← Chapters

ပြိုင်ပွဲမှ ထွက်ရခြင်း

Vol. 008 Ch. 768

ပြိုင်ပွဲမှ ထွက်ရခြင်း

Vol. 008 Ch. 768

ဟွာယွန်ရှုက စိတ်ထဲထားဟန် မရဘဲ ကျွေ့ချိန်ချူ၏ ရှေ့တွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။ ကျွေ့ချိန်ချူက သူ၏ဘူးသီးခြောက်အား လှုပ်ယမ်းလိုက်ကာ ပြုံးလျက်ပြောသည်… “အားနာပါတယ်… ကျုပ်တို့ အခုစလို့ ရပြီ…”

“အမှန်ပဲ…” ဟွာယွန်ရှုက ပြန်ပြောသည်။

ဟွာယွန်ရှု ပြောပြီးသည်နှင့်ပင် ကျွေ့ချိန်ချူက သူရပ်နေရာမှ ပျောက်သွားပြီး ဓားတစ်လက်အလား တစ်ဖက်လူထံသို့ တိုးဝင်လာသည်။ ထိုအခိုက်တွင် ပျင်းရိဟန်ရသော အမူးသမားကား အလွန်တရာ ထက်ရှသော ဓားတစ်လက်အဖြစ် ပြောင်းလဲ သွားဟန်ရသည်။

ဟွာယွန်ရှုက လက်မြှောက်လိုက်ကာ ကျွေ့ချိန်ချူဘက်ကို လက်သီး ဆုပ်လိုက်သည်။ ပတ်ဝန်းကျင်တွင် အလွန် အားကောင်းသော လောကဓာတ်တစ်ခု ပျံ့နှံ့သွားပြီး ကျွေ့ချိန်ချူထံသို့ တိုးဝင်သွားသည်။ ထို့နောက်တွင် ကျွေ့ချိန်ချူ၏ အနီးတစ်ဝိုက်တွင် ကျောက်တုံး ကျောက်ခဲများ အဆက်မပြတ် ဖြစ်လာကာ သူ့အား ရစ်ပတ်ရန် ကြိုးစားကြသည်။ လေဟာနယ်ကလည်း အလွန်တရာ တင်းမာ ခက်ထန်လာ၏။

ဟွာယွန်ရှုက မြေဓာတ်ကို အားပြုသူ ဖြစ်သည်။ သူက မြေသဘာဝ လောကဓာတ်တွင်လည်း နက်ရှိုင်းစွာ သိမြင်နားလည်၏။ ထို့ကြောင့်လည်း မြေဓာတ်သဘာဝမှ ခက်ဖြာသော ဓာတ်သဘာဝ များစွာကိုလည်း ထပ်မံ၍ နားလည် ဆင်ခြင်နိုင်ခဲ့သည်။ မြေဓာတ်မှ ခက်ဖြာသော ဓာတ်သဘာဝများ အနက် သူက မြေခဲအား၊ မြေဆွဲအား၊ တွန်းကန်အားတို့ကို သိမြင် နားလည်သည်။

ထိုအခိုက်တွင် ကျွေ့ချိန်ချူက သူ၏ သက်စောင့်ဝိညာဉ်ဓားကို ထုတ်လိုက်ရာ ဓားရောင်များ ပြိုးပြိုးပြက်ပြက် လင်းလက်သွားသည်။ ဓားက ပုစဉ်းတောင်ပံအလား ပါးလွှာပြီး လောကဓာတ်များက ဓားနှင့်ပေါင်းစပ်နေဟန် ရသည်။

“ဖြတ်စမ်း...” ကျွေ့ချိန်ချူက သူ၏ဓားအသိကို စေခိုင်းသည်တွင် ဓားက လေဟာနယ်ကို ဖြတ်တောက်လျက် မြေခဲဓာတ်များ အားလုံးကို ဖြတ်တောက်သည်။ သူ၏ခန္ဓာကိုယ်ကလည်း လောကဓာတ်များ စီးဆင်းလာကာ သူ့ထံကို ရစ်ပတ်လာသော မြေဓာတ်သဘာဝများအား ဖြတ်တောက် ပယ်ဖျက်သည်။ သူကိုယ်တိုင်ကလည်း ဖြတ်တောက်ခြင်း လောကဓာတ်ကို နက်ရှိုင်းစွာ သိမြင် နားလည်ထားသည်။

ကျောက်တုံးများက ပါးလွှာသော ဓားချက်အောက်တွင် တစ်လွှာပြီးတစ်လွှာ ပြတ်တောက်သွားရ၏။ သို့သော် ကျွေ့ချိန်ချူ၏ အနီးတွင် နောက်ထပ် ကျောက်တုံးကြီးများ အဆက်မပြတ် ထွက်ပေါ်လာကာ မြေဆွဲအားနှင့်အတူ ကျဆင်းလာကြသည်။ ကျွေ့ချိန်ချူအား မြေခဲဓာတ်များဖြင့် အမှန်တကယ် ခဲသွားစေခြင်းငှာ မတတ်နိုင်သော်လည်း သူ၏ လှုပ်ရှားမှုများမူကား ကြီးစွာ သက်ရောက် စေခဲ့သည်။ ကျွေ့ချိန်ချူက ဟွာယွန်ရှု၏ အနီးကို ရောက်သောအခါ မြေခဲအားနှင့် မြေဆွဲအားတို့နှစ်ခုက ပေါင်းစပ်သွားပြီး သူ့အား ထိန်းချုပ်သည်။

တစ်ချိန်တည်းမှာပင် ဟွာယွန်ရှုကလည်း သူ၏လက်ကို မြှောက်ကာ ကျွေ့ချိန်ချူက သူ့ထံကို ပြစ်လွှတ်လိုက်သော ဓားအား လက်ဖြင့်မြှောက်ကာ ရိုက်ချလိုက်သည်။ သူ၏လက်ဝါးကား တောင်ကုန်း တောင်တန်းကြီးများ၏ အားအဟုန်များပါနေကာ ကြီးစွာသော စွမ်းအားများကို ပိုင်ဆိုင်သည်။

ကျွေ့ချိန်ချူ၏ ဖြတ်တောက်ခြင်း ဓားကလည်း အလွန်အမင်း မြန်ဆန်စွာ ရောက်ရှိလာကာ တောင်ကုန်း တောင်တန်းများကို ကျော်ဖြတ်သွားသည်။ တောင်ကုန်းများက ပြတ်တောက် သွားသည့်တိုင် အလွန်တရာ ဖိအားပြင်းသော​ လောကဓာတ်က ကျွေ့ချိန်ချူကို ရိုက်ခတ်သွားကာ သူ့အား နောက်ကို လွင့်စဉ်စေ၏။

ကျွေ့ချိန်ချူက လေထဲတွင်ပင် ရပ်ကာ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဟွာယွန်ရှုကို ကြည့်သည်။ ဟွာယွန်ရှု၏ လောကဓာတ်များက ရှားပါးဓာတ်များ ဟုတ်သော်လည်း ရိုးရှင်းသည်ဟုလည်း မဆိုနိုင်သည်။ အချို့သော ပညာရှင်များကား ရိုးရှင်းသော လောကဓာတ်များကိုပင် အလွန်ကောင်းမွန်စွာ အသုံးချတတ်ပေသည်။ ဟွာယွန်ရှုကား ထိုသို့သော လူစားတည်း။

ကျွေ့ချိန်ချူက လျှပ်တစ်ပြက်ပင် လေကဲ့သို့ အမြန်ဖြင့် ရှေ့ကို တိုးဝင်လာသည်။ ထိုအခိုက်တွင် သူကိုယ်တိုင်က များစွာသော ကိုယ်ပွားများ ခွဲထွက်သွား၏။ ဟွာယွန်ရှုထံသို့ ကျွေ့ချိန်ချူ၏ ကိုယ်ပွားများစွာ တိုးဝင်သွားကြသည်။ သူကား တစ္ဆေဓား၏ ဆက်ခံသူဖြစ်ကာ သူ၏လှုပ်ရှားမှုများနှင့် ဓားပညာက ထိပ်တန်းအဆင့်တွင် ရှိသည်။ သူ၏ဓားက ဓားမိစ္ဆာ၏ ပြင်းထန် အားကောင်းမှုများလည်း ပါဝင်နေပြန်သည်။

ဟွာယွန်ရှုက ခေါင်းမော့ကာ ကြည့်သည်။ သူ၏အမူအရာကား ယခင်ကဲ့သို့ တည်ငြိမ်နေကာ ဘာကမှ သူ့စိတ်အား လှုပ်ရှားနိုင်စွမ်း ရှိဟန်မရပေ။ သူ့အား ရှီဟွာတောင် နိုဘယ်များထဲတွင် နံပါတ်တစ်အဖြစ် အားလုံးက သတ်မှတ် ထားကြသော်လည်း သူ၏ယုံကြည်မှုက သူ့အရည်အချင်းများကို အခြေခံ၍ ဖြစ်တည်လာခြင်းပင်။ ထို့ကြောင့် မြေရိုင်းပြည်နယ်မှ တစ်စုံတစ်ယောက်က သူ၏စိတ်ကို ထိခိုက်အောင် လုပ်နိုင်သည် ဆိုပါက သူ့နာမည် ကျော်ကြားခြင်းက ဟာသတစ်ခုထက် မပိုတော့ပေ။

ထို့နောက် သူက သူ့ထံကို တိုးဝင်လာကြသော ကိုယ်ပွားများအား ကြည့်သည်။ ဟွာယွန်ရှုက လက်ဆန့်တန်း လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ်များနှင့်အတူ ကျောက်သား မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကြီးမားသော မြေဆွဲအားကပါ မုန်တိုင်းထဲ ပါဝင်နေရာ လေထုကည်း အလွန် တင်းမာလာသည်။

ကျောက်သားမုန်တိုင်းက လေဟာနယ်ကို ပိတ်ဆို့သွားကာ ကျွေ့ချိန်ချူအား မာကျောကာ ခဲသွားစေသည်။ လေဟာနယ်က အမှန်ပင် ကျောက်တောင် တစ်ခုအလား ခဲသွား၏။ ထိုနေရာမှ ဓားအရောင်အဝါတစ်ခု ခွဲထွက်လာကာ တောင်အား နှစ်ခြမ်း ဖြစ်သွားစေသည်။ သို့သော်လည်း မုန်တိုင်းကား ရှိနေဆဲဖြစ်ကာ သူ့အား ဆက်လက်၍​ နစ်မြုပ်စေရန် အားထုတ်၏။ သူ၏တိုက်ခိုက်မှုများက ကျွေ့ချိန်ချူကို ဒဏ်ရာရစေရန် ခက်ခဲမည်ကို သူသိသည်။ သို့သော် သူက အဓိက ကျွေ့ချိန်ချူ၏ ပုံရိပ်များအား ထိန်းချုပ်လိုရင်းသာ....။

ဟွာယွန်ရှုက လေထဲကို တဖြည်းဖြည်း မြင့်တက်လာကာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်တစ်ခုက သူ့အား စီးဆင်းလာသည်။ ဟွာယွန်ရှုက သူ့ရှေ့မှ တောင်ကြီးအား စိုက်ကြည့်ကာ ဆန့်တန်းထားသော လက်အား နောက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်က တောင်တစ်ခုအလား ကြီးမားသော ခွန်အားနှင့်အတူ လျှပ်စီးတန်းကဲ့သို့ အမြန်နှုန်းဖြင့် ရှေ့ကို တိုးဝင်သွားသည်။

ထိုမြင်ကွင်းကို ကြည့်ကာ ရီဖူရှင်း၏ အမူအရာ ပြောင်းလဲသွားသည်။ ဟွာယွန်ရှု၏ ခွန်အားကား ကျွေ့ချိန်ချူထက် များစွာ သာလွန်သည်ကို သူခံစားမိသည်။

ဘုန်း… ကျွေ့ချိန်ချူက ကျောက်သား မုန်တိုင်းထဲ ပိတ်မိသော ခဏတွင်ပင် ကြီးမားသော အရှိန်အဟုန်ဖြင့် လက်ဝါးချက်များက ကိုယ်ပွားများထံကို ကျဆင်းလာသည်။ ဓားအလင်းများက အဆက်မပြတ် လင်းလက်သွားကာ ကျွေ့ချိန်ချူကလည်း ပြင်းထန်စွာ ခုခံသည်ကို မြင်ကြရသည်။ သို့သော်လည်း သူခုခံရသော လက်ဝါးချက်ကား ဖိအား ကြီးမားလွန်းကာ သူ့အား နောက်ကို လွင့်စဉ်သွားစေပြီး ကိုယ်ပွားများအားလုံး ပျောက်ကွယ် သွားကြသည်။

ဓားချက်များ ပျောက်ကွယ်သွားပြီး ကျွေ့ချိန်ချူကား တစ်နေရာတွင် ပေါ်လာသည်။ သူ၏ပါးစပ်တွင် သွေးစများကို တွေ့ရပြီး တစ်ဖက်တွင် ဟွာယွန်ချူ၏ အင်္ကျီစများက ဓားချက်များကြောင့် အနည်းငယ် စုတ်ပြတ်သွား၏။ သို့သော်လည်း လူကား မည်သို့မှ ဒဏ်ရာမရပေ။ ဟွာယွန်ရှုကား သူ၏ဓားချက်များကို အမှန်ပင် လျစ်လျူရှုနိုင်သည်။ သူ့အတွက် သည်တိုက်ပွဲက မည်သို့မှ မျှော်လင့်ချက် မရှိပေ။

သူကား ရှုံးနိမ့်ခဲ့ကာ အနိုင်ရရန် မျှော်လင့်ချက် မရှိသည်ကို ကျွေ့ချိန်ချူ နားလည်လိုက်သည်။

“မင်းနိုင်တယ်…” ကျွေ့ချိန်ချူက ပြုံးလျက်ပြောကာ အနိုင်အရှုံးအား တွေးမနေတော့ဘဲ​သူ၏နေရာအား ပြန်သွားသည်။

ဟွာယွန်ရှုက ဘာမှ ထူးခြားဟန်မရှိဘဲ​ တည်ငြိမ်စွာ ရပ်နေသည်။ သူ့ဟန်ပင်က သည်တိုက်ပွဲကား သူ့အနိုင်ဟု သေချာပေါက် သတ်မှတ်ထားဟန်ပင်။

“တကယ်ပဲ ဟွာယွန်ရှုနာမည်နဲ့လိုက်ပါပေတယ်… ရှီဟွာတောင်ရဲ့ တကယ့်နံပါတ်တစ်နိုဘယ်ပဲ… ” လူအများအပြားက ချီးကျူးကြသည်။

ကျွေ့ချိန်ချူ၏အရှုံးကား ဟွာယွန်ရှုကြောင့်ဖြစ်ရာ ဂုဏ်ယူဖွယ် ကောင်းပေသည်။ တော်ဝင်ကျဲနန်းတော်၏ တပည့်များက သည်တစ်ခေါက် ခရီးတွင် အတွေ့အကြုံများစွာ ရကြပေလိမ့်မည်။

“သူက တကယ်ပဲ ကောင်းတယ်…” ရီဖူရှင်းကလည်း ဧည့်သည်များ ကြည့်ရှုရာ စင်မြင့်ထက်မှ ရေရွတ်ပြောဆိုသည်။ ကျွေ့ချိန်ချူ၏အရှုံးက ရှီနန်းတော်ထဲတွင် လေ့ကျင့်သူများထဲမှ တစ်ယောက် ပြိုင်ပွဲမှ ထွက်ခွာရပြီဟု ဆိုလိုပေသည်။ သို့သော်လည်း သည်ကဲ့သို့ ဖြစ်ပျက်လာခြင်းအပေါ်​ သူက သိပ်အံ့အားသင့်သည်တော့ မဟုတ်ပေ။ ရှစ်ယောက်လုံးက နောက်ဆုံးလူတစ်ရာ စာရင်းထဲကို ဝင်မည်ဆိုခြင်းက မဖြစ်နိုင်ပေ။ ပြည်နယ်ကိုးခုလုံးမှ ပါရမီရှင်များကား သာမန်လူများ မဟုတ်ကြပေ။

“အင်း… သူ့ခွန်အားကို ယှဉ်နိုင်သူက ယူချင်းတစ်ယောက်ပဲ​ ရှိလိမ့်မယ်…” ဝမ်ရှင်းကလည်း သဘောတူဟန်ဖြင့် ပြောသည်။ လောကဓာတ်ကိုသုံး၍​ ကြီးမားသောခွန်အားဖြင့် တိုက်ခိုက်နိုင်သော သူအား ခွန်အားချင်း ယှဉ်နိုင်သူပြပါဆိုလျှင် သူတို့အဖွဲ့၌ ယူချင်းတစ်ယောက်သာ ရှိပေသည်။

“ယူချင်း… အင်း…” ရီဖူရှင်းကလည်း ယူချင်းကို ကြည့်သည်။ သူကလည်း လာမည့်တိုက်ပွဲများ အပေါ်တွင် စိတ်ဝင်စား ပေသည်။

ကျန်သော ခုနစ်ယောက်ထဲတွင် ဘယ်နှယောက်က နောက်ဆုံးလူ စာရင်းတစ်ရာထဲကို ရောက်နိုင်မည်နည်း။

ယူချင်းနှင့် တခြားလူများက ဟွာယွန်ရှုက ထွက်သွားသည်ကို ကြည့်နေကြသည်။ ဟွာယွန်ရှုက သူတို့အား ယဉ်ကျေးပျူငှာစွာ ဆက်ဆံသည့်တိုင် သူ့မျက်နှာတွင် ပေါ်နေသော သူ၏ကြီးမားသော မာနနှင့်ဂုဏ်တို့ကား ဖိနှိပ်ထိန်းချုပ်ထားရန် အလွန်ခက်ပေသည်။

ဤသို့ဆိုလျှင် ရှီဟွာတောင်၏ နံပါတ်တစ်နိုဘယ်က ယခု မြေရိုင်းပြည်နယ်ကို ပစ်မှတ်ထား နေသည်လား။

***

All Chapters