အခန်း (၉၉၆)
Vol. 72 Ch. 996
“တကယ်လို့ လူတစ်ယောက်က နတ်ဘုရားဖြစ်လာရင်တောင် သေခြင်းရှင်ခြင်းကိုပြောင်းလဲဖို့အတွက် မြေအောက်မြစ်ကို ဖြတ်ကျော်ရအုံးမှာပဲ”
ဖုန်းရီက ခံစားချက်များနှင့်အတူ ပြောသည်။
သေခြင်းရှင်ခြင်းကို အမှန်တကယ်နားလည်ပြီး ဘဝတစ်လျှောက်လုံး လွတ်လပ်စွာနေနိုင်လျှင် အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မည်။
သို့သော် ဤလောကတွင် အလိုဆန္ဒများမရှိပဲ မည်သူက နေနိုင်မည်နည်း။
ဖုန်းရီ၏စကားအရ သင်္ဘောသည် မြေအောက်မြစ်တွင် နောက်ထပ်ရက်တစ်ရာခရီးသွားပြီး တော်ဝင်မြို့သို့ ရောက်လိမ့်မည်။
“တော်ဝင်မြို့ကိုရောက်ရင် သေခြင်းရှင်ခြင်းကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးရလိမ့်မယ်”
ဖုန်းရီ၏မျက်လုံးထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။
တာအိုတန်ခိုးရှင်ရှစ်ယွမ်က နက်ရှိုင်းသောမျက်လုံးတစ်စုံနှင့် တည်ငြိမ်စွာရှိနေသည်။
ဟွမ်ခြောက်က အခွင့်အရေးရှာဖွေရန်အတွက် တော်ဝင်မြို့သို့သွားမည်ဟု ပြောခဲ့သည်။
ဟန်မူယဲ့က နောက်ကျောတွင် ဓားတစ်လက်လွယ်ထားပြီး စကားသိပ်မပြောခဲ့ပေ။
တစ်ရက်အကြာတွင် ခရာသံ ပေါ်ထွက်လာသည်။
တာအိုတန်ခိုးရှင်ရှစ်ယွမ်က မတ်တပ်ရပ်လိုက်ပြီး အခန်းထဲမှ ပြေးထွက်သွားသည်။
“ကျွန်တော်တို့က မြေအောက်မြစ်သားရဲတွေနဲ့ ရင်ဆိုင်နေရတယ်။ မြေအောက်မြစ်သင်္ဘောပေါ်မှာရှိတဲ့ ကျွမ်းကျင်သူတွေက သားရဲတွေကို အမဲလိုက်ကြလိမ့်မယ်။ ကျွန်တော်တို့လည်း အမဲလိုက်ပြီး အကျိုးအမြတ်ရှာနိုင်တယ်”
ဖုန်းရီက ပြောလိုက်ပြီး ပြေးထွက်သွားသည်။
ဟန်မူယဲ့နှင့်ဟွမ်ခြောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
အပြင်ဘက်တွင် သူတို့က ကျင့်ကြံသူများကို မြင်လိုက်ရသည်။
သွေရောင်ရေလှိုင်းများကြားတွင် သင်္ဘောက ညင်သာစွာ လူးလွန့်နေသည်။
ရွက်တိုင်ဆယ့်ရှစ်ခုတွင် သုံးခုကို ဖြန့်ထားပြီး ရွှေအလင်းကို ထုတ်လွှတ်နေသည်။
ရွှေအလင်းက ကြိုးအဖြစ် ပြောင်းလဲသွားပြီး ပေသုံးရာရှည်လျားသော မီးခိုးပြာရောင်သားရဲတစ်ကောင်ကို ချည်နှောင်ထားသည်။
ထိုသားရဲက သူတို့မြင်ခဲ့သောသားရဲနှင့် ကွာခြားပြီး ဆူးချွန်ရှည်များကို ပိုင်ဆိုင်သည်။ ရွှေရောင်ကြိုးများကြားတွင် ဆက်တိုက်ရုန်းကန်နေပြီး ကလေးတစ်ယောက်ကဲ့သို့ အော်ဟစ်သည်။
“အဲဒါက အကြောက်တရားဝိညာဉ်သားရဲပဲ။ ဆူးချွန်တွေက ရင်ဆိုင်ဖို့မလွယ်ဘူး”
လူတချို့က တီးတိုးပြောသည်။ တချို့က တိတ်ဆိတ်စွာ နောက်ဆုတ်လာကြသည်။
ရွှေရောင်ကြိုးများသည် ပေသုံးရာရှည်လျားသော သားရဲကို သင်္ဘောကုန်းပတ်ပေါ်သို့ ဆွဲယူလာပြီး ဘန်းခနဲ ရိုက်ချလိုက်သည်။
မတူညီသောခန္ဓာကိုယ်နှင့် ဒါဇင်ချီသော ကျင့်ကြံသူများက လက်နက်အမျိုးမျိုးဖြင့် သားရဲကို တိုက်ခိုက်လိုက်ကြသည်။
“ခလွမ် ....”
“ခလွမ် ....”
လက်နက်များက ဆူးချွန်ရှည်များဖြင့် ထိတွေ့သွားပြီး သတ္တုသံများ ပေါ်ထွက်လာသည်။
ပုဆိန်တစ်လက်ကိုင်ထားသော လူသန်ကြီးက ဆယ်ပေရှည်လျားသော အနက်ရောင်ဆူးချွန်တစ်ခုကို ခုတ်ယူလိုက်သည်။
ထိုအချိန်တွင် အကြောက်တရားဝိညာဉ်သားရဲက ခပ်အုပ်အုပ် ဟိန်းဟောက်သည်။ ခန္ဓာကိုယ်တွင်ရှိသော ရာချီနေသည့် ဆူးချွန်များက ကျုံ့ဝင်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပျံထွက်လာသည်။
ရာချီနေသော ဆူးချွန်များက ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။
ဆူးချွန်ကိုခုတ်ယူသွားသော လူသန်ကြီးက အများဆုံးခံစားလိုက်ရသည်။ ဆူးချွန်နှစ်ခုက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး ရွက်တိုင်တွင် စိုက်ဝင်နေစေသည်။
ကြမ်းပြင်သည် သွေးများဖြင့် စိုရွှဲသွားသည်။
တခြားလူများက ခန္ဓာကိုယ်ထိုးဖောက်ခံလိုက်ရသော ကျင့်ကြံသူများကို ဂရုမစိုက်ကြပေ။ သူတို့က ရှေ့တက်သွားပြီး လက်နက်များဖြင့် သားရဲ၏ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်ကြသည်။ ရွှေရောင်သွေးများ ပန်းထွက်လာသည်။
နတ်စွမ်းအား ဖြစ်သည်။
အကြောက်တရားဝိညာဉ်သားရဲဆီမှ ထွက်လာသော ရွှေရောင်သွေးထဲတွင် နတ်စွမ်းအား ပါဝင်နေသည်။
ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး သားရဲ၏ရှေ့သို့ ရောက်သွားသည်။
သူက လက်မြှောက်ပြီး ရိုက်ချလိုက်သောကြောင့် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာပြီး ရွှေရောင်သွေးများ ပန်းထွက်လာသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ဝိညာဉ်စွမ်းအားက နတ်စွမ်းအားဖြင့် ရောယှက်သွားပြီးသူ့လက်ထဲတွင် ရွှေအလင်းကို တောက်ပနေစေသည်။
အမှန်တကယ်ပင် နတ်စွမ်းအားဖြစ်သော်လည်း အလွန်အားနည်းပြီး နတ်ဘုရားကမ္ဘာ၏ သာမန်သားရဲများထက် နိမ့်ကျသည်။
သို့သော် နတ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားကို ပေါင်းစပ်လိုက်သောအခါ လူတစ်ယောက်၏ဝိညာဉ်ကို အနည်းငယ် အဆင့်မြှင့်ပေးနိုင်သည်။
ထိုအရာသည် နတ်ဘုရားကမ္ဘာတွင် သာမန်သာဖြစ်သော်လည်း အင်မော်တယ်ကမ္ဘာတွင် တန်ဖိုးရှိသည်။
လူသားကမ္ဘာတွင် ရတနာတစ်ပါး ဖြစ်သည်။
နတ်စွမ်းအားသည် လူသားများ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော ယိုယွင်းနေသည့်စွမ်းအားကို ပြန်လည်အားဖြည့်ပေးနိုင်သည်။ ဝိညာဉ်စွမ်းအားကိုလည်း ထောက်ပံ့ပေးပြီး ပိတ်ဆို့နေသော ကျင့်ကြံဆင့်ကို လျော့ရဲလာစေသည်။
အမှန်တကယ်ပင် ပစ္စည်းကောင်းတစ်ခု ဖြစ်သည်။
“ဟူး ....”
အနက်ရောင်ချပ်ဝတ်နှင့် လူသန်ကြီးတစ်ယောက်က လက်ထဲတွင်ရှိသောဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းသည် မိစ္ဆာအလင်းနှင့်အတူ တောက်ပနေပြီး အကြောက်တရားဝိညာဉ်သားရဲကို တစ်ခါတည်း နှစ်ပိုင်းဖြတ်လိုက်သည်။
ရွှေရောင်သွေးများ စီးဆင်းလာသောအခါ အကြောက်တရားဝိညာဉ်သားရဲက တုန်ခါနေပြီး ငြိမ်သက်သွားသည်။
အနက်ရောင်ဝတ်စုံနှင့်လူက ရှေ့တက်လာပြီး လက်မြှောက်၍ သားရဲ၏ခန္ဓာကိုယ်ကို သိမ်းဆည်းသည်။ ထို့နောက် လက်မြှောက်ပြီး ရွှေရောင်ဝိညာဉ်ပုတီးစေ့နှစ်လုံးကို အနက်ရောင်ချပ်ဝတ်နှင့်လူဆီသို့ ပစ်ပေးလိုက်သည်။
အနက်ရောင်ချပ်ဝတ်နှင့်လူက ပြုံးလိုက်ပြီး ဝိညာဉ်ပုတီးစေ့ကို လက်ခံသည်။ ထို့နောက် လက်မြှောက်ပြီး ပြန့်ကျဲနေသော ရွှေရောင်သွေးများကို စုစည်းသည်။
ထိုပစ္စည်းများကို တခြားနေရာတွင် မရနိုင်ပေ။
အကြောက်တရားဝိညာဉ်သားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်သော်လည်း မြေအောက်မြစ်က လှိုင်းထန်နေဆဲဖြစ်သည်။ ပေသုံးရာရှည်လျားသော သားရဲတစ်ကောင်ကို မြင်နိုင်သည်။ တစ်ဖက်တွင် ပိုမိုကြီးမားသော သားရဲသုံးကောင် ရှိနေကြသည်။
ထိုသားရဲများက အသိဉာဏ်ကို ပိုင်ဆိုင်ထားပြီး သင်္ဘောဆီသို့ ချဉ်းကပ်မလာကြပေ။ သူတို့က သင်္ဘောမှောက်သွားအောင် ရေလှိုင်းများကို ဖန်တီးရုံသာ တတ်နိုင်ကြသည်။
“ဝီ”
မြေအောက်မြစ်သင်္ဘော၏ အလွှာကိုးခုက တုန်ခါနေပြီး နောက်ထပ်ရွက်တိုင်တစ်ခု မြင့်တက်လာသည်။
ရွှေအလင်းရောင်သည် ရွက်တိုင်လေးခုတွင် ညင်သာစွာ စီးဆင်းနေသည်။
စောင့်ကြည့်နေသော သားရဲသုံးကောင်က ထွက်ပြေးချင်သော်လည်း ရွက်တိုင်မှ ထွက်ပေါ်လာသော ရွှေအလင်းရောင်၏ လွှမ်းခြုံမှုအောက်သို့ ရောက်သွားသည်။
ရွှေအလင်းထဲတွင် ပိတ်မိနေသော မြေအောက်မြစ်သားရဲများက ရုန်းကန်နေကြသည်။ သူတို့က သင်္ဘောကို ဆွဲခေါ်လာကြသည်။
ရွှေအလင်းများက အဆက်မပြတ် တောက်ပနေပြီး မြေအောက်မြစ်သားရဲများကို လွှမ်းခြုံထားသည်။
ကုန်းပတ်ပေါ်တွင် ကျင့်ကြံသူများ၏ မျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပလာကြသည်။
မြေအောက်မြစ်သားရဲများ၏ တောင်ပံသည် ရွက်တိုင်ဖန်တီးရန် အဖိုးတန်ပစ္စည်းများ ဖြစ်ကြသည်။ သူတို့၏ အရိုးများကိုလည်း မြေအောက်မြစ်တွင် သွားလာနိုင်သော အရိုးလှေအဖြစ် သန့်စင်နိုင်သည်။
သူတို့၏ သွေးထဲတွင် နတ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအား ပါဝင်နေသည်။
“မြေအောက်မြစ်သားရဲတွေကို အမဲလိုက်မယ်”
သင်္ဘောပေါ်တွင် အသံတစ်သံ ပေါ်ထွက်လာသည်။
ရာချီနေသောပုံရိပ်များက ပျံသန်းထွက်သွားပြီး ရေလှိုင်းပေါ်တွင် လမ်းလျှောက်နေကြသည်။
သူတို့က ကုန်းပတ်ပေါ်တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့်လူများ ဖြစ်ကြသည်။ သူတို့အားလုံးက ပေသုံးဆယ်ရှည်လျားသော အစိမ်းရောင်အင်မော်တယ်အလင်းဖြင့် တောက်ပနေသည့် သုံးမြှောင့်ခက်ရင်းခွများကို ကိုင်ဆောင်ထားကြသည်။
သူတို့က ဖမ်းမိထားသော မြေအောက်မြစ်သားရဲများကို ခက်ရင်းခွဖြင့် ထိုးလိုက်ပြီး သွေးထွက်လာစေသည်။
ရွှေရောင်သွေးများသည် သင်္ဘောပေါ်တွင်ရှိသော ကျင့်ကြံသူများ၏မျက်လုံးကို ပိုမိုတောက်ပလာစေသည်။
လွင့်မျောနေသော နတ်စွမ်းအားအငွေ့အသက်သည် အလွန်ဖမ်းစားနိုင်သည်။
“ဟူး ....”
အကြောက်တရားဝိညာဉ်သားရဲကို တစ်ချက်တည်းသတ်ဖြတ်ခဲ့သော လူသန်ကြီးက ခုန်ထွက်သွားသည်။
သူက ပေထောင်ချီအကွာသို့ ရောက်သွားပြီး မြေအောက်မြစ်သားရဲ၏ နောက်ကျောပေါ်တွင် ဆင်းသက်လိုက်သည်။
သူက ဓားဖြင့် ခုတ်ချလိုက်သောအခါ ရွှေရောင်သွေးများသည် ရေပန်းတစ်ခုကဲ့သို့ ပေါ်ထွက်လာသည်။
မြေအောက်မြစ်သားရဲက နာကျင်စွာအော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို လူးလွန့်၍ ကျောပေါ်တွင်ရှိသောလူကို မြစ်ထဲသို့ ခါချနေသည်။
သင်္ဘောပေါ်မှ နောက်ထပ်ပုံရိပ်များ ပျံသန်းထွက်လာပြီး ရုပ်ခန္ဓာစွမ်းအားကို အသုံးပြု၍ လက်နက်များဖြင့် တိုက်ခိုက်လိုက်ကြသည်။
သူတို့က မြေအောက်မြစ်သားရဲ၏ ခန္ဓာကိုယ်ကို တစ်ချက်တည်း ထိုးဖောက်နိုင်သည်အထိ ရုပ်ခန္ဓာကို ကျင့်ကြံထားကြသည်။
“ဟန်လေး၊ ငါအပျော်ရှာလိုက်အုံးမယ်”
ဟွမ်ခြောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
အနက်ရောင်ချပ်ဝတ်တစ်ခုသည် သူ့ကို လွှမ်းခြုံလိုက်ပြီး ရွှေရောင်လှံတစ်လက်သည် သူ့လက်ထဲတွင် ပေါ်လာသည်။
အင်မော်တယ်ရတနာများ ဖြစ်ကြသည်။
သို့သော် သူက အင်မော်တယ်ရတနာ၏အငွေ့အသက်ကို တမင်သက်သက် ဖုံးကွယ်ထားသောကြောင့် တခြားလူများ၏ လှံ၏ ထူးခြားသောစွမ်းအားကိုသာ အာရုံခံနိုင်ကြသည်။
သူက လေထုထဲသို့ ခုန်တက်သွားသည်။ သူ့နောက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
ပေတစ်ရာရှည်လျားသော ပုံရိပ်သည် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိပြီး လှံရှည်ဖြင့် ဗိုက်လှန်ထားသော သားရဲကို တိုက်ခိုက်လိုက်သည်။
“ဘန်း”
အမှောင်သားရဲ၏ ခန္ဓာကိုယ်က တစ်ပတ်လည်သွားသည်။
ရေအောက်သို့ရောက်နေသော အနက်ရောင်ချပ်ဝတ်နှင့်လူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ့တစ်ကိုယ်လုံးက သွေးနီရောင်ရေဖြင့် စိုရွှဲနေသည်။
သူက ခေါင်းသုံးလုံးလက်ခြောက်ဖက် မိစ္ဆာပုံရိပ်အား ထုတ်ဖော်ထားသော ဟွမ်ခြောက်ကို ကြည့်လိုက်ပြီး ပြုံးသည်။
ဟွမ်ခြောက်က လှံရှည်ကို ကိုင်ထားပြီး အမှောင်သားရဲကို ထပ်ကာတလဲလဲ ပြောင်းပြန်လန်သွားအောင် တိုက်ခိုက်နေသည်။
ရွှေရောင်အလင်းက သားရဲကို ပိုမိုတင်းကျပ်စွာ ချုပ်နှောင်လိုက်သည်။
အချိန်ခဏအတွင်း၌ အမှောင်သားရဲက မလှုပ်ရှားနိုင်တော့ပေ။
ဓားမော့ကိုင်ထားသောလူက လက်မြှောက်ပြီး ဝှေ့ယမ်းပြလိုက်သည်။ အမှောင်သားရဲ၏ သွေးများက ရွှေရောင်အလုံးနှစ်လုံးအဖြစ် စုစည်းသွားသည်။
“ငါ့နာမည်က လော့ရန်ပါ”
လူသန်ကြီးက သွေးလုံးတစ်လုံးကို ဟွမ်ခြောက်ဆီသို့ ပေးလိုက်ပြီး ကျယ်လောင်စွာပြောသည်။
ဟွမ်ခြောက်က သွေးလုံးကို လက်ခံလိုက်ပြီး လက်ကိုဝှေ့ယမ်းလျက် ပြောသည်။
“ငါ့ကို ဟွမ်ခြောက်လို့ ခေါ်နိုင်တယ်”
ထို့နောက် ဟွမ်ခြောက်က မချုပ်နှောင်ရသေးသော သားရဲတစ်ကောင်ကို ကြည့်လိုက်သည်။
“မင်းဘာပြောချင်လဲ။ အတူတူတိုက်ခိုက်ကြမလား”
လော့ရန်၏မျက်လုံးများက တောက်ပသွားပြီး ကျယ်လောင်စွာရယ်သည်။
“အစ်ကိုခြောက်က တကယ်သန်မာတာပဲ။ အထင်ကြီးမိတယ်”
သူက ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး သားရဲဆီသို့ ခုန်ဝင်သွားသည်။
“ငါအရင်သွားမယ်”
သူစကားပြောလိုက်သောအချိန်တွင် ဝှစ်ခနဲအသံတစ်သံကို ကြားရသည်။
လက်ခြောက်ဖက်ပုံရိပ်က သူ့ကို ဖြတ်ကျော်သွားပြီး သားရဲကို လှံဖြင့် ထိုးချလိုက်သည်။
ထိုအချိန်တွင် မြေအောက်မြစ်သင်္ဘော၏ လူတိုင်းက ဟွမ်ခြောက်ကို ကြည့်နေကြသည်။
နဝမထပ်တွင် လူတချို့က ခေါင်းညိတ်လိုက်ကြသည်။
“သူက တကယ်ရဲတင်းတာပဲ”
အစိမ်းပုပ်ရောင်အသားအရေနှင့် အစွယ်ရှည်များရှိသော လူတစ်ယောက်က ပြောလိုက်သည်။ သူက သားရဲမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သည်။
“ခေါင်းသုံးလုံးလက်ခြောက်ဖက် မိစ္ဆာပုံရိပ်ကို အထင်မသေးသင့်ဘူး”
အနက်ရောင်ချပ်ဝတ်နှင့် လက်တံရှည်လျားသော အနက်ရောင်မုတ်ဆိတ်မွေးများရှိနေသည့် လူတစ်ယောက်က ပြောလိုက်သည်။
“ဘုန်း”
ဟွမ်ခြောက်၏ တိုက်ခိုက်မှုကြောင့် ရေလှိုင်းများ ပေါ်ထွက်လာသည်။ ရွှေရောင်သွေးများသည် ကောင်းကင်အထိ ပန်းထွက်သွားသည်။
ပေတစ်ထောင်ရှည်လျားသော မြေအောက်မြစ်သားရဲက ရေထဲသို့ ရုတ်တရက် နိမ့်ဆင်းသွားပြီး နာကျင်စွာ လူးလှိမ့်နေသည်။ ထို့နောက် ကြီးမားသောခန္ဓာကိုယ်ဖြင့် ဟွမ်ခြောက်ကို ရိုက်ချသည်။
ဟွမ်ခြောက်က ရယ်လိုက်ပြီး လက်ခြောက်ဖက်ကို မြှောက်သည်။
“ဂါး ....”
မိစ္ဆာပုံရိပ်က ဟိန်းဟောက်လိုက်ပြီး မြေအောက်မြစ်သားရဲ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်သည်။
ဟွမ်ခြောက်က လေထုထဲသို့ ပျံတက်သွားသည်။ သူ့နောက်တွင်ရှိသော လက်ခြောက်ဖက်မိစ္ဆာပုံရိပ်က မြေအောက်မြစ်သားရဲကို မြစ်ထဲမှ ဆွဲထုတ်လာသည်။
“ဟူး ....”
အော်သံနှင့်အတူ လက်ခြောက်ဖက်မိစ္ဆာပုံရိပ်က ပေတစ်ထောင်ရှည်လျားသော မြေအောက်မြစ်သားရဲကို မြေအောက်မြစ်သင်္ဘောပေါ်သို့ ပစ်တင်လိုက်သည်။
သင်္ဘော၏ ရွက်တိုင်များက ရွှေအလင်းကို ထုတ်လွှတ်ပြီး သားရဲကို ဖမ်းယူလိုက်သည်။
ဟွမ်ခြောက်က မြစ်ထဲသို့ ပြုတ်ကျသွားသည်။
မြေအောက်မြစ်တွင် ရေမကူးနိုင်ပေ။ မြစ်ကြမ်းပြင်သို့ တိုက်ရိုက်နစ်မြုပ်သွားလိမ့်မည်။
မြစ်ကြမ်းပြင်မှ ပြန်လာနိုင်သောလူ မရှိပေ။