အခန်း (၉၉၉)
Vol. 72 Ch. 999
လူသန်ကြီးက လက်ထဲတွင်ရှိသော ကျောက်စိမ်းကို ဖြည်းဖြည်းချင်း ညှစ်လိုက်သည်။
တာအိုတန်ခိုးရှင်က မျှော်လင့်ချက်ကင်းမဲ့သွားသည်။
သူ့ဝိညာဉ်နှင့် ပေါင်းစပ်နေသော အံ့ဖွယ်ကျောက်စိမ်း ပြိုကွဲသွားခဲ့လျှင် သူ့ဝိညာဉ်လည်း ပျက်စီးသွားလိမ့်မည်။
“နေအုံး”
ထိုအချိန်တွင် အသံတစ်သံ ထွက်လာသည်။
ပတ်ဝန်းကျင်တွင်ရှိသော လူများက လမ်းဖယ်ပေးလိုက်ပြီး ဟန်မူယဲ့ကို ပြသသည်။
အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် မျက်လုံးပြူးသွားသည်။
“ခေါင်းဆောင်တောက်ရင်၊ မတွေ့ရတာ ကြာပြီပဲ”
ဟန်မူယဲ့က တာအိုတန်ခိုးရှင်ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ညင်သာစွာပြောသည်။
အံ့ဖွယ်ကိုးပါးတောင်၏ မီးမျိုးဆက် ခေါင်းဆောင်တောက်ရင်၊ ခရမ်းရောင်မီးတောက်ဓား၏ ပိုင်ရှင်ဟောင်း ဖြစ်သည်။
နှစ်ပေါင်းနှစ်ထောင် ကြာမြင့်သွားခဲ့သည်။ ယခုအချိန်တွင် ခေါင်းဆောင်တောက်ရင်က အိုမင်းနေပြီး သက်တမ်းကုန်လုနီးပါး ဖြစ်နေသည်။
“မင်းက သူ့ကို မှတ်မိတာလား”
“ဟားဟား၊ ကောင်းတယ်။ မင်းက ဒီကျောက်စိမ်းကို ဝယ်ချင်လား”
အံ့ဖွယ်ကျောက်စိမ်းကို ဆုပ်ကိုင်ထားသော လူသန်ကြီးက မျက်လုံးများ တောက်ပသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဘန်း”
လက်သီးတစ်လုံးက သူ့မျက်နှာကို ထိုးချလိုက်သည်။
ဟွမ်ခြောက်က လူသန်ကြီး၏မျက်နှာကို ချိုင့်ဝင်သွားအောင် ထိုးချလိုက်သည်။ ထို့နောက် ကျောက်စိမ်းကို လှမ်းယူသည်။
“ခေါင်းဆောင်ကို နှစ်ပေါင်းရာချီအောင် မတွေ့ရလို့ အံ့အားသင့်နေခဲ့တာ။ မြေအောက်မြစ်မှာ ရောက်နေတာပဲ”
ဟွမ်ခြောက်က အံ့ဖွယ်ကျောက်စိမ်းကို ခေါင်းဆောင်တောက်ရင်ဆီသို့ ပေးလိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောသည်။
“ခေါင်းဆောင်ရဲ့သက်တမ်းက ဘာဖြစ်လို့ လျော့နည်းနေတာလဲ”
ခေါင်းဆောင်တောက်ရင်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ခါစ ဖြစ်သည်။ သူက သူတော်စင်တစ်ဝက်အဆင့်နှင့် ဝေးကွာနေသေးသည်။
ဟွမ်ခြောက်၏စကားကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က စိတ်ဓာတ်ကျနေသောမျက်နှာထားဖြင့် ခေါင်းခါသည်။
ခေါင်းဆောင်တောက်ရင်သည် အံ့ဖွယ်ကိုးပါးတောင်၏ ကျွမ်းကျင်သူကြီးတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် သူမသိလိုက်ပဲ မျိုးဆက်သစ်များက သူ့ကို ဖြတ်ကျော်သွားကြသည်။
သူက ပါရမီမထူးချွန်ပေ။ ထို့အပြင် ကောင်းကင်တစ်ဝက်အဆင့်၌ အချိန်ဖြုန်းမိခဲ့သည်။
ယခု နှစ်ပေါင်းနှစ်ထောင်အကြာတွင် သူ၏ ကျင့်ကြံဆင့်က ရပ်တန့်သွားပြီး သက်တမ်းကုန်လုနီးပါး ဖြစ်နေသည်။
“သေစမ်း၊ မျိုးမစစ်”
ဟွမ်ခြောက်၏ လက်သီးချက်ကို ခံယူလိုက်ရသော လူသန်ကြီးက ဟိန်းဟောက်လိုက်ပြီး ခုန်ဝင်လာသည်။
ဟွမ်ခြောက်က မျက်တောင်ပင်မခတ်ပေ။
“ဘန်း”
လော့ရန်က ထိုလူကို တစ်ချက်တည်း ကန်ချလိုက်သည်။
ထို့နောက် ဖုန်းရီ၊ တာအိုတန်ခိုးရှင်ရှစ်ယွမ်နှင့် တခြားလူများ ပြေးထွက်လာကြသည်။
‘သူတို့က မြေအောက်မြစ်မှာ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်နေကြတာလား’
ပတ်ဝန်းကျင်တွင်ရှိသော လူများက ဝင်မပါချင်သောကြောင့် လျင်မြန်စွာ လူစုခွဲလိုက်ကြသည်။
မြေအောက်မြစ်တွင် ရုပ်ခန္ဓာစွမ်းအားနှင့် ဝိညာဉ်စွမ်းအားကိုသာ အသုံးပြုနိုင်သည်။ လက်သီးချက်နှင့် ခြေကန်ချက်များသည် ကျင့်ကြံခြင်းထက် ပိုကောင်းသည်။
လူသန်ကြီးက ဆက်တိုက်ရိုက်နှက်ခံရပြီး လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
အကယ်၍ သူထွက်မပြေးခဲ့လျှင် လည်ပင်းရိုးကျိုးသွားလိမ့်မည်။
ခေါင်းဆောင်တောက်ရင်က အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
သူက မျက်နှာဖုံးတပ်ပြီး မိစ္ဆာကျင့်ကြံသူတစ်ယောက်အဖြစ် ဝတ်ဆင်ထားသော်လည်း ခေါင်းဆောင်တောက်ရင်၏ မျက်လုံးထဲတွင် တက်ကြွသောလူငယ်လေးတစ်ယောက် ဖြစ်နေသည်။
“မြေအောက်မြစ်က ငါ့လိုမျိုး မျှော်လင့်ချက်မရှိတဲ့ ကျင့်ကြံသူတွေအတွက်ပဲ။ မင်းရဲ့ ကျင့်ကြံခြင်းက တည်ငြိမ်တယ်လေ။ ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ”
ဟန်မူယဲ့၏ ကျင့်ကြံခြင်းနှင့်ဆိုလျှင် သက်တမ်းတိုသွားရန် အကြောင်းမရှိပေ။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်တွင် ဟန်မူယဲ့က ဓားတာအိုဘိုးဘေးတစ်ယောက် ဖြစ်ခဲ့သည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
“ပြန်သွားပြီး ပြောကြရအောင်”
ခေါင်းဆောင်တောက်ရင်က လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာတွင် မြေအောက်မြစ်သို့ ရောက်လာခဲ့သည်။
သူက တခြားကမ္ဘာများတွင် လှည့်ပတ်သွားလာပြီး မြေအောက်မြစ်တွင် ပြန်လည်ရှင်သန်ခြင်းနည်းလမ်း ရှိသည်ဟု ကြားခဲ့သည်။ သူက စိတ်ဝင်စားသွားခဲ့သည်။
“ဒီဘဝမှာ ငါက နောင်တနဲ့ ဂုဏ်ကျက်သရေတွေ ရှိခဲ့တယ်။ ဒီဘဝရဲ့ မှတ်ဉာဏ်တွေနဲ့ မခွဲခွာနိုင်ဘူး။ ငါက ထပ်ပြီး ကျင့်ကြံချင်ရုံပါ”
ခေါင်းဆောင်တောက်ရင်က ဟွမ်ခြောက်နှင့် ဟန်မူယဲ့ကို တွန့်ဆုတ်စွာ ကြည့်သည်။
အံ့ဖွယ်ကိုးပါးတောင်တွင် ကိုယ့်ကိုယ်ကိုယ် စတေးခြင်း၊ ဂိုဏ်းမှ ထွက်သွားခြင်း၊ ဂိုဏ်းသို့ ပြန်ရောက်လာပြီး သေသည်အထိ တိုက်ခိုက်ခြင်း။ ခေါင်းဆောင်တောက်ရင်က ထိုကိစ္စများအတွက် နောင်တမရခဲ့ပေ။
နောက်ပိုင်းတွင် အနောက်ဘက်နယ်စပ်ကုန်းမြေက တိုးတက်လာသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နံပတ်တစ်ဓားဂိုဏ်း ဖြစ်လာခဲ့သည်။ ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်ပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ နံပတ်တစ်ူဓားကျင့်ကြံသူ ဖြစ်လာသည်။
ဟွမ်ခြောက်က ကောင်းကင်နင်းခြေမိစ္ဆာသူတော်စင် ဖြစ်နေခဲ့သည်။
ခေါင်းဆောင်တောက်ရင်နှင့် ဓားဂိုဏ်း၏ အကြီးအကဲများက အကျိုးအမြတ်ကို ခံစားရပြီး အဆင့်မြင့်လာခဲ့ကြသည်။ သူတို့က နေရာတိုင်းတွင် လေးစားခံရပြီး သူတို့ကို ရန်ပြုရဲသောလူ မရှိပေ။ သူတို့က ကျင့်ကြံခြင်းအရင်းအမြစ်များကိုလည်း စိတ်ကြိုက်သုံးစွဲနိုင်ခဲ့သည်။
သို့သော် တစ်ခါတလေတွင် ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များက မလုံလောက်ပေ။
ခေါင်းဆောင်တောက်ရင်နှင့် ထို့ပါ့ချန်က ကောင်းကင်အဆင့်တွင် ဖြစ်ကြသည်။
ကံကောင်းစွာဖြင့် ထို့ပါ့ချန်က အင်မော်တယ်ကမ္ဘာအဖြစ် အဆင့်တက်သွားသောအချိန်နှင့် ကြုံတွေ့ခဲ့ရသည်။ သူက အင်မော်တယ်ချီစွမ်းအင်၏ အကူအညီဖြင့် ကျင့်ကြံဆင့် မြင့်တက်လာသည်။
ခေါင်းဆောင်တောက်ရင်က တခြားကမ္ဘာသို့ ထွက်သွားသောကြောင့် ထိုအခွင့်အရေးနှင့် လွဲချော်သွားသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာက အင်မော်တယ်ကမ္ဘာအဖြစ် အဆင့်တက်သွားကြောင်း ဟန်မူယဲ့က ပြောလိုက်သောအခါတွင် ခေါင်းဆောင်တောက်ရင်က စိတ်ရှုပ်သွားသည်။ ထို့နောက် ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါလျက် တီးတိုးရေရွတ်သည်။
ဟန်မူယဲ့က အင်မော်တယ်ကျောက်တုံးနှင့် နတ်စွမ်းအားသလင်းကျောက်တချို့ကို ထုတ်ယူပြီး ခေါင်းဆောင်တောက်ရင်ကို ပေးလိုက်သည်။
သူ့အမြင်တွင် ခေါင်းဆောင်တောက်ရင်က ရတနာများကို မလိုအပ်ပေ။ နှလုံးသားထဲတွင် တွန်းအားပျောက်ဆုံးနေခြင်း ဖြစ်သည်။
“ခေါင်းဆောင်၊ စိတ်မပူပါနဲ့။ ကျွန်တော်တို့က တော်ဝင်မြို့တော်ကို သွားတဲ့ခရီးမှာ အခွင့်အရေးတွေ ရှာတွေ့လိမ့်မယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။
ဟွမ်ခြောက်က ခေါင်းဆောင်တောက်ရင်ကို သင်္ဘောပေါ်တွင် နေနိုင်ရန် စီစဉ်ပေးခဲ့သည်။ သူ၏ လက်ရှိဂုဏ်သတင်းနှင့်ဆိုလျှင် စကားအနည်းငယ်ပြောရန်သာ လိုအပ်သည်။
ဟန်မူယဲ့က ထိုကိစ္စများကို ဂရုမစိုက်ပေ။ သူက ဝင်္ကပါကို အသက်သွင်းပြီး ဓားတိုလေးကို ထုတ်ယူသည်။
ဓားတိုလေးသည် သံချေးတက်နေပုံပေါ်သည်။ သူက ဓားရိုးကိုကိုင်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။ ဓားက အသိစိတ်ကို မပိုင်ဆိုင်တော့ပေ။
ထိုသို့ ရှေးကျသောဓားမျိုးသည် ဝိညာဉ်စွမ်းအား ပျောက်ဆုံးနေလိမ့်မည်။
သို့သော် ဟန်မူယဲ့က မတူညီသောအရာတစ်ခုကို ရှာတွေ့ထားသည်။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သူ့စိတ်နယ်ပယ်ထဲတွင်ရှိသော မူလဝိညာဉ်ဓားက ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ဓားဆန္ဒတစ်ခုကို ခွဲထုတ်၍ ဓားတိုထဲသို့ ဝင်ရောက်သွားသည်။
“ဝီ”
ဓားတိုက တုန်ခါနေပြီး သံချေးတက်နေသောအပိုင်းများ ကွာကျလာသည်။ ဓားက ပျက်စီးသွားတော့မည်ဟု ထင်ရသည်။
ဓားဆန္ဒ ထည့်သွင်းလိုက်သောအချိန်တွင် ဟန်မူယဲ့က ပုံရိပ်များကို မြင်ရသည်။
ရွှေရောင်မီးတောက်တစ်ခု ပေါ်ထွက်လာသည်။
“ဘုန်း”
ကောင်းကင်မီးတောက် ဖြစ်သည်။
လောကကို လောင်ကျွမ်းစေနိုင်သော မီးတောက်သည် အဆုံးအစမရှိသော ရေလှိုင်းတစ်ခုနှင့် ထိတွေ့သွားသည်။
ရေနှင့်မီးက ယှဉ်ပြိုင်နေသည်။ ဓားအလင်းနှင့် ဓားမော့အလင်းများ ဖြတ်သန်းသွားကြသည်။ မရေမတွက်နိုင်သော စွမ်းအားများက ထိတွေ့နေပြီး လေဟာနယ်ကို တုန်ခါသွားစေသည်။
ထိုစွမ်းအားများအားလုံးသည် ဟန်မူယဲ့ကို ရင်တုန်သွားစေသည်။
ထိုစွမ်းအားများကို မခုခံနိုင်သောကြောင့် သူ့နှလုံးသား၏အောက်ခြေမှ ရောက်လာသော ကြောက်ရွံ့မှု ဖြစ်သည်။
“ရွှပ် ....”
ဓားအလင်းကြောင့် ပေသိန်းချီမြင့်မားသော ရွှေရောင်ချပ်ဝတ်နှင့် ခန္ဓာကိုယ်သည် ပိုင်းဖြတ်ခံလိုက်ရပြီး ပြုတ်ကျလာသည်။
ခန္ဓာကိုယ်က ဘုန်းခနဲ တစ်ပိုင်းတစ်စစီဖြစ်ပြီး ကုန်းမြေအစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားသည်။
“ဝှစ် ....”
အဝေးတစ်နေရာတွင် လှံရှည်တစ်ချောင်း ပေါ်ထွက်လာသည်။
ထိုလှံရှည်က လေထုထဲတွင် သွေးမိကျောင်းပုံရိပ်ကို ထုတ်ဖော်သည်။
သွေးမိကျောင်းပုံရိပ်က ပျက်စီးသွားပြီး ဓားတိုလေးနှင့်အတူ ပြုတ်ကျလာသည်။
ဓား၏မှတ်ဉာဏ် ပျောက်ဆုံးသွားတော့မည့်အချိန်တွင် ဟန်မူယဲ့က ကောင်းကင်နှင့်မြေကြီးအား လွှမ်းခြုံသွားသော နတ်ဘုရားအလင်းကို မြင်ရသည်။
မြင့်မားသော သစ်ပင်ကြီးတစ်ပင်သည် ကျယ်လောင်စွာအသံပေးလျက် လဲကျလာသည်။
အားပေးသံများကို ကြားရသည်။
ထိုအသံများက မှုန်ဝါးနေပြီး “ပြီးသွားပြီ” “ငါတို့ အသက်ရှင်ပြီ”ဟု ပြောနေပုံရသည်။
မရေမတွက်နိုင်သော အလင်းတန်းများသည် နတ်ဘုရားအလင်းဆီသို့ တိုးဝင်သွားကြသည်။ ကျွမ်းကျင်သူများက နတ်ဘုရားအလင်းကို ဖျက်ဆီးရန် ကြိုးစားနေကြသည်။
“ဂျွတ်”
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားတိုလေးက ပျက်စီးသွားသည်။
သို့သော် ဟန်မူယဲ့က ဂရုမစိုက်ပေ။ သူ့မျက်လုံးများက မှော်စွမ်းအားကို သယ်ဆောင်ထားသကဲ့သို့ နက်ရှိုင်းစွာ တောက်ပနေသည်။
ပျက်စီးခြင်းစွမ်အားတစ်ခုသည် သူ့ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာသည်။
ထိုစွမ်းအား ပေါ်လာသောအချိန်တွင် သူ့ပတ်ဝန်းကျင်တွင်ရှိသော တာအိုအလင်းရောင်က ဘန်းခနဲ ပျက်စီးသွားသည်။
ခန္ဓာကိုယ်ထဲတွင်ရှိသော အားကောင်းသည့် သွေးစွမ်းအားကလည်း ထိုစွမ်းအားကို မခုခံနိုင်ခဲ့ပေ။
ချက်ချင်းဆိုသလိုပင် သူ့ဝိညာဉ်က ခြောက်သွေ့သွားတော့မည်ဟု ထင်ရသည်။
“အမ်”
အသံတစ်သံ ပေါ်ထွက်လာသည်။
“မင်းက ကပ်ဘေးစွမ်းအားကို ချောင်းကြည့်ရဲတယ်လား”
ထိုအသံက စမ်းစုချင်ပုံပေါ်သည်။ ထို့နောက် ဟန်မူယဲ့သန့်စင်ထားခဲ့သော မြေအောက်မြစ်စွမ်းအားက ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသည်။
ထိုစွမ်းအားက ထူးခြားသောစွမ်းအားကို ဆွဲယူလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသည်။
“ကောင်လေး၊ လောကမှာ အသန်မာဆုံးစွမ်းအားက ကပ်ဘေးစွမ်းအားပဲ။ မင်းရဲ့ခန္ဓာကိုယ် ပျက်စီးမသွားတာ တကယ်ကံကောင်းတယ်။ နောက်ကျရင် ဒီစွမ်းအားနဲ့ မပတ်သတ်မိစေနဲ့”
ထိုအသံက ထပ်မံပေါ်ထွက်လာပြီး ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ပြောသည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲအင်မော်တယ်ဘုရင်”
အင်မော်တယ်ဘုရင် မင်ဟယ် ....
သူကသာ ရုပ်ခန္ဓာနှင့်ဝိညာဉ် ပျက်စီးတော့မည့် ဟန်မူယဲ့ကို ကယ်တင်နိုင်သည်။
ထိုစွမ်းအားသည် ကပ်ဘေးစွမ်းအား ဖြစ်သည်။
ကပ်ဘေးပေါ်ထွက်လာမည့်အချိန်ကို အတိအကျ မခန့်မှန်းနိုင်ပေ။ သို့သော် နှစ်ပေါင်းဆယ်သန်းတွင်တစ်ကြိမ် ဖြစ်လေ့ရှိသည်။
ထိုစွမ်းအားသည် လောကတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ပြိုလဲစေသည်။ ထို့နောက် လောကသစ်တစ်ခုကို ဖန်တီးသည်။
ဟန်မူယဲ့က ယခင်ကပ်ဘေး၏မြင်ကွင်းကို မြင်လိုက်ရသောကြောင့် ကပ်ဘေးစွမ်းအားကို ဆွဲဆောင်မိခဲ့သည်။ သူ့ဝိညာဉ်နှင့် ရုပ်ခန္ဓာက ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ထိတ်လန်နေ့သည်။
‘အဲဒါက ဘယ်လိုစွမ်းအားမျိုးလဲ။ ကပ်ဘေးရဲ့ရှေ့မှာ အင်မော်တယ်ဘုရင်တွေကတောင် ပုရွက်ဆိတ်လိုပဲ’
ရွှေရောင်ချပ်ဝတ်နှင့် ဧရာမရုပ်ခန္ဓာကြီးများကသာ ကပ်ဘေးကို ခုခံနိုင်ကြသည်။
သို့သော် သူတို့ကလည်း ကပ်ဘေးနှင့် ရင်ဆိုင်ရန်အတွက် တခြားလူများ၏စွမ်းအားကို ဝါးမြိုရန်လိုအပ်သည်။
ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ သူ၏ လက်ဖျားတွင် စွမ်းအားနှစ်ခု သွယ်ယှက်နေသည်။
တစ်ခုက သစ်ပင်များ၏စွမ်းအားကို သယ်ဆောင်ထားသော အစိမ်းရောင် ဖြစ်သည်။
နောက်တစ်ခုက ယိုယွင်းခြင်းစွမ်းအား၊ ကပ်ဘေးစွမ်းအား ဖြစ်သည်။
ဟန်မူယဲ့က ခန္ဓာကိုယ်ထဲသို့ ရောက်လာသော ကပ်ဘေးစွမ်းအားကို သုံးသပ်ပြီး နားလည်နိုင်ခဲ့သည်။