← Chapters

အစွန်းရောက် အတိတ်၊ အစွန်းရောက် အနာဂတ်

Vol. 92 Ch. 1271

အစွန်းရောက် အတိတ်၊ အစွန်းရောက် အနာဂတ်

Vol. 92 Ch. 1271

စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက ထိုစကားများကို ပြောပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားလေ၏။ လေထုထဲ မျောလွင့်နေသည့် မျက်နှာဖုံးက အနည်းငယ် တုန်ယင်သွားခဲ့သည်။ ထိုမျက်နှာဖုံးထဲတွင် မမလေးက ထောင့်တစ်နေရာတွင် ထိုင်နေပြီး ဒူးပိုက်ထားကာ ခေါင်းငုံ့ထားလျက် ရှိသည်။ သူက သူမ၏ အမူအရာကို မမြင်နိုင်သော်လည်း သူမက တုန်ယင်နေသည်ကို မြင်တွေ့နိုင်သည်။

“ကံကြမ္မာလား” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ အမှောင်ကလေးငယ်အဖြစ် သူ့တာဝန် ဖြစ်စေ သို့မဟုတ် ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီး၏ ကံကြမ္မာအပေါ် နားလည်နိုင်စွမ်းကြောင့် ဖြစ်စေ သူက ကံကြမ္မာအပေါ် အစိမ်းသက်သက် မဟုတ်ပေ။

ကံကြမ္မာက လူတစ်ယောက်၏ အတိတ်ဖြစ်သလို အနာဂတ်လည်း ဖြစ်၏။ လူတစ်ယောက်၏ ဘဝကို မျဉ်းကြောင်းတစ်ခုအဖြစ် မြင်လျှင် ထိုမျဉ်းကြောင်းက ကံကြမ္မာ ဖြစ်ပေသည်။

သူ အမှောင်ကလေးငယ် ဖြစ်စဉ်အခါက တခြားသူများ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးခဲ့ဖူးသည်။ ထို့ကြောင့် သူက ထိုအရာကို ကောင်းကောင်း နားလည်ထား၏။ ကံကြမ္မာ ဆုံးရှုံးသွားသည့်သူများက ထိုကြိုး၏ အရှေ့စွန်းနှင့် အနောက်စွန်းကို ဆုံးရှုံးသွားပြီး နေရာတစ်ခုထဲသာ ကျန်ရှိလိမ့်မည်။

ဆုံးရှုံးသွားသည့် အရှေ့ပိုင်းက အတိတ်ကို ကိုယ်စားပြုပြီး အနောက်ပိုင်းက အနာဂတ်ကို ကိုယ်စားပြုသည်။

သူက လူတစ်ယောက်၏ ကံကြမ္မာကို ရယူလိုပါက ထိုသူ၏ ဘေးတွင် တစ်ချိန်လုံးနေကာ အရာအားလုံး ခံစားရမည်ဖြစ်ကြောင်း နားလည်ထားသည်။

“အဲဒါဆိုတော့ ဒီလိုကိုး” ဝမ်ပေါင်လဲ့က ပြောလိုက်သည်။ သူက အတိတ်ဘဝတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်လည်တွေးတောလိုက်၏။ ရုတ်ချည်းဆိုသလို သူက ပြုံးကာ စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကို ကြည့်လိုက်သည်။

“တခြားရှိသေးလား”

စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ခေါင်းယမ်းလိုက်သည်။

“ဒါပါပဲ”

“မင်းက သခင်ဆီကနေ ရပြီးလောက်ပြီလို့တော့ ထင်တယ်။ ဒါပေမဲ့ ငါ အခြေအနေတစ်ခုတော့ သဘောတူနိုင်တယ်”

“ခင်ဗျားက နတ်ဧကရာဇ်နဲ့ တိုက်ခိုက်နိုင်လား” ဝမ်ပေါင်လဲ့က စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကို တည်ငြိမ်စွာကြည့်ပြီး မေးလိုက်သည်။

“ငါ့နတ်ဘုရားအသိစိတ်က ပြန်လည်ဝင်စားသွားပြီ။ အဲဒါဆိုတော့ သခင်မလေးကိုပဲ ကာကွယ်ပေးနိုင်တယ်။ မတိုက်ခိုက်နိုင်တော့ဘူး”

စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက သက်ပြင်းချပြီး သူ့မျက်နှာအထက် အားနာသည့် အရိပ်အယောင် ပေါ်ထွက်လာသည်။

“ကောင်းပြီလေ။ အဲဒါဆိုရင် သတ္တုတာအို ဒါမှမဟုတ် မီးဓာတ်တာအိုအတွက် အဖိုးတန်ရတနာများ ရှိလား” ဝမ်ပေါင်လဲ့က စိတ်ထဲ မထားဘဲ မေးလိုက်၏။

“ရှိတယ်” စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက တစ်စုံတစ်ခုကို ရှာဖွေနေဟန်ပေါ်သည်။ ခဏအကြာတွင် သူက လေထုကို ဖမ်းဆုပ်လိုက်သည့်အခါ သူ့လက်ထဲ ငွေပြား ထွက်ပေါ်လာသည်။ ထိုငွေပြားက အင်မတန် သေးငယ်ပြီး သုံးပြားမျှသာ ဖြစ်၏။ ထိုအရာနှင့်ပတ်သက်ပြီး ထူးဆန်းနေဟန်မပေါ်သော်လည်း သေချာလေ့လာကြည့်ပါက ထိုအရာ၏ အားကောင်းသော အငွေ့အသက်ကို ခံစားမိလိမ့်မည်။

“ဒါက ပြင်ပကမ္ဘာက  ကျိုးမျိုးနွယ်ဆီကနေ ရလာတဲ့ ရတနာပဲ။ မင်းကို ပေးမယ်”

စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက သက်ပြင်းချလိုက်သည်။ သူက ဝမ်ပေါင်လဲ့သည် အမှန်တရားကို သိပြီးသည့်နောက်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ကြောင်း သိနေသည်။ သို့သော် သခင်မလေးက ဖုံးကွယ်မထားလိုပေ။

ဤသည်က သူ့အတွက် ကိစ္စများကို လုပ်ဆောင်ဖို့ ပိုမိုအခက်တွေ့စေ၏။ သူက အင်မတန် အားနာနေမိသည်။

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ငွေသုံးပြားက ဝမ်ပေါင်လဲ့ထံ ပျံသန်းသွား၏။ ဝမ်ပေါင်လဲ့က ထိုအရာကို ဖမ်းဆုပ်လိုက်ပြီး ကြည့်ပင်မကြည့်ဘဲ သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက ထရပ်ကာ စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကို ဦးညွှတ်လိုက်၏။

“လူကြီးမင်းက အရင်တုန်းက ရုပ်သေးရုပ်ကို ဉာဏ်အလင်းဖွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ လီဝမ်အာနဲ့ ကျိုးရီဖန်းကို လက်ခံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”

ဤသို့ပြောပြီး ဝမ်ပေါင်လဲ့က ထပ်မံ ဦးညွှတ်လိုက်သည်။ သူ ထရပ်လိုက်သည့်အခါ သူက လေထဲတွင် မျောလွင့်နေရင်း မျက်နှာဖုံးကို ကြည့်ပြီးသည့်နောက်တွင် အဝေးတစ်နေရာသို့ ထွက်ခွာသွားသည်။

“အတိတ်ဘဝတုန်းက ဘာလို့ ပေါ်ထွက်လာတာလဲဆိုတာလည်း သိပြီးပြီ။ ဒီဘဝမှာလည်း ဘာလို့ အမြဲတမ်း ရှိပေးနေရတဲ့ အကြောင်းအရင်းကိုလည်း သိပြီ။ ပြီးတော့ ကံကြမ္မာလို့ ခေါ်တဲ့အရာက ကြိုတင်ဆုံးဖြတ်ပေးထားတဲ့ လမ်းစဉ်ဆိုတာကိုလည်း သိခဲ့ပြီ။

ဒါတွေအားလုံးက ကံကြမ္မာလမ်းစဉ်ရဲ့ အစဆိုတာလည်း သိတယ်။ အခု အတိတ်ကံကြမ္မာက မင်းအပိုင် ဖြစ်သွားပြီ။

ဒါပေမဲ့ ငါ မင်းကို အပြစ်မတင်ဘူး။

ငါ သမင်ဖြူလေး ဘဝပြောင်းသွားတဲ့အချိန်မှာ ကူညီခဲ့တဲ့အတွက် ကျေးဇူးပါ။

ငါ အငြိုးကြီးကျင့်ကြံသူအဖြစ် ပြောင်းလဲသွားတုန်းကလည်း နှစ်သိမ့်ပေးခဲ့တာအတွက်လည်း ကျေးဇူးပါ။

ငါ နတ်ဆိုးဓားအဖြစ် ပြောင်းလဲသွားတုန်းကလည်း သွေးကို တိုက်ကျွေးခဲ့တဲ့အတွက် ကျေးဇူးပါ။

ငါ ဖုတ်ကောင်ဖြစ်သွားတုန်းက ငါ့ကို လိုက်ရှာပေးခဲ့တဲ့အတွက် ကျေးဇူးပါ။

ငါ့ဆရာ သေဆုံးသွားတဲ့အချိန် ငါ့ကို ထွေးပွေ့ပေးထားတဲ့အတွက်လည်း ကျေးဇူးပါ။

ဒီဘဝမှာ တစ်လျှောက်လုံး အဖော်ပြုပေးခဲ့တဲ့အတွက် ကျေးဇူးပါ …

အခု အတိတ်ကံကြမ္မာကို ယူပြီးပြီဆိုတော့ အနာဂတ် ကံကြမ္မာကိုလည်း ပေးမယ်။ ငါ့ဆီမှာ အတိတ်ရော အနာဂတ်ရော အခုကစပြီး မရှိတော့ဘူး။ ဒါပေမဲ့ … ဒါကလည်း ကောင်းပါတယ်လေ”

ဝမ်ပေါင်လဲ့၏ မျက်နှာအထက် အပြုံးတစ်ပွင့်က ပေါ်ထွက်လာသည်။ ခြေလှမ်းဆယ်လှမ်း လှမ်းပြီးသည့်နောက်တွင် သူက အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့၏။ သူ့ခန္ဓာကိုယ်မှ တာအိုအငွေ့အသက် ထွက်ပေါ်လာကာ တုန်လှုပ်ဖွယ်အငွေ့အသက်တစ်ခုအဖြစ် ပေါက်ထွက်လာသည်။

“အတိတ်က သေဆုံးခြင်း သဘောတရားပဲ”

ဝမ်ပေါင်လဲ့က ပြုံးကာ ရေရွတ်လိုက်သည်။ သူ့အရှိန်အဝါ ပေါက်ထွက်လာသည့်အခါ ကြယ်တာရာကောင်းကင်အထက် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားပြီး မြစ်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ မြစ်ကြောင်းက လှုပ်ခတ်လာပြီး အဆုံးသတ်မရှိ ထွက်ပေါ်လာသည်။ ထိုအရာက ကြယ်တာရာကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသလိုမျိုး ဖြစ်၏။ ထိုအရာ၏ အဆုံးသတ်က ဝမ်ပေါင်လဲ့နှင့် ဆက်နွယ်ထားသလို ဖြစ်နေသည်။ ထိုအရာ၏ အရင်းအမြစ်က ကျောက်ပြားကမ္ဘာအတွင်းရှိ ကမ္ဘာမှမဟုတ်ဘဲ ပြင်ပကမ္ဘာမှ ရောက်လာခြင်း ဖြစ်၏။

ထိုမြစ်ကြောင်းက စည်းမျဉ်းဥပဒေသ ပါဝင်နေသည်။ စည်းမျဉ်းဥပဒေသက အချိန်နှင့် သက်ဆိုင်နေသော်လည်း ကွဲပြား၏။ ထိုအရာထဲတွင် ဝမ်ပေါင်လဲ့၏ အတိတ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး ကိန်းအောင်းနေသည်။

ဒါက စည်းမျဉ်းဥပဒေသအသစ် …  ဒါက အချိန်လည်းမဟုတ်သလို သေဆုံးမှုလည်း မဟုတ်ဘူး။ သူ့တစ်ယောက်ထဲ အပိုင်ဖြစ်တဲ့ တာအိုပဲ…

ထိုတာအိုက ဝမ်ပေါင်လဲ့၏ အတိတ် ပါဝင်နေသည်။ အကယ်၍ အနာဂတ်မှ ကျင့်ကြံသူတစ်ယောက်က ကံကောင်းထောက်မပြီး ထိုတာအိုကို နားလည်သဘောပေါက်ခဲ့ပါက သူတို့၏ ကျင့်ကြံဆင့်သည် ဝမ်ပေါင်လဲ့၏ အတိတ်ပေါ် မည်မျှ လျှောက်လှမ်းလာပုံအပေါ် မူတည်၍ သိသိသာသာ တိုးတက်သွားနိုင်သည်။ အကြောင်းအရင်းကမူ ဤစည်းမျဉ်း၊ ဤတာအိုက ဝမ်ပေါင်လဲ့ ကိုယ်တိုင်ဖန်တီးထား၍ ဖြစ်၏။ ဤသည်က သူ့အတိတ် ဖြစ်ပေသည်။

ထိုအရာပေါ်ထွက်လာသည့် အခိုက်အတန့် တောင်စွန်းရှေ့တွင် ထိုင်နေသည့် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ပေါ်ထွက်လာကာ မော့ကြည့်လိုက်သည်။

“စည်းမျဉ်းဥပဒေသ အသစ်တစ်ခု မွေးဖွားလာတာလား။ တာအိုရဲ့ အမှန်တရာလား”

သူ တစ်ယောက်တည်းသာ တုံ့ပြန်ခြင်း မဟုတ်ဘဲ လော့၏ လက်နှင့် တိုက်ခိုက်နေသည့် သွေးနီရောင် လူငယ်လေးကလည်း အံ့အားသင့်သွားသည်။ သူက ကြယ်တာရာကောင်းကင်အထက် ပေါ်ထွက်လာသည့် မြစ်ကြောင်းကို ကြည့်လိုက်၏။

“ဒါက…”

သွေးနီရောင်လူငယ်လေး၏ စိတ်နှလုံးသားက တုန်ယင်နေသည်။ ကျောက်ပြားကမ္ဘာ၏ အပြင်ဘက်တွင် ကြယ်တာရာကောင်းကင်ထဲ သင်္ဘောပေါ်ထိုင်နေသည့် တစ်ကိုယ်တည်း ပုံရိပ်ကလည်း မော့ကြည့်လာသည်။ သူ၏ အပြောင်းအလဲ မရှိသည့် အမူအရာက အနည်းငယ် လှုပ်ခတ်သွားခဲ့၏။

သို့သော်လည်း ကိစ္စများက မပြီးဆုံးသေးပေ။ ဝမ်ပေါင်လဲ့က တစ်လှမ်းလှမ်းကာ စကားများကို ရေရွတ်လိုက်သည့်အချိန် သဘာဝစည်းမျဉ်း၏ နောက်ထပ် မြစ်ကြောင်းတစ်စင်းက သူ့ဆီ ထွက်ပေါ်လာလေသည်။

“အနာဂတ်ဆိုတာက ရှင်သန်မှု သဘောတရားပဲ”

ထိုပုံရိပ်ယောင် မြစ်ကြောင်းအသစ်က အချိန်နှင့် သက်ဆိုင်နေသော်လည်း ကွဲပြားပေသည်။ ထိုအရာ၏ လှိုင်းလုံးက အဆုံးအစမဲ့ပြီး အနာဂတ်ကို ဖော်ညွှန်း၏။ နောင်အနာဂတ်တွင် ဘာဖြစ်မလဲဆိုတာ ခန့်မှန်းဖို့ မဖြစ်နိုင်ပေ။ ထိုအရာ၏ အရင်းအမြစ်က ဝမ်ပေါင်လဲ့ ကိုယ်တိုင် ဖြစ်၏။ ထိုအရာ ပျံ့နှံ့သွားသည်နှင့် ဘယ်နေရာတွင် အဆုံးသတ်မည်ဖြစ်ကြောင်း မပြောနိုင်ပေ။

ဤသည်က သူ့တစ်ယောက်တည်းအပိုင် ဖြစ်သည့်တာအိုဖြစ်သလို သူ့အနာဂတ်လည်း ဖြစ်၏။

ပုံရိပ်ယောင်တစ်ခုက ကောင်းကင်အထက် ထွက်ပေါ်လာသည့်အချိန် တစ်ခုက ပြင်ပကမ္ဘာမှဖြစ်ပြီး ကျောက်ပြားကမ္ဘာထဲ ဝင်ရောက်လာကာ အဆုံးသတ်က ဝမ်ပေါင်လဲ့နှင့် ဆက်နွယ်ထားခဲ့သည်။ တခြားတစ်ခုကမူ ကျောက်ပြားကမ္ဘာထဲ ရောက်ရှိလာပြီး အဆုံးသတ်ကို မမြင်ရသော်လည်း အရင်းအမြစ်က ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်နှင့် ဆက်နွယ်နေသည်။

အဝေးမှ ကြည့်ပါက မြစ်ကြောင်းနှစ်ခုသည် ကျောက်ပြားကမ္ဘာကို ထိုးခွင်းကာ တစ်သားတည်းအဖြစ် ပေါင်းစည်းသွားဟန်ပေါ်သည်။ သူတို့ကို ပေါင်းစည်းသွားသည့်သူက ဝမ်ပေါင်လဲ့ကလွဲ၍ တခြားသူ မဟုတ်ပေ။

“ငါ အမှောင်တာအိုအပေါ် တာအိုဉာဏ်အလင်းပွင့်တုန်းက သက်ရှိတွေအားလုံး ပြန်လည်ဝင်စားပြီးတဲ့နောက်မှာ သူတို့ရဲ့ ကံကြမ္မာကို ရေးဆွဲပေးဖို့ လက်လျှော့ခဲ့ဖူးတယ်။ အဲဒီအစား သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်ပြီးတော့ လွတ်လပ်ခွင့်တာအိုကို လျှောက်လှမ်းစေခဲ့တယ်။ ဒါက ငါ့ရဲ့တာအိုနဲ့ တစ်သားတည်း ဖြစ်နေပြီ။

 ငါက အတိတ်နဲ့ အနာဂတ်မရှိဘဲ လွတ်လပ်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်။ ငါက လက်ရှိမှာပဲ နေထိုင်ချင်တယ်” ဝမ်ပေါင်လဲ့က လွတ်လပ်စွာပြုံးရင်း ပြောလိုက်သည်။ သူ လက်ဝှေ့လိုက်သည့်အခါ တတိယ ပုံရိပ်ယောင်မြစ်ကြောင်းတစ်စင်း ထွက်ပေါ်လာခဲ့သည်။

ထိုမြစ်ကြောင်းက သူကိုယ်တိုင် ဖြစ်၏။ သူက အရင်းအမြစ် ဖြစ်ကာ သူက အဆုံးသတ် ဖြစ်၏။ သူက လွတ်လပ်မှု ဖြစ်ပေသည်။

“လွတ်လပ်မှု” စန္ဒာကြယ်ဂိုဏ်းခေါင်းဆောင်ကြီးက ရေရွတ်လိုက်သည်။

“လွတ်လပ်မှု” သွေးနီရောင် လူငယ်လေးက အမူအရာပျက်ယွင်းစွာဖြင့် ရေရွတ်လိုက်သည်။

“လွတ်လပ်မှု” ကျောက်ပြားကမ္ဘာအပြင်တွင် ရှိနေသည့် ပုံရိပ်ကလည်း ရေရွတ်လိုက်၏။

“လွတ်လပ်မှု” မျက်နှာဖုံးထဲတွင် ဒူးကို ပွေ့ဖက်ကာ ထိုင်နေသည့် မမလေးကလည်း ခေါင်းကို မော့ကာ ရေရွတ်လိုက်သည်။ သူမ၏ မျက်ရည်များကြားတွင် အပြုံးတစ်ပွင့် ပေါ်ထွက်လာ၏။

“တာအို ဉာဏ်အလင်းပွင့်ခြင်း၊ တာအို ဖမ်းဆုပ်မိခြင်း … ဒီနှစ်ခုနဲ့ဆိုရင် လွတ်လပ်ပြီးတော့ အနှောင်အဖွဲ့ ကင်းသွားလိမ့်မယ်” ဝမ်ပေါင်လဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီးသည့်နောက်တွင် ကြယ်တာရာကောင်းကင်ထဲ လျှောက်လှမ်းသွားသည်။ သူ့ကျင့်ကြံဆင့်က စွမ်းအားအပြည့်ဖြင့် ပေါ်ထွက်လာပြီး  သူ့တာအိုနှလုံးသားက ကြည်လင်သွားလေသည်။

All Chapters