← Chapters

ကောင်းကင်ဘုံသို့လမ်းကြောင်း

Vol. 49 Ch. 674

ကောင်းကင်ဘုံသို့လမ်းကြောင်း

Vol. 49 Ch. 674

“ငါ့ရဲ့အာရုံခံစားမှု မှားယွင်းတာများလား။ ဒါမှမဟုတ် တစ်ညလုံး ရှော့ခ်ရိုက်ခံရပြီးတော့ ငါ့တစ်ကိုယ်လုံး ထုံကျင်သွားတာများလား”

ကျန်းရီက ကြောင်အစွာ မျက်တောင်ခတ်လျက် မိုးကြိုးတောင်တန်းအတွင်းသို့ မိုးကြိုးမီး စတင်ဆုတ်ယူနေပြီဆိုတာကို တွေ့လိုက်ရသည်။ ၎င်းကို ထပ်စမ်းသပ်ရန် အချိန်မရတော့ပေ။ သူက မိုးကြိုးကျောက်တုံးများကို သွားရောက်စုဆောင်းတော့၏။

ထင်သည့်အတိုင်းပင် မိုးကြိုးကျောက်တုံး ရှစ်ရာဝန်းကျင်ကို စုဆောင်းပြီးနောက် အနောက်အရပ်ကနေ အသံများ ကြားလိုက်ရ၏။ အဖွဲ့မှူးဆယ်ယောက်၏ လက်အောက်ငယ်သားများက ပျံသန်းလာရာ ကျန်းရီက ချက်ချင်းလှည့်ပြေးပြီး မိုးကြိုးတောင်ကြားအတွင်း တစ်ဟုန်ထိုးဝင်ကာ တောင်တန်းများအတွင်း ပျောက်ကွယ်သွားတော့၏။

နှစ်နာရီကြာ အချိန်သုံးပြီးနောက် ကျန်းရီသည် မိုးကြိုးတောင်ကြား၏ အနက်ဆုံးအပိုင်းသို့ ရောက်သွားတော့သည်။ သူ၏ပုံမှန်နေရာကို ရှာတွေ့ပြီးနောက် တောင်ထွတ်ပေါ်ရှိ ဂူလေးထဲသို့ ပျံသန်းသွား၏။ ထိုနေရာကို မိုးကြိုးမီးက ရစ်ဝဲနေသည်။ ထိုထက်ပိုသည်က သူက တောင်လယ်တွင်ရှိနေ၏။ မိုးကြိုးပစ်ခဲ့လျှင် သူ့ကိုထိနိုင်မှာမဟုတ်။ ဤနေရာက ပုန်းကွယ်ရန်အတွက် အကောင်းဆုံးနေရာဖြစ်သည်။

“ငါဒါကိုစမ်းကြည့်ရုံပဲ”

သူသည် အစောတုန်းက ကြိုးစားကြည့်ရန် အချိန်မရခဲ့ပေ။ သို့သော် ယခုအချိန်၌ လုံခြုံနေပြီဖြစ်သည်။ ကျန်းရီက သူ၏အမြင်အာရုံ ဝေဝါးခြင်းပင်လော။ သို့မဟုတ် သူ၏ခန္ဓာကိုယ် ထုံကျင်နေခြင်းလားဟူ၍ စစ်ဆေးရန် ချက်ချင်း ပြင်ဆင်လိုက်တော့သည်။ သူက မိုးကြိုးကျောက်တုံး တစ်တုံးကိုထုတ်ပြီး အတွင်းအားတစ်မျှင်ဖြင့် ၎င်းကိုကရုတစိုက် သန့်စင်လိုက်သည်။ ချီ ချီ ဟူသော အသံကို ကြားလိုက်ရပြီး လျှပ်စီးများက သူ၏ခန္ဓာကိုယ်ထဲ ကြုံသလို ပစ်ကျတော့သည်။

“ဒါက”

သူ၏မျက်လုံးက ပြူးကျယ်သွားပြီး အာရုံခံမိတာ မမှားတော့ပေ။ သူ၏ခန္ဓာကိုယ်က အမှန်တကယ်ပင် မတုန်ယင်တော့ချေ။ ခန္ဓာကိုယ်ထဲ၌ နာကျင်မှုက လျော့သွားလေ၏။ သူသည် မနေ့ညက မိုးနှင့်မြေ တစ်သားထဲ အခြေအနေထဲသို့ ဝင်ရောက်သည့်အချိန်၌ ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကိုတောင် မခံစားမိချေ။ ထို့ကြောင့် သူမသိနိုင်တာဖြစ်သည်။

“ငါ့ရဲ့ခန္ဓာကိုယ်က မိုးကြိုးစွမ်းအင်ကို တကယ်ခုခံနိုင်တာလား။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တူညီတဲ့ဆေးကို သောက်တာများလို့ ဆေးအာနိသင်ကို ခန္ဓာကိုယ်က ခုခံလာနိုင်တာမျိုးပဲလား။ ဒါမျိုးဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ့အပြင် တစ်ညထဲပဲလေ”

ကျန်းရီက စိတ်လှုပ်ရှားသွား၏။ သူသည် ခန္ဓာကိုယ်ကို စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့၏။ ကြိမ်ဖန်များစွာ စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို အသုံးပြုခဲ့သည်။ တစ်နာရီကြာ စစ်ဆေးပြီးနောက် သူ၏ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို ရှာမတွေ့နိုင်သေးဘဲ ယခင်ကနှင့် တူညီသေးဆဲဖြစ်သည်။

သူသည် မိုးကြိုးကျောက်တုံးများကို ထပ်မံသန့်စင်ပြီးနောက် နာကျင်မှုက သေချာပေါက် လျော့သွားကြောင်း ကောက်ချက်ချခဲ့သည်။ မနေ့ညကကဲ့သို့ပင် မိုးကြိုးစွမ်းအင်က သူ၏ခန္ဓာကိုယ်ထဲ တကွဲတပြားစီ ဝင်သွား၏။ သို့သော် နာကျင်မှုကို ခုခံခြင်းမှအပ ကျန်သည်များ ပြောင်းလဲသွားတာမရှိပေ။

“ဒါကို သန့်စင်နေတဲ့အချိန် အတွင်းအားကို တိုးကြည့်လိုက်မယ်”

ကျန်းရီက ဆုံးဖြတ်ချက်ချလိုက်ပြီး အတွင်းအားကို နှစ်ဆတိုးမြင့်လိုက်၏။ ပြင်းထန်သည့် လျှပ်စီးက ခန္ဓာကိုယ်ထဲ ဝင်လာပြီးနောက် တုန့်ပြန်မှုကို ဖြစ်ပေါ်လာစေ၏။ တစ်ကိုယ်လုံးက ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရပြီး ဝက်ရူးပြန်သည့်ပမာ ထပ်မံတုန်ယင်နေတော့သည်။ နာကျင်မှု ပြေလျော့သွားသည့်အချိန်၌ ကျန်းရီက အကြိမ်ရေအနည်းငယ် ၎င်းကိုဆက်လက်စမ်းသပ်ခဲ့ရာ နောက်ဆုံးတွင် ကောက်ချက်ချနိုင်ခဲ့၏။

တစ်ညလုံး ထိတ်လန့်သွားပြီးနောက် သူ၏ခန္ဓာကိုယ်သည် မိုးကြိုးကို ခုခံလာနိုင်၏။ ခုခံမှုက အားနည်းသေးသော်ငြား ခွန်အားက အမှန်တကယ် တိုးလာသည်။

နောက်ထပ် မေးခွန်းတစ်ခု ရှိလာ၏။

လူ့ခန္ဓာကိုယ်သည် ညင်းပန်းမှုနှင့် နာကျင်မှုကို ဆက်တိုက် ခံရသည့်အချိန်၌ နာကျင်မှုအပေါ် ခုခံမှုသည် တစ်စုံတစ်ယောက်က သံမဏိသဲလက်ဝါးကို လေ့ကျင့်နေချိန်ကဲ့သို့ သေချာပေါက် တိုးလာ၏။ အစတွင် လက်နှစ်ဖက်က သဲပူထဲ နစ်ဝင်သွားချိန်၌ အင်မတန်နာကျင်ပြီး ဆက်တိုက် လေ့ကျင့်ပြီးနောက် လက်က သံမဏိကဲ့သို့ မာကြောလာပေမည်။

သို့သော် နှစ်ပေါင်းများစွာ ထပ်ခါတလဲလဲ လေ့ကျင့်ပြီးမှသာလျှင် ခန္ဓာကိုယ်က အနည်းငယ် ပြောင်းလဲလာပြီး ထိုကဲ့သို့ရလဒ် ဖြစ်ပေါ်စေတာပဲဖြစ်၏။ ယင်းက လူ့ခန္ဓာကိုယ် တစ်ခုလုံး၏ သဘာဝဆင့်ကဲ ပြောင်းလဲမှုဖြစ်စဉ်ဖြစ်သည်။ ကျန်းရီသည် ညတွင်းချင်း မိုးကြိုးနှင့်လျှပ်စီးကို ခုခံမှုက အဘယ့်ကြောင့် တိုးတက်လာရသနည်း။

“နဂါးညှိုးရော်မြက် နဂါးညှိုးရော်မြက်ကြောင့်ပဲ ဖြစ်ရမယ်”

ကျန်းရီက ခဏတဖြုတ် စဉ်းစားပြီးနောက် နဂါးညှိုးရော်မြက်မှအပ ကျန်သည့်ဖြေရှင်းချက် မရှိတာကို သိလိုက်ရသည်။ နဂါးညှိုးရော်မြက်က သူ့ခန္ဓာကိုယ်၏ ချီသွေးကြော၊ အရိုးနှင့် အသားများကို ပြန်လည်ဖွဲ့စည်းပုံနှင့် သူ၏ဒုက္ခိတဖြစ်နေသော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို ပြင်ပေးခဲ့ကာ သူ၏ကျင့်ကြံမှုကို ဆယ်ဆတိုးမြှင့်ပေးခဲ့ကြောင်း မှတ်မိသွားသည်။ နဂါးညှိုးရော်မြက်ပင်၏ အာနိသင်က ထိုသို့ပြုလုပ်ပေးလိုက်ပုံရသည်။ သူ၏ခန္ဓာကိုယ်ကို မိုးကြိုးနှင့်လျှပ်စီးကို ရင်ဆိုင်ရာ၌ ခုခံမှုတစ်ခု လျှင်မြန်စွာ ဖွဲ့စည်းပေးနိုင်သည်။ နောက်ထပ်ဆန်းကြယ် ပဉ္စလက်ဆန်သည့် အရာမရှိသောကြောင့် ဖြစ်၏။

“မိုးကြိုးနှင့် လျှပ်စီးအပေါ် ခုခံမှုတိုးလာတာ ဆိုးရွားတဲ့အရာမဟုတ်ဘူး။ ဟား ဟား ငါနောက်တစ်ခေါက် မိုးကြိုးအပစ်ခံရတဲ့အချိန် စုတ်ပြတ်သပ်နေတော့မှာ မဟုတ်ဘူး။ တော်ပြီ စိတ်ထဲမထားတော့ဘူး။ ငါ့အတွင်းအား ကျင့်ကြံရမဲ့အချိန်ရောက်ပြီ”

ကျန်းရီက သူ၏ခန္ဓာကိုယ် အဆင်ပြေကြောင်း စစ်ဆေးပြီးနောက် ရေရွတ်ပြောကာ စိတ်ထဲမထားတော့ပေ။ ပြီးနောက်သူ၏ နေ့စဉ်ပုံမှန် လမ်းကြောင်းအတိုင်း အတွင်းအားကို ပုံမှန်လေ့ကျင့်တော့၏။

သို့သော် မျက်လုံးမှိတ်လိုက်သည်နှင့် မျက်လုံးက ရုတ်တရက် ပြူးကျယ်စွာ ပွင့်သွားကာ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ခါသွား၏။ သူက ပေါင်ကိုရိုက်ပြီးနောက် ပြောလိုက်၏။

“ငါက ဝက်ပဲ။ ငါကမိုးကြိုးနဲ့ လျှပ်စီးရဲ့ ခုခံမှုတွေ တိုးမြှင့်နိုင်ခဲ့မယ်ဆိုရင် မိုးကြိုးတွေကို ကြောက်စရာမလိုတော့ဘူး။ မိုးကြိုးမီးကို စုပ်ယူနိုင်ပြီပဲ ဟား ဟား ဟား”

မိုးကြိုးမီး

ယင်းက တမလွန်လောက တစ္ဆေမီးလျှံထက်တောင် ပိုတောင်ပူပြင်းသည့် အာဏာရှင် ဆန်းကြယ်မီးတစ်မျိုးဖြစ်ကာ အဖွဲ့မှူးဆယ်ယောက်ကတောင် ၎င်းနားမချဉ်းကပ်ရဲချေ။ မိုးကြိုးမီးကို စုပ်ယူရန် အကြံရှိခဲ့ဖူးသည်။ သို့သော် မိုးကြိုးမီးထဲ၌ မိုးကြိုးသွားများ ရှိနေ၏။ ၎င်းကိုစုပ်ယူရန် မဆိုထားနှင့် ၎င်းနှင့်မီတာသုံးရာအတွင်းတောင် သူမသွားနိုင်ပေ။

ယခုမူ မတူတော့ပေ။ သူက မိုးကြိုးကျောက်တုံးများကို သန့်စင်နိုင်ပြီး မိုးကြိုးနှင့် လျှပ်စီးအပေါ် သူ့ခန္ဓာကိုယ်၏ ခုခံမှုကို ဖြည်းဖြည်းချင်း တိုးမြှင့်နိုင်၏။ သူ၏ခန္ဓာကိုယ်က သာမာန် မိုးကြိုးစွမ်းအင်ကို ကြောက်စရာ မလိုတော့သည့်အချိန်၌ မိုးကြိုးမီးကို လွယ်လင့်တကူ စုပ်ယူနိုင်မှာပဲဖြစ်သည်။ ပြီးနောက် မိုးကြိုးမီးကို သန့်စင်ရန် ဘုံကိုးဘုံ ကြယ်ပွင့်၏ စွမ်းအင်ကို အသုံးပြုနိုင်၏။

မိုးကြိုးမီးက ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်ရာ ၎င်းကိုကျန်းရီ သန့်စင်ပြီးနောက် မည်မျှကြောက်မက်ဖွယ် ကောင်းလာမည်နည်း။ ကျန်းရီက မမှန်းဆရဲချေ။ သို့သော် ကောင်းကင်ဧကရာဇ်များကို ရှင်းထုတ်ပစ်ရန် လွယ်ကူလိမ့်မည်။

“ဟား ဟား ဟား ဟား”

ကျန်းရီက ကောင်းကင်ကို မျက်နှာမူလျက် ရယ်မောခဲ့၏။ ကုန်လွန်ခဲ့သည့် ရက်များအတွင်း စိတ်ဓာတ်ကျမှုကို ခံစားခဲ့ရသည်။ သူကမိုးကြိုးမီးကို စုဆောင်းနိုင်သ၍ အဖွဲ့မှူးဆယ်ယောက်ကို ကြောက်စရာမလိုတော့ပေ။ အနည်းဆုံးတော့ ပါ့တောက်နှင့် ကျန်သည့်သူများကို လျစ်လျူရှုထားနိုင်ပြီဖြစ်သည်။

သူ၏တစ်ကိုယ်လုံးကို မိုးကြိုးမီးဖြင့် လွှမ်းခြုံနိုင်လျှင် သူနှင့်ဆယ်မိုင်အတွင်း မည်သူက ကပ်ရဲမည်နည်း။ မြင့်မားသော အပူဒဏ်ကို မည်သူက ခံနိုင်မည်နည်း။ သူက ပါ့တောက်နှင့် အဖွဲ့မှူးလုံကို သတ်ဖြတ်ဖို့ရာ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ရှာတွေ့ပြီး အားလုံးကို ပြောင်းလဲသွားအောင် လုပ်နိုင်လောက်သည်။

ကျန်းရီတွေးနေစဉ် ခန္ဓာကိုယ်က မယုံနိုင်စရာကောင်းလောက်အောင် ထပ်မံတုန်ယင်လာ၏။ သူက ကောင်းကင်မိုးကြိုးမြို့ထဲ၌ ဆက်လက် နေထိုင်နိုင်သ၍ မိုးကြိုးကျောက်တုံးများ ရရှိနိုင်မည်ဖြစ်ကာ ကုသိုလ်မှတ်များစွာနှင့် ဆက်လက် လဲလှယ်နိုင်မည်။ ထိုအချိန်ရောက်လျှင် ရှန်းစီကျွန်း၌ နေထိုင်ရန်ကတောင် ပြဿနာမဟုတ်လောက်တော့ပေ။

ရှန်းစီကျွန်းက မိုးနှင့်မြေ အစီအနှစ်စွမ်းအင်၏ စုစည်းခြင်းကို ဆယ်ဆတိုးထားပြီး ကောင်းကင်ဧကရာဇ် နန်းတော်နှင့် သူ၏ပြစ်ချက်မဲ့ ဖွဲ့စည်းပုံပါ ပေါင်းလိုက်လျှင် ကျင့်ကြံမှုအရှိန် အဆတစ်ထောင် ဖြစ်သွားလိမ့်မည်။ သူ၏အတွင်းအားက ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်သို့ ရောက်သည့်အချိန်၌ သူက ကောင်းကင်ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ရန်အတွက် တာအိုပုံစံများကို ဆက်လက်ဆင်ခြင်ပြီး ပေါင်းစည်းမှာပဲဖြစ်သည်။ သူက ခွန်အားအဆင့် တစ်ခုထိ ရောက်သည့်အချိန်တွင် စုလော့ရွှယ်ကို ကယ်တင်ရန် အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ ပြန်သွားပြီးနောက် ရီဖျောင်ဖျောင်ကို ရှာဖွေမှာပဲဖြစ်သည်။

အားလုံးက ပြီးပြည့်စုံ၏။ ကျန်းရီ၏ ဝက်ရူးပြန်သည့်ပုံစံက ပိုမိုပြင်းထန်လာသည်နှင့် သူက ရွှေရောင်အလင်းလမ်းကြောင်းကို တွေ့လိုက်ရသည့်ပမာ ခံစားလိုက်ရ၏။ လက်စားချေရန်အတွက် လမ်းကြောင်းတစ်ခု ကောင်းကင်ဘုံသို့ လမ်းကြောင်းတစ်ခုဖြစ်သည်။

“သန့်စင်မယ်”

သူက အသက်ပြင်းပြင်းရှုလိုက်၏။ ယခုက ကျေနပ်အားရနေရမည့် အချိန်မဟုတ်ပေ။ သူ၏ခန္ဓာကိုယ်သည် မိုးကြိုးနှင့် လျှပ်စီး၏စွမ်းအင်ကို အမှန်တကယ် ခုခံနိုင်သည်အထိ စောင့်ဆိုင်းရပေမည်။ မဟုတ်လျှင် အားလုံးက ရေထဲရှိ လတစ်စင်းပမာ ကြေမှုံထဲရှိ ပန်းတစ်ပွင့်ပမာသာ ဖြစ်နေလိမ့်မည်။

သူက အတွင်းအားကျင့်ကြံမှုကို အပြည့်အဝ လျစ်လျူရှုထားလျက် မိုးကြိုးကျောက်တုံး သန့်စင်ခြင်းကိုသာ အာရုံစိုက်ထားသည်။ သူက မိုးကြိုးကျောက်တုံးများကို သန့်စင်ရန် အတွင်းအားများကို ပိုအသုံးပြုခဲ့ပြီး ယမန်နေ့ညနှင့်ယှဉ်လျှင် သူ၏ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ၎င်းကိုလိုက်လျောညီထွေဖြစ်လာ၏။ သူသည် မိုးနှင့်မြေတစ်သားထဲ အခြေအနေသို့ ဝင်ရောက်ကာ သူ၏ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများကို စစ်ဆေးလိုက်သည်။ သူ၏ခန္ဓာကိုယ်၌ ဘေးထွက်ဆိုးကျိုး ရှိလာခဲ့လျှင် ချက်ချင်း ရပ်တန့်လိုက်မှာပဲဖြစ်သည်။

တစ်ရက် အပြည့်အဝ သန့်စင်ပြီးနောက် သူသည် ညအချိန် ရောက်လာသောအခါ မိုးကြိုးတောင်တန်းများနား သွားတောင်မသွားပေ။ ဂူထဲတွင် ဆက်လက်သန့်စင်နေပြီး မိုးကြိုးမီးများကို ကြိမ်ဖန်များစွာ ရှောင်တိမ်းနေ၏။ မိုးကြိုးမီးက အဝေးသို့ ရောက်သွားချိန်၌ သူက မိုးကြိုးကျောက်တုံးကို ဆက်လက်သန့်စင်သည်။ ကျန်းရီက အာရုံတက်ခါနီးအချိန်တွင် ရပ်တန့်လိုက်တော့၏။ အရာအားလုံး အဆင်ပြေကြောင်း အတည်ပြုရန် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် မိုးနှင့်မြေ တစ်သားတည်း အခြေအနေမှ ထွက်လိုက်သည်။ သူ၏လက်က တုန်ယင်နေစဉ် သူက သန့်စင်ရန်အတွက် မိုးကြိုးကျောက်တုံးတစ်တုံး ထုတ်လိုက်သည်။

ထင်သည့်အတိုင်းပင်။

သူသည် လက်ထဲရှိ မိုးကြိုးကျောက်တုံးကို သန့်စင်ဖို့ရာ တူညီသည့် အတွင်းအားပမာဏကို အသုံးပြုခဲ့သည်။ အစွမ်းထက်သော လျှပ်စီးက သူ၏ခန္ဓာကိုယ်ထဲ ဝင်သွားပြီး သူ၏ခန္ဓာကိုယ်က တုန်နှုန်းမတုန်ဘဲ သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို လျစ်လျူရှုထားနိုင်၏။ မိုးကြိုးနှင့် လျှပ်စီးပေါ် သူ၏ခုခံမှုက နောက်တစ်ဆင့်သို့ တက်သွားသည်။

“ဟား ဟား ဟား”

သူကထရပ်ပြီးနောက် သူရူးတစ်ယောက်ပမာ ကောင်းကင်ကိုမျက်နှာမူလျက် ရယ်မောလိုက်သည်။ သူ၏အသံက ဘုံကိုးဘုံဆီ ထိုးဖောက်လျက် မိုင်တစ်ဒါဇင်ကို ပဲ့တင်ထပ်သွား၏။ မိုးကြိုးတောင်ကြားက ချောက်ချားဖွယ် ကောင်းနေပြီဖြစ်ရာ ယခုဆို ခေါင်းမွှေးများတောင် ထစေနိုင်၏။

“လဝက် မိုးကြိုးနဲ့လျှပ်စီး ခုခံမှုကို ဒီအဆင့်ထိရောက်အောင် မြင့်တင်ဖို့ ငါလဝက်ပဲလိုတယ်။ အဲဒီအချိန်ကျရင် မိုးကြိုးမီးတွေကို ငါစုဆောင်းနိုင်မှာ”

သူက မှောင်မည်းနေသည့် ကောင်းကင်ကိုကြည့်လျက် မိုးကြိုးမီးများကို ကြည့်လိုက်သည်။ သူ၏မျက်လုံး၌ မခံမရပ်နိုင်ဖြစ်မှုများ ပြည့်နေပြီး ပါးစပ်က ကောက်ကျစ်သည့် အပြုံးပေါ်နေလေ၏။ သူက ကောင်းကင်မိုးကြိုးမြို့ ရှိရာဘက်သို့ ကြည့်ပြီးနောက် အခဲမကျေသော လေသံဖြင့် ပြောလိုက်သည်။

“ပါ့တောက် အဖွဲ့မှူးလုံ စောင့်နေလိုက်ပါ။ ကျုပ်တို့မကြာခင် တွေ့တော့မှာ”

...

All Chapters