နှစ်ဝက်စာမေးပွဲ
Vol. 10 Ch. 15
ဒီနောက်ပိုင်းတော့ အချိန်တွေကုန်သွားလိုက်တာ မြန်လွန်းပြီး ကျောင်းမှာပထမနှစ်ဝက်တောင် ဖြေလို့ပြီးတော့မယ်။ တစ်ခုသော နေ့လယ်ခင်းမှာတော့ မက်ဒါနာက စာမေးပွဲဖြေမယ့်ကျောင်းသားတွေကို ကျောင်းရဲ့အလယ်က စုဝေးရာအရပ်ဆီခေါ်လိုက်ပြီး မိန့်ခွန်းပြောဖို့လုပ်ပါတယ်။ ကျောင်းသားရာချီကတော့ သူစကားပြောမယ့်စင်ရှေ့မှာ အစီအစဥ်တကျရပ်လို့ပေါ့။ မက်ဒါနာက သူမိန့်ခွန်းပြောရမယ့်သူတွေကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
“အားလုံးပဲ၊ တခြားဘာသာရပ်တွေအတွက် ရေးဖြေနဲ့လက်တွေ့စာမေးပွဲတွေ ပြီးဆုံးခဲ့ပါပြီ။ နောက်ဆုံးကျန်တဲ့ဘာသာရပ်ကတော့ လက်တွေ့တိုက်ပွဲပဲ။ ဒီနှစ်ဝက်အတွက် လက်တွေ့တိုက်ပွဲစာမေးပွဲကိုတော့ ဒီကျောင်းဝင်းထဲမှာပဲ ကျင်းပသွားဖို့ရှိပါတယ်။ ပြိုင်ပွဲခေါင်းစဥ်ကတော့ စစ်ပွဲပါ။”
ကျောင်းသားအများစုက နာမည်ကြားပြီးပြီးချင်းမှာပဲ ကျောချမ်းသလိုလို လက်တွေခြေတွေအေးစက်လာသလိုလို ခံစားရပါတယ်။ စစ်ပွဲဆိုတဲ့ စကားလုံးဟာ သူတို့အတွက် အဆန်းမဟုတ်ပါဘူး။ သူတို့ရဲ့ကမ္ဘာကြီးက အမြဲလိုလိုစစ်ဖြစ်ပွားနေခဲ့တာ။ ဒါပေမဲ့ စစ်ပွဲထဲမှာ ကိုယ်တိုင်ဝင်ပါရလောက်အောင်တော့ သူတို့အများစုက အသင့်မဖြစ်ကြသေးဘူး။
“အင်း၊ အများစုအတွက်ပေါ့။” မက်ဒါနာက တွေးပြီးတာနဲ့ လူအုပ်ထဲမှာ ထင်းထွက်နေတဲ့ လူတချို့ကိုကြည့်လိုက်တယ်။
ပထမနှစ်ကျောင်းသားတွေက အံ့ဩတုန်လှုပ်နေကြပေမဲ့ ရှေ့ဆုံးမှာရှိနေတဲ့ ဒုတိယနှစ်ကျောင်းသားတွေကတော့ ထူးဆန်းစွာနဲ့တိုက်ပွဲကို ဆာလောင်နေကြတဲ့ပုံပဲ။ မက်ဒါနာက ကျေနပ်စွာနဲ့ ခေါင်းညိတ်ဖို့လုပ်နေတဲ့အချိန်မှာပဲ သူ့မျက်လုံးတွေက ဒုတိယနှစ်က ခေါင်သုံးခေါင်ဆီကို ရောက်သွားတယ်။
“အမယ်၊ သူတို့သုံးယောက်ဆီကနေလည်း စစ်ပွဲကိုဆာလောင်တဲ့စိတ်မျိုး တွေ့ရသားပဲ။ ဒုတိယနှစ်တွေက ပထမနှစ်တွေလိုမျိုး ရွှေခေတ်မျိုးဆက်မဟုတ်ပေမဲ့ အလားအလာကောင်းတဲ့သူတွေရှိနေသေးတယ်။”
ဒုတိယနှစ်ရဲ့ခေါင်သုံးခေါင်ဆိုတာက ပထမနှစ်ရဲ့အထူးတန်းလိုပဲ ကျောင်းထဲမှာ လွှမ်းမိုးမှုရှိလာတဲ့ နာမည်တစ်ခုပါ။ ပထမနှစ်ကျောင်းသားသုံးယောက်ဖြစ်တဲ့ ဖီးလစ်၊ တာလီယာနဲ့ယုတိုတို့က သူတို့ကိုယ်သူတို့ ဒုတိယနှစ်ထဲမှာ ဗိုလ်တွေဖြစ်တဲ့အကြောင်းကို ဒီအချိန်အတွင်းမှာ ပြသနိုင်ခဲ့ပြီးပြီ။
ဖီးလစ်က အထူးတန်းကို ဆက်တိုက်စိန်ခေါ်နေခဲ့ပြီး စာမေးပွဲဖြေခါနီးအချိန်မှာပဲ A- ဖြစ်သွားတယ်။ တိုက်စစ်တစ်ခုတည်းမှာပဲ A ဖြစ်နေလို့ A တွေထဲမှာ အားအနည်းဆုံးဖြစ်ပေမဲ့ ကျောင်းပေါင်းစုံပြိုင်ပွဲဝင်မယ်ဆိုရင်တောင် ထိပ်ဆုံးဆယ်နေရာမှာ တစ်နေရာတော့ ရနိုင်တဲ့ဘောင်ထဲရှိတယ်။
ယုတိုနဲ့တာလီယာတို့ကလည်း C+ rankကို တရားဝင်ရောက်လာကြပြီ။ မက်ဒါနာက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပြီး မျက်လုံးကိုတစ်ခဏမှိတ်ထားလိုက်တယ်။ ပြီးတဲ့နောက်တော့ စာမေးပွဲအတွက် ဘာလုပ်ရမလဲဆိုတာကို စပြောပါတယ်။
“ဒီစာမေးပွဲမှာ မင်းတို့လုပ်ရမှာက တပ်ဖွဲ့နှစ်ခုခွဲပြီးတော့ တစ်ဖက်ရဲ့စခန်းကိုတစ်ဖက် သိမ်းဖို့လုပ်ရမယ်။ တပ်ဖွဲ့Aက ပထမနှစ်တွေဖြစ်ပြီးတော့ နှလုံးပုံရေကန်ရှိတဲ့ တောအုပ်ထဲမှာ စခန်းချရမယ်။ တပ်ဖွဲ့ Bက တိုက်ပွဲကွင်းပြင်ရှိတဲ့ တောအုပ်ထဲမှာ စခန်းချမယ်။”
မက်ဒါနာရဲ့စကားကို ကြားပြီးတဲ့နောက်မှာတော့ ယုတိုဘေးနားမှာရပ်နေတဲ့ တာလီယာက စိတ်ထဲထင့်ခနဲဖြစ်သွားပြီး ယုတိုကိုနောက်ကနေ တီးတိုးပြောလိုက်တယ်။
“သူတို့က အင်အားညီမျှအောင်အဖွဲ့မခွဲဘဲနဲ့ ပထမနှစ်နဲ့ဒုတိယနှစ်တွေဆိုပြီး ဒီအတိုင်းခွဲချလိုက်တာလား။ ပထမနှစ်က လူဦးရေခြောက်ဆယ်လောက်ပဲရှိတာဆိုပေမဲ့ အဲဒီအထူးတန်းပါနေသမျှ ပထမနှစ်တွေက သူတို့ကိုနိုင်မှာမဟုတ်ဘူး။”
ယုတိုကလည်း ခေါင်းညိတ်လိုက်တယ်။ အဲဒီီနောက်သူက မေးပွတ်သပ်ရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။ “အမှန်ပဲ၊ ပုံမှန်အားဖြင့်ဆိုရင်တော့ သာမန်ဒုတိယနှစ်တွေနဲ့အားနည်းတဲ့ အထူးတန်းက အဖွဲ့ဝင်တွေကို ငါမကြောက်ဘူး။ ဒါပေမဲ့ အီဗန် ဘလက်၊ လီဆာနဲ့ လီနာကို ငါတို့ဘယ်လိုလုပ်နိုင်မှာလဲ။”
“စိတ်မပူနဲ့...” ရုတ်တရက် သူတို့နှစ်ယောက်နဲ့ရှေ့နှစ်တန်းကျော်မှာရပ်နေတဲ့ ဖီးလစ်က ပြောလာပါတယ်။ သူက သူ့ရင်ဘတ်ကိုယ်သူ လက်မနဲ့နောက်ပြန်ထိုးပြလိုက်ရင်း ယုံကြည်ချက်အင်မတန်ပြင်းထန်နေတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
“အာကိုင်းဂါမီ နို ဂါမီရဲ့တပည့်ငါက ဒုတိယနှစ်တွေအကုန်လုံးကို ဗျင်းပေးမှာမလို့ စိတ်ပူစရာမရှိဘူး။”
ဒါပေမဲ့ တာလီယာနဲ့ယုတိုကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ဒီအရူးက ကျပ်ရောပြည့်ရဲ့လားလို့ တစ်ယောက်ကိုတစ်ယောက်မေးတဲ့ပုံစံမျိုး။ ပြီးတော့ အာကိုင်းဂါမီရဲ့တကယ့်တပည့်က သူမဟုတ်ဘူး။
စင်မြင့်ပေါ်မှာရှိနေတဲ့ မက်ဒါနာလည်း ကျောင်းသားတွေ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး သူ့စကားကိုနားမထောင်ကြတော့တာ သတိထားမိတယ်။ ဒါကြောင့် သူက ဟောပြောပွဲစင်ကို လက်နဲ့ပုတ်ပြီး အားလုံးသူ့ကို အာရုံပြန်စိုက်လာအောင်လုပ်တယ်။
ဘုန်း... ဘုန်း... ဘုန်း...
“တိတ်တိတ်နေကြစမ်း၊ ဒီမှာပြောစရရှိသေးတယ်။” မက်ဒါနာက ဒီလိုပြောပြီးတဲ့နောက် အသက်ကိုဝဝရှုသွင်းလိုက်ပြီး
“ဒုတိယနှစ်ခြောက်ဆယ်၊ ပထမနှစ်သုံးရာ။ မင်းတို့ရဲ့အရေအတွက်ကွာဟချက်က ခြောက်ဆပဲ။ ဒါပေမဲ့ပထမနှစ်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှာမဟုတ်မှန်း ငါသိပြီးသား။ ဒါပေမဲ့ မင်းတို့နှစ်ဖွဲ့က စစ်ပွဲတစ်ခုတည်းမှာရှိနေရုံနဲ့ အနိုင်ရဖို့အတွက် တူညီတဲ့ ရည်မှန်းချက်ရှိနေတယ်လို့ ဆိုလိုတာမဟုတ်ဘူး။”
မက်ဒါနာက ပြောနေရင်းကနေ လက်နှစ်ချောင်းကို ထောင်လိုက်တယ်။ အဲဒီနောက် ပထမလက်ချောင်းကို ပြန်သိမ်းလိုက်ပြီးပြောတယ်။
“ဒုတိယနှစ်တွေရဲ့စစ်ရေးရည်မှန်းချက်က ပထမနှစ်တွေကို အလုံးစုံချေမှုန်းဖို့။ ဒုတိယနှစ် ကျောင်းသားတစ်ယောက်က ပထမနှစ်တစ်ယောက်ကိုအနိုင်ယူနိုင်တိုင်းမှာ ငါးမှတ်ရမယ်။
ပထမနှစ်တွေရဲ့စစ်ရေးရည်မှန်းချက်က ရှင်သန်ဖို့ပဲ။စာမေးပွဲချိန် နှစ်နာရီအတွင်းမှာ တတ်နိုင်သလောက် အထုတ်မခံရအောင်၊ စခန်းတွေမကျအောင် ဂရုစိုက်ရလိမ့်မယ်။ ပထမနှစ် ကျောင်းသားတစ်ယောက်က စစ်ပွဲထဲမှာ ငါးမိနစ်အထုတ်မခံရအောင်နေပြီးတိုင်း ငါးမှတ်ရမယ်။
စစ်မြေပြင်ရဲ့တစ်ဖက်စီမှာ စခန်းငယ်လေးခုနဲ့အဓိကစခန်းတစ်ခုစီရှိမယ်။ စခန်းငယ်တစ်ခုကို သိမ်းမိတိုင်း သိမ်းပိုက်ရာမှာပါတဲ့ ကျောင်းသားတိုင်း အမှတ်နှစ်ဆယ်ရမယ်။ အဓိကစခန်းကိုသိမ်းနိုင်ရင်တော့ အမှတ်ငါးဆယ်ပဲ။ တစ်ယောက်ယောက်က အဓိကစခန်းကိုသိမ်းမိတာနဲ့ နှစ်နာရီမပြည့်သေးလည်း ပြိုင်ပွဲပြီးပြီလို့ဆိုလိုတာပဲ။”
မက်ဒါနာက စကားအရှည်ကြီးကို ပြောပြီးတဲ့နောက်မှာတော့ ဟောပြောစင်မြင့်ပေါ်တင်ထားတဲ့ ရေဘူးကိုအဖုံးလှည့်ဖွင့်ပြီး တစ်ဝက်ကျတဲ့အထိ မော့သောက်ပါတယ်။ အဲဲဒီနောက် ရေဘူးကိုပြန်ချထားလိုက်ပြီးတော့
“ကျောင်းသားတိုင်းက ကျည်ကာချပ်ဝတ်တစ်စုံစီရမယ်။ မင်းတို့ကိုကာကွယ်ပေးမှာဆိုပေမဲ့ သေစေနိုင်လောက်တဲ့တိုက်ကွက်တွေနဲ့ထိမိတာနဲ့ တိုက်ပွဲကနေ တန်းထုတ်ဖို့အချက်ပြလိမ့်မယ်။ ဆရာတွေကလည်း မင်းတို့ထိခိုက်ဒဏ်ရာမရစေဖို့ စောင့်ကြည့်နေလိမ့်မယ်။”
ဆရာတွေဆိုတဲ့အပိုင်းကိုရောက်တော့ ဟောပြောစင်မြင့်ရှေ့မှာ ကျောင်းသားတွေကိုမျက်နှာမူပြီးတော့ တန်းစီရပ်နေတဲ့ ဆရာအုပ်စုက ခြေကိုဆောင့်ကာ အင်အားပြတယ်။ သူတို့နဲ့အတူ လုပ်အားပေးခေါ်ထားတဲ့ ဖလေရာနဲ့လင်ဒါလည်းရှိနေတယ်။
“ပြီးတော့ နင်တို့ကို မိတ်ဆက်ပေးရမယ့်လူရှိသေးတယ်။” မက်ဒါနာက လက်ခုပ်တစ်ချက်တီးလိုက်ပါတယ်။ အဲဒီနောက်တော့ မီကိုတိုလိုဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ရယ်၊ ခြေသလုံးအထိဖုံးတဲ့ ပန်းနုရောင်ဂါဝန်လေးဝတ်ထားတဲ့ ဥရောပအာရှကပြားကောင်မလေးတစ်ယောက်ရယ် စင်ပေါ်ကိုတက်လာပါတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်ရှင့်၊ ကျွန်မက မိရိုင်ပါ။ S rank မီးစွမ်းအားပိုင်ရှင်ဖြစ်ပြီးတော့ ဒုတိယနှစ်အထူးတန်းရဲ့ကျောင်းသားတစ်ယောက်ပါ။”
“တွေ့ရတာ ဝမ်းသာပါတယ်ရှင့်၊ ကျွန်မကတော့ ယုဆပါ။ A rank စက္ကူခေါက်စွမ်းအားပိုင်ရှင်ဖြစ်ပြီးတော့ ဒုတိယနှစ်အထူးတန်းကျောင်းသားပါ။ ပြီးတော့ မိရိုင်ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်တာမလို့ ကျေး... ကျေးဇူးပြုပြီး သူနဲ့မိတ်ဖွဲ့ဖို့မကြိုးစားကြပါနဲ့။”
ဒုတိယနှစ်တွေက စလက်ခုပ်တီးကြတယ်။ အာကိုင်းဂါမီလက်အောက်မှာ ပညာသင်ကြားနေတဲ့ သူတို့လူတွေပြန်လာကြပြီလေ။ ဒါပေမဲ့ ပထမနှစ်တွေအဖို့ကတော့ သတင်းဆိုးကြီးပါ။ တာလီယာက သူ့နဖူးသူထုလိုက်တယ်။
“သေစမ်း၊ ကြောက်ရမယ့်သူ နှစ်ယောက်ထပ်တိုးလာပြန်ပြီ။”
မက်ဒါနာကတော့ ဂရုမစိုက်ဘဲ အားလုံးကို အမိန့်ပေးလိုက်ပါတယ်။ “ဒါဆိုရင် စကြတော့မလား။”
...
ငါးမိနစ်လောက်နေတော့ ပထမနှစ်အဓိကစခန်းမှာ ပထမနှစ်ရဲ့ခေါင်သုံးခေါင်နဲ့ အတန်းကိုယ်စားလှယ်တွေက စုဝေးပြီးဗျူဟာသတ်မှတ်ဖို့ ကြိုးစားနေကြပါတယ်။ တာလီယာကတော့ နာရီတကြည့်ကြည့်နဲ့ပါ။ ဗျူဟာချပြီး အကောင်အထည်ဖော်ဖို့ အချိန်သီးသန့်ပေးမထားတာကြောင့် တစ်ဖက်က ဗျူဟာချမပြီးခင် သူတို့ဗျူဟာချပြီးလှုပ်ရှားဖို့လိုတယ်။ ပြီးတော့ ယုတိုက အဲဒီတာဝန်ကိုယူဖို့ ဆုံးဖြတ်ထားတယ်။
“ရန်သူက ငါတို့ထက် အင်အားအပြတ်အသတ်သာလွန်နေတာတော့အမှန်ပဲ။ ဒါပေမဲ့ ငါတို့ဘက်မှာက အရေအတွက်အားသာချက်ရှိတယ်။ ပြီးတော့ လက်တွေ့တိုက်ပွဲမှာ ဒုတိယနှစ်အထူးတန်းတွေကိုရင်ဆိုင်နိုင်တာက ငါတို့သုံးယောက်ပဲဆိုပေမဲ့ အတန်းထဲမှာ တခြားB rank အဆင့်မြူတန့်တချို့လည်း ရှိနေတုန်းပဲ။”
သူ့အကြည့်က ငြိမ်ပြီးနားထောင်နေတဲ့ အတန်းကိုယ်စားလှယ်တွေကို ကြည့်လိုက်ပါတယ်။ ပထမနှစ်မှာ အခန်းခြောက်ခန်းရှိပြီး တစ်ခန်းကို လူငါးဆယ်လောက်ရှိပါတယ်။ အဲဒီအခန်းခြောက်ခုကို တာဝန်ယူရတဲ့ အတန်းကိုယ်စားလှယ်တွေလည်းရှိပြီး သူတို့ထဲက အများစုက B rank တွေပါ။ ပြီးတော့ တာလီယာက C+ rankပဲရှိတဲ့ တစ်ဦးတည်းသော အတန်းကိုယ်စားလှယ်နဲ့အသန်မာဆုံးသူပါ။
တာလီယာက ခေါင်းညိတ်လိုက်တယ်။ “ငါတို့မှာ ငါအပါအဝင် အတန်းကိုယ်စားလှယ်ခြောက်ယောက်ရှိမယ်။ ဒါပေမဲ့ ငါတို့အနေနဲ့က ရန်သူကိုခုခံဖို့အတွက်တောင်မလွယ်ဘူး။”
ယုတိုကတော့ ခေါင်းခါပြတယ်။ “အကောင်းဆုံးခံစစ်က တိုက်စစ်ပဲတဲ့။ ငါကတော့ ရန်သူကို စစ်ကြောင်းသုံးကြောင်းနဲ့ အပြတ်တိုက်မယ့်အစီအစဥ်ကို စိတ်ဝင်စားနေတယ်။”
ယုတိုက ရေကန်အနီးက သဲမြေပြင်မှာ မြေပုံကိုဆွဲလိုက်ပြီး အသေးစိတ်ရှင်းပြတယ်။ “ရန်သူတွေရဲ့အားနည်းချက်က လူအင်အားနည်းတာပဲ။ လူတို့မှာရှိတဲ့ လူခြောက်ဆယ်တည်းနဲ့ဆိုရင် စခန်းငါးခုကိုကာကွယ်ဖို့အတွက်က တစ်စခန်းကို လူဆယ့်နှစ်ယောက်ပဲရှိလိမ့်မယ်။ အထူးတန်းက စွမ်းအားကြီးလူတွေကို တစ်ယောက်တစ်စခန်းစီထိုင်ခိုင်းလို့ရပေမဲ့ သူတို့အသာရထားတဲ့ တိုက်စစ်စွမ်းအားကို ဖြုန်းတီးသလိုဖြစ်သွားလိမ့်မယ်။”
ယုတိုရှင်းပြနေတာကိုကြည့်ရင်းနဲ့ တာလီယာက ဝင်ပြောလိုက်တယ်။ “အမှန်ပဲ၊ S rank သုံးယောက်နဲ့ A rank နှစ်ယောက်ကို စခန်းစောင့်ခိုင်းရင် သူတို့စခန်းတွေက ကျတော့မှာမဟုတ်ပေမဲ့ ရှေ့တန်းမှာရှိနေတဲ့ ကျောင်းသားတွေရဲ့မြူတန့်အဆင့်က ငါတို့နဲ့သိပ်မကွာဘဲ ဖြစ်နေလိမ့်မယ်။ ဒါဆိုရင် လူအင်အားများတဲ့ငါတို့က နိုင်ခြေရှိတယ်။”
ယုတိုက တာလီယာကို လေးစားတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ ပြီးတဲ့နောက်တော့ ပြုံးလိုက်ပြီးတော့ “ဒီတော့ ငါခန့်မှန်းသာတာမမှားရင် ရန်သူ့တပ်ဖွဲ့က သူတို့ရဲ့အထူးတန်းကိုပဲ တိုက်စစ်အဖြစ်ထားလိမ့်မယ်။” ပြီးတဲ့နောက် သူက အထူးတန်းရဲ့လူစာရင်းကို ချရေးလိုက်ပါတယ်။
“ယေဘုယျကျကျလေ့လာရမယ်ဆိုရင် အထူးတန်းကို နှစ်ခြမ်းခွဲလို့ရတယ်။ လက်တွေ့ထူးချွန်တဲ့ ငါးယောက်နဲ့ စာတွေ့ထူးချွန်တဲ့ငါးယောက်။ ဆယ်ယောက်လုံးက ရင်ဆိုင်ဖို့မလွယ်ပေမဲ့ သူတို့ရဲ့တိုက်စစ်ကိုသာ ငါတို့က အချိန်တစ်ခုအထိဆွဲပြီးတားထားနိုင်မယ်ဆိုရင် ငါတို့ရဲ့တိုက်စစ်တွေက သူတို့ရဲ့ခံစစ်ကို ဖျက်ဆီးနိုင်လောက်တယ်။”
နောက်တော့ ယုတိုက သူ့ရဲ့စစ်ကြောင်းသုံးကြောင်းစီမံကိန်းကို စပြီးရှင်းပြပါတယ်။ သူက စခန်းငယ်လေးခုကို တစ်ခုနဲ့တစ်ခုဆက်လိုက်ပြီးတော့ လူတစ်ရာလို့ရေးလိုက်တယ်။
“ဒါကတော့ ပထမဆုံးစစ်ကြောင်းဖြစ်တဲ့ ခံစစ်ပဲ။ ဒီစစ်ကြောင်းကို ငါတို့ရဲ့အင်အားအကြီးဆုံးလူဖြစ်တဲ့ ဖီးလစ်နဲ့အတန်းကိုယ်စားလှယ်ငါးယောက်က ဦးဆောင်ရမယ်။ တာဝန်က ငါတို့ရဲ့ရှေ့တန်းစခန်းတွေနဲ့အဓိကစခန်းကို ကာကွယ်ဖို့ပဲ။ တာလီယာအတွက်တော့ တခြားအကြံရှိတယ်။”
ဖီးလစ်က ယုတိုရဲ့အကြံတွေကို နားထောင်နေရင်းကနေ ခေါင်းကိုက်လာဟန်နဲ့ သူ့နဖူးသူဆုပ်ကိုင်ထားပါတယ်။ ပြီးတဲ့နောက်
“မင်းဘာတွေပြောနေလဲ သေချာနားမလည်ပေမဲ့လို့ လူတစ်ရာနဲ့ဆယ်ယောက်ချရမှာမဟုတ်လား။”
ယုတိုက ခေါင်းညိတ်ပြလိုက်တယ်။ ပြီးနောက်တော့ စိုးရိမ်စိတ်တွေနဲ့ပြောပါတယ်။ “ငါက ရန်သူ့ဗျူဟာကို ခန့်မှန်းနိုင်ပေမဲ့ ဘယ်လိုလာတိုက်မလဲတော့ မတွေးတတ်ဘူး။ သူတို့က ရှိသမျှအင်အားကိုစုစည်းပြီး တစ်စခန်းချင်းစီ အာရုံစိုက်တိုက်မယ်ဆိုရင်တော့ငါတို့အတွက် မျှော်လင့်ချက်မရှိဘူး။”
ယုတိုစကားကို ကျန်တဲ့သူတွေလည်း နားလည်ကြတယ်။ အထူးတန်းဆယ်ယောက်လုံးသာ တစ်နေရာတည်းမှာ စုပြုံပေါ်လာရင် မြူတန့်စစ်သည်တစ်ရာဆိုတာ ဘာမှမဟုတ်တော့ပါဘူး။ ယုတိုက ဆက်ပြောတယ်။
“ဒါပေမဲ့ စခန်းတစ်ခုစီကို အားနည်းတဲ့ စာတွေ့သမားတစ်ယောက်နဲ့ အင်အားကြီးတဲ့ လက်တွေ့သမားတစ်ယောက်ပို့မယ်ဆိုရင်တော့ ငါတို့မှာ ဖြစ်နိုင်ခြေရှိသေးတယ်။ ငါက အဲဒီအတွက်ကို ပုံအောပြီးလောင်းချင်တယ်။ ခံစစ်ကြောင်းကို ငါးဖွဲ့ခွဲပြီး တပ်စခန်းတိုင်းကို လူနှစ်ဆယ်စီပို့မယ်။ အဓိကစခန်းမှာ ဖီးလစ်နဲ့တခြားအတန်းကိုယ်စားလှယ်တစ်ယောက်နေမယ်။ ကျန်တဲ့စခန်းတွေမှာ အတန်းကိုယ်စားလှယ်တစ်ယောက်စီရှိမယ်။ မင်းတို့တာဝန်က ရန်သူကိုနိုင်ဖို့မဟုတ်ဘူး၊ တတ်နိုင်သမျှအချိန်ဆွဲဖို့ပဲ။ ရှေ့တန်းတပ်တွေက ရန်သူ့ခံစစ်ကိုဖောက်နိုင်တာနဲ့ သူတို့တွေရဲ့တိုက်စစ်က အားလျော့သွားမှာမလို့ မစိုးရိမ်နဲ့။”
ယုတိုက တွက်ချက်ပြီးပြောနေပေမဲ့ အတန်းမှူးတွေထဲက မျက်မှန်အထူကြီးတပ်ထားပြီး လက်ထဲမှာ ပန်းချီစာအုပ်ကလေးကိုင်ထားတဲ့ ဆံပင်ဂုတ်ဝဲ ကောင်မလေးက လက်ထောင်ပြီးမေးလိုက်တယ်။
“ခေါင်းဆောင်ယုတို၊ တကယ်လို့ သူတို့က လူခွဲမလာရင်ရော။”
“ဒါဆိုရင်တော့ ငါတို့မှာရှိသမျှအင်အားတွေကို တစ်နေရာတည်းမှာစုစည်းပြီး လက်ရွေးစင်အတန်းကို မျိုးဖြုတ်ပစ်ရလိမ့်မယ်။”
ယုတိုက ခံပြင်းနေတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ တကယ်တော့ သူတို့မှာမျှော်လင့်ချက် များများမရှိဘူး။ အဲဒီဆယ်ယောက်အဖွဲ့က စစ်မြေပြင်မှာတောင် ပိုးကောင်တွေရာချီကို ရှင်းပစ်ခဲ့တာ။ သူတို့မှာ လူသုံးရာရှိရင်တောင် အားလုံးကိုပြိုင်တူအနိုင်ယူဖို့က မဖြစ်နိုင်သလောက်နီးပါးပဲ။
“ယုတို၊ ကျန်တဲ့ စစ်ကြောင်းနှစ်ခုကရော။” ယုတိုက နှုတ်ခမ်းကိုဖိကိုက်ထားမိတဲ့အတွက် တာလီယာက ယုတိုကို လှုပ်နှိုးလိုက်တယ်။ ဒီတော့မှ ယုတိုလည်း ပြန်သတိဝင်လာပြီး ဆက်ရှင်းပြပါတယ်။
“တောင်ပံတွေခွဲထွက်ပြီးတိုက်မှာမလို့ တောင်ပံတစ်ဖက်စီတိုင်းမှာ လူတစ်ရာရှိလိမ့်မယ်။ ဘယ်တောင်ပံကို ငါဦးဆောင်မယ်။ ညာတောင်ပံကိုက တာလီယာဦးဆောင်ရမယ်။
ပထမဆုံးအနေနဲ့ ငါတို့က ရန်သူ့စခန်းငယ်လေးခုထဲက အပြင်ဘက်အကျဆုံးနှစ်ခုကို တစ်ပြိုင်တည်းဖျက်ဆီးမယ်။ ပြီးရင် တာလီယာရဲ့တပ်ဖွဲ့က အဓိကစခန်းစီကိုသွားရမယ်။ ငါကတော့ ပြန်ကွေ့ပြီးကျန်တဲ့စခန်းနှစ်ခုကို ဖျက်ဆီးမယ်။ နောက်တန်းမှာအရေးပေါ်ကိစ္စတစ်ခုခုရှိတာတို့ဘာတို့ဆိုရင်လည်း တာလီယာက ရှေ့ဆက်သွားပါ။ ငါ့ရဲ့စစ်ကြောင်းကပဲ နောက်ကိုပြန်ကွေ့ပြီးကူမယ်။”
ယုတိုက ဗျူဟာကို အသေးစိတ်ကျကျရှင်းပြနေပေမဲ့ တစ်ခုခုကို စိတ်ထဲမသက်မသာဖြစ်နေတုန်းပဲ။ တာလီယာက မေးလိုက်တော့...
“ငါကြောက်တာက အထူးတန်းက အင်အားကုန်သုံးပြီး တိုက်စစ်ဆင်တာမျိုးမလုပ်ဘဲ အဓိကစခန်းမှာ အသန်မာဆုံးလူတစ်ယောက်ကို ထားခဲ့တာမျိုးဆိုရင်တော့ ငါတို့အနေနဲ့ ဒီစကားပွဲကို အချိန်တိုအတွင်း ပြီးအောင်လုပ်ဖို့အတွက် နည်းလမ်းရှိတော့မှာမဟုတ်ဘူး။”
ယုတိုက တိုက်ပွဲကို မြန်မြန်အပြီးသတ်ဖို့ ဆုံးဖြတ်ထားတယ်။ တိုက်ပွဲတွေမှာက အချိန်ကြာလာတာနဲ့အမျှ စွမ်းအားအဆင့်ကွာခြားချက်က သိသာလာလေပါ။ လက်ရှိသူ့ဗျူဟာက ပြီးပြည့်စုံတာမျိုးမဟုတ်ပေမဲ့ ပိုကောင်းမယ့်နည်းလမ်းမျိုးလည်း သူစဥ်းစားမရဘူး။
...
ဒုတိယနှစ်တွေဘက်မှာတော့ နျူရေနဲ့ဒုတိယနှစ်တာဝန်ရှိသူတွေကလည်း အလားတူမြေပုံတစ်ခုကို မြေပြင်မှာဆွဲပြီးတော့ ရန်သူအသုံးပြုနိုင်တဲ့ဗျူဟာတွေကို ကြိုတွေးနေကြတယ်။
“သူတို့ရဲ့ဗျူဟာမှူးက ငါတို့အဲဒီလိုလုပ်မယ်ထင်ပြီး အဲဒီလိုဗျူဟာကိုသုံးမှာပဲ။ ငါတို့လုပ်ရမှာက သူတို့ရဲ့ပြီးပြည့်စုံတဲ့ဗျူဟာကို ဖျက်ဆီးပြီး သူတို့ရဲ့ယုံကြည်မှုကို ချိုးဖျက်ပေးရုံပဲ။ သူတို့ဗျူဟာမှူးက တော်ပေမဲ့အတွေ့အကြုံမရှိသေးဘူး။ စစ်ပွဲဆိုတာက အရာရာပြောင်းလဲနိုင်တဲ့နေရာပဲ၊ နောက်ချန်အရံဗျူဟာမျိုးမရှိရင် ပျက်စီးသွားလိမ့်မယ်။”
အီဗန်နဲ့တခြားသူတွေကတော့ နျူရေရဲ့ပြီးပြည့်စုံတဲ့ ခန့်မှန်းချက်မျိုးစုံနဲ့ဗျူဟာတွေကိုကြည့်ပြီး အံ့ဩနေကြတယ်။ နျူရေက ဗျူဟာတစ်ခုတည်း တရားသေချမှတ်ခဲ့တာမဟုတ်ဘူး။ အခြေအနေပေါ်မူတည်ပြီးတော့ လှုပ်ရှားနိုင်တဲ့ဗျူဟာကို တွေးခဲ့တာ။ ရန်သူက သုံးနိုင်တဲ့ဗျူဟာကို တိတိကျကျခန့်မှန်းဖို့ခဲယဥ်းပေမဲ့ သူက သုံးလာနိုင်တဲ့ ဖြစ်နိုင်ခြေရှိသမျှ ဗျူဟာတိုင်းကို တန်ပြန်ဖို့လုပ်ပြီးသွားပြီ။
...
မက်ဒါနာကတော့ ပထမနှစ်တွေနဲ့ဒုတိယနှစ်တွေ ဗျူဟာချနေတာကို တိုက်ပွဲကွင်းပြင်အဆောက်အဦးရဲ့ခေါင်မိုးပေါ်မှာ ထိုင်နေရင်းကနေ စောင့်ကြည့်နေပါတယ်။ ပေါင်ပေါ်မှာလည်း ဗင်နီလာရေခဲမုန့်စားနေတဲ့ ဇွန်ဘီမလေးကို ထိုင်ခိုင်းထားသေးတယ်။
ကောင်းကင်ပေါ်မှာတော့ မျောလွင့်နေတဲ့ ငွေရောင်ဒရုန်းကင်မရာတွေရှိနေပြီးတော့ မြင်ကွင်းအားလုံးက မက်ဒါနာလက်ထဲမှာကိုင်ထားတဲ့ တက်ပလပ်မှာပေါ်နေပါတယ်။ ကျောင်းရဲ့မြင်ကွင်းတိုင်း၊ ကျောင်းသားတွေရဲ့လုပ်ဆောင်မှုတိုင်းက သူ့မျက်လုံးအောက်ကနေ ပြေးမလွတ်ပါဘူး။
“ကြည့်ရတာ ပထမနှစ်တွေက ဒုတိယနှစ်တွေကို မြန်နှုန်းမြင့်တိုက်စစ်နဲ့ အချိန်တိုအတွင်းအမြစ်ဖြတ်ဖို့ကြံနေတဲ့ပုံပဲ။ ဒါပေမဲ့ ဒုတိယနှစ်တွေက သူတို့ထက် အတွေ့အကြုံအများကြီးရှိတယ်။ ဘာပဲဖြစ်ဖြစ် ပွဲကတော့ ကောင်းမယ့်ပုံပဲ။”
အဲဒီနောက်တော့ မက်ဒါနာက လိုလီလေးရဲ့ခေါင်းကိုပုတ်ပေးလိုက်တယ်။ ဖလေရာနဲ့လင်ဒါပဲ နေရာမှာရှိနေတဲ့အတွက် သူ့စိတ်ထဲ နည်းနည်းမသက်မသာခံစားနေရပေမဲ့ ကျောင်းရဲ့ကျောင်းအုပ်အနေနဲ့ တာဝန်ရှိတာတွေကို မလုပ်လို့မဖြစ်သေးဘူးလေ။
“ကျောင်းသားတွေအတွက် အန္တရာယ်ဖြစ်မယ့်ပြဿနာမျိုးနဲ့ကြုံလာရင် မင်းကိုအားကိုးလိုက်မယ်နော်။”
မက်ဒါနာက ဇွန်ဘီမလေးကို ပြောလိုက်တယ်။ ဇွန်ဘီမလေးကတော့ ရေခဲမုန့်စားနေတာကိုရပ်ပြီး သူ့ကိုပြုံးပြပါတယ်။ တကယ့်ကို ချစ်စရာကောင်းပြီး ကြွေရုပ်လေးအတိုင်းပဲ။ မက်ဒါနာက သူ့ကို စာမေးပွဲဖြေတုန်း ကျောင်းသားတွေထိခိုက်ဒဏ်ရာမရအောင် ကူညီပေးဖို့ခေါ်ထားတာ။ ဒါပေမဲ့ သူ့စိုးရိမ်မှုတွေက တခြားစီမှာ။
“ဖရာလီတာ၊ အေမီနဲ့ဆိုဖီယာကို ဖရက်က ဆင့်ခေါ်ထားတာပဲ။ နောက်ဆုံးတော့ ရှေ့တန်းမှာ ပိုးကောင်တွေ လှုပ်ရှားလာပြီဆိုလား။”
https://mmxianxia.com/wp-content/uploads/2024/06/20240525_152628-225x300.jpg