အမှန်တရား
Vol. 92 Ch. 1270
“ခင်ဗျားက ကျားလေးလား” ဝမ်ပေါင်လဲ့က သူ့ရှေ့တွင်ရှိနေသည့် အကြီးအကဲကို ဖြည်းဖြည်းချင်း မေးလိုက်သည်။
“ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး” စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီးက ပြန်ဖြေလိုက်သည်။
“ငါက မင်းနောက်ကို နှစ်အများကြီး လိုက်ခဲ့တာ။ ငါက နတ်ဆိုးဓား စိတ်ဝိညာဉ် ဖြစ်ခဲ့ဖူးတယ်။ ခေတ်ကာလများစွာကို ဖြတ်ကျော်ပြီးတော့ ကြယ်စင်စုကို ဖြတ်သန်းလာတာ။ အဆုံးသတ်မှာ ငါက သေဆုံးပြီးတော့ နတ်ဘုရားအသိစိတ်တစ်မျှင်ပဲ ကျန်ခဲ့တာ။ ဒီကမ္ဘာထိ လိုက်လာပြီးတော့ တာအိုကာကွယ်သူဖြစ်လာတာ”
“အဲ့လိုပြောတော့မှ ငါ မင်းကို တစ်ခါတွေ့ဖူးတယ်။ မင်းရဲ့ ဓမ္မအရုပ်ကို ဉာဏ်အလင်းဖွင့်ပေးခဲ့တာ ငါပဲ။ အဲဒါက မင်းကို ဒီနှစ်များစွာမှာ အနေအထားတစ်ခုအထိ အကူအညီ ဖြစ်မှာပါ”
“လွန်ခဲ့တဲ့နှစ်များစွာကလား” ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ခဏအကြာတွင် သူက ညာဖက်လက်ကို ဝှေ့ကာ သိုလှောင်လက်စွပ်ထဲမှ ရုပ်သေးရုပ်ကို ထုတ်လိုက်သည်။ ထိုရုပ်သေးရုပ်ကို အသုံးမပြုတာ နှစ်များစွာ ကြာလှပြီ ဖြစ်၏။ ထိုအရာက သူပြုလုပ်ခဲ့သည့် ပထမဦးဆုံးအရုပ် ဖြစ်ကာ ရုပ်သေးရုပ်ထံ အပြောင်းအလဲများစွာ ဖြစ်ပျက်ခဲ့သည်။
“ဟုတ်တယ် အဲဒါပဲ” စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက ပြုံးကာ ပြောလိုက်သည်။
ရုပ်သေးရုပ်ကို ကြည့်လိုက် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကို ကြည့်လိုက်ဖြင့် ဝမ်ပေါင်လဲ့က ထူးဆန်းသည့် အမူအရာမျိုး ဖြစ်လာသည်။ သူက ရုပ်သေးရုပ်ကို တွေးလိုက်မိ၏။ ထိုအရာက ထူးဆန်သည်ဟု ဆိုရလောက်အောင် ဆိုးယုတ်သည့် စိတ်ဝင်စားမှုမျိုး ရှိနေလေသည်။ အတိတ်တွင် ထိုအရာဖြင့် ချုပ်နှောင်ခံရသည့်သူအားလုံးက ဆိုးဆိုးရွားရွားအခြေအနေသို့ ကျရောက်သွားကြသည်။
ထိုလက်ချက်က သူ့ရှေ့တွင် ရှိနေသည့် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီး၏ ပုံရိပ်နှင့် မကိုက်ညီပေ။ ထိုသူက လောကီရေးရာများကို ကျော်လွန်သွားသည့် မသေမျိုးတစ်ယောက်အလား ဖြစ်၏။
ဝမ်ပေါင်လဲ့က အကြောင်းအရင်းမရှိ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကို အလေးအနက်ကြည့်လိုက်၏။
“မကြောက်ပါနဲ့။ တာအိုရောင်းရင်း ငါ မသေခင်ကတော့ မင်းနဲ့ တိုက်ခိုက်နိုင်ပါသေးတယ်။ ငါ့နတ်ဘုရားအသိစိတ်က ပြန်လည်ဝင်စားသွားပြီး ငါက တတိယအဆင့်ကို ရောက်ပေမဲ့ မင်းအတွက် ပြိုင်ဖက် မဟုတ်တော့ဘူး” စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက ပြောလိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ထိုင်ခင်းနှစ်ခုကို ထုတ်လိုက်၏။
“ထိုင်ပါ”
ဝမ်ပေါင်လဲ့က ထိုထိုင်ခင်းကို သေချာကြည့်လိုက်သည်။ သူက နတ်ဘုရားအသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူတို့က ဘေးကင်းကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူက တင်ပျဉ်ခွေကာ ထိုင်လိုက်၏။ သူ့စိတ်ထဲ အတွေးများစွာ ရှိနေပြီး ထိုသဘောတူညီချက်၏ အကျိုးအကြောင်းကို နားလည်သွားခဲ့သည်။
သူတို့က လွန်ခဲ့သည့် ၆၈ နှစ်ကတည်းက ကတိစကားကို ပြုလုပ်ထားခဲ့သည်။ ယခုအခါ သူတို့က တောင်စွန်းရှေ့ တွေ့ဆုံနေပြီ ဖြစ်၏။ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည့်အခါ သူ တွေးမိသည့်အရာက တစ်ဖက်လူ၏ ဇစ်မြစ်ကို ဖြစ်သည်။ သို့သော် သူ့ဇစ်မြစ်က မှန်လည်း မှန်သလို မှားလည်း မှားနေကြောင်း သတိထားမိသွားသည်။
စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက ကျားလေးဖြစ်ကြောင်း မှန်းဆထားခဲ့သည်။ သို့သော်လည်း ကျားလေး၏ ဇစ်မြစ်အပြင် နောက်ထပ် ဇစ်မြစ် ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
ထို့ကြောင့် ၆၈ နှစ်ကတိစကားက သူနှင့်တွေ့ဆုံသည်ဟု ပြောခြင်းထက် ဝမ်ရီရီနှင့် တွေ့ဆုံခြင်းဟု ဆိုရပေမည်။
ပြောရလျှင် ဝမ်ပေါင်လဲ့က ထိုသူဆိုလိုနေသည့် သခင်ကြီးဟူသည့် အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ထိုသူက ဝမ်ရီရီ၏ အဖေ ဖြစ်၏။ သူက သူမကို ခေါ်ဝေါ်လိုက်ပုံအရ ဝမ်ပေါင်လဲ့၏ လက်ထဲမှ မျက်နှာဖုံးဆီမှ ဝမ်ရီရီ၏ ပုံရိပ်က ထွက်ပေါ်လာသည့်အတွက် ဝမ်ပေါင်လဲ့၏ မှန်းဆချက်ကို ပိုမိုရှင်းလင်းသွားစေသည်။
“ဦးလေးရွှီ” ဝမ်ရီရီက တိုးညင်းစွာ ခေါ်လိုက်သည်။ သူမက စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကို အနည်းငယ် ဦးညွှတ်လိုက်၏။
စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက ပြုံးလိုက်သည်။ သူက ဝမ်ရီရီကို အချိန်အတော်ကြာ ကြည့်နေပြီးသည့်နောက်တွင် သူ့အပြုံးက ပိုမိုလေးနက်လာသည်။
“ရီရီ အခုအချိန်ကျပြီ”
ဝမ်ရီရီက ပါးစပ်ဟကာ တစ်ခုခုပြောချင်သော်လည်း အဆုံးသတ်၌ ဘာမှပြောမထွက်ခဲ့ပေ။
ထိုအရာကိုမြင်ကာ ဝမ်ပေါင်လဲ့၏ စိတ်ထဲ တုန်ယင်သွား၏။ တစ်ချိန်တည်းဆိုသလို စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက ဝမ်ရီရီဆီမှ ဝမ်ပေါင်လဲ့ကို ကြည့်လာသည်။ သူက မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ယှက်ကာ ဝမ်ပေါင်လဲ့ကို ဦးညွှတ်လိုက်သည်။
“တာအိုရောင်းရင်းက ကျုပ်ရဲ့ သခင်မလေးကို ကာကွယ်ပေးထားလို့ ကျေးဇူးပါ”
“အဲဒီအတွက် ကျေးဇူးတင်ဖို့ မလိုပါဘူး” သူက ဝမ်ရီရီကို ကြည့်လိုက်စဉ် အကြည့်များက ညင်သာနေသည်။ ပြောရမည်ဆိုလျှင် သူ့တစ်ဘဝလုံး အဖော်ပြုပေးခဲ့သည်ဟု ဆိုရပမည်။
ပထမဆုံးတွေ့ဆုံကတည်းက ယခုအချိန်အထိ ဖြစ်၏။
“လူကြီးမင်းက ဘာလို့များ ဒီနေ့တွေ့ဖို့ချိန်းရတာလဲ” ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူကာ စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကို ကြည့်ကာ မေးလိုက်သည်။ သူက ၆၈နှစ်ကြာ ကတိစကား၏ အဆုံးသတ်ကို သိချင်နေမိသည်။
စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီး၏ အမူအရာက အလေးအနက် ဖြစ်လာ၏။ သူက လက်နှစ်ဖက်ယှက်လျက်ရှိနေပြီး ပြန်မရုတ်သေးပေ။
“တာအိုရောင်းရင်းကို ဆွေးနွေးစရာကိစ္စ သုံးခုရှိတယ်။ ပထမတစ်ခုက သခင်မလေး ပြန်လာတာကို ကြိုဆိုပြီးတော့ သခင်မလေးရဲ့ နတ်ဘုရားဝိညာဉ်ကို ပြီးမြောက်စေဖို့ပဲ။ နောက်ဆုံးသော အသက်ပြန်သွင်းမှုအတွက် နောက်ဆုံးပြင်ဆင်မှုကို ပြီးမြောက်ဖို့ လိုအပ်တယ်”
သူက ပြောလိုက်ရင်းဖြင့် စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီးက ညာဖက်လက်ကို ဝှေ့လိုက်သည်။ ထို့နောက် လေဟာနယ်က ပုံပျက်သွားပြီး တစ်နေရာမှ အလင်းပြောက်များစွာ ထွက်ပေါ်လာပြီး အလင်းပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအလင်းပင်လယ်၏ အရင်းအမြစ်က အပိုင်းအစတွေသာ ဖြစ်၏။ သူတို့က တောက်တောက်ပပ လင်းလက်လာသည့်အခါ ထိုအပိုင်းအစများက လေဟာနယ်ထဲ စုဝေးသွားပြီး မျက်နှာဖုံးတစ်ဝက် ဖြစ်ပေါ်လာခဲ့သည်။
ထိုမျက်နှာဖုံးကို မြင်သည့်အခါ ဝမ်ပေါင်လဲ့၏ အသက်ရှူနှုန်းက ပိုမိုမြန်ဆန်လာ၏။ သူက သူ့ကိုယ်ပိုင်မျက်နှာဖုံးကို ဝတ်ရုံထဲမှ ထုတ်ယူလိုက်သည်။ ထိုမျက်နှာဖုံး ပေါ်ထွက်လာသည်နှင့် ပြင်းထန်သည့် အလင်းရောင်က အထဲမှ တောက်ပလာ၏။ ထိုအရာက မျက်စိစူးမတတ် တောက်ပလွန်းနေသည်။ မျက်နှာဖုံးနှစ်ခုကို အတူတကွ အမည်မသိစွမ်းအားက စုစည်းလိုက်သလိုမျိုး ပေါင်းစည်းသွားကြသည်။
မျက်နှာဖုံးက ပြီးပြည့်စုံသွားပြီ ဖြစ်၏။
အပိုင်းအစဟူ၍ မရှိတော့ဘဲ အထဲမှ တုန်လှုပ်လောက်ဖွယ် အငွေ့အသက်မျိုး ထုတ်လွှတ်နေသည်။ ထိုအရှိန်အဝါက မြင့်မြတ်ပြီး အရာအားလုံးကို ဖိနှိပ်ထားနိုင်စွမ်း ရှိဟန်ပေါ်သည်။ စန္ဒာကြယ်ဂိုဏ်း၏ ကောင်းကင်က လှုပ်ခတ်သွားပြီး မဟာဒိဋ္ဌိတာအိုနယ်မြေအသေးစားပင် သက်ရောက်ခံလိုက်ရသည်။
“ဒီမျက်နှာဖုံးကို သခင်က ကိုယ်တိုင်ဖန်တီးပေးထားတာ။ ပထမ မဖန်တီးခင်ကတည်းက ပြီးပြည့်စုံတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ အစကတည်းက အက်ကြောင်းတွေ အများကြီး ရှိခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ အပိုင်းအစ ၁၇ ခုပေါ့။ တစ်ခုချင်းစီမှာ သခင်မလေးရဲ့ နတ်ဘုရားဝိညာဉ်တစ်ခုစီ ပါတယ်။ အဲဒါကြောင့် သခင်မလေးရဲ့ နတ်ဘုရားဝိညာဉ်က အဲဒီအထဲမှာ အားဖြည့်နိုင်တာပဲ။
ဒီမျက်နှာဖုံး ပြီးမြောက်ပြီး အက်ကြောင်းတွေ မရှိတော့တဲ့နေ့ကျရင် သခင်မလေးရဲ့ နတ်ဘုရားဝိညာဉ်က အတူတကွ ပေါင်းစည်းသွားပြီးတော့ ပြန်လည်အသက်ပြန်ရှင်လာလိမ့်မယ်။ ဒါပေမဲ့ မျက်နှာဖုံးပြီးမြောက်ဖို့အတွက် နောက်ထပ် နည်းလမ်းတစ်ခု လိုအပ်တယ်။ အဲဒါရဲ့ အဓိကပါဝင်ပစ္စည်းက မသေမျိုးတစ်ယောက်ရဲ့ အရိုးပဲ။ ပြီးပြည့်စုံတဲ့ မသေမျိုးကပဲ မသေမျိုးအရိုးကို ဖန်တီးနိုင်မှာ။
အဲဒါကြောင့် မင်းကို ဖိတ်ကြားရတဲ့ ဒုတိယအကြောင်းအရင်းပဲ။ တာအိုရောင်းရင်း မင်းက မသေမျိုးရဲ့ အမွေအနှစ်ကို ရယူပြီးတော့ အစစ်အမှန်မသေမျိုး တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်တယ်”
“အဲဒီမတိုင်ခင် သခင်မလေးက ကျုပ် ဘေးမှာ နေနေလိမ့်မယ်။ မင်းရဲ့ အောင်မြင်မှုကို စောင့်ဆိုင်းရင်း ကျုပ်ဘက်က နတ်ဘုရားဆန္ဒနဲ့ မျက်နှာဖုံးရဲ့ ပေါင်းစည်းမှုကို ထိန်းသိမ်းထားရမယ်”
ဝမ်ပေါင်လဲ့က ထိုအရာကို ကြားသည့်အခါ သူ့မျက်ဝန်း၌ စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ဖြစ်လာသည်။ သူက အရူးတစ်ယောက် မဟုတ်ပေ။ အနှစ်ချုပ်အားဖြင့် သူသည် အတွေ့အကြုံများစွာ ကြုံတွေ့ခဲ့ရသည့်အတွက် ထက်မြက်သည့် စိတ်မျိုးကို ပိုင်ဆိုင်ထားသည်။ သူက ထိုအမျိုးသား၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို မှန်းဆနိုင်လိုက်သည်။
သူက ထိုအမျိုးသားသည် ဘာကိုဖုံးကွယ်ဖို့ ကြိုးစားနေမှန်း မသိသလို မေးလည်း မမေးလိုပေ။ သူက မျက်လွှာအောက်ချကာ စိတ်ရှုပ်ထွေးသည့် အရိပ်အမြွက်ကို ဖုံးကွယ်ထားလိုက်သည်။ စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးပင် သတိမထားမိလိုက်ပေ။
သူက ဆက်ပြောနေ၏။
“တတိယတစ်ခုကတော့ ဆုလာဘ်ပဲ” စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီးက စကားကိုမပြီးခင် ဝမ်ရီရီက ရုတ်တရက် ထပြောလိုက်သည်။
“ဦးလေးရွှီ သူ့ဆီကနေ ဖုံးကွယ်မထားနဲ့တော့”
စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက ဝမ်ရီရီကို ကြည့်လိုက်သည်။
“ကျွန်မ သူ့ဆီကနေ ဖုံးကွယ်မထားချင်ဘူး။ ဦးလေးရွှီ သူ့ကို အမှန်အတိုင်း ပြောလိုက်ပါ” ဝမ်ရီရီက ညင်သာစွာ ပြောလိုက်သည်။ အကယ်၍ သေချာနားထောင်ကြည့်ပါက သူမ၏ အသံ တုန်ယင်နေသည်ကို တွေ့ရလိမ့်မည်။ သူမက ပြောနေရင်းဖြင့် ဝမ်ပေါင်လဲ့ကို မကြည့်ရဲသလို ဖြစ်နေ၏။ သူမက ခေါင်းငုံ့ထားပြီး ဝမ်ပေါင်လဲ့နှင့် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကြားရှိ မျက်နှာဖုံးထဲ လျှောက်လှမ်းသွားသည်။ သူမက အနီး ရောက်သွားသည့်အခါ မျက်နှာဖုံးဖြင့် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားလေ၏။
သူမ၏ ကျောက အကြောက်တရားနှင့် အထီးကျန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမက မျက်နှာဖုံးဖြင့် ပေါင်းစည်းပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
သူမက နောက်ဖြစ်လာမည့်အရာကို ရင်မဆိုင်လိုဟန်ပေါ်သည်။
ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ မျက်နှာဖုံးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
“ဒီမျက်နှာဖုံးက အက်ကြောင်းတွေကို ကုစားဖို့ မသေမျိုးအရိုးတစ်ခုထဲနဲ့ မလုံလောက်တာများလား”
မျက်နှာဖုံးဆီမှ အဖြေရမလာပေ။ စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကလည်း တိတ်ဆိတ်နေ၏။ သူက မျက်နှာဖုံးကို ကြည့်ပြီးသည့်နောက် ဝမ်ပေါင်လဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“ငါတို့က မင်းရဲ့ ကံကြမ္မာကို လိုနေတာ”