွင်၏ ဇနီးဖြစ်၍ နဂါးဟန်ခေတ်အတွင်းတွင် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်ဧကရီ ဖြစ်ခဲ့ဖူး၏။ ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံ ရှုံးနိမ့်သွားပြီးနောက် လူပေါင်းများစွာ သေသူက သေ၊ ထွက်ပြေးသူက ပြေး၊ ဒုက္ခိတဖြစ်သူက ဖြစ်ခဲ့ကြသည်။ ကောင်းကင်နတ်အရှင်ယွင်၏မိသားစုမှ သူမတစ်ယောက်သာ သားတစ်ယောက်ကို ကိုယ်ဝန်လွယ်၍ လွတ်မြောက်လာခဲ့သည်။

ကောင်းကင်နတ်အရှင်ယွင်၏ အဆင့်အတန်းကြောင့် နဂါးဟန်ကောင်းကင်နတ်ဘုံက သူမကို ဒုက္ခမပေးပေ။ ကောင်းကင်နတ်ဧကရာဇ်သည် သူတို့ကို ကောင်းကင်နတ်ဘုံ၌ လက်ခံကြိုဆိုခဲ့ပြီး ယွင်အိမ်တော် တည်ဆောက်ကာ သူမကို အရှင်မယွင်ရှောင်ဟူ၍ ချီးမြှင့်ခဲ့၏။

ထို့နောက် ယွင်မိသားစု၏ သွေးကျိန်စာ ဖြစ်ပေါ်လာသဖြင့် မိသားစု၏ သားယောက်ျားလေးများ အရွယ်ရောက်လာပြီးနောက်တွင် သေဆုံးခဲ့ကြရသည်။ သို့ဖြစ်၍ မိသားစုထဲတွင် မုဆိုးမများသာ ကျန်ခဲ့လေသည်။

မုဆိုးမတချို့က ထပ်မံလက်ထပ်ကြသော်လည်း အတော်များများကတော့ နေကျန်ခဲ့ကြသည်။ ထို့ကြောင့် ယွင်မိသားစုတွင် သားယောက်ျားလေးများနှင့် ပတ်သက်လာပါက ဆတ်ဆတ်အထိမခံသော မာမာထန်ထန် အမျိုးသမီးများစွာ ရှိလာခဲ့သည်။

ကောင်းကင်နတ်ဘုံ၏ စာရေးတော်ကြီးက တွေ့ဆုံပွဲအကြောင်း မှတ်တမ်းတင်ရန် အရှင်မယွင်ရှောင်တို့နှင့်အတူ လိုက်ပါလာသည်။ ကောင်းကင်နတ်အရှင်မူက အရှင်မယွင်ရှောင်ကို ကိုယ်တိုင်ကြိုဆိုပြီး မန့်လန်အဆောင်တွင် တရင်းတနှီး ဆုံတွေ့ကာ ဖက်လှဲတကင်း ဆွေးနွေးခဲ့သည်၊ တစ်ယောက်နှင့်တစ်ယောက် အတွေးအမြင်များအား ငြိမ်းငြိမ်းချမ်းချမ်း ဖလှယ်ကြပြီး ကောင်းကင်နတ်ဘုံ၏ တိုးတက်ရေးအတွက် တိုင်ပင်ခဲ့ကြသည်ဟူ၍ မှတ်တမ်းတင်ထား၏။

တကယ်တမ်းတွင် အရှင်ယွင်ရှောင်သည် ချင်မူ့ကို ပယ်ပယ်နှယ်နှယ် အပြစ်တင်ခဲ့၏။ သူမက ယွင်ကျန်းလီကို ယွင်အိမ်တော်တွင် အကျယ်ချုပ်ထားချင်ခဲ့ပြီး ကောင်းကင်နတ်အရှင်မူကြောင့် ယွင်ကျန်းလီ၏ အသက်အန္တရာယ်မည်ကဲ့သို့ စိုးရိမ်ခဲ့ရသည့်အကြောင်း ဆူပူကြိမ်းမောင်းသည်။ ယွင်ကျန်းလီ၏ ဇနီးဆိုလျှင် ချင်မူ့ကို မှတ်လောက်သားလောက်အောင် ထုနှက်သေးသည်။

တရင်းတနှီး ဆုံတွေ့ကာ ဖက်လှဲတကင်း ဆွေးနွေးခဲ့သည်ဆိုသည်ကား စာရေးတော်ကြီး၏ အရေးသာ ဖြစ်သည်။

စာရေးတော်ကြီးမှာ ပူပူညံညံ စကားများလှသော ဤအမျိုးသမီးများကြောင့် ခေါင်းကိုက်လာပြီး ချီကျုံရီ အရက်သောက်ရန် လာဖိတ်ခေါ်သည့်နောက်ပိုင်း များများစားစား မှတ်တမ်းမတင်တော့ပေ။

ထိုမုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးများက ချင်မူ ယွင်မိသားစု၏ သွေးကျိန်စာကို ဖယ်ရှားပေးလိုက်ကြောင်း ကြားသည့်အခါမှ ပျော်ရွှင်သွားကြပြီး ချင်မူ့ကို တောင်းပန်ကြ၏။

ကောင်းကင်နတ်ဘုံ၏ တိုးတက်ရေးအတွက် တိုင်ပင်ကြသည် ဆိုရာတွင်မူ တကယ်တမ်းတွင် ကောင်းကင်နတ်ဘုံအတွင်းရှိ အမျိုးမျိုးသော အဖွဲ့အစည်းများကြောင်း အရှင်ယွင်ရှောင် ပြောနေသည်ကို ချင်မူ နားထောင်နေခြင်းသာ ဖြစ်သည်။ ယွင်မိသားစု၏ အမျိုးသမီးများသည် ကောင်းကင်နတ်ဘုံ၏ ခန်းမတိုင်း၊ အဆောင်တိုင်း၏ လျှို့ဝှက်ချက်များကို နှိုက်နှိုက်ချွတ်ချွတ် သိပြီး အတင်းအဖျင်း ကောင်းစွာပြောတတ်ကြ၏။

စာရေးတော်ကြီးမှာ ချီကျုံရီနှင့် နဂါးချီလင်ကြောင့် မူးဝေနေသဖြင့် ထိုအဖြစ်အပျက်များကို သင့်တင့်သလိုသာ မှတ်တမ်းတင်ခဲ့လေသည်။

“ကောင်းကင်နတ်အရှင်မူ၊ ကျွန်မယောက်ျားက တကယ်တော့ ရှင့်ကို ထပ်တွေ့ချင်ခဲ့တယ်”

အရှင်မယွင်ရှောင်သည် အမှန်တွင် ငယ်ရွယ်နုပျိုနေသေး၏။ ဇာမဏီအမြီးတောင်ဖြင့် အလှဆင်ထားသော ရွှေရောင်သရဖူကို ဆောင်းပြီး နဂါးခေါင်းတောင်ဝှေးကို ဆုပ်ကိုင်၍ ဆံပင်အဖြူဆိုးထားရင်းသာ အိုချင်ယောင် ဆောင်နေခြင်း ဖြစ်သည်။ သူမက ယွင်မိသားစု၏ အမျိုးသမီးများဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ရာ အမျိုးသမီးများသည် စာရေးတော်ကြီးကို ချက်ချင်း ဝိုင်းလိုက်ကြ၏။

စာရေးတော်ကြီးသည် အရှင်မယွင်ရှောင်နှင့် ချင်မူ၏စကားဝိုင်းကို နားထောင်ချင်သော်လည်း ယွင်မိသားစု၏ မုဆိုးမများကြားတွင် ပိတ်မိနေသဖြင့် တိတ်တိတ်ကလေး ထိတ်လန့်နေတော့သည်။

အရှင်မယွင်ရှောင်က လမ်းလျှောက်ရင်း ရှင်းပြသည်။ “ကျွန်မယောက်ျားက ကောင်းကင်နတ်အရှင်မူ‌ ပေါ်လာမှာကို တစ်ဘဝလုံး စောင့်နေခဲ့တယ်... ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ စည်းကမ်းချက်တွေအကြောင်းလည်း မကြာခဏ ပြောတတ်တယ်... လူဆိုးတွေအပေါ် မကောင်းသင့်ကြောင့်၊ လူကောင်းတွေအပေါ် မဆိုးသင့်ကြောင်း၊ ကောင်းတဲ့လူတွေကို ပိုကောင်းကောင်း ဆက်ဆံပြီး ဆိုးတဲ့လူတွေကိုလည်း ဆိုးဆိုးရွားရွား ဆက်ဆံပေးရမယ့်အကြောင်းတွေပေါ့... ဒါပေမဲ့ သူ အဲဒါကို အကောင်အထည် မဖော်နိုင်ခဲ့ဘူး.. ဘာကြောင့်ဆိုရင် သူ မသေခင်မှာ ကောင်းကင်မဟာမိတ်အဖွဲ့က လူကောင်းတွေကို ဆိုးဆိုးရွားရွား ဆက်ဆံပြီး လူဆိုးတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံစပြုလာခဲ့တာ သဘောပေါက်သွားလို့ပဲ”

ချင်မူက လမ်းကို ငုံ့ကြည့်ပြီးနောက် ခေါင်းပြန်မော့ကာ ပြောသည်။ “အပြောလွယ်ပေမယ့် အလုပ်ခက်တယ်... လူတွေဟာ လူကောင်းတွေဆိုရင် အမြဲ အပြစ်မြင်ဘူး... လူဆိုးတွေဆို သည်းခံတတ်တယ်”

“သူက ရှင့်အတွက် ပစ္စည်းတစ်ခု ချန်ထားခဲ့တယ်”

အရှင်မယွင်ရှောင်က ဆက်ပြောသည်။ “ကျွန်မ ကိုယ်ဝန်ကြီးနဲ့ ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံကနေ လွတ်မြောက်လာတုန်းက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ခက်ခဲခဲ့တယ်.... အသက်ရှင်ရင်တောင် အဲဒီပစ္စည်းကို ကာကွယ်နိုင်ခဲ့မှာမဟုတ်ဘူး.. အဲဒါနဲ့ ကျွန်မယောက်ျားရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ တာအိုဘိုးဘေးကြီးဆီ အပ်ထားခဲ့တယ်... သူ့ဆီထားတာက အန္တရာယ်အကင်းဆုံးပဲ”

“တာအိုဘိုးဘေးကြီးလား”

ချင်မူက ရပ်၍ မေးလိုက်သည်။ “အရှင်မက ပစ္စည်းကို တာအိုဘိုးဘေးကြီးဆီ အပ်ထားတာလား... ကောင်းကင်နတ်အရှင်ယွင် ထားခဲ့တာ ဘာပစ္စည်းလဲ”

အရှင်မယွင်ရှောင်က ဖြေသည်။ “တစ်ခါမှ ဖွင့်မကြည့်ဖူးတော့ ဘာပစ္စည်းလဲ မသိဘူး”

ချင်မူ ခေါင်းညိတ်၍ ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ယွင်က အမြော်အမြင် ကြီးမားတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပါ... သူ ဘာပဲချန်ခဲ့ချန်ခဲ့ အဓိပ္ပါယ်တစ်ခုတော့ ရှိရမယ်... ကျွန်တော် နဂါးဟန်ခေတ် ကောင်းကင်နတ်ဘုံကို ရောက်လာခဲ့တုန်းက သူနဲ့စကားသေသေချာချာ မပြောခဲ့ရတာ နှမြောစရာပဲ... အဲဒီအချိန်က ကျွန်တော်တို့ နောက်ဆုံးအကြိမ် တွေ့ရတာလို့ ဘယ်သူထင်မလဲဗျာ”

အရှင်မယွင်ရှောင်သည် စကားလမ်းကြောင်း ပြောင်းလိုက်၏။ “စောစောက ကျန်းလီက ပြောတယ်... အောက်ဘုံဆီ ဆင်းမလို့တဲ့... ကျွန်မ သဘောမတူနိုင်ဘူး‌ ကောင်းကင်နတ်အရှင်.. အောက်ဘုံက အန္တရာယ်များလွန်းတယ်... သူ့အတွက် သွေးကျိန်စာဖယ်ရှားဖို့တောင် ခက်ခဲခဲ့တာကို အောက်ဘုံမှာ သွားသေချင်နေတယ်လေ.... သူသေသွားရင် ယွင်မိသားစုရဲ့သွေးဆက် အဆုံးသတ်သွားလိမ့်မယ်... ကောင်းကင်နတ်အရှင်မူက သူနဲ့ ရင်းနှီးတော့ ဖျောင်းဖျပေးပါဦး”

ချင်မူက ပြုံးလိုက်သည်။ “အရှင်မ ဘယ်နေရာက ပိုအန္တရာယ်ကင်းတယ်ထင်လဲ... အောက်ဘုံလား၊ ကောင်းကင်နတ်ဘုံလား”

“ကောင်းကင်နတ်ဘုံပေါ့”

အရှင်မယွင်ရှောင်မှာ ချင်မူ၏ဆိုလိုရင်းကို သဘောပေါက်သွားသဖြင့် မှင်သက်သွားသည်။ သို့သော် သူမက ထောက်ပြသေးသည်။ “ဘုရင့်အနားမှာ နေရတာဟာ ကျားကို အဖော်ပြုရသလိုပါပဲ.. ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်ဆယ်ယောက် ရှိတဲ့အတွက် အန္တရာယ်က ဆယ်ဆပိုများတယ်... ဒါပေမဲ့ အောက်ဘုံကတော့ အန္တရာယ်အပြည့်နဲ့ မျှော်လင့်ချက်မရှိဘူး... ကောင်းကင်နတ်ဘုံသာ ကပ်ဘေးတွေကို ထပ်စေလွှတ်လိုက်ရင် ကျန်းလီ ဒုက္ခရောက်ပါလိမ့်မယ်”

ချင်မူက သူမဆီသို့ ကြည့်သည်။ “ကောင်းကင်နတ်ဘုံကို တွန်းလှန်လိုက်ရင် ပိုလို့တောင် အန္တရာယ်မကင်းဘူးလား... ငှက်ပေါက်လေးတွေဟာ တစ်ချိန်ကျ အသိုက်ထဲ ပျံထွက်ရမှာပဲ... ကျွန်တော့်အမြင်အရတော့ သူ့မှာ ရည်မှန်းချက်တွေ အများကြီးရှိတယ်... သူက ကောင်းကင်နတ်ဧကရီကို ဘေးမှာ ထား,ထားရတာတောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားနိုင်တာ ကြည့်ရင် ပြောနေစရာမလိုပါဘူး... ကျွန်တော် ပြောမှဖြစ်တော့မယ် အရှင်မ... သူ့ကို ထပ်ပြီး ချုပ်နှောင်မထားပါနဲ့တော့”

“ယွင်ချွီးရှို့က ကောင်းကင်နတ်ဧကရီမှန်း သိထားတယ်ပေါ့”

အရှင်မယွင်ရှောင်မှာ စိုးရိမ်လာပြီး ဒူးထောက်သည်။ “ကျွန်မ ယွင်ကျန်းလီကို သူ့အဘိုးရဲ့ လမ်းအတိုင်း မလျှောက်စေချင်ဘူး... နောက်ဆုံးတော့ ယွင်မိသားစုမှာ အသက်ရှည်ရှည် နေနိုင်မယ့် ကလေးတစ်ယောက် ရှိလာခဲ့ပါပြီ.. ကောင်းကင်နတ်အရှင်က ယွင်မိသားစုရဲ့ ကျေးဇူးရှင်ဆိုတော့ ကျန်းလီရဲ့အသက်ကို ရှင့်လက်ထဲအပ်ပါ့မယ်”

ချင်မူကလည်း ပြန်လည်ဒူးထောက်၍ တုံ့ပြန်သည်။ “ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့ အရှင်မ... ကျွန်တော် မခံယူဝံ့ပါဘူး”

နှစ်ယောက်လုံး ထရပ်ပြီး ချင်မူက ပြုံးလိုက်သည်။ “ယွင်ကျန်းလီက ဒီကမ္ဘာရဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပါ.... အောက်ဆင်းပြီးသွားရင် အရှင်မ စိတ်ကူးကြည့်လို့မရလောက်အောင် တိုးတက်လာပါ့လိမ့်မယ်... စိတ်မပူပါနဲ့ အရှင်မ”

အရှင်မယွင်ရှောင်က ဆက်ပြောသည်။ “သူ ယွင်မိသားစုကို ပြန်အသက်သွင်းပြီး သူ့ဘိုးဘေးကြီးရဲ့ အောင်မြင်မှုတွေကို ပြန်ဆောင်ကြည်းပေးနိုင်ဖို့ ကျွန်မ မျှော်လင့်မိပေမယ့် မသေစေချင်ဘူး... ကောင်းကင်နတ်အရှင်မူ၊ ရှင်တို့လူငယ်တွေဟာ အမြဲရည်မှန်းချက် မြင့်မားပြီး အတွေးအမြင်အသစ်တွေ ရှိကြပါတယ်... ကျွန်မအနေနဲ့တော့ နားမလည်တဲ့အတွက် လူငယ်တွေကို ထောက်ပံ့ပေးဖို့ပဲ တတ်နိုင်တယ်... နှုတ်ဆက်ပါတယ်”

ချင်မူ သူမအား လိုက်ပို့ပေးလိုက်သည်။

ယွင်မိသားစု၏ အမျိုးသမီးလည်း ပြန်သွားကြပြီး ယွင်ကျန်းလီနှင့် ယွင်ချွီးရှို့က နဂါးသွဲ့ရေကန်၌ ကျန်ရစ်ခဲ့သည်။

ချင်မူ အတွေးထဲ နစ်မျောနေသည်။ ‘ကောင်းကင်နတ်အရှင်ယွင်က ငါ့အတွက် ပစ္စည်းတစ်ခုကို တာအိုဘိုးဘေးကြီးဆီမှာ ထားခဲ့တယ်... တာအိုဘိုးဘေးကြီးက နဂါးသွဲ့ရေကန်တွေ့ဆုံတုန်းက ပေတီးပေစုတ် တာအိုဘိုးဘေးကြီးပဲ ဟုတ်သေးရဲ့လား... ကောင်းကင်နတ်အရှင်ယွင်ရဲ့ သူငယ်ချင်းကောင်း ဟုတ်သေးရဲ့လား... ကောင်းကင်နတ်ဘုံရဲ့ အာဏာတွေ၊ စည်းစိမ်တွေကြားမှာ နစ်မြုပ်သွားပြီလား’

များစွာတွေးပြီးနောက် ချင်မူ စိတ်ပိုင်းဖြတ်လိုက်သည်။

ပေတီးပေစုတ် တာအိုဘိုးဘေးကြီးကို သူ ရအောင် သွားတွေ့ရမည်။

‘တာအိုဘိုးဘေးကြီးကို ကောင်းကင်နတ်ဘုံရဲ့ တာအိုဂိုဏ်းကနေတစ်ဆင့် သွားတွေ့ရင် သိသာလွန်းသွားပြီး ခြေရာခံမိကြလိမ့်မယ်... ဒါဆို တာအိုဘိုးဘေးကြီး ဒုက္ခရောက်နိုင်တယ်’ ချင်မူက အစီအစဉ်ဆွဲနေသည်။

“နဂါးသွဲ့ရေကန်ကိစ္စပြီးတာတောင် အပြင်ထွက်ရဲသေးတယ်လား... သေအောင် ရိုက်သတ်ခံရမှာ မကြောက်ဘူးလား”

ချီကျုံရီမှာ သူ့အစီအစဉ်ကို သဘောမကျ၍ ချင်မူ့အား ဆူတော့သည်။ “မင်းဘာသာမင်း သွား၊ ငါ၊ ဒုတိယအစ်ကိုနဲ့ မမကြီးယန်အာကတော့ မင်း သေတာကို စောင့်ကြည့်နေမယ်”

နဂါးချီလင်က ချင်မူ့အနောက်မှလိုက်သွားပြီး ယန်အာသည် ငှက်ဝလေးအသွင် ပြောင်း၍ နဂါးချီလင်၏ခေါင်းပေါ်တွင် နားကာ ချီကျုံရီဆီသို့ လှည့်ကြည့်၏။

ချီကျီရီမျာ ဆောင့်ကြီးအောင့်ကြီးဖြင့် လိုက်လာကာ မျက်နှာကြီးဆူပုပ်လျက် စကားမပြောတော့ပေ။

ယွင်ကျန်းလီက သူ့ကို စပ်စုသလို ကြည့်ကာ ပြောလေသည်။ “မင်းက ကောင်းကင်နတ်အရှင်ရဲ့ နောက်လိုက်မဟုတ်ဘူးလား... ဘာလို့ စိတ်ကောက်နေတာလဲ”

ချီကျုံရီနှင့် ချင်မူ မတည့်သည်ကို သူမသိပေ။ သူတို့နှစ်ယောက် ထမတိုက်ခိုက်သည်က ဒုတိယအစ်ကို၏မျက်နှာကို ထောက်ထားနေသဖြင့် ဖြစ်သည်။

ယွင်ချွီးရှို့က နူးညံ့ညင်သာသော အသံလေးဖြင့် ဝင်ချော့သည်။ “အစ်ကိုကျုံ၊ တစ်ခါတလေ အပြင်ထွက်တာက ကောင်းပါတယ်... နဂါးသွဲ့ရေကန်က လှပေမယ့် ကြာလာရင် ရိုးသွားရောလေ... ရှင် သူနဲ့အတူ လမ်းလျှောက် ထွက်သင့်တယ်”

အစ်ကိုကျုံဟု ခေါ်ခံလိုက်ရသည်နှင့် ချီကျုံရီမှာ အရိုးများ ပျော့ခွေသွားပြီး ဝိညာဉ်ပျံထွက်သွားသလို ခံစားလိုက်ရကာ ပျားရည်ဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ပြုံးဖြီးသွားတော့သည်။ ‘ဒီကဝေမကတော့ အမှန်တကယ် အစွမ်းထက်တာပဲ... ငါ့တာအိုနှလုံးသား... သောက်ကျိုးနည်း ငါ့တာအိုနှလုံးသား’

ယွင်ကျန်းလီက သူတို့နောက်မှ လိုက်လာရင်း မေးသည်။ "ဘယ်သွားချင်တာလဲ ကောင်းကင်နတ်အရှင်"

ချင်မူ၏ မျက်ဝန်းများ လင်းလက်သွားပြီး သူက ရယ်မောကာ ပြောသည်။ "နဂါးသွဲ့ရေကန်ကိစ္စတုန်းက အဆင့်မြင့်သိုင်းပညာရှင်တွေအများကြီး ကျွန်တော့်ကို လာတွေ့ခဲ့တယ်... ကျွန်တော် ပြန်သွားမတွေ့ရင် ရိုင်းပျရာ ကျမှာပေါ့"

ယွင်ကျန်းလီ တုန်လှုပ်သွားပြီး ချီကျုံရီနှင့် ယန်အာမှာ ကျောရိုးထဲ စိမ့်အေးသွားကြသည်။ ချင်မူကား သူ့ကို လုပ်ကြံသတ်ဖြတ်ရန် ရောက်လာခဲ့သူများဆီသို့ သွားတွေ့ရန် ပြင်နေသည်မဟုတ်ပါလော။ မည်မျှသတ္တိကောင်းလှသနည်း။

ယွင်ချွီးရှို့သာ လန့်မသွားခြင်း ဖြစ်သည်။ အားပင် အားပေးနေသေးသည်။

"နဂါးသွဲ့ရေကန်ကို တိုက်ခိုက်ခဲ့တဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေ ဘယ်သူက အနီးဆုံးလဲ"

ယွင်ကျန်းလီနှင့် ချီကျုံရီက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိတ်ဆိတ်နေသည်။ ယွင်ချွီးရှို့က အလျင်အမြန် ပြန်ဖြေလေသည်။ "ကျွန်မ သိတယ်... ကျွန်မ သိတယ်... ‌နဂါးသွဲ့ရေကန်နဲ့ အနီးဆုံးက လန်ရွှမ်နတ်နန်းတော်က ကောင်းကင်နတ်အရှင်လန်၊ နတ်ဧကရာဇ်လန်ရွှမ်ပဲ... နတ်ဧကရာဇ်လန်ရွှမ်မှာ ကမ္ဘာအရပ်ရပ်က တပည့်တွေ အများကြီးရှိတယ်... သူ့နေရာက ကောင်းကင်နတ်ဘုံမှာ အရေးပါတဲ့ နေရာဖြစ်သလို အင်မတန်လည်း ခမ်းနားတင့်တယ်တယ်"

ချီကျုံရီ၏ အမူအရာ လျင်မြန်စွာ ပြောင်းလဲသွားပြီး ပြောတော့သည်။ "မသွားဘူး ငါတို့သွားလို့မရဘူး ... ငါတို့လန်ရွှမ်နတ်နန်းတော်ဆီ မသွားဘူး"

"အစ်ကိုကျုံ … နော်" ယွင်ချွီးရှို့က လှပသော မျက်ဝန်းရွှန်းရွှန်းလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း သူ့ဆီသို့ ကြည့်သည်။

ချီကျုံရီမှာ ငေးငိုင်သွားပြီး စဉ်းပင် မစဉ်းစားမိဘဲ ပြောတော့သည်။ "ကောင်းပြီ သွားမယ် လန်ရွှမ်နတ်နန်းတော်ဆီ သွားမယ်"

သူတို့ နဂါးသွဲ့ရေကန်မှ ထွက်လာသည့်အခါ နတ်လမ်းကြားဆီသို့ ရောက်လာကြသည်။ ကောင်းကင်နတ်ဘုံ၏ ဤလမ်းကြားသည် အလွန်စည်ကားပြီး ‌ကောင်းကင်နတ်ဈေးကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။ ကောင်းကင်နတ်ဘုံမှာ အလွန်အဆင့်အတန်း မြင့်မားသော်လည်း နတ်ဘုရားများမှာ ကျွေးမွေးစောင့်ရှောက်စရာ မိသားစုကြီး ရှိကြသဖြင့် ကြွယ်ကြွယ်ဝဝ မရှိကြ‌ပေ။

‌နတ်လမ်းကြားတွင် နတ်ဘုရားတစ်ပိုင်းများစွာ မြင်တွေ့ရပြီး အခြားမျိုးနွယ်များလည်း ပါသလို လူသားမျိုးနွယ်များလည်း ရှိ၏။ နတ်ဘုရားတစ်ပိုင်းများက ကျန်မျိုးနွယ်များထက် အရေအတွက်များနေရုံသာ ရှိသည်။

လမ်းကြားသည် လွန်စွာခမ်းနားပြီး ယာဉ်များ၊ မြင်းများ မရပ်မနား ဝင်ချည်ထွက်ချည် သွားလာနေကြ၏။ စီးပွားရေးက ရှင်းရှင်းလင်းလင်းပင် ကောင်းမွန်နေသည်။ သို့သော် ချင်မူနှင့် ကျန်ရှိသူများက ရောက်လာသည့်အခါ အကုန်လုံး ရပ်၍ သူ့ဆီသို့ လှမ်းကြည့်ကြသည်။ အချိန်ရပ်တန့်သွားသည့်အလား ထင်ရ၏။

နောက်တခဏတွင် အထိတ်တလန့်အော်ဟစ်သံများ ဆူညံပွက်လောရိုက်သွားသည်။ လှည်းယာဉ်များ လျင်မြန်စွာ လိမ့်ထွက်သွားပြီး ‌မြင်းများမှာလည်း လျှပ်စီးတန်းများသဖွယ် အရပ်လေးမျက်နှာသို့ ပြေးထွက်သွားကြသည်။ နတ်လမ်းကြားမှာ တမုဟုတ်ချင်း ရှင်းလင်းသွားတော့သည်။

ချင်မူမှာ တအံ့တဩဖြင့် လမ်းဘေးနှစ်ဖက်သို့ ကြည့်နေမိသည်။ ဆိုင်တံခါးများလည်း ပိတ်သွားချေပြီ။

အရပ်ငါးပေခန့် ရှိသော လူတစ်ယောက်သည် အတော်လေး နှေးသွားသဖြင့် တစ်ယောက်တည်း ကွက်ကျန်ခဲ့၏။ သူက တံခါးတစ်ချပ်ကို ဆောက်တည်ရာမဲ့စွာ တဘုန်းဘုန်း ထုရင်း အော်ဟစ်ငိုယိုနေသည်။

ချင်မူက စိုးရိမ်စွာဖြင့် သူ့ဆီ လျှောက်သွား၏။ "နောင်တော်..."

"ကယ်ပါဦး"

လူပုလေးက ချင်မူ ချဉ်းကပ်လာသည်ကို မြင်လျှင် အသည်းအသန် အော်ဟစ်ငိုယိုတော့သည်။ သူက ဆိုင်တံခါးကို မှီရင်း တောင်းပန်နေသည်။ "ငါ ဒီမှာ မသေချင်လို့ပါ"

ချင်မူ ပို၍ပင် အံ့အားသင့်နေစဉ် တံခါးက ရုတ်တရက် ပွင့်လာသည်။ လူပုလေးက ဆိုင်ထဲ လဲကျသွားပြီးနောက် ဆိုင်တံခါးသည် ပြန်ပိတ်သွား၏။ တံခါးနှင့်ပြတင်းပေါက်အားလုံး တင်းတင်းပိတ်ထားချေသည်။

“ကယ်ပေးလို့ ကျေးဇူးပါပဲ”

ဆိုင်ထဲတွင် လူပုလေးက ပြောနေသည်။ “ငါ့ကို ကယ်ပေးတဲ့အတွက် မင်းက ငါ့ရဲ့ ဒုတိယမိဘပါပဲကွာ… ငါ ဘယ်တော့မှ မမေ့ပါဘူး”

ဆိုင်ထဲရှိ တစ်စုံတစ်ယောက်က သူ့ကို ဆူနေသည်။ “မင်းကွာ တော်တော် သတိကောင်းတာပဲ… ကပ်ဆိုးနတ်ဘုရားကို မြင်တာတောင် ထွက်မပြေးဘဲ ထိုင်ငိုပြီး ငါ့တို့ကို ဒုက္ခပေးနေတယ်”

လူပုလေးက ရှင်းပြသည်။ “ကြောက်လွန်းလို့ ငါ့ခြေထောက်တွေ ဂျယ်လီလို ပျော့ခွေသွားလို့ပါကွာ… ငါ မပြေးနိုင်တော့တာ…”

“တိုးတိုးနေ… တစ်ယောက်ယောက် ဒီကပ်ဆိုးနတ်ဘုရားကြီးကို လာသတ်ရင် ဒီလမ်းပေါ်က လူအားလုံး နှုတ်ပိတ်ခံရလိမ့်မယ်”

All Chapters