← Chapters

စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီး

Vol. 92 Ch. 1269

စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီး

Vol. 92 Ch. 1269

နတ်ဧကရာဇ်တစ်ပါးအနေဖြင့် သူ ပို့လွှတ်လိုက်သည့် နတ်ဘုရားအသိစိတ်တွင် အရေးကြီးသည့် တာဝန် ရှိလေသည်။ ထို့ကြောင့် နတ်ဘုရားအသိစိတ် ကိုယ်တိုင်က အင်မတန် အားကောင်းပြီး စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ယေဘုယျအရ နတ်ဘုရားအသိစိတ်မှ ပြသထားသည့် အဆင့်နှင့် တိုက်ခိုက်စွမ်းရည်ဖြင့် စကြဝဠာတစ်ခုလုံး၌ ပြိုင်ဘက်များများစားစား ရှိမည် မဟုတ်ပေ။ ထိုအရာက တာဝန်ကို ပြီးမြောက်ကာ ပြန့်ကျဲနေသည့် နောက်ဆုံးကမ္ဘာကို စစ်ဆေးကြည့်ပြီး ပြန်လာဖို့ရာ လုံလောက်သည်ထက် ပိုပေသည်။

သွေးနီရောင် လူငယ်လေးကိုယ်တိုင်ကလည်း ထိုသို့ တွေးခဲ့မိသည်။

အကယ်၍ ကိစ္စများကသာ အစီအစဉ်အတိုင်း ဖြစ်ပျက်ခဲ့ပါက သူသည် နောင်အနာဂတ်၌ ကျောက်တံခါးကို ချိုးဖောက်နိုင်လိမ့်မည်။ ထိုအခါ သူသည် လော့၏ လက်ကို ခြေမွပြီး ကျောက်ပြားကမ္ဘာ၏ ဗဟိုချက်ဆီ ဝင်ရောက်ကာ အနက်ရောင်သစ်သားပြား၏ ဝိညာဉ်နောက်ဆုံးအမျှင်ကို သုတ်သင်ပစ်နိုင်လိမ့်မည်။

သို့သော်လည်း မထင်မှတ်ထားသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့၏။ ချန်ရှင်းက တစ်နေရာမှ ပေါ်ထွက်လာပြီး သူနှင့် တိုက်ခိုက်ခဲ့သည်။ အဆုံးသတ်၌ သူက အနိုင်ရရှိပြီး ချန်ရှင်းကို ပူးကပ်နိုင်ခဲ့သော်လည်း ချန်ရှင်းက သူ့အသက်စောင့်စွမ်းအားကို စတေးပြီး သူ့ကို ထိနှက်ချက် ပြင်းပြင်းပေးခဲ့ကာ ဒဏ်ရာရစေခဲ့သည်။

ထိုဒဏ်ရာက သူ့နတ်ဘုရားအသိစိတ်အပေါ် သက်ရောက်မှုရှိပြီး သူ့တိုက်ခိုက်စွမ်းရည်နှင့် ကျင့်ကြံဆင့်ကို ကျဆင်းသွားစေကာ စတုတ္ထအဆင့်ကို ထိန်းမထားနိုင်လောက်အောင် ဖြစ်သွားစေခဲ့သည်။ သို့သော်လည်း သူက ချန်ရှင်း၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသည့်အတွက် သူ ရှုံးနိမ့်သွားခဲ့သော်လည်း အကျိုးအမြတ်များစွာ ရရှိလိုက်သေးသည်။

ပထမဦးစွာ ကျောက်တံခါးအား ကိုယ်တိုင် တိုက်ခိုက်၍ ဖျက်ဆီးဖို့ရာ မလိုအပ်တော့ဘဲ တိုက်ရိုက်ဝင်ရောက်နိုင်ပြီ ဖြစ်၏။ ထို့နောက် ချန်ရှင်း၏ ရုပ်ခန္ဓာက လော့၏ ညာဖက်လက်ကို လျစ်လျူရှုထားပြီး ထွက်ခွာသွားနိုင်သည်။ ထိုအရာက သူ့တာဝန်ကို မြန်မြန်ဆန်ဆန် ပြီးမြောက်နိုင်ပြီး အရာအားလုံးသာ ချောမွေ့နေပါက သူသည် ကြိုတင်၍ပင် ပြီးမြောက်လိမ့်မည်။

သို့သော်လည်း သူ့အနှေင့် ချန်ရှင်းက သူ သတိမထားမိစေဘဲ အသိစိတ်တစ်ခု ချန်ထားခဲ့လိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် တွေးမထားခဲ့မိပေ။ ထိုအရာက ထောင်ချောက်သဖွယ် ဖြစ်သွားသည်။

ထိုထောင်ချောက်က သူ့နတ်ဘုရားအသိစိတ် ၃၀ ရာခိုင်နှုန်းကို အောင်အောင်မြင်မြင် ဖျက်ဆီးပစ်နိုင်ခဲ့၏။

သူ့ဒဏ်ရာများက အတော်လေး ပြင်းထန်သည်ဟု ဆိုရပေမည်။ ရလဒ်အနေဖြင့် သူ့လက်ရှိအဆင့်က စတုတ္ထအဆင့်မျှ တတိယအဆင့်ထိ ပြုတ်ကျသွားခဲ့သည်။ ကံကောင်းစွာဖြင့် လော့၏ လက်က အမြစ်မဲ့ ရေမှော်ပင်လို ဖြစ်နေသည့်အတွက် စွမ်းအားများများ မကျန်တော့ပေ။ သူ့ကျင့်ကြံဆင့် ကျဆင်းသွားလျှင်ပင် ထိုအရာက သူ့ကို အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူက အလေးအနက် ထားရမည်။ ကျောက်ပြားကမ္ဘာက ယခု ကြိုတင်ပြင်ဆင်ထားကြပြီ ဖြစ်၏။ တခြားတစ်ဖက်တွင် ဝမ်ပေါင်လဲ့၏ တည်ရှိမှုက သူ့နဂိုယုံကြည်ချက်ကို အနည်းငယ် လျော့ကျသွားစေသည်။

“ချန်ရှင်း” သွေးနီရောင် လူငယ်လေးက အံကြိတ်ကာ ရေရွတ်လိုက်သည်။ သူ့မျက်ဝန်းက ဒေါသဖြင့် တောက်လောင်နေ၏။ တစ်ဖက်လူ ပေါ်ထွက်လာမှုက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ထိုအရာက မဖြစ်နိုင်သည်ကို ဖြစ်နိုင်ခြင်းအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်၏။

ငါ မြန်မြန်လုပ်ရမယ်။ တစ်ဖက်လူကို ကြီးထွားလာဖို့ အခွင့်အရေးပေးလို့ မရဘူး…

သွေးနီရောင် လူငယ်လေးက စိတ်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်သည်။ သူ အသွင်ပြောင်းထားသည့် သွေးနီရောင် ကင်းခြေများက ပိုမိုခက်ထန်ကြမ်းတမ်းလာ၏။ ထိုအရာက အော်ဟစ်ရင်း လော့၏ လက်ဖြင့် ကြမ်းတမ်းစွာ တိုက်ပွဲဆင်နွှဲနေသည်။ လေဟာနယ်တစ်ခုလုံးက လှုပ်ခတ်သွားပြီး လှိုင်းတွန့်များက အဖက်ဖက်သို့ ပျံ့နှံ့သွားကာ ကျောက်ပြားကမ္ဘာ၏ တာအိုနယ်မြေအထိ သက်ရောက်မှု ဖြစ်လာစေသည်။ တာအိုနယ်မြေအတွင်းရှိနေသည့် စည်းမျဉ်းဥပဒေသများကလည်း စတင်လှုပ်ခတ်လာ၏။

အင်္ဂါဂြိုဟ်ပေါ်တွင် ဝမ်ပေါင်လဲ့က ကြယ်တာရာကောင်းကင်မှ အကြည့်လွှဲလိုက်သည်။ သူက သတ်ဖြတ်ငွေ့ကို ထိန်းချုပ်ထားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် မြေဓာတ်တာအိုမျိုးစေ့ကို သူ့ခန္ဓာကိုယ်အတွင်း ပေါင်းစည်းလိုက်သည်။

သူ ပေါင်းစည်းပြီးသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်လျှောက် မြေဓာတ်တာအိုစွမ်းအားက ပျံ့နှံ့သွားလေသည်။ ဤမြေဓာတ်တာအိုနှင့် ဝမ်ပေါင်လဲ့၏ နဂိုရှိထားသော သစ်သားဓာတ်တာအိုနှင့် ရေဓာတ်တာအိုတို့က အချင်းချင်း အထောက်အပံ့ မဖြစ်သေးသော်လည်း ဝမ်ပေါင်လဲ့၏ တာအိုကြယ်က တာအိုတစ်သောင်းကို ပုံတူပွားကူးယူနိုင်လေသည်။ ထိုစဉ် မီးဓာတ်တာအိုကို လှည့်ပတ်ပြီးသည့်နောက် သူ့ခန္ဓာကိုယ်ထဲမှ အရှိန်အဝါက ရုတ်ချည်း တိုးပွားသွား၏။

ရေက သစ်သားကို မွေးဖွားပေးပြီး သစ်သားက မီးကို မွေးဖွားပေးကာ မီးက မြေကြီးကို မွေးဖွားပေးလေသည်။

ဓာတ်သဘာဝသုံးခုနှင့် ပုံရိပ်ယောင်တစ်ခုကြောင့် ဓာတ်လေးပါး ဖြစ်သွားကာ လမ်းစဉ်လေးခု ဖြစ်သွားခဲ့သည်။

“ငါက အခု အစွန်းရောက်တာအို ၈ပါးထဲက ၃ခုကို ပြီးမြောက်သွားပြီ” ဝမ်ပေါင်လဲ့က မျက်လုံးကိုမှိတ်ပြီး ရေရွတ်လိုက်သည်။ သူက သတ္တုတာအိုနှင့် မီးဓာတ်တာအို လိုအပ်နေဆဲဖြစ်ကာ ထိုနှစ်ခုအတွက် စဉ်းစားထားပြီးသား ဖြစ်၏။

သတ္တုတာအိုအတွက်မူ ဝမ်ပေါင်လဲ့က ပိုမိုသင့်တော်သည့် တာအိုအသုံးအဆောင်ပစ္စည်းကို မတွေ့သရွေ့ ရှေးဟောင်းအစိမ်းရောင်ကြေးဓားကို အသုံးပြုဖို့ ရွေးချယ်ထားသည်။ သို့သော်လည်း တခြားသော တာအိုပစ္စည်းသုံးခုနှင့် ယှဉ်လိုက်လျှင် ရှေးဟောင်းကြေးဓားကြီးက စကြဝဠာအဆင့်သာဖြစ်သည့်အတွက် အနည်းငယ် နိမ့်ကျနေ၏။

မီးဓာတ်တာအိုအတွက်မူ အမှောင်မီးတောက်လည်း ရှိသလို ကျိန်စာမီးတောက်လည်း ရှိထား၏။ မည်သို့ပင်ဖြစ်စေကာမူ ထိုအရာက တာအိုဖြစ်နေဆဲဖြစ်ကာ ပြီးပြည့်စုံခြင်းတော့ မရှိပေ။

အကယ်၍ အချိန်လုံလောက်ပါက ဝမ်ပေါင်လဲ့က တခြားတာအိုပစ္စည်းကို လိုက်ရှာလိမ့်မည်။ သို့သော်လည်း ယခုအခါ အချိန်က အသက် ဖြစ်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့က စိတ်ထဲ၌ ပြင်ဆင်ထားလေသည်။ သူက ရှေးဟောင်းကြေးဓားနှင့် ကျိန်စာမီးတောက် သုံးပြီး ဓာတ်ငါးပါးကို ပြီးမြောက်အောင် လုပ်ဖို့ ကြံရွယ်ထားခဲ့သည်။

“ဒါပေမဲ့ မတိုင်ခင်က စန္ဒာကြယ်ဂိုဏ်းဆီ တစ်ခေါက်သွားရမယ်” ဝမ်ပေါင်လဲ့၏ အကြည့်များက နက်နဲစွာ တောက်ပနေသည်။

လီဝမ်အာ၏ စကားများက ဝမ်ပေါင်လဲ့၏ စိတ်ထဲ ပြန်လည်ပေါ်ထွက်လာ၏။

“စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီးက ရှင့်ကို နောက် ၆၈ နှစ်ကြာလို့ ၇လမြောက် ၁၉ရက်နေ့မှာ စန္ဒာကြယ်ဂိုဏ်းရဲ့ တောင်စွန်းမှာ တွေ့ဖို့ ပြောလိုက်တယ်”

ယခုအခါ ချိန်းဆိုထားသည့် အချိန်ရောက်ဖို့ ၇ ရက်မျှသာ လိုအပ်တော့သည်။

ယခင် ၆၈နှစ်အတွင်း ပြန်လည်တွေးတောကြည့်ပြီး ဝမ်ပေါင်လဲ့က သက်ပြင်းသာချလိုက်သည်။ အပြောင်းအလဲများက ကြီးမားလွန်းလှ၏။ ယခင်က သူ့တိုက်ခိုက်စွမ်းရည်သည် မဆိုးလှသော်လည်း ဤကဲ့သို့ မဟုတ်သေးပေ။

ယခင်က သူ့ဆရာ ရှိနေသေးသလို သူ့ဂိုဏ်းတူအစ်ကိုကြီးလည်း ရှိနေခဲ့သည်။ ယခင်က သူသည် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက အဘယ်ကြောင့် တွေ့ဆုံလိုမှန်း မသိခဲ့သလို ချိန်းဆိုထားသည့် အချိန်က ထူးဆန်းနေသည့် အကြောင်းအရင်းကိုလည်း မသိခဲ့ရပေ။

ယခင်က သူသည် စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီးက ဘယ်သူလဲ နှင့် နောက် ၆၈ နှစ်ကြာပြီးသည့်နောက်တွင် ကျောက်ပြားကမ္ဘာထဲ ဘာတွေဖြစ်နေမလဲဆိုတာကို သူ သိနေလားဆိုတာ တွေးနေမိသည်။

ယခုတွင် သူ့တိုက်ခိုက်စွမ်းရည်က ကျောက်ပြားကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သော်လည်း ဆရာက မရှိတော့သလို သူ့ဂိုဏ်းတူအစ်ကိုကြီးကလည်း မရှိတော့ပေ။

ဤချိန်းဆိုထားသည့် အချိန်က ထူးဆန်းနေသည့် အကြောင်းအရင်းကိုလည်း သိသွားခဲ့သည်။ သေချာစဉ်းစားကြည့်ပါက စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးသည် အတိတ်မှတဆင့် အနာဂတ်ကို မြင်နိုင်သည့် စွမ်းရည်မျိုး ရှိထားဟန်ပေါ်သည်။

သူ့စိတ်ထဲ၌ တစ်ဖက်လူ၏ ဇစ်မြစ်ကို မှန်းဆမိထားသည်။

တိတ်ဆိတ်စွာဖြင့် ဝမ်ပေါင်လဲ့က သက်ပြင်းချကာ မျက်လုံးမှိတ်ပြီး ၇ရက်တာ ကုန်ဆုံးသွားဖို့ တရားထိုင်လိုက်သည်။ ၇ရက်နေ့မြောက် ကျရောက်လာသည့်အခါ သူ့ နေအဖွဲ့အစည်းအပြင်ဘက်ရှိ ဓမ္မပုံရိပ်က မတ်တတ်ရပ်ကာ ကြယ်တာရာကောင်းကင်ထဲ လျှောက်လှမ်းပြီး မဟာဒိဋ္ဌိနယ်မြေထဲ ဝင်ရောက်ခဲ့သည်။

ဝမ်ပေါင်လဲ့က မရပ်တန့်ဘဲ မဟာဒိဋ္ဌိနယ်မြေထဲ ရောက်ရှိလာသည်။ ဤတစ်ကြိမ် သူက မျက်စိဖြင့် မမြင်နိုင်သည့် နေရာတစ်ခုတွင် ပေါ်ထွက်လာ၏။ စကြဝဠာအဆင့် မဟုတ်သည့် ကျင့်ကြံသူများက ထိုအရာက သူတို့၏ နတ်ဘုရားအသိစိတ်ဖြင့် အာရုံခံမိကြမည် မဟုတ်ပေ။ ဤနေရာတွင် သူက သူ့ရှေ့ရှိ ဗလာနေရာလွတ်ကို ကြည့်နေရင်း အချိန်အတော်ကြာ ရပ်နေဟန်ပေါ်သည့် ရင်းနှီးပြီးသားပုံရိပ်နှစ်ခုက သူ့ကို ဦးညွှတ်နေသည်ကို မြင်လိုက်ရသည်။

“စန္ဒာကြယ်ဂိုဏ်းရဲ့ တပည့် လီဝမ်အာက တာအိုသခင်ကို နှုတ်ဆက်ပါတယ်။ တပည့်လီဝမ်အာက ခေါင်းဆောင်ကြီးရဲ့ အမိန့်နဲ့ တာအိုသခင်ကို စန္ဒာကြယ်ဂိုဏ်းထဲ ကြိုဆိုဖို့ ရောက်နေတာပါ”

“စန္ဒာကြယ်ဂိုဏ်းရဲ့ တပည့် ကျိုးရီဖန်းကလည်း တာအိုသခင်ကို နှုတ်ဆက်ပါတယ်”

“ရီဖန်း” ဝမ်ပေါင်လဲ့၏ အကြည့်က ထိုနှစ်ဦးကို ဖြတ်သန်းသွားပြီးသည့်နောက် ကျိုးရီဖန်းဆီ ကျရောက်လာသည်။ အချိန်အတော်ကြာ ပေါ်ထွက်မလာခဲ့သည့် အပြုံးတစ်ပွင့်က သူ့မျက်နှာအထက် ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။

ယခင်အတိတ်မှ မှတ်ဉာဏ်များက သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာသည်။ ခဏအကြာတွင် ဝမ်ပေါင်လဲ့က သွားကာ ကျိုးရီဖန်းကို ပွေ့ဖက်လိုက်၏။ ကျိုးရီဖန်း၏ စိတ်နှလုံးသားကလည်း လှုပ်ခတ်နေကာ ဝမ်ပေါင်လဲ့ကို တင်းတင်းကြပ်ကြပ် ပြန်လည်ဖက်ထားလိုက်သည်။

ညီအစ်ကိုနှစ်ဦးက မတွေ့ရသည်မှာ နှစ်များစွာ ကြာမြင့်လှပြီဖြစ်ပြီး ယခုမှတွေ့ဆုံနိုင်ခြင်း ဖြစ်၏။

လီဝမ်အာက ဘေးမှ အပြုံးဖြင့် ကြည့်နေသည်။ သူမက သူတို့နှစ်ဦး ပြန်လည်ဆုံတွေ့ပြီးသည်ကို စောင့်ဆိုင်းပြီးသည့်နောက် ပြောလိုက်သည်။

“ပေါင်လဲ့ ခေါင်းဆောင်ကြီးက စောင့်နေတယ်”

ဝမ်ပေါင်လဲ့က လီဝမ်အာကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူက ရှေ့တိုးကာ သူမကို ဖက်လိုက်၏။ သူမကို လွှတ်ပေးပြီးသည့်နောက်တွင် သူ့စိတ်အခြေအနေက ပိုမိုကောင်းမွန်သွားခဲ့သည်။ သူက လီဝမ်အာနှင့် ကျိုးရီဖန်းတို့နောက်မှ လိုက်ကာ ဗလာလေဟာနယ်အတွင်း ဝင်ရောက်သွားခဲ့သည်။ ခြေတစ်လှမ်းဖြင့် ကောင်းကင်က ပြောင်းလဲသွားပြီး ဧရာမ အပြာရောင်ဂြိုဟ်တစ်ခုက ဝမ်ပေါင်လဲ့၏ မျက်လုံးရှေ့ထွက်ပေါ်လာသည်။

တကယ်လို့ သူ အလိုရှိလျှင် လမ်းကို ဦးဆောင်ပေးမည့်သူ မလိုအပ်ဘဲ လက်တစ်ချက်ဝှေ့လိုက်ရုံဖြင့် ဤနေရာကို ဖုံးကွယ်ထားသည့် အရာအားလုံးကို ဖယ်ရှားပစ်နိုင်သည်။ သို့သော် ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ ဧည့်သည်တစ်ယောက်အနေဖြင့် သူက လီဝမ်အာနှင့် ကျိုးရီဖန်းတို့နောက်မှ လိုက်လာသည်။ သူက အပြာရောင်ဂြိုဟ်ရှိ ကောင်းကင်အထက် ပေါ်ထွက်လာ၏။

မြေကြီးက စိမ်းစိုနေပြီး တောင်တန်း၊ မြစ်ချောင်းများနှင့် အဆောက်အဦးများစွာကို မြင်တွေ့နေရသည်။

“စန္ဒာကြယ်ဂိုဏ်းကနေ ကြိုဆိုပါတယ်” လီဝမ်အာက ညင်သာစွာ ပြောလိုက်သည်။

ဝမ်ပေါင်လဲ့က ခေါင်းအသာညိတ်လိုက်၏။ သူက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် တောင်စွန်းလေးတစ်ခုဆီ ရောက်ရှိလာသည်။ ထို့နောက် သူက ကျောပေးလျက်ထိုင်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။

ထိုပုံရိပ်က တောင်စွန်းတွင် ထိုင်နေပြီး ရှေ့တွင် ရေတံခွန် ရှိနေလေသည်။ ရေတံခွန်ကျသံက တာအိုစည်းချက်များ ပါဝင်နေပြီး အဖက်ဖက်သို့ ပျံ့လွင့်နေလျက်ရှိ၏။ ဝမ်ပေါင်လဲ့က တတိယခြေလှမ်းကို ဆက်လျှောက်ကာ တောင်စွန်းဘေး၌ ပေါ်ထွက်လာသည်။

“မင်း ရောက်လာပြီပဲ” ပုံရိပ်က ရှေးကျသော်လည်း သူ့အသံက ကျယ်လောင်ကာ ကြည်လင်ပြတ်သားသည်။ ထိုအရာက တိမ်တိုက်များကို ဖယ်ရှားနိုင်သည့် စိတ်ခန္ဓာ ပါဝင်နေဟန်ပေါ်သည်။ ထိုစကားကို ပြောလိုက်ပြီးသည်နှင့် ထိုသူက ဖြည်းဖြည်းချင်း လှည့်ကြည့်လာ၏။ ဝမ်ပေါင်လဲ့ မြင်လိုက်ရသည်က မရင်းနှီးသည့် မျက်နှာတစ်ခု ဖြစ်၏။

“ငါ့မျိုးရိုးက ရွှီပါ။ ငါ့နာမည်က လီကော။ သခင်ရဲ့ အမိန့်အောက်မှာ ငါက သခင်မလေးရဲ့ တာအိုကာကွယ်သူတစ်ယောက်ပါ”

All Chapters