← Chapters

အရုပ်ဆိုးသူ

Vol. 008 Ch. 766

အရုပ်ဆိုးသူ

Vol. 008 Ch. 766

ပြည်နယ်ကိုးခု ညီလာခံတွင် ပါဝင်ယှဉ်ပြိုင်သူပေါင်း လူသုံးထောင်ခန့် ရှိပေသည်။ သို့သော်လည်း လူတစ်ရာခန့်ကသာ ရင့်သန်သော လောကဓာတ်များကို နားလည်နိုင်စွမ်းရှိကာ ပြိုင်ပွဲဝင်ခွင့် တိုက်ရိုက်ရကြသည်။

ဖီးနစ်နှင့် မှန်နန်းတော် တပည့်မတို့က အနီးကပ် တိုက်ခိုက်ခြင်း မပြုကြပေ။ သူတို့က လောကဓာတ်များကိုသာ အသုံးပြုကြသည်။ အပူနှင့်အအေးဓာတ်များက အကြိမ်ကြိမ် ရင်ဆိုင်မိကြသည်။ သို့သော်လည်း မီးဓာတ်ကား ငြှိမ်းသတ်နိုင်စွမ်း မရှိဟန်ရကာ ရေခဲဓာတ်က မီးဓာတ်အား ထိုးဖောက်နိုင်စွမ်းမဲ့၏။

“ကျွန်မ ရှုံးတယ်…” မှန်နန်းတော်၏ တပည့်မက မကြာမီ အရှုံးပေးရ၏။ သည်တိုက်ပွဲကား သိပ်ပြင်းထန်ခဲ့ခြင်း မရှိပေ။ တိုက်ပွဲငါးခုတွင် သည်တိုက်ပွဲကား အလွယ်ဆုံးဖြစ်ကာ မြေရိုင်းပြည်နယ်က ငါးပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။

သည်ရိုးရှင်းသော တိုက်ပွဲက ဘာကိုဆိုလိုသည်ကို ရှီဟွာတောင်က နားလည်ကြသည်။ တခြားတော်ဝင်မြေများ အားလုံးက မြေရိုင်းပြည်နယ်နှင့် ထိပ်တိုက် ရင်မဆိုင်လိုကြပေ။ သူတို့အားလုံးက ကိုယ်ပိုင်အတွေးနှင့် အစီအစဉ်များ ရှိကြသည်မှာ သေချာပေသည်။

နောက်ထပ်တိုက်ပွဲတွင် ရှီဟွာတောင်က တိုက်ပွဲအား အနိုင်ယူရန် သူတို့၏ လောကဓာတ် ရင့်သန်ပြီးသော တပည့်တစ်ယောက်အား စေလွှတ်ခဲ့သော်လည်း ထိုလူကား ရွှေလူဝံ၏လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

မြေရိုင်းပြည်နယ်က ခြောက်ပွဲဆက်တိုက် အနိုင်ရခဲ့၏။

“အရင်ပြည်နယ်ကိုးခု ညီလာခံတွေမှာ ပြည်နယ်တွေရဲ့ ပြိုင်ပွဲဝင် အရေအတွက်က အတူတူလောက်ပဲ … ဒါကြောင့် ဒီလို ပြဿနာမရှိခဲ့ဘူး … အခု မြေရိုင်းပြည်နယ်က လူခြောက်ယောက်က သုံးကျော့ တိုက်ခိုက်ပြီးတာတောင် ဆက်တိုက် အနိုင်ရနေတုန်းပဲ… တခြားနှစ်ယောက်က နှစ်ပွဲနိုင်ထားတယ်… သူတို့အားလုံးက နောက်ဆုံးလူ တစ်ရာထဲကို ဝင်ထိုက်သူတွေပဲ…” ရှားကလန်ခေါင်းဆောင် တစ်ယောက်က ပြောသည်။။

“အမှန်ပဲ… လူရွေးချယ်တဲ့တိုက်ပွဲက အမြဲတမ်း မျှတခဲ့ပြီးတော့ လူအရေအတွက် မမျှတတာက မြေရိုင်းပြည်နယ်ရဲ့ လိုအပ်ချက် ဆိုရင်တောင်မှ သူတို့က သူတို့ကိုယ်တိုင်အတွက် ထိုက်တန်မှုကို ကောင်းကောင်း သက်သေပြနိုင်ခဲ့ကြတယ်…” ပြည်နယ်ကိုးခု ညီလာခံမှ တစ်ယောက်က ပြောသည်။

ရှီဟွာတောင်ရှန့်ထိုက တခြားပြည်နယ်မှ လူများကို ကြည့်ကာ မေးသည်… “ခင်ဗျားတို့ရော… ဘယ်လိုထင်လဲ…”

ရှားကလန်နှင့် ပြည်နယ်ကိုးခု ကျောင်းတော်မှ ပုဂ္ဂိုလ်တို့၏ စကားက ထိုသို့ထုတ်ပြောရန် လုံလောက်သော ဖိအားများ ရှိပေသည်။ ထို့အပြင် သူက မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များအား အနိုင်ယူလိုပါက ရှီဟွာတောင်၏ အတော်ဆုံးသော လူများကို ပွဲထုတ်ရမည် ဖြစ်သည်။ သို့သော်လည်း မြေရိုင်းပြည်နယ်တွင် ပြိုင်ပွဲဝင် ရှစ်ယောက်မျှရှိကာ ရှီဟွာတောင်က ထိုရှစ်ယောက်လုံးအား အနိုင်ရနိုင်သော လူရှစ်ယောက်အား ပွဲထုတ်နိုင်မည်ဟု ယုံကြည်ချက် မရှိပေ။

“ပြည်နယ်ကိုးခု ညီလာခံကို အပိုင်း သုံးပိုင်းခွဲထားတယ်… ပထမအပိုင်းက ပြည်နယ်ကိုးခုလုံးက တပည့်တစ်ယောက်စီ တစ်ပြိုင်နက်တည်း တိုက်ခိုက်ပြီး အနိုင်ရသူ တစ်ယောက်မှအပ တခြားရှစ်ယောက်ကို ပြိုင်ပွဲမှ ထုတ်တာပဲ … ဒုတိယအပိုင်းက ပထမပိုင်းရဲ့ အဆက်လို့ပြောလို့ရပြီး လွတ်လွတ်လပ်လပ် စိန်ခေါ်နိုင်တဲ့အချိန်လည်း ဖြစ်တယ်… တတိယအပိုင်းကတော့ နောက်ဆုံးကျန်တဲ့လူ တစ်ရာအကြား ယှဉ်ပြိုင် တိုက်ခိုက်တာပဲ… မြေရိုင်းပြည်နယ်က တိုက်ပွဲသုံးပွဲစီ အနိုင်ရတဲ့လူတွေကို ကျွန်မတို့က ပြိုင်ပွဲ ဒုတိယပိုင်းသို့ပို့ရင် ဘယ်လိုလဲ…” မှန်နန်းတော်သခင်မက ပြောသည်။

“မှန်နန်းတော်သခင်မ ပြောတာ ကောင်းတယ်… ကျုပ်ထောက်ခံတယ်…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ချက်ချင်း သဘောတူသည်။ ရှီဟွာတောင်ရှန့်ထိုက သူတို့ နှစ်ယောက်လုံးအား ကြည့်သည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကား အရှေ့ဘက် ပြည်နယ်၏နံပါတ်တစ် မိန်းမလှအပေါ်တွင် စိတ်ဝင်စားနေဟန် ရသည်။

“ကောင်းပြီ… ကျောက်မဟာ ပြည်ထောင်ဘုရင်မင်းမြတ်နဲ့ မှန်နန်းတော် သခင်မတို့က ဒီလိုပြောလာမှတော့ ကျုပ်တို့က လူငယ်မျိုးဆက်တွေကို အခွင့်အရေး ပေးကြတာပေါ့… သူတို့တစ်ယောက်စီက သုံးပွဲဆက်တိုက် အနိုင်ရသူတိုင်းကို နောက်တစ်ဆင့်သို့ တက်ရောက်စေမယ်… ဒီနည်းနဲ့ မြေရိုင်းပြည်နယ်က ပြိုင်ပွဲဝင်တွေက နောက်ဆုံးအဆင့်အထိ တက်ရောက်နိုင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်…” ရှီဟွာတောင်ရှန့်ထိုက ပြောကာ ရီဖူရှင်းဘက်ကို လှည့်သည်... “မြေရိုင်းပြည်နယ်ကရော ဒီကိစ္စအပေါ် ဘယ်လိုမြင်လဲ…”

“တကယ်လို့ စီနီယာက မြေရိုင်းပြည်နယ်ကို ဒီလို အခွင့်အရေး ပေးမယ်ဆိုရင် ကျွန်တော်က ငြင်းပယ်စရာ မရှိပါဘူး… မြေရိုင်းပြည်နယ်က တပည့်တွေအစား စီနီယာကို ကျေးဇူးတင်ပါတယ်... ” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။

သည်ဆုံးဖြတ်ချက်က သူတို့အားလုံးအတွက် ကောင်းမွန်ပေသည်။ ယူချင်းနှင့် ဟွာဂျီယူတို့ကလည်း တိုက်ပွဲများဆက်တိုက် တိုက်ခိုက်ကာ မပင်ပန်းရတော့ပေ။ သူတို့က သုံးပွဲ အနိုင်ရပြီးသည်နှင့် တခြားပြည်နယ်မှ လူများ တိုက်ခိုက်သည်ကို အေးအေးဆေးဆေး နားကာ စောင့်ကြည့်နိုင်ပေမည်။

“ဘယ်သူမှ မငြင်းဘူးဆိုရင် ဒီလိုပဲ ဆုံးဖြတ် လိုက်ကြတော့မယ်… မြေရိုင်းပြည်နယ်က သုံးပွဲဆက် နိုင်ထားတဲ့ လူခြောက်ယောက် ရှိနေပြီဆိုတော့ သူတို့က နောက်တစ်ပွဲ ထပ်တိုက်စရာ မလိုတော့ဘူး… နောက်ထပ် ကျန်တဲ့နှစ်ယောက်က နောက်တစ်ပွဲစီ အနိုင်ရရင် အနိုင်ရတဲ့လူက နောက်တစ်ဆင့် တက်ရမယ်…” ရှီဟွာတောင် ရှန့်ထိုက ပြောသည်။

ရှီဟွာတောင် ရှန့်ထို၏နောက်မှ လျူကျောင်းက ရီဖူရှင်းအား လှမ်းကြည့်သည်။ မြေရိုင်းပြည်နယ်၏စွမ်းဆောင်ရည်က သူ့အား အမှန် အံ့အားသင့်စေသည်။

နောက်ထပ် ကျန်သောနှစ်ပွဲအား အထူးအထွေ ပြောနေစရာ မလိုတော့ပေ။ ယိရှောင်ရှီနှင့် ကျွေ့ချိန်ချူတို့က တိုက်ပွဲအား အလွယ်တကူ အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ကြသည်။

ဤနည်းဖြင့် မြေရိုင်းပြည်နယ်ကား ပထမအဆင့် တိုက်ပွဲများတွင် ဆက်လက် ယှဉ်ပြိုင်စရာ မလိုတော့ဘဲ​ တခြားပြည်နယ် ရှစ်ပြည်နယ်က ဆက်လက် ယှဉ်ပြိုင် တိုက်ခိုက်ကြသည်။

“ပြည်နယ်ကိုးခုမှာ ရင့်သန်တဲ့ လောကဓာတ်ကို ပိုင်ဆိုင်သူ အများကြီးပဲ… ယူချင်း… မင်းက အခု တိုက်ခိုက်စရာ မလိုဘူး ဆိုပေမဲ့ ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းတွေကို လေ့လာဖို့လိုတယ်... ” ရီဖူရှင်းက ပြောသည်။

ဤမတိုင်မီ တိုက်ပွဲများတွင် ချုပ်နှောင်ခြင်းဓာတ်၊ အလင်းဓာတ်၊ ဝါးမျိုခြင်းဓာတ်နှင့် အခြား ရှားပါးဓာတ်များကို နားလည် ဆင်ခြင်သူများ ရှိခဲ့သည်။ ထို့ကြောင့် နောက်ထပ် ထိုသို့လူများစွာ ထပ်ပေါ်လာဦးမည် ဖြစ်သည်။ ပြည်နယ်ကိုးခု ညီလာခံတွင် စုစုပေါင်း ပွဲငါးဆယ်ခန့်မျှသာ တိုက်ရသေးသည် မဟုတ်ပါလား။ ပြောရလျှင် ပြည်နယ်ကိုးခု ညီလာခံကား အစပိုင်းသာ ရှိသေးသည်။

“အမှန်ပဲ…” ယူချင်းက ခေါင်းညိတ်သည်။ တခြားလူများကလည်း ရီဖူရှင်း၏သဘောကို နားလည်ကြ၏။ သူတို့က မြေရိုင်းဒေသ ဧည့်သည်နေရာတွင် ထိုင်နေကြကာ တိုက်ပွဲများကို တိတ်ဆိတ်စွာ လေ့လာ ကြည့်ရှုကြသည်။ ထင်မှတ်ထားသည့်အတိုင်း ပိုမို အားကောင်းသည့်လူများ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ နွေဦးပြည်နယ်၏ ပြည်နယ်ကိုးခု ကျောင်းတော်၊ ချီပြည်နယ်၏ ကျိရှားနန်းတော်၊ စစ်ဘုရင်ပြည်နယ်၏ တော်ဝင် ဘုရားကျောင်းတို့နှင့် တခြား တော်ဝင်မြေများမှ ထူးခြား ထက်မြက်သောလူများ အများအပြား ထွက်ပေါ် လာကြသည်။

တိမ်တိုက်ပြည်နယ်၏ တောင်တန်း တစ်ထောင်ဒေသမှ အလွန်အမင်း အားကောင်းသော လူတစ်ယောက် ပေါ်ထွက်လာခဲ့၏။

စစ်ဘုရင်ပြည်နယ်၏ ဗာဂျရာဒေသမှ တန်ခိုးရှင် တစ်ယောက်ကလည်း ဗုဒ္ဓလက်ဝါးကို ထုတ်ဖောက်ကာ ကြီးမားသော ခွန်အားဖြင့် တိုက်ပွဲအား အနိုင်ယူခဲ့သည်။ ထိုတန်ခိုးရှင်၏ ခန္ဓာကိုယ်ကား အလွန်အမင်း မာကြောကာ ကြောက်မက်ဖွယ် ကောင်းအောင် ခွန်အား ကြီးမားပေသည်။

ကနဦး တိုက်ပွဲများကား သုံးရက်မျှ ကြာမြင့်ခဲ့ပေသည်။ ထိုသုံးရက်တွင် စွမ်းရည် အမြင့်ဆုံးသော လူများ ထွက်ပေါ်လာခဲ့ကြသည်။ အရှေ့ဘက်ပြည်နယ်မှ လာရောက် ကြည့်ရှုကြသော ပရိသတ်များစွာက စိတ်လှုပ်ရှား ပျော်ရွှင်ကြရသည်။ နိုဘယ်များ၏ တိုက်ပွဲက မျက်လုံးဖြင့်သာ မမြင်ရလျှင် သည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ဟု ထင်မိမည်မဟုတ်ပေ။ အချို့သော ပါရမီရှင်များကား နိုဘယ် အဆင့်မျှဖြင့်ပင် လောကဓာတ်ကို အလွန်ကျင်လည်စွာ အသုံးပြုနိုင်ကြသည်။

ပြည်နယ်ကိုးခုလုံးမှ ပြိုင်ပွဲဝင်များ တဖြည်းဖြည်း ပိုမိုနည်းပါးလာပြီ ဖြစ်သည်။ အရှေ့ဘက်ပြည်နယ်၊ နွေဦးပြည်နယ်၊ ချီပြည်နယ်နှင့် စစ်ဘုရင်ပြည်နယ်တို့က တခြား ပြည်နယ်များထက် အရေအတွက် များပြားပေသည်။ မြေရိုင်းပြည်နယ်က လူအနည်းဆုံး ဖြစ်သည်ကတော့ ပြောနေစရာပင်မလို။ မြေရိုင်းပြည်နယ်အပြင် ယွီပြည်နယ်နှင့် ပင်လယ်ပြည်နယ်တို့ ကလည်း ပိုမိုနည်းပါးသော ပြိုင်ပွဲဝင်များ ကျန်ရှိပေသည်။

အရှေ့ဘက် ပြည်နယ်မှလွဲ၍ တခြားပြည်နယ်များ အားလုံးမှ ပြိုင်ပွဲဝင်များ အားလုံးက  ကနဦးတိုက်ပွဲများကို ဝင်ရောက် တိုက်ခိုက်ပြီး ဖြစ်ကြသည်။ တိုက်ပွဲတွင် မပါဝင်ရသေးသူများကား လူတစ်ရာ ဝန်းကျင်ခန့်သာ ကျန်တော့၏။ ထိုလူများကား ပြည်နယ်ကိုးခု ညီလာခံတွင် ပါဝင်ရန် အရှေ့ဘက် ပြည်နယ်အနှံ့မှ လာရောက်ကြသူများ ဖြစ်ကြသည်။

“မင်းတို့အားလုံးက ပြိုင်ပွဲဒုတိယပိုင်းရဲ့ စည်းမျဉ်းတွေကို သိလိမ့်မယ်လို့ ကျုပ်ထင်တယ်… အရှေ့ဘက်ပြည်နယ်က ကျန်တဲ့လူတွေက တခြားပြည်နယ်က လူတွေကို စိန်ခေါ်လိမ့်မယ်… အနိုင်ရတဲ့လူက ကျန်ရစ်နိုင်ပြီး ရှုံးတဲ့လူက ထွက်ရမယ်… သူတို့က တခြားပြည်နယ်က လူတွေကို စိန်ခေါ်တာ ပြီးသွားရင် ပြည်နယ်ကိုးခုလုံးက လူတွေက နောက်ဆုံးလူတစ်ရာ ကျန်တဲ့အထိ အချင်းချင်း စိန်ခေါ်ကြရမယ်…” ပြိုင်ပွဲကြီးကြပ်သူက ပြောသည်။ သည်စည်းမျဉ်းကလည်း ယခင်ပြည်နယ်ကိုးခု ညီလာခံ၏ လုပ်ထုံးလုပ်နည်း အတိုင်းသာ ဖြစ်သည်။ အပိုကျန်ရစ်သူများက ရွေးချယ်ခံများကို ထပ်မံစိန်ခေါ်ကာ အနိုင်ရပါက ထိုနေရာများ၌​ အစားထိုး ဝင်ယူနိုင်ပေသည်။

“ပြီးတော့ မြေရိုင်းပြည်နယ်ကလည်း ဒီတစ်ဆင့်မှာ ပြိုင်ပွဲ စည်းမျဉ်းအတိုင်း ဆက်လက် ယှဉ်ပြိုင်ရပါမယ်…” ကြီးကြပ်သူက မြေရိုင်းပြည်နယ်ဘက်ကို ပြောသည်။

ပြည်နယ်ကိုးခုမှ လူများအားလုံးက အနည်းငယ် စိတ်လက်မပါသော အမူအရာများအား မြင်ကြရသည်။ နောက်ထပ်လာမည့် စိန်ခေါ်ပွဲတစ်ရာခန့်ကား သိပ်ခက်ခဲသည့်အရာ မဟုတ်ပေ။ မည်သို့ဆိုစေ လက်ရှိ ကျန်ရစ်သူများ အားလုံးကား ကနဦးတိုက်ပွဲများကို အနိုင်ရပြီးသော တော်ဝင်မြေများမှ ပါရမီရှင်များ မဟုတ်ပါလား။ အရှေ့ဘက်ပြည်နယ် အနှံ့မှ လာရောက်သူများကား တော်ဝင်မြေမှ မဟုတ်သလို ထိုသို့ လူများထဲတွင်လည်း လောကဓာတ်ကို ရင့်သန်နိုင်စွမ်းသော ထူးကဲသော ပါရမီရှင်များကလည်း ပါဝင်နိုင်ခြေ အလွန် နည်းပါးပေသည်။ သည်တိုက်ပွဲများက တစ်ဦးချင်း စိန်ခေါ်ပွဲလည်းဖြစ်ရာ သူတို့အား အနိုင်ယူရသည်မှာ အလွန် လွယ်ကူပေသည်။ သို့သော် သည်တိုက်ပွဲပြီးနောက် ပြည်နယ်အချင်းချင်း စိန်ခေါ်ပွဲများတွင် အနည်းငယ် ခက်ခဲပေတော့မည်။

“မတိုက်ခိုက်ရသေးတဲ့ အရှေ့ဘက် ပြည်နယ်က လူတွေက အခု တခြားပြည်နယ်က ရွေးချယ်ခံရပြီးသား လူတွေကို စပြီး စိန်ခေါ်နိုင်ပြီ…” ပြိုင်ပွဲကြီးကြပ်သူ အကြီးအကဲက ကြေညာသည်။

တခြားပြည်နယ်မှ လူများအားလုံး၏ မျက်နှာများတွင် အပြုံးများကို မြင်ကြရသည်။ သူတို့က အရှေ့ဘက်ပြည်နယ်မှ လူတစ်ရာခန့်အား ဂရုမစိုက်သည်မှာ သေချာ၏။

ထိုစဉ်မှာပင် ကွင်းထဲကို လူတစ်ယောက် ဝင်လာသည်။ လူအများအပြားက သူမအား မြင်သည်တွင် မသက်မသာ ခံစားကြရသည်။ သူတို့အားလုံးက သူမအား မြင်ဖူးကြကာ ယခု သူမက ကွင်းထဲသို့ ဝင်လာသည်ကို မြင်ရသည်မှာလည်း အလွန်ထူးဆန်းသော ခံစားမှုတစ်ရပ်ကို ဖြစ်ပေါ်စေသည်။

ကွင်းထဲကို ဝင်လာသူကား ရှီဟွာတောင်ခြေရှိ လောက ခေါင်းလောင်းကို လာရောက် တီးခတ်ခဲ့သော ထူးဆန်းသော မိန်းမငယ်လေးပင် ဖြစ်သည်။ သူမ၏မျက်နှာက အနည်းငယ် ကလေးဆန်သော အငွေ့အသက်များ ရှိနေကာ မျက်နှာက အလွန်သန့်စင်နေသော ပုံဟန်ရှိသည်။ သူမတွင် ဖြူဖွေးသော အသားအရေကို ပိုင်ဆိုင်ထားပြီး ဆံပင်များအား ကျစ်ဆံမြီး ကျစ်ထားရာ အရုပ်ကလေးနှင့်ပင် တူလှသည်။

“အဲဒီ မိန်ကလေးလား…” ပရိသတ်များစွာက အံ့အားသင့်ကြရသည်။ သူမကား ဦးဆုံးထွက်လာသူ ဖြစ်သည်။ သူမက လောကခေါင်းလောင်းကို တီးခတ်ခဲ့သည် ဆိုသည့်တိုင် သည်မျှ ငယ်ရွယ်သော မိန်းကလေးက မည်သို့ တခြားပြည်နယ်မှ ပါရမီရှင်များအား တိုက်ခိုက်မည်နည်း။

“ရာရာ … သူတို့ကို ရိုက်ပစ်လိုက်…” လူအုပ်ထဲမှ အဘိုးအို တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်သည်။ လူအများအပြားက အဘိုးအိုအား စိတ်ပျက်စွာ ကြည့်ကြသည်။ သည်နေရာကား ပြည်နယ်ကိုးခု ညီလာခံဖြစ်၏။ သူက အရိုင်းအစိုင်းလား … မသိတတ်သည်လား....။

မိန်းကလေးငယ်ကား အဘိုးအို၏အော်သံကို ကြားဟန်တူကာ လူအုပ်ထဲကို လှမ်းကြည့်ပြီး ခေါင်းညိတ်သည်… “ဟုတ်ကဲ့ပါ… ကျေးရွာခေါင်းဆောင်…” ထို့​နောက် သူမက ပြည်နယ်ကိုးခုမှ လူများကို လှည့်ပတ်ကြည့်ကာ ပြောသည်… “အခု ရှင်တို့ထဲက ဘယ်သူက ထွက်လာပြီး ကျွန်မနဲ့ ရင်ဆိုင်မှာလဲ…”

ဧည့်ကြည့်စင်မှ ပုဂ္ဂိုလ်ကြီးများစွာက မိန်းကလေးငယ်၏ အပြုအမူတွင် ပြုံးမိကြရသည်။

“သူမက ဘယ်လို လူရွေးချယ်မှုကို ဖြတ်ကျော်ပြီး ပြည်နယ်ကိုးခု ညီလာခံကို ရောက်လာတာလဲ…” တစ်ယောက်က မေးသည်။

ရှီဟွာတောင် ရှန့်ထိုသုံးပါး၏ အမူအရာများကလည်း ထူးဆန်းနေသည်။ အသက် ဆယ့်ငါးနှစ်အရွယ် မိန်းကလေးက လောကဓာတ်အား နားလည် ဆင်ခြင်နိုင်သည်....။ ထို့အပြင် ကျေးရွာခေါင်းဆောင် ဆိုသူကရော....။

ထိုသို့သောလူက အမှန်ပင် အရှေ့ဘက်ပြည်နယ်၌ ရှိနေသလော။

ပြည်နယ်ကိုးခုမှ လူများက မိန်းကလေးငယ်၏ စကားကို မည်သူမှ ပြန်မပြောကြပေ။ သည်မိန်းကလေးငယ်အား အနိုင်ယူခြင်းက မည်သို့မှ ဂုဏ်ယူစရာ မဟုတ်သလို တစ်ဖက်တွင် သည်မိန်းကလေးထံ၌​ ရှုံးနိမ့်ခဲ့ပါကလည်း ကြီးစွာ အရှက်ရဖွယ် ကောင်းပေလိမ့်မည်။

ရီဖူရှင်းက သူမအား စိတ်ဝင်စားစွာ ကြည့်သည်။ လူအများအပြားက မြေရိုင်းပြည်နယ်အား အထင်သေးသလို သည်မိန်းကလေးအား အထင်သေးကြသည်။ ထိုအရာက သာမန်လူများတွင် ရှိနေတတ်သော အတွေးများ ဖြစ်ပေ၏။ မည်သို့ဆိုစေ သူမကား မိန်းကလေးငယ်လေး တစ်ယောက်သာ ဖြစ်သည်။ သူမက မွေးကင်းစကတည်းမှ စတင်လေ့ကျင့်လျှင်ပင် သူမ၏စွမ်းရည်က အကန့်အသတ် ရှိပေမည်။ ဤကား အများစု၏ အတွေးဖြစ်သည်။ သို့သော်လည်း သည်မိန်းကလေးက သာမန်မဟုတ်သည်ကို ရီဖူရှင်း ခံစားမိသည်။ သူ၏လွတ်လပ်ခြင်း ကျင့်စဉ် အငွေ့အသက်ကိုပင် ဖမ်းမိနိုင်သော သည်မိန်းကလေး၏ အာရုံခံစားမှုကား ကြောက်မက်ဖွယ် ကောင်းအောင် မြင့်မားပေသည်။ ထိုအရာကပင် တန်ခိုးရှင် တစ်ယောက်အတွက် တန်ခိုးကျင့်ရာ၌ ကြီးမားသော အခန်းကဏ္ဍ၌​ ပါဝင်နေသည် မဟုတ်ပါလား။

ပို၍​ တိတိကျကျ ပြောရလျှင် သူမတွင် မွေးရာပါ ထူးခြားသော ပါရမီများ ရှိနေသည်။

မိန်းကလေးက မည်သူမှ ပြန်မပြောသည်ကို မြင်လျှင် ဟိုဟိုဒီဒီ လိုက်ကြည့်ကာ နောက်ဆုံးလူ တစ်ယောက်အား လက်ညှိုးထိုးကာ ပြောသည်… “ကောင်းပြီ .... ဒါဆိုလည်း ကျွန်မက ရှင့်ကို ရွေးမယ်… ”

သူမက လက်ညှိုးထိုးလိုက်သူကား ဖုန်းပြည်နယ်မှ တာလျိုတောင်၏ တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူကား တာလျိုတောင်၏ ထူးချွန်သော တပည့်တစ်ယောက် ဖြစ်ပြီး ရင့်သန်သော လောကဓာတ်အား ပိုင်ဆိုင်သည်။

“ဒီမိန်းကလေးက ဘာလဲ…” လူအများအပြားက ဆွံ့အကြရသည်။ သူမက သည်နေရာကို လာရောက် ဆော့ကစားသည် များလား....။ သူမက တိုက်ပွဲများကို ကြည့်နေရမည် ဖြစ်ကာ အားအနည်းဆုံးသူကို ရွေးသင့်သည် မဟုတ်ပါလား။ ယခု သူမရွေးလိုက်သူကား ထက်မြက်သူများထဲ၌​ပါဝင်ပေသည်။

တာလျိုတောင် တန်ခိုးရှင်က ရှေ့ကို တက်လာသည်။ သူ၏မျက်လုံးများက သိန်းငှက်မျက်လုံးများ ကဲ့သို့ ထက်ရှကာ နှခေါင်းက ချွန်သည်။ စုတ်ချွန်းချွန်း မျက်နှာပေါ်တွင် ကွေးကောက်သော မျက်ခုံးများက သူ့အား အလွန်တရာ အကြည့်ရ ဆိုးစေ၏။

“ဘာလို့ ငါ့ကို ရွေးတာလဲ…” တာလျိုတောင်၏ တပည့်က မိန်းကလေးကို မေးသည်။

“ရှင်က အရုပ်ဆိုးလို့…” မိန်းကလေးက မျက်နှာသေဖြင့် ပြောသည်။

“…” လူအများအပြားက သူမ၏စကားတွင် အံ့အားသင့်ကြရသည်။ သူမရွေးရသည့် အကြောင်းပြချက် ကလည်း သူတို့အား ဆွံ့အစေသည်။ တန်ခိုးရှင် ယောက်ျားများကား ရုပ်ရည်ကို သိပ်ဂရုစိုက်လေ့ မရှိကြပေ။ သို့သော်လည်း သူမရွေးလိုက်သည့် တာလျိုတောင် တပည့်ကား အမှန်ပင် အရုပ်ဆိုးလွန်း လှပေသည်။

ထို့ကြောင့်ပင် သည်မိန်းကလေးက သူ့အား ရွေးချယ် စိန်ခေါ်ခဲ့သည်လား....။

***

All Chapters