← Chapters

ဟွာယွန်ရှု

Vol. 008 Ch. 767

ဟွာယွန်ရှု

Vol. 008 Ch. 767

တာလျိုတောင် တပည့်က မျက်မှောင်ကြုတ်ကာ အေးစက်စွာ ကြည့်သည်။ သူ၏မျက်နှာပေါ်တွင် ရက်စက်သောပုံစံဖြင့် မဲ့ပြုံးတစ်ခုအား မြင်ရ၏။ သူက ပြောသည်… “ကောင်မလေး… မင်းကိုယ်တိုင်ကလည်း ကြည့်ရတာ မဆိုးပါဘူး… မင်းက အသက်ငယ်သေးတော့ မင်း အသားအရေတွေက နူးညံ့ပြီးတော့ ချောမွေ့နေမှာပဲ… စိတ်မကောင်းစရာပဲ…”

“ကျွန်မတို့ စလို့ ရပြီလား…” မိန်းကလေးက ပြန်ပြောရန် ပျင်းရိဟန်ဖြင့် နောက်လှည့်ကာ ပြိုင်ပွဲကြီးကြပ်သူအား မေးသည်။

“ရတယ်…” အကြီးအကဲက ခေါင်းညိတ်သည်။

“မိန်းကလေး … မင်းက တော်တော် စိတ်ကြီးတာပဲ…” တာလျိုတောင် တန်ခိုးရှင်က လေထဲကို တဖြည်းဖြည်း မြောက်တက်လာကာ ကြီးမားသော ဖိအားများ စတင် ထွက်ပေါ်လာသည်။

“နစ်မြုပ်စမ်း…” အေးစက်သော အသံတစ်ခုအား ကြားကြရသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက ကြီးမားသော ကျောက်သား ကျောက်ဆောင်များဖြင့် ပြည့်နှက်သွား၏။ သူက လက်ဖျစ်တီး လိုက်သည်တွင် လေထဲတွင် ပေါ်လောပေါ်နေသော ကျောက်သား ကျောက်ဆောင်များက တဝုန်းဝုန်းမြည်ကာ မိန်းကလေးထံသို့ တိုးဝင်သွားကြသည်။ မိန်းကလေးက အပေါ်ကို မော့ကြည့်သည်။ သူမ၏မျက်လုံးထဲမှ အလင်းတစ်ချက် လက်သွားကာ သူမထံကို တိုးဝင်လာကြသော ကျောက်တုံးကြီးများ အားလုံးက လေထဲတွင် ရပ်တန့် သွားကြသည်။

တဝုန်းဝုန်း မြည်သံများနှင့်အတူ ပိုမိုများပြားသော ကျောက်တုံးကြီးများ ထွက်ပေါ်လာကြသည်။ တာလျိုတောင် တန်ခိုးရှင်က လက်ကို ဝှေ့ယမ်းသည်တွင် ကျောက်တုံးများ အားလုံးထံသို့ မမြင်ရသော လောကဓာတ်တစ်ခု ဆင်းသက် ပေါင်းစပ်လာကာ ဧရာမကျောက်တုံးကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဧရာမကျောက်တုံးကြီးက တောင်ကြီး တစ်လုံးအလား မိန်းကလေးထံသို့ ဆင်းသက် လာတော့သည်။

သို့သော်လည်း မိန်းကလေး၏ မျက်လုံးများက အလွန်အမင်း ထက်ရှသွားဟန်ရသည်။ သူမ၏ကျစ်ဆံမြီးက လေထဲတွင် လွင့်သွားကာ ခန္ဓာကိုယ်ထံမှလည်း ထက်ရှသော ကိုယ်ရောင် ကိုယ်ဝါတစ်ခု ပေါ်လာပြီး ကြီးမားသော ဖိအားကို တွန်းကန်၏။

ဝုန်း… ဧရာမ အသံကြီးတစ်ခုနှင့်အတူ အလင်းလှိုင်းတစ်ခုက ပတ်ဝန်းကျင် တစ်ခုလုံးအား ရိုက်ခတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူမ၏အနီးမှ ကျောက်တုံးကြီးများ အားလုံးက ပေါက်ကွဲ ပျက်စီးသွားကြပြီး မိန်းကလေးက လျှပ်စီးတန်းအလား တာလျိုတောင် တန်ခိုးရှင်ထံသို့ ပျံသန်းသွားသည်။

တာလျိုတောင် တန်ခိုးရှင်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်ကာ နောက်ထပ် ကြီးမားသော ကျောက်တုံးကြီးများအား ဆက်တိုက် ဖန်တီးလျက် မိန်းကလေးထံကို စေလွှတ်သည်။ သို့သော်လည်း ကျောက်တုံးများက မိန်းကလေး အနီးကို ရောက်သည်နှင့်ပင် ပေါက်ကွဲ ပျက်စီးသွားရ၏။ တာလျိုတောင် တန်ခိုးရှင်က လက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်တွင် ဧရာမကြီးမားသော ကျောက်တုံးကြီးတစ်ခုက ကောင်းကင်မှ ဆင်းသက် လာတော့သည်။ ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ်က ကျောက်တောင်ကို ရစ်ပတ်ထားပြီး ကြီးမားသော ဖိအားများ ကပ်ငြိပါလာသည်။

သို့တိုင်အောင် မိန်းကလေးက တောင်ကို ဖြတ်သန်းသွားသည်တွင် တောင်၏တစ်ဖက်မှ ပေါ်ထွက်လာပြီး ကျောက်တောင်ကြီး ကလည်း ပေါက်ကွဲပျက်စီး သွားပြီး တာလျိုတောင် တန်ခိုးရှင်၏ရှေ့ကို ရောက်လာသည်။ သူမက လေထဲတွင်ပင် သည်အတိုင်း ရပ်လျက် တာလျိုတောင် တန်ခိုးရှင်အား လှမ်းကြည့်လိုက်သည်။

“အား….” တာလျိုတောင် တန်ခိုးရှင်က မျက်လုံးကို အတင်း မှိတ်လိုက်သည်။ သူ၏အော်ဟစ်သံက လူအများအပြားကို ထိတ်လန့်စေသည်။

ဘာဖြစ်တာလဲ....။

“စိတ်လျှော့… ရှင် မကန်းသွားပါဘူး…” မိန်းကလေးက လေထဲတွင်ပင် ရပ်နေရင်းက ကျစ်ဆံမြီး ကလေးအား ခါကာ နောက်လှည့် ထွက်သွားသည်။ တာလျိုတောင် တန်ခိုးရှင်၏ မျက်လုံးများတွင် သွေးစများကို မြင်ကြရသည်။ မျက်လုံးအား ဖွင့်လိုက်သောအခါ မိန်းကလေးပြောသည့် အတိုင်းပင် သူ၏အမြင်အာရုံ ထိခိုက်ခြင်း မရှိသည်ကို တွေ့ရသည်။ မိန်းကလေးက သူ့အား သက်ညှာခဲ့သည်မှာ သံသယရှိစရာ မလိုတော့ပေ။ သို့သော်လည်း သူ၏စိတ်ထဲတွင်ကား ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

သည်မိန်းကလေးက မိစ္ဆာများလား....။

“ဘာဖြစ်သွားတာလဲ…” လူအများအပြားက နားမလည်ကြပေ။

ထိုအရာက မှော်မျက်လုံး ပညာများလား....။ မိန်းကလေး၏ စွမ်းရည်များကို သူတို့က သေသေချာချာ မြင်တွေ့ခွင့် မရလိုက်ကြပေ။ သို့သော်လည်း သူမက တာလျိုတောင် တန်ခိုးရှင်အား အလွယ်တကူ အနိုင်ရခဲ့သည်မှာ ထင်ရှားပေ၏။

ဆယ့်ငါးနှစ်အရွယ် မိန်းကလေး တစ်ယောက်က အဘယ်ကြောင့် သည်မျှ အားကောင်း ရသနည်း။ သူမက အားလုံးကို အံ့အားသင့် စေခဲ့သည်။

တခြားပြည်နယ်ရှစ်ခုမှ ပုဂ္ဂိုလ်ကြီးများ အားလုံးကလည်း သူမအား အမှတ်ထင်ထင် ရှိသွားကြသည်။

အရှေ့ဘက်ပြည်နယ်မှ ကျန်ရှိသော လူများအားလုံးက ဆက်လက်၍​ စိန်ခေါ်ကြသည်။ နှစ်ဖက်လုံးမှ အနိုင်အရှုံးများ ဆက်ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း အရှေ့ဘက် ပြည်နယ်က အနိုင်ထက် အရှုံးများပေသည်။ မည်သို့ဆိုစေ ပြည်နယ်ရှစ်ခုမှ ကျန်ရစ်သူများကား လက်ရွေးစင်များ ဖြစ်ကြသည်။

အရှေ့ဘက် ပြည်နယ်မှ စိန်ခေါ်ပွဲကို အနိုင်ရသူများကလည်း ရင့်သန်သော လောကဓာတ်များအား ပိုင်ဆိုင်သူများ ဖြစ်ကြသည်။ သူတို့က တခြား ပြည်နယ်များမှ အားအနည်းဆုံးဟု ထင်ရသူများအား ရွေးချယ် စိန်ခေါ်ကြရာ အချို့က အမှန်ပင် အနိုင်ရကာ နောက်တစ်ဆင့်သို့ တက်လှမ်း နိုင်ကြသည်။

ယိရှောင်ရှီသည်လည်း စိန်ခေါ်ခံရ၏။ ဝတုတ်ကား အလွန် စိတ်ပျက်ရသည်။ မင်းက ငါ့အရွယ်အစားကြောင့် အထင်သေးတာလား။ ထို့ကြောင့် သူကလည်း တစ်ဖက်လူကို သက်ညှာခြင်းမရှိဘဲ​ အနိုင်ယူခဲ့၏။ မြေရိုင်းပြည်နယ်မှ ရှစ်ယောက်ကား ပြိုင်ပွဲတွင် ဆက်ရှိနေသည်။

တိုက်ပွဲများက အရှေ့ဘက် ပြည်နယ်မှ စိန်ခေါ်သူများ ကုန်ဆုံးသွားသည်အထိ ဆက်ရှိနေခဲ့သည်။ သို့သော်လည်း ကနဦးတိုက်ပွဲများကား ပြီးဆုံးရန် များစွာ လိုသေးပေသည်။ ပြည်နယ်ကိုးခုလုံးက အနည်းဆုံး တစ်ပွဲစီ တိုက်ခိုက်ပြီး ဖြစ်ကြသော်လည်း ပြိုင်ပွဲထဲတွင် လူသုံးရာခန့် ကျန်ရစ်ပေသေးသည်။ ထို့ကြောင့် လူနှစ်ရာခန့်ကာ ထပ်မံ၍ ဖယ်ရှားရန် လိုသေးသည်ဟု ဆိုလို၏။

ကျန်ရစ်သူများ အားလုံးက ရင့်သန်သော လောကဓာတ်များကို ပိုင်ဆိုင်ကာ အရည်အချင်း မြင့်မားသော ပါရမီရှင်များ ဖြစ်ကြသည်မှာ ယုံမှားဖွယ်မရှိပေ။ လက်တစ်ဆုပ်စာ လူများကား ရင့်သန်သော လောကဓာတ်များကို မပိုင်ဆိုင်သည့်တိုင် ဆန်းကြယ်သော စွမ်းရည်များ ရှိနေကြသည်။

လူသုံးရာထဲတွင် အရှေ့ဘက်ပြည်နယ်က အရေအတွက် ငါးဆယ်ခန့်ဖြင့် လူအများဆုံး ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ ထို့နောက် နွေဦးပြည်နယ်နှင့် ချီပြည်နယ်တို့က အရေအတွက် လေးဆယ်တို့ဖြင့် ဒုတိယအများဆုံး ဖြစ်ကြသည်။ မြေရိုင်း ပြည်နယ်တွင်ကား လူရှစ်ယောက်ဖြင့် အနည်းဆုံးဖြစ်၏။ စိန်ခေါ်ပွဲများတွင် မြေရိုင်းပြည်နယ်မှ မည်သူမှ မရှုံးနိမ့်ခဲ့ကြရာ တခြား ပြည်နယ်များမှ လူများအားလုံးက မြေရိုင်းပြည်နယ်၏ ပြိုင်ပွဲဝင်များအပေါ် အနည်းငယ် သတိထားရမည့် အခြေအနေ ရှိနေသည်။

“နောက်လာမည့် တိုက်ပွဲတွေက နောက်ဆုံး ကျန်မယ့် လူတစ်ရာအတွက် အဆုံးအဖြတ် ဖြစ်လိမ့်မယ်… ယူချင်းတို့ထဲက ဘယ်နှယောက်များ ကျန်ရစ်မလဲ မသိဘူး…” ရီဖူရှင်းက သူ့လူများကို ကြည့်ကာ ပြောသည်။ သူကား ရှစ်ယောက်လုံး နောက်ဆုံးလူ တစ်ရာသို့အထိ ရောက်ရှိရန် မျှော်လင့်ထားသော်လည်း ထိုသို့ ဖြစ်မလာနိုင်သည်ကို သူသိသည်။ ယခု ကျန်ရစ်သူများ အားလုံးက တကယ့် ထူးခြား ထက်မြက်သူများ ဖြစ်ကြပေသည်။

ပြည်နယ်ကိုးခုလုံးမှ ပြိုင်ပွဲဝင်များ၏ အမူအရာများကလည်း အလွန်အမင်း လေးနက်နေကြသည်။ ယခုမှ ပြည်နယ်ကိုးခု ညီလာခံ၏ တကယ့်တိုက်ပွဲများ ရောက်လာတော့မည် ဖြစ်သည်။

“လာမည့် တိုက်ပွဲတွေကလည်း အရင်လို အစဉ်အတိုင်းပဲ ဖြစ်မယ်… အရှေ့ဘက် ပြည်နယ်ကနေစပြီး မြေရိုင်းပြည်နယ်မှာ ဆုံးမယ်… အစဉ်အတိုင်းကျတဲ့ ပြည်နယ်က လူတွေက ကိုယ်ကြိုက်တဲ့ ပြိုင်ဘက်ကို ရွေးပြီး စိန်ခေါ်နိုင်တယ်… အနိုင်ရသူက ပြိုင်ပွဲမှာ ဆက်နေနိုင်ပြီး ရှုံးတဲ့လူက ထွက်ရမယ် … အနိုင်ရသူက တစ်ကြိမ်ပဲ စိန်ခေါ်နိုင်ပြီး နောက်ထပ် စိန်ခေါ်ဖို့ နောက်တစ်ကျော့ကို စောင့်ရမယ်… တစ်ခါ စိန်ခေါ်ခံရပြီး သူ့ကိုလည်း နောက်တစ်ယောက်က နောက်တစ်ခါ စိန်ခေါ်လို့ မရဘူး…”

“စမယ်…” အကြီးအကဲက ပြောသည်။ အားလုံးက အရှေ့ဘက်ပြည်နယ်မှ လူများအား ကြည့်ကြသည်။ ထိုနေရာမှ​ လူတစ်ယောက် ထွက်လာ၏။

“ဟင်…” လူအများအပြားက ထွက်လာသူအား ကြည့်ကာ အံ့အားသင့် သွားကြသည်။ သူက ပထဦးဆုံး စိန်ခေါ်မည့်သူလား။

သူကား သည်နှစ် ရှီဟွာတောင်၏ ပြိုင်ပွဲဝင်များထဲ၌ အတော်ဆုံး အထက်မြက်ဆုံး ဖြစ်သည်။ သူ့နာမည်က ဟွာယွန်ရှု ဖြစ်သည်။ သူကား သည်နှစ် ပြည်နယ်ကိုးခု ညီလာခံတွင် ထိပ်သီး ဆယ်နေရာ စာရင်းဝင်ရန် တစ်ပေးခံရသူလည်း ဖြစ်၏။ ယခု သူက တခြားပြည်နယ်မှ လူများကို စိန်ခေါ်ရန် ပထမဆုံး ထွက်လာသည်။

ဟွာယွန်ရှုက လူအုပ်အား ကြည့်ကာ နောက်ဆုံးသူ၏ အကြည့်က မြေရိုင်းပြည်နယ်တွင် အဆုံးသတ်သည်။ ပြည်နယ်ကိုးခုလုံးတွင် လူသုံးရာမျှရှိကာ မြေရိုင်းပြည်နယ်ကား လူရှစ်ယောက်ခန့်သာ ရှိသည်။

သို့သော် ထိုရှစ်ယောက်ကား မူလကတည်းက ထိုမျှ အရေအတွက် ဖြစ်ကာ တစ်ယောက်မျှကိုပင် ထုတ်ပယ်ရန် အလွန်တရာ ခက်ခဲပေ၏။

ယခု သူတို့ထဲက တစ်ယောက်ကို ပြိုင်ပွဲမှ နှုတ်ဆက်စေရန် အချိန်ကျပြီ။

ဟွာယွန်ရှုက အမှန်ပင် ကျွေ့ချိန်ချူကို ကြည့်ကာ ပြောသည်… “ကျုပ်က မြေရိုင်းပြည်နယ်ရဲ့ ကျွေ့ချိန်ချူကို စိန်ခေါ်တယ်…”

ဧည့်သည်များနေရာမှ ရီဖူရှင်းက ဟွာယွန်ရှုအား ကြည့်သည်။ သည်နေရာတွင် ထိုင်ရခြင်းက အနည်းငယ် အောက်ကျနောက်ကျ ဖြစ်နေသော်လည်း သည်နေရာတွင်လည်း သူ့အားသာချက် ရှိပေသည်။ သူက သူ့နောက်မှ ပရိသတ်များ၏ ပြောစကားများကို ရှင်းလင်းစွာ ကြားနိုင်ပေသည်။ ဟွာထျန်းမြို့မှ လူများက ရှီဟွာတောင် တန်ခိုးရှင်များ အကြောင်းကို သူ့ထက် ပိုသိကြပေသည်။

ဟွာယွန်ရှုအား ရှီဟွာတောင်၏ နံပါတ်၁တန်ခိုးရှင်အဖြစ် လူအများက အသိအမှတ်ပြု ထားကြပေသည်။ ဟွာယွန်ရှုက ပထမဆုံး တိုက်ခိုက်သောပွဲ၌ လူအများအပြားက သူနှင့်ပတ်သက်၍​ပြောခဲ့ကြသည်ကို ရီဖူရှင်းက ကောင်းကောင်း မှတ်မိပေသည်။

ရီဖူရှင်း၏နောက်၌ ဟွာယွန်ရှု အကြောင်းကို လူအများအပြားက ပြောနေခဲ့ကြသည်။

“မြေရိုင်းပြည်နယ်ရဲ့ လူရှစ်ယောက်လုံးက အခုထိ ကျန်နေတုန်းပဲ … ဒါပေမဲ့ ဟွာယွန်ရှုက သူတို့ကို ပစ်မှတ်ထားမှတော့ မြေရိုင်းပြည်နယ်က တစ်ယောက်က သေချာပေါက် ထွက်ရတော့မှာပဲ…”

“အမှန်ပဲ… မြေရိုင်းပြည်နယ်ရဲ့ ပြိုင်ပွဲဝင် ရှစ်ယောက်လုံးက ရင့်သန်တဲ့ လောကဓာတ်ကို ပိုင်ဆိုင်ပြီးတော့ အရမ်း အားကောင်းကြတယ်… ဒါပေမဲ့ ဟွာယွန်ရှုက ဒီနှစ် ရှီဟွာတောင်ရဲ့ ပြိုင်ပွဲဝင်တွေထဲမှာ အတော်ဆုံးပဲ… သူ့ကို မြေရိုင်းပြည်နယ်က လူတွေက ယှဉ်နိုင်ပါ့မလား…”

“တကယ်က သူနဲ့ယူချင်း တိုက်တာကို ငါမြင်ချင်တယ်... ဒါပေမဲ့ ဟွာယွန်ရှုက ယူချင်းကို ဒီလောက် မြန်မြန် စိန်ခေါ်မှာ မဟုတ်သေးဘူး…”

လူအများအပြားက သူနှင့်ပတ်သက်၍ ပြောကြရာ ဟွာယွန်ရှုကား ရှီဟွာတောင်၌​ မြင့်မားသော အဆင့်အတန်းတစ်ခု ရှိသည်မှာ ထင်ရှားသည်။ သူက လျူကျောင်းကဲ့သို့ တစ်ထောင်တွင် တစ်ယောက်ပါရမီကို မပိုင်ဆိုင်ထားသော်လည်း သူကား အလွန်တရာ ကြိုးစားသူဖြစ်ကာ သူ လုပ်ဆောင်သမျှတွင်လည်း အကောင်းဆုံးသော ရလဒ်များကို စွမ်းဆောင်နိုင်သူ ဖြစ်၏။ ထို့ကြောင့်လည်း သူကရှီဟွာတောင်၏ ရှီအဆင့်အောက်၌ နိုဘယ်များ အားလုံကို ကိုယ်စားပြုကာ ရှန့်ထိုများ၏ အလေးပေးမှုကို ရရှိသည်။

ကျွေ့ချိန်ချူ၏ မျက်လုံးများက သူ့ကို စိန်ခေါ်သူထံသို့ ရောက်လာသည်။ သည်လူ မည်မျှ အားကောင်းသည်ကို သူသိသည်။ သို့သော်လည်း သူက တခြားအရာများအား သိပ်မတွေးဘဲ​ ထူးမခြားနားစွာ ထွက်လာသည်။

“အရှေ့ဘက်ပြည်နယ်၊ ရှီဟွာတောင်ရဲ့ ဟွာယွန်ရှု … တွေ့ရတာ ဝမ်းသာပါတယ်…” ဟွာယွန်ရှုက လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ သူက မြေရိုင်းပြည်နယ်မှ လူများကို အထင်သေးသော်လည်း သူကား မည်သို့ဆိုစေ အိမ်ရှင်ဖြစ်ကာ ရှီဟွာတောင်ကို ကိုယ်စားပြုသော သူ့အဆင့်အတန်းအရ သင့်တော်သော ယဉ်ကျေးပျူငှာမှုများ ရှိရန် လိုပေသည်။

“မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်က ကျွေ့ချိန်ချူ… တွေ့ရတာ ဝမ်းသာပါတယ်…” ကျွေ့ချိန်ချူကလည်း ပြန်၍​ နှုတ်ဆက်သည်။

ဟွာယွန်ရှုထံမှ ကိုယ်ရောင် ကိုယ်ဝါတစ်ခု စတင် ထွက်ပေါ်လာသည်။

“ခဏ…” ကျွေ့ချိန်ချူက လက်ဖြင့် တားလိုက်ကာ သူ့ခါးတွင် လွယ်ထားသော ဘူးသီးခြောက်အား ဖြုတ်၍​ သူ့ပါးစပ်ထဲကို သေရည်များ လောင်းထည့် လိုက်သည်။

လူအများအပြားက ကျွေ့ချိန်ချူ၏ အမူအရာကို ကြည့်ပြီး အံ့အားသင့် နေကြသည်။ သည်လူက အမူးသမားလား…။

***

All Chapters