ကောင်းကင်ဘုရင်စံအိမ်မှ လမ်းလျှောက် ထွက်လာခြင်း
Vol. 91 Ch. 4.881
လူခုနစ်ဦးသည် ခန်းမအပြင်ဘက်ဆီသို့ သတိကြီးကြီးဖြင့် လျှောက်လာနေကြဆဲ ဖြစ်သည်။
တံဆိပ်ပြား တစ်ခုရှိသော်လည်း လက်ရှိ ကောင်းကင်ဘုရင်စံအိမ်သည် နှစ်ပေါင်းများစွာ အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီး မကောင်းသော ရောင်ဝါ၏ ကျူးကျော် ဝင်ရောက်ထားမှုကြောင့် နားမလည်နိုင်သော အပြောင်းအလဲများကို ကြုံတွေ့နေရပြီ ဖြစ်သည်။
တံဆိပ်ပြား ရှိရဲ့သားနဲ့ ကောင်းကင်ဘုရင် စံအိမ်ထဲမှာ သေသွားခဲ့ရင် ဒါက တကယ့်ကို ရယ်စရာကြီး ဖြစ်သွားလိမ့်မည်။
ကောင်းကင်ဘုရင် စံအိမ်တော်၏ အပြင်ဘက်တွင်တော့ ဇွဲကောင်းလှသော မိန်းကလေးငါးယောက်ဟာ စောင့်နေကြဆဲ ဖြစ်သည်။ စံအိမ်ကြီးကို ကြည့်နေတဲ့ မျက်လုံးတွေက မျက်ရည်တွေ စီးကျနေကာ နီရဲ ရောင်ရမ်းနေကြလေသည်။
"အား!"
ဟုန်ရှန်ယင်း ရုတ်တရက် ထအော်လိုက်သည်။ သူမရဲ့ ရုတ်တရက် ထအော်သံကြောင့် တခြား မိန်းကလေး လေးယောက်လည်း လန့်ဖျပ်သွားကြသည်။
"ဆရာပဲ.... သူ မသေသေးဘူး... ဆရာ မသေသေးဘူး....ငါ ဝိညာဉ်ဖြတ်ဓားကို ထပ်ပြီး ခံစားရပြီ"
"ဝိညာဉ်ဖြတ်ဓား?"
"အင်း ရုတ်တရက် ပြန်ပေါ်လာတယ်!"
"ကြည့်လိုက်!"
ချွန်ရှောင်းလည်း အော်ဟစ်လိုက်ပြီး ကောင်းကင်ဘုရင် စံအိမ်ဘက်သို့ ညွှန်ပြလိုက်သည်။ ကောင်းကင်ဘရင်စံအိမ်၏ ကောင်းကင်ထက်၌ ထွန်းလင်း တောက်ပနေသော အလင်းရောင်ကို မြင်လိုက်ရသည်။ ထိုအလင်းတန်းများကြားမှ ရုပ်ပုံ၇ခု ထွက်ပေါ်လာလေသည်။
ဤမြင်ကွင်းသည် လူများစွာ၏ အာရုံကို တခဏအတွင်း ဆွဲဆောင်သွားနိုင်ခဲ့ပြီး ဤနေရာကို သတိပြုမိသူတိုင်းသည် ကောင်းကင်ဘုရင်၏ စံအိမ်ဆီသို့ အမြန် ပြေးထွက်လာကြသည်။
ဟုန်ရှန်ယင်းတို့ ကောင်မလေး ငါးယောက်တို့သည်လည်း လျင်မြန်စွာ ပြေးတက်ကြသည်။ ကောင်းကင်ဘုရင် စံအိမ်၏ အလင်းတံတားပေါ်မှ လူခုနစ်ဦး လျှောက်ထွက်လာတာကို တွေ့လိုက်ကြရပြီးနောက် အလင်းတံတားက ပျောက်ကွယ်သွားသည်။
ကျင့်ကြံသူ အုပ်စုကြီးသည် လူခုနစ်ယောက်ကို ဝိုင်းရံလိုက်ကြကာ ကြောက်မက်ဖွယ်ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ သတိအပြည့်နှင့် ကြည့်နေကြသည်။
ကောင်းကင်ဘုရင် စံအိမ်တော်မှ ထွက်သွားပြီးနောက် လုရွှမ်တို့ ခုနစ်ဦးမှာ မယုံကြည်နိုင် ဖြစ်နေကြဆဲ ဖြစ်သည်။ ရင်းနှီးပြီးသား ပတ်ဝန်းကျင်ကို ကြည့်ရင်း ခြေဖဝါးအောက်က ခိုင်မာတဲ့ မြေပြင်ကို မြင်လိုက်သောအခါ မျက်ရည်တွေက ပါးပြင်ပေါ် လိမ့်ဆင်းလာပြန်လေသည်။
"ဆရာ!"
အမျိုးသမီးငါးဦး လူစုလူဝေးကို ဖြတ်၍ ပြေးထွက်လာကြသည်။
"ဆရာအသက်ရှင်လျင် ပြန်လာမယ်ဆိုတာ တပည့်တို့သိသားပဲ!"
ဟုန်ရှန်ယင်းနဲ့ တခြားမိန်းကလေးတွေဟာ လုရွှမ်ရှေ့က ယောက်ျားမိန်းမတွေရဲ့ အကာအကွယ်ကို လုံးဝ လျစ်လျူရှုပြီး လုရွှမ်ရဲ့ ရင်ခွင်ထဲကို ပြေးဝင်သွား၏။ အနီးနားရှိ လူတိုင်း အံ့အားသင့်သွားကြသော်လည်း လုရွှမ် လုံးဝ ဂရုမစိုက်ဘဲ မိန်းကလေးများကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားလိုက်သည်။
သူတို့၏ ရင့်ကျက်သော အမူအရာကို ကြည့်လိုက်ရင် ဤရက်များအတွင်း သူတို့ဘယ်လောက် ဝမ်းနည်းကြောင်း သိလိုက်သည်။
လော့ရှန်းနှင့် အခြားသူများသည် လုရွှမ်နှင့် သူ့တပည့်များ၏ အသွင်အပြင်ကို မြင်သောအခါ နှလုံးသားထဲက တုန်လှုပ်သွားကြသည်။ ကောင်းကင်ဘုရင်၏ စံအိမ်တွင် တွေ့ကြုံခဲ့ရသမျှကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရပြီး ကောင်းကင်ဘုံသခင် လုရွှမ်သည် အဘယ်ကြောင့် ဤကဲ့သို့ အထောက်အပံ့ကို ရနိုင်သည်ကို ကောင်းစွာ သိရှိခဲ့ကြသည်။
ဒါတွေအားလုံးက ရိုးသားမှုဖြင့်သာ ရရှိနိုင်တာတွေ ဖြစ်သည်။
ကောင်းကင်ဘုရင် စံအိမ်တော်မှ ထွက်လာသော လူခုနစ်ယောက်ကို လူတိုင်း သူတို့ကိုယ်တိုင် မျက်စိနှင့် အသေအချာ တွေ့လိုက်ကြသည်။ လူအုပ်ထဲမှာ လုရွှမ်ကိုပါ တွေ့လိုက်ရတာကြောင့် လူအုပ်ကြီးက စတင် ဆွေးနွေးလာကြလေ၏။
ဤလူများသည် ကောင်းကင်ဘုရင် စံအိမ်တော်ထဲမှ ပေါ်လာသော ထူးဆန်းသူများ မဟုတ်ဘဲ ကောင်းကင်ဘုရင် စံအိမ်သို့ အမှန်တကယ် ဝင်သွားပြီးမှ ပြန်ထွက်လာကြသူများ ဖြစ်ကြောင်း ဤအချက်က အတိအကျ ဖော်ပြနေသည်။
ဒါဟာ နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဘယ်သူမှ မလုပ်နိုင်ခဲ့သော အရာဖြစ်ပြီး ယနေ့ညတွင် အံ့ဖွယ်အမှုတစ်ခု ဖြစ်ပျက်လာခဲ့သည်။
"ဒါက သုံးရက်မြောက်ည ဖြစ်နေတာကိုး"
လုရွှမ် သက်ပြင်းချလိုက်ပြီး တစ်ရက်တောင် လွန်သွားခဲ့တာပဲဟု တွေးလိုက်သည်။ ထိုအခိုက် ချောင်းဆိုးသံ တစ်သံက လုရွှမ်နဲ့ မိန်းကလေး ငါးယောက်ကြား ဝင်နှောင့်ယှက်လိုက်သည်။
"မိတ်ဆွေလေးလုရွှမ်.... ပထမဆုံးအနေနဲ့ မင်းကောင်းကင်ဘုရင် စံအိမ်ကနေ ဘေးကင်းစွာလွတ်မြောက်ခွင့် ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်.... ဒုတိယအနေနဲ့ ငါမေးချင်တာက မင်းဘယ်လိုလုပ် လိုက်တာလဲ ကောင်းကင်ဘုရင် စံအိမ်ထဲမှာ လမ်းပျောက်နေခဲ့တဲ့ တခြားလူငယ်တွေကော ဘယ်လိုလဲ?
စကားပြောလာသူသည် မျှော်စင်နယ်ပယ်က သခင်တစ်ဦးဖြစ်ပြီး သူ၏အမူအရာမှာ အနည်းငယ် မာနကြီးသော်လည်း အံ့လည်းအံ့သြနေပုံရသည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လုရွှမ်သည် လူခြောက်ဦးနှင့် ဆွေးနွေးခဲ့ပြီးသား ဖြစ်သည်။
"အကြီးအကဲ... အဲဒါကို ပြောရရင် ကျွန်တော်တို့လည်း ကောင်းကောင်း မသိပါဘူး... ငါတို့ ကိုးယောက် အန္တရာယ်တွေ အတူတူရင်ဆိုင်ရင်း ရန်ဖြစ်ခဲ့ကြတယ်... အချိန်ကို လုံးဝ မေ့လုနီးပါး ဖြစ်နေတာ... ပြီးတော့ အခုနတုန်းက အလင်းတန်း တံတားက ကျွန်တော်တို့ကို ချီပြီး ပြန်လွှတ်ပေးလိုက်တာပါ”
အဘိုးအို၏ ပါးစပ်ထောင့်တွင် ဒေါသအရိပ်အမြွက် ထွက်ပေါ်လာပြီး မယုံချင်နေမှန်း သိသာလှသည်။
ဤအစီအစဥ်လေးဖြင့် ကောင်းကင်ဘုရင် စံအိမ်တော်မှ ရုန်းထွက်ရန် ကြိုးစားနေသော လူအနည်းငယ်နှင့် ကောင်းကင်ဘုံသခင် နယ်ပယ်တစ်ပါးဟာ လူမိုက်အလုပ်ကို လုပ်ခဲ့တာပဲ ဖြစ်လိမ့်မည်။
မျှော်စင်နယ်ပယ်က သခင်တွေ ဘယ်နှစ်ယောက်တောင် ကောင်းကင်ဘုရင်စံအိမ်ထဲ ဖောက်ထွင်း ဝင်ရောက်ခဲ့သလဲ သိသော်လည်း နောက်တစ်ကြိမ် ပြန်ထွက်လာခြင်းတော့ မရှိပေ။ သူတို့ ထွက်လာနိုင်ရင် လျှို့ဝှက်ချက် တစ်ခုခုကို ရှာတွေ့နိုင်မှာ သေချာတယ်လေ။
လုရွှမ်သည်လည်း ဤလူကြီး ဘာတွေးနေမှန်း သိသောကြောင့် မိုက်မဲသော စကားမပြောမိရန် သူတို့ခြောက်ယောက်ကို ထပ်ခါတလဲလဲ သတိပေးစကား ပြောခဲ့လေသည်။
သံသယဆိုတာ အမြစ်စွဲပြီး အညှောက်ပေါက်မယ့် မျိုးစေ့နဲ့တူပြီး အသိအမှတ် ပြုမှုတိုင်းဟာ ကြီးထွားမှုအတွက် အာဟာရဖြစ်လေသည်။
တံခါးဖွင့်ခဲ့ကြောင်း နည်းနည်း ပြောမိပြီးတာနဲ့ ကျန်တဲ့သူတွေက လိုက်လာလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့စကားကို ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး။ အနည်းဆုံး သူတို့ပြောပြတဲ့ အမှန်တရားကိုလည်း လုံးလုံး ယုံမှာ မဟုတ်ဘူး။
ဤသူတို့သည် မျှော်စင်နယ်ပယ်၏ သခင်များဖြစ်ကြပြီး အင်အားသုံး၍ လူ၆ယောက်ကို ကောက်ယူ စစ်ဆေးမေးမြန်းတာက ကစားနေသလိုသာ ရှိသည်။
"အစ်ကိုကြီးလုရွှမ်....ညီမတို့ ပြန်ကြရအောင်... အစ်မဟုန်ရှန်းယင်နဲ့ တခြားသူတွေက အစ်ကို့ကို ဒီမှာ သုံးရက်သုံးညလောက် စောင့်နေခဲ့ရတာ...."
အဲဒီအချိန်မှာ လီလင်ရှို့က ထွက်လာပြီး လုရွှမ်ရဲ့ လက်မောင်းကို ပွေ့ဖက်ပြီး ကြင်နာစွာ ပြောလိုက်လေသည်။ သူမရဲ့ အရှိန်အဝါကြောင့် အဘိုးအို၏ ခန္ဓာကိုယ် တုန်လှုပ်သွားကာ သူ့မျက်နှာပေါ်တွင် အရှက်အကွဲ အရိပ်အယောင်များ ပေါ်ထွက်ကာ အတင်းပြုံးပြ နှုတ်ဆက်ကာ လူအုပ်ကြားသို့ ဆုတ်သွားခဲ့သည်။
လုရွှမ်လည်း ပြုံးပြီး လီလင်ရှို့အား ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဟုန်ရှန်ယင်းနဲ့ သူ့တပည့်တွေက ဒီမှာ သုံးရက်နဲ့ သုံးညလောက် စောင့်နေခဲ့တာတဲ့လား။
"ကောင်းပြီ အရင်ပြန်ကြရအောင်"
လုရွှမ် ဆိုပြီးနောက် တျယ်ရှုံနဲ့ လော့ရှန်းကို လက်ဝှေ့ယမ်းပြလိုက်သည်။ လူတစ်စုသည် လူအုပ်ထဲမှ ထွက်သွားပြီး ကမ္ဘာ့နံပါတ် ၁ လက်နက် သန့်စင်ရေး အလုပ်ရုံသို့ ပြန်လာခဲ့သည်။ လက်နက် သန့်စင်ရေး အလုပ်ရုံသို့ ဝင်ရောက်ပြီးနောက် အခင်းအကျင်းဖြင့် ချက်ချင်း ပိတ်ချလိုက်သည်။
ထိုအခါမှ တျယ်ရှုံတို့လည်း သက်ပြင်းရှည်ကြီး ချလိုက်ကြသည်။
"အဲဒီလူတွေကို မင်းတွေ့လိုက်လား... ဒီလိုမျိုး ကြည့်နေတာ... ငါတို့ကို ပြန်ခေါ်သွားပြီး အကြောင်းပြချက်ရှာဖို့ ညှဉ်းပန်းနှိပ်စက် ချင်နေတာလား မသိဘူး"
တခြားလူများကလည်း လုရွှမ်သာ သူတို့ကို မလိုက်လာစေခဲ့လျှင် အပိုင်းပိုင်း ကွဲသွားပေလိမ့်မည်ဟု တွေးနေကြလေသည်။
၎င်းတို့ကို အရေးကြီးပုဂ္ဂိုလ်များ သို့မဟုတ် အကျဉ်းသားများအဖြစ် ပြန်လည်ခေါ်ဆောင်ခြင်း ရှိမရှိနှင့် ပတ်သက်၍ ပြောရလျှင် ထိုအရာက သူတို့၏ နောက်ခံနှင့် အင်အားအပေါ် မူတည်လေသည်။
"အစ်ကိုလုရွှမ်"
လုရွှမ် ပြုံးပြီးပြောလိုက်သည်။
"မင်းပြောစရာ မလိုပါဘူး... အဲဒီလူက တမင်ရိုက်ချခဲ့တာ မဟုတ်ဘူး သူက နည်းနည်း အသက်ကြီးနေပြီမလို့ စိတ်ရှုပ်နေတာ ဖြစ်လိမ့်မယ်.... နောက်ပြီး ငါလည်း အဆင်ပြေတယ် မဟုတ်လား"
ဟုန်ရှန်ယင်းသည် လူအနည်းငယ်ကို အနားယူဖို့ စီစဉ်ပေးလိုက်ကြသည်။ သူတို့အားလုံး အလွန်ပင် ပင်ပန်းခဲ့ကြပြီလေ။
ဟုန်ရှန်ယင်း ပြန်လာသောအခါ လုရွှမ်ရဲ့ မျက်နှာက လေးနက်နေတာကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် လည်ဆွဲများစွာကို ကိုင်ဆောင်ထားပြီး ၎င်းတို့အားလုံးသည် မကြာသေးမီက ပြုလုပ်ထားပုံရကာ အတွင်းတွင် ခရမ်းရောင် မီးတောက်များ ရှိနေသလို လင်းလတ်နေသည်။
"ဒါက မင်းတို့အတွက် ငါလုပ်ထားတဲ့ လည်ဆွဲပဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဝတ်ရမယ်.... တိကျတဲ့ အကြောင်းပြချက်တော့ ငါ မပြောနိုင်ပေမယ့် အမြဲတမ်းဝတ်ထားဖို့ သတိရ..."
ကောင်မလေးတွေက ဘာကြောင့်မှန်း မသိပေမယ့် ခေါင်းတညိတ်ညိတ်နဲ့ လည်ဆွဲတွေကို ဝတ်ဆင်လိုက်ကြသည်။ လုရွှမ် အကြောင်းအရာ တချို့ကို ရှင်းပြပြီးနောက် အခန်းထဲသို့ ပြန်သွားခဲ့သည်။ ရွှေကျီးကန်းသည်လည်း ကျောက်စိမ်းပြားထဲမှ ပြေးထွက်လာသည်။
"လုရွှမ်... သူတို့ထဲက တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဝိညာဉ်က သိမ်းသွားတာ သေချာလား? ငါတောင် သတိမထားမိဘူးကော"
လုရွှမ်ရဲ့ မျက်လုံးများက တည်ကြည်လေးနက်နေသည်။
"လုံးဝ မမှားဘူး!"