အခန်း (၉၉၇)
Vol. 72 Ch. 997
“အစ်ကိုခြောက်၊ ကြိုးစားထား”
နောက်တွင်ပါလာသော လော့ရန်က အနက်ရောင်ကြေးခွံတစ်ခုကို ပစ်ပေးလိုက်ပြီး မြစ်ထဲသို့ ပြုတ်ကျသွားသည်။
ဟွမ်ခြောက်က အနက်ရောင်ကြေးခွံပေါ်တွင် ခြေတင်လိုက်ပြီး လက်မြှောက်၍ ပြုတ်ကျသွားသောလော့ရန်ကို ဖမ်းဆုပ်သည်။ ထို့နောက် သင်္ဘောပေါ်သို့ ပစ်တင်လိုက်သည်။
ခဏအကြာတွင် မြေအောက်မြစ်သင်္ဘောက ရွေ့လျားလာပြီး အနက်ရောင်လှေကားတစ်ခုက ဟွမ်ခြောက်ဆီသို့ ရောက်လာသည်။
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ရှေ့တက်လာပြီး ဟွမ်ခြောက်ကို အိတ်တစ်လုံးပေးသည်။
“မင်းက မဆိုးဘူးပဲ။ ငါတို့ တော်ဝင်မြို့တော်ကို ဝင်ရောက်ချင်လား”
‘တော်ဝင်မြို့တော်ကို ဝင်ရောက်ရမှာလား’
ဟွမ်ခြောက်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
ဟွမ်ခြောက်က ပြုံးလိုက်ပြီး ပြောသည်။
“ထားလိုက်ပါတော့။ အရင်ဆုံး တော်ဝင်မြို့တော်ကို သွားကြည့်လိုက်အုံးမယ်”
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ဒေါသထွက်မသွားပေ။ သူက ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။
ဟွမ်ခြောက်က အိတ်ကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ဒါဇင်ချီသော ရွှေရောင်အလုံးများ ရှိနေသည်။
ထိုရွှေရောင်အလုံးများကို ဝိညာဉ်စွမ်းအား၊ နတ်စွမ်းအားဖြင့် စုစည်းထားသည်။
သူက လက်တစ်ဆုပ်စာ ထုတ်ယူပြီး ဟန်မူယဲ့ကို ပေးလိုက်သည်။ ထို့နောက် လော့ရန်ကို အနည်းငယ် ထပ်ပေးသည်။
လော့ရန်က ပြုံးလိုက်ပြီး လက်ခံသည်။
“ဒီဝိညာဉ်ပုတီးစေ့က တော်ဝင်မြို့တော်မှာ အသုံးများတဲ့ငွေကြေးတစ်ခုပဲ။ တစ်ခုကို ဝိညာဉ်ကျောက်တုံးတစ်သန်း တန်ဖိုးရှိတယ်”
“ဒါက ဝိညာဉ်နဲ့ ရုပ်ခန္ဓာကို လေ့ကျင့်တဲ့နေရာမှာ အရမ်းအသုံးဝင်တယ်”
လော့ရန်က စကားပြောလိုက်ပြီး အားကျနေသော ကျင့်ကြံသူများကို လှည့်ကြည့်သည်။
ဟွမ်ခြောက်က မြေအောက်မြစ်သားရဲများကို ဖမ်းဆီးပေးခဲ့သောကြောင့် ဝိညာဉ်ပုတီးစေ့တစ်အိတ် ရသင့်သည်။
ထိုတိုက်ပွဲတွင် မတော်တဆမှုများလည်း သိပ်မရှိပေ။
ကျင့်ကြံသူဆယ်ယောက်ကျော် သေဆုံးသွားခဲ့သည်။
သို့သော် အကျိုးအမြတ် အလွန်များသည်။
မြေအောက်မြစ်သားရဲလေးကောင်ကို တစ်ကောင်ပြီးတစ်ကောင် အမဲဖျက်လိုက်ကြသည်။ သူတို့၏ အသွေး၊ အသားနှင့် အရိုးများကို သေချာသိမ်းဆည်းထားလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် လူများက တောင်ပံများကို သေချာဖြတ်ယူပြီး ခေါက်ထားလိုက်သည်။
ထိုတောင်ပံများကို ဝိညာဉ်ကျောက်တုံး၊ တခြားရတနာများဖြင့် မလဲလှယ်နိုင်ပေ။
မြေအောက်မြစ်လှေသမားကလန်အတွက် ထိုတောင်ပံများသည် ကလန်တစ်ခုလုံး၏စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။
သင်္ဘော၏လေးထပ်မြောက်တွင် ထမင်းစားခန်း ရှိသည်။
ကျင့်ကြံဆင့်နှင့်ခွန်အား ဖိနှိပ်ခံထားရသောကြောင့် ကျင့်ကြံသူများက ရွေးချယ်စရာမရှိပဲ စားသောက်၍ ခွန်အားဖြည့်ရသည်။
ယနေ့ အမဲလိုက်ခဲ့သော မြေအောက်မြစ်သားရဲနှင့် အကြောက်တရားဝိညာဉ်သားရဲကို ချက်ပြုတ်ထားသည်။
ဟန်မူယဲ့က မြည်းကြည့်လိုက်သည်။ အသားက ထူးခြားသောအရသာ မရှိပေ။ သို့သော် သွေးစွမ်းအင်ကြွယ်ဝပြီး ခွန်အားဖြည့်ပေးရန် သင့်တော်သည်။
အကြောက်တရားဝိညာဉ်သားရဲ၏ အသားက မြေအောက်မြစ်သားရဲ၏ အသားထက် ပိုမိုနူးညံ့ပြီး ဈေးကြီးသည်။
အသားတစ်တုံးအတွက် ဝိညာဉ်ကျောက်တုံးတစ်ရာ ကျသင့်သည်။
သို့သော် မြေအောက်မြစ်သင်္ဘောကို စီးနင်းလာသော ကျင့်ကြံသူများက ကြွယ်ဝကြသည်။
“အစ်ကိုခြောက်ရဲ့ မိစ္ဆာပုံရိပ်က အရမ်းအားကောင်းတယ်။ တော်ဝင်မြို့တော်မှာ နေရာတစ်ခုရနိုင်တယ်”
ဟန်မူယဲ့တို့နှင့် တစ်ဝိုင်းတည်းရှိနေသော တာအိုတန်ခိုးရှင်ရှစ်ယွမ်က စိတ်အားထက်သန်နေပုံပေါ်သည်။
တစ်ဖက်တွင် ဖုန်းရီက တိတ်ဆိတ်သွားသည်။ ဟွမ်ခြောက်ဒကာခံထားသော အသားများက သူ့ရှေ့တွင်ရှိနေပြီး သူက စားသောက်ရန် ခက်ခဲနေသည်။
သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိသေးပြီး သက်တမ်းကုန်တော့မည်။
ဟွမ်ခြောက်ထုတ်ပြထားသော တိုက်ခိုက်နိုင်စွမ်းက အနည်းဆုံး နတ်ဘုရားဘုရင်အဆင့်တွင် ရှိနေသည်။
ထို့ကြောင့် ဖုန်းရီက ဂရုစိုက်နေရသည်။
တခြားစားပွဲဝိုင်းတွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ဟွမ်ခြောက်ကိုကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
“ညီအစ်ကိုဟွမ်၊ ဝိညာဉ်ပုတီးစေ့တွေ ဘယ်လောက်လဲလှယ်နိုင်လဲ”
သူက ထိုသို့ မေးလိုက်သောအခါတွင် လူတိုင်းက ဟွမ်ခြောက်ကို ကြည့်လိုက်ကြသည်။
‘အရောင်းအဝယ်လား’
“အလဲအလှယ်လုပ်ချင်တဲ့လူ ဘယ်သူပဲဖြစ်ဖြစ် လုပ်လို့ရတယ်”
‘တကယ်လား’
သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျင့်ကြံသူများက မတ်တပ်ရပ်လိုက်ကြသည်။
တချို့က ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူပြီး တချို့က ရတနာများကို ထုတ်ယူထားကြသည်။
ဖုန်းရီက ပိုမိုတိတ်ဆိတ်နေပြီး တုံ့ဆိုင်းသွားသည်။ သူက သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဟွမ်ခြောက်၏ ဝိညာဉ်ပုတီးစေ့များအားလုံး ကုန်ဆုံးသွားသည်။
“ကျေးဇူးပါအစ်ကိုခြောက်”
လူတချို့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။
ကျန်လူများကလည်း လျင်မြန်စွာ ကျေးဇူးတင်လိုက်ကြသည်။
ထိုပုတီးစေ့များသည် သူတို့အတွက် အလွန်တန်ဖိုးရှိသည်။ လူအများစုက ပုတီးစေ့ထဲတွင်ပါသော စွမ်းအားကို စုပ်ယူရန်အတွက် တော်ဝင်မြို့သို့ ထွက်လာကြသည်။
တချို့က ခန္ဓာကိုယ်ကို ထိန်းသိမ်းထားရန် အရေးကြီးနေပြီး ယိုယွင်းမှုကို ဖိနှိပ်ထားရန် နတ်စွမ်းအားကို လိုအပ်သည်။
ဝိညာဉ်ပုတီးစေ့တစ်ခုက သူတို့၏သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည်။
သင်္ဘောပေါ်တွင်ရှိသော မြေအောက်မြစ်လှေသမားများက ဆက်သွယ်ရန် မလွယ်ကူပေ။ သို့သော် ဟွမ်ခြောက်က အလွန်ရက်ရောလိမ့်မည်ဟု သူတို့က ထင်မထားခဲ့ကြပေ။
လူအများက ဟွမ်ခြောက်ကို ကျေးဇူးတင်စွာ ကြည့်နေကြသည်။
အမှန်အတိုင်းပြောရလျှင် ဟွမ်ခြောက်အတွက် ထိုပုတီးစေ့များက အသုံးမဝင်ပေ။
သူ့ကို ဟန်မူယဲ့ပေးထားသော နတ်စွမ်းအားသလင်းကျောက်များက ဝိညာဉ်ပုတီးစေ့ထက် စွမ်းအားအဆတစ်ရာ ပိုများပြီး စုပ်ယူရန် လွယ်ကူသည်။
သူက နတ်စွမ်းအားသလင်းကျောက်များကို ပိုင်ဆိုင်ထားသောကြောင့် ဝိညာဉ်ပုတီးစေ့များကို ထိန်းသိမ်းထားရန် မလိုအပ်ပေ။
သူတို့က အခန်းဆီသို့ ပြန်လာသောအခါတွင် ဝိညာဉ်ပုတီးစေ့များကို လဲလှယ်ထားသော ဖုန်းရီက ဝင်္ကပါတစ်ခုကို အသက်သွင်းပြီး ကျင့်ကြံနေသည်။
ထိုဝင်္ကပါကို ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်းထားပြီး ခုခံနိုင်စွမ်း အကန့်အသတ်ရှိသော်လည်း နတ်အာရုံဖြင့် စစ်ဆေးမှုကို တားဆီးနိုင်သည်။
တာအိုတန်ခိုးရှင်ရှစ်ယွမ်က ဟွမ်ခြောက်နှင့် စကားပြောချင်နေသော်လည်း လော့ရန်၏မျက်နှာထားကို မြင်ရသောအခါတွင် အခန်းထဲမှ ထွက်သွားခဲ့သည်။
လော့ရန်က ဟွမ်ခြောက်၏ မိစ္ဆာပုံရိပ်ကို စိတ်ဝင်စားနေသည်။ ထို့ကြောင့် ဟွမ်ခြောက်က ကျင့်ကြံခြင်းနည်းစနစ်ကို အနည်းငယ် ရှင်းပြနေသည်။
အလဲအလှယ်အနေဖြင့် လော့ရန်က ဟွမ်ခြောက်ကို ကြေးခွံ ပေးခဲ့သည်။ ထို့အပြင် ရရှိလာသောနေရာကိုလည်း တီးတိုးပြောခဲ့သည်။
မြေအောက်မြစ်တွင် မျောပါနိုင်သော ကြေးခွံက အမှန်တကယ်ပင် ထူးခြားသည်။
ဟန်မူယဲ့က သူတို့နှစ်ယောက်၏စကားကို နားမထောင်ပဲ ဝိညာဉ်စွမ်းအားဖြင့် ဝင်္ကပါတစ်ခုကို အသက်သွင်းသည်။ ထို့နောက် လက်မြှောက်ပြီး အနီရောင်ရေစက်တစ်စက်ကို ထုတ်ယူသည်။
မြေအောက်မြစ်၏ ရေစက် ဖြစ်သည်။
တိုက်ပွဲတွင် သင်္ဘောပေါ်သို့ကျရောက်လာသော ရေစက်ကို ဖမ်းယူထားခဲ့သည်။
ယခုအချိန်တွင် ထိုရေစက်က အသက်ရှင်နေသကဲ့သို့ သူ့လက်ဝါးပေါ်တွင် လှုပ်ရှားနေသည်။
ထို့အပြင် သွေးစွမ်းအင်ကိုလည်း ထုတ်လွှတ်နေသည်။
“မြေအောက်မြစ်က အသက်ရှိနေတာလား”
ရေစက်ထဲတွင် ပါဝင်နေသော စွမ်းအားသည် ကိုယ်ပိုင်အသိစိတ်ကို သယ်ဆောင်ထားသည်။
သက်ရှိများတွင်သာ ထိုအသိစိတ်မျိုး ရှိကြသည်။
မြေအောက်မြစ် ....
အင်မော်တယ်ဘုရင်မင်ဟယ် ....
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
သူက အချက်အလက်များကို အပြည့်အဝ မသိရသေးသောကြောင့် အကဲမဖြတ်နိုင်ပေ။
သူက ရှေ့တွင်ရှိသော သွေးရောင်ရေစက်ကို ကြည့်လိုက်ပြီး ရွှေရောင်ဓားအလင်းဖြင့် ခုတ်ချသည်။
ဓားအလင်းက ရေစက်ကို မရေမတွက်နိုင်သော အပိုင်းများအဖြစ် ခွဲပစ်လိုက်သည်။
မူလဝိညာဉ်ဓားပေါ်လာပြီး ထိုရေစက်များကို လွှမ်းခြုံထားသည်။
တစ်ရက်အကြာတွင် ဟန်မူယဲ့က ထိုရေစက်ကို သန့်စင်နိုင်ခဲ့သည်။
“သန့်စင်တဲ့ ရုပ်ခန္ဓာသွေးစွမ်းအား၊ စိတ်ဝင်စားစရာပဲ”
“မြေအောက်မြစ်ရဲ့ အစစ်အမှန်ရတနာက အမြဲမပြတ်စီးဆင်းနေတဲ့ မြစ်ရေပဲ”
ဟန်မူယဲ့က ရေစက်၏စွမ်းအားကို ခံစားကြည့်ပြီး တီးတိုးပြောသည်။
ထိုရေစက်က သန့်စင်သောသွေးစွမ်းအားကို သယ်ဆောင်ထားသည်။
သို့သော် မြစ်ရေကိုသန့်စင်ရန် အလွန်အချိန်ကြာသည်။ မြေအောက်မြစ်ကို အမှန်တကယ် သန့်စင်ချင်လျှင် အင်မော်တယ်ဘုရင်မင်ဟယ်၏ အမွေအနှစ်ကို လိုအပ်လိမ့်မည်။
သူက လက်မြှောက်ပြီး အနက်ရောင်ကျောက်စိမ်းပြးကို ကြည့်သည်။
လီမူပိုင်၏ ကျောက်စိမ်းပြား ဖြစ်သည်။ ယခုအချိန်တွင် ကျောက်စိမ်းပြားက ပိုမိုအသက်ဝင်လာသည်။
လီမူပိုင်က တော်ဝင်မြို့တွင် ရှိနေလိမ့်မည်။ သို့သော် အခြေအနေမကောင်းလောက်ပေ။
ကံကောင်းစွာဖြင့် ကျောက်စိမ်းပြားတွင် ဖော်ပြနေသော သွေးနှင့်ချီက ပြတ်တောက်မသွားသေးပေ။ သူက ဒဏ်ရာရနေရုံသာ ဖြစ်သည်။
နောက်ရက်များတွင် ဟန်မူယဲ့က မကျင့်ကြံလျှင် လျှောက်သွားနေခဲ့သည်။
တစ်ဖက်တွင် ဟွမ်ခြောက်က သက်တောင့်သက်သာ ရှိနေသည်။ သူက မြေအောက်မြစ်သားရဲများနှင့် ရင်ဆိုင်ရလျှင် သတ်ဖြတ်လိမ့်မည်။ ထိုသို့မဟုတ်လျှင် လော့ရန်၊ တခြားလူများနှင့် ဉာဏ်အလင်းချင်း ဖလှယ်လိမ့်မည်။ သူက အလွန်ပျော်နေသည်။
ဟွမ်ခြောက်က ရက်ရောသည်။ သူက ဝိညာဉ်ပုတီးစေ့များကို တခြားလူနှင့် လဲလှယ်လိမ့်မည်။
သူက မြေအောက်မြစ်သားရဲကို အမဲလိုက်သောအခါတွင် ကူညီပေးမည့်လူများကိုလည်း ရထားသည်။
အာရုံအစိုက်ခံရဆုံးလူများက ဟွမ်ခြောက်နှင့် တစ်ခန်းတည်းအတူရှိသော ရှစ်ယွမ်နှင့် ဖုန်းရီတို့ ဖြစ်ကြသည်။ သူတို့က အကျိုးအမြတ်များ ရခဲ့ကြသည်။
သက်တမ်းကုန်ခါနီးဖြစ်နေသော ဖုန်းရီက ဝိညာဉ်ပုတီးစေ့နှင့် အဖိုးတန်ရတနာများကို လဲလှယ်ခဲ့ပြီး ကျင့်ကြံဆင့်တိုးတက်လာရန် အရိပ်အယောင်ပြနေသည်။ သူက သက်တမ်းကုန်သွားမည်ကို စိုးရိမ်ရန်မလိုတော့ပေ။
ထို့ကြောင့် သူက စိတ်အားထက်သန်နေပြီး ဟွမ်ခြောက်၏နောက်သို့ အမြဲမပြတ် လိုက်နေလိမ့်မည်။
တာအိုတန်ခိုးရှင်ရှစ်ယွမ်က အဆင့်တူကျင့်ကြံသူများနှင့် တိတ်ဆိတ်စွာ မဟာမိတ်ဖွဲ့ထားသည်။
သူက ဟွမ်ခြောက်၏နာမည်ဖြင့် ထိုလူများကိုစုစည်းပြီး ဟွမ်ခြောက်၏နောက်သို့လိုက်ရန် စီစဉ်ထားသည်။
ကောင်းကင်နင်းခြေမိစ္ဆာဘုရင်ဖြစ်သော ဟွမ်ခြောက်သည် မြေအောက်မြစ်သင်္ဘောပေါ်တွင် နာမည်ကြီးနေသည်။
လော့ရန်က ဟွမ်ခြောက်၏ ကျင့်ကြံခြင်းနည်းစနစ်ကို လေ့လာပြီး တိုးတက်လာသည်။ သူက ခေါင်းသုံးလုံးလက်ခြောက်ဖက် မရှိသော်လည်း လက်လေးဖက်ကို ထုတ်ဖော်နိုင်ပြီး ခွန်အားတိုးလာသည်။
သူက ဟွမ်ခြောက်၏ညီငယ်လေးအဖြစ် ခံယူထားပြီး ဟွမ်ခြောက်မတိုက်ခိုက်ခင် အရင်တိုက်ခိုက်လိမ့်မည်။
ဟန်မူယဲ့ကတော့ အားလပ်နေသည်။
သို့သော် ဟန်မူယဲ့က ဟွမ်ခြောက်၏ညီလေးဖြစ်ကြောင်း လူတိုင်းသိနေသောကြောင့် သူ့ကို မည်သူမှ ပြဿနာလာမရှာကြပေ။
တစ်လနှင့်တစ်ဝက်အကြာတွင် မြေအောက်မြစ်သင်္ဘောက ဖြည်းဖြည်းချင်း နှေးကွေးလာသည်။
“ရှေ့မှာရှိနေတာက ရွှမ်မင်ကျွန်းပဲ။ တော်ဝင်မြို့တော်ကိုသွားဖို့ အဲဒီကျွန်းရဲ့ ရေလက်ကြားကနေ ဖြတ်သွားရမယ်”
“ရှေ့ဆက်ရမယ့်ခရီးက ပိုအန္တရာယ်များတယ်။ ငါတို့က တခြားသင်္ဘောတွေနဲ့ ပူးပေါင်းဖို့လိုတယ်”
ဤခရီးနှင့် ရင်းနှီးနေသော ကျင့်ကြံသူတစ်ယောက်က ပြောပြလိုက်သည်။
အမှန်ပင်ဖြစ်သည်။ ရှေ့တွင် ကျွန်းတစ်ကျွန်း ပေါ်လာသည်။
ထိုကျွန်းပေါ်တွင် အစိမ်းရောင်တချို့ကို မြင်နိုင်သည်။
ကျွန်း၏အပြင်ဘက်တွင် ဤသင်္ဘောနှင့်ဆင်တူသော တခြားသင်္ဘောများ ရှိနေကြသည်။
သူတို့အားလုံးက ပေသုံးထောင်ရှည်လျားပြီး ရွက်တိုင်ဆယ့်ရှစ်ခုစီ ရှိကြသည်။
ဟန်မူယဲ့က ထိုသင်္ဘောများကို ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။
မြေအောက်မြစ်လှေသမားကလန်သည် သူထင်ထားသည်ထက် ပိုအားကောင်းသည်။
သို့သော် ခယ်ရွှယ်၏ ရွက်တိုင်သန့်စင်ခြင်းနည်းလမ်းကို ပြန်တွေးမိသောအခါတွင် သူက စိတ်သက်သာသွားသည်။
မြေအောက်မြစ်လှေသမားကလန်၏ စွမ်းအားသည် မရေမတွက်နိုင်သော ကလန်သားများ၏စတေးမှုမှ ဖြစ်ပေါ်လာသည်။
မရေမတွက်နိုင်သော မျိုးဆက်များ၏ ခွန်အားစုဆောင်းမှု ဖြစ်သည်။
မြေအောက်မြစ်တွင် ခယ်ရွှယ်ကဲ့သို့ ကလန်သားများက ရွက်တိုင်များကို ဆက်တိုက်သန့်စင်နေကြသည်။
“တာအိုရောင်းရင်းဟွမ်၊ ကျွန်းပေါ်မှာ ကုန်ပစ္စည်းရောင်းချပွဲ ရှိတယ်။ ဝင်ပါဖို့ စိတ်ဝင်စားလား”
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။
သူ့နာမည်က ယွီဝမ်ဖြစ်ပြီး သင်္ဘော၏ လှေသမားတစ်ယောက် ဖြစ်သည်။
သူက ခယ်ယန်နှင့်စကားပြောပြီး ဟွမ်ခြောက်နှင့် ဟန်မူယဲ့၏ အခကြေးငွေကို ပယ်ဖျက်ခဲ့သည်။
သင်္ဘောပေါ်တွင် ဟွမ်ခြောက်က အစွမ်းပြထားသောကြောင့် လူတိုင်းက သူ့ကို မှတ်မိနေကြသည်။
ယွီဝမ်ကလည်း ဟွမ်ခြောက်နှင့် အကြိမ်ရေအနည်းငယ် စကားပြောဖူးပြီး ဟွမ်ခြောက်အမဲလိုက်ထားသော မြေအောက်မြစ်သားရဲကို ရရှိခဲ့သည်။
ယွီဝမ်၏စကားကို ကြားလိုက်ရသောအခါတွင် တခြားလူများက အားကျနေကြသည်။
မြေအောက်မြစ်တွင် လှေသမားများက အလုံးစုံထိန်းချုပ်ထားနိုင်သည်။
ဟွမ်ခြောက်က ခွန်အားသန်မာသောကြောင့် လှေသမားတစ်ယောက်က ဖိတ်ခေါ်ခဲ့သည်။
ဟွမ်ခြောက်က ခပ်ဟဟရယ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် ခေါင်းညိတ်၍ သဘောတူလိုက်သည်။