← Chapters

ဓာတ်ငါးပါး တာအိုအုတ်မြစ်

Vol. 92 Ch. 1274

ဓာတ်ငါးပါး တာအိုအုတ်မြစ်

Vol. 92 Ch. 1274

မဟာဒိဋ္ဌိနယ်မြေရှိ ကြယ်တာရာကောင်းကင်ကြီးကို ကြည့်ပါက ထိုနေရာတွင် ရှေးခေတ်အချိန်ကတည်းက တည်ရှိခဲ့သည့် ဥက္ကာပျံများစွာက ယခုအခါ ဆူဆူညံညံအသံများကြားတွင် အစီအရီ ဖြစ်လာသည်။

သူတို့နှင့် ယှဉ်လိုက်ပါက သူတို့ရှေ့တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က သေးနုပ်နေဟန်ပေါ်သည်။ သို့သော်လည်း သေချာအာရုံခံကြည့်ပါက ဝမ်ပေါင်လဲ့၏ ပုံရိပ်သည် သက်ရှိအားလုံး၏ သခင်တစ်ယောက်အလား အရာအားလုံးကို ဖိနှိပ်ထားလေသည်။ သူ့လက်တစ်ချက်အဝှေ့တွင် ဥက္ကာပျံများစွာက သူတို့၏ ကိုယ်ပိုင်နေရာဆီ ရောက်ရှိလာကြ၏။

သူ့အရှိန်အဝါက လွှမ်းမိုးမှုအားကောင်းပြီး လှိုင်းလုံးများကလည်း နယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။ ထိုအရာက သက်ရှိအားလုံး၏ စိတ်နှလုံးသားကို တုန်ယင်သွားစေ၏။ ကျင့်ကြံသူများစွာကလည်း အကြောက်တရားဖြင့် တုန်လှုပ်နေကြသည်။ တစ်ချိန်တည်းဆိုသလို ဥက္ကာပျံများစွာက စတင်လှုပ်ရှားလာပြီး သင်္ကေတအက္ခရာပုံစံအတိုင်း ဖြစ်လာသည်။

ထိုအက္ခရာက မီးဘောလုံးတစ်ခုနှင့် တူ၏။ အကယ်၍ မျက်စိဖြင့်ကြည့်လျှင် သို့မဟုတ် အာရုံဖြင့် ကြည့်ပါက မီးတောက်တစ်ခုသဖွယ် တွေ့ရလိမ့်မည်။ ထိုအရာက အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်စွမ်းရှိဟန်ပေါ်သည်။ ထိုအရာ၏ အငွေ့အသက်က အင်မတန်ကြီးကျယ်ခမ်းနားကာ တုန်လှုပ်ဖို့ကောင်းပြီး စကြဝဠာတစ်ခုလုံးကိုပင် လှုပ်ခတ်နိုင်စွမ်း ရှိသည်။

ထိုအရာ၏ အရွယ်အစားကလည်း အတော်လေး တုန်လှုပ်ဖို့ကောင်း၏။ ထိုအရာမှ ရှေးကျသည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေကာ ကြယ်တာရာကောင်းကင်ထဲ ပေါ်ထွက်လာသည်နှင့် ပတ်ဝန်းကျင်လေဟာနယ်တစ်ခုလုံးက အချိန်အပြောင်းအလဲကို ခံစားမိလိုက်ဟန်ပေါ်သည်။ သူ့ရှေ့တွင်ရပ်နေသည့် ဝမ်ပေါင်လဲ့ကပင် အချိန်မြစ်ကြောင်းထဲ ဝင်ရောက်သွားသလိုမျိုး ဝေဝါးသွား၏။

“ဒါက ဂိုဏ်းတူအစ်ကိုကြီး ငါ့အတွက် ချန်ထားခဲ့တဲ့ အရာလား” သူက မျက်လုံးဖွင့်မကြည့်သော်လည်း သူ့ရှေ့တွင်ရှိနေသည့် အက္ခရာမှ အရာအားလုံးကို အာရုံခံစားမိလိုက်သည်။ ခဏအကြာတွင် သူက သက်ပြင်းချလိုက်၏။

သူ့ရှေ့တွင်ရှိနေသည့် အက္ခရာက သူ့စိတ်ထဲတွင် ပေါ်ထွက်လာသည့်အရာနှင့် တစ်ပုံစံတည်း ဖြစ်၏။

ထိုအရာဖြစ်တည်လာသည်နှင့် မဟာဒိဋ္ဌိနယ်မြေသာမကဘဲ မဟာလက်ဝဲတာအိုနယ်မြေနှင့် အလယ်ပိုင်းတာအိုနယ်မြေတစ်ခုလုံးပင် လှုပ်ခတ်သွားလေသည်။ ကျောက်ပြားကမ္ဘာတစ်ခုလုံးက လှုပ်ခတ်လာပြီး သက်ရှိ၊ သက်မဲ့ နှစ်ခုလုံး တုန်လှုပ်သွားကြသည်။

ထိုအရာက ကျောက်ပြားကမ္ဘာကို ဖိနှိပ်ထားနိုင်သည့် စွမ်းအားတစ်ခု ဖြစ်၏။ ထိုအရာက အင်မတန် ရှေးကျကာ ဒီခေတ်ကာလမှ မဟုတ်ပေ။ ထိုအရာသည် လော့နှင့် ကူတို့ကို အမွေအနှစ်ကြောင့် တိုက်ပွဲဖြစ်ပွားစေခဲ့သည့် မသေမျိုးအမွေအနှစ်  ဖြစ်ပေသည်။

ထိုအရာက မီးဘောလုံးနှင့် တူညီသည်မှာ မသေမျိုးမီးတောက်ကို ကိုယ်စားပြု၍ ဖြစ်သည်။

ဝမ်ပေါင်လဲ့က ထိုအက္ခရာပေါ်မှ မသေမျိုးအငွေ့အသက် အားပြင်းပြင်းကို ခံစားမိလိုက်သည်။ ထိုအငွေ့အသက်က သူနှင့် အနည်းငယ် ဆင်တူနေ၏။ သူက ထိုအက္ခရာအပေါ်တွင် ဂိုဏ်းတူအစ်ကိုကြီး၏ ပုံရိပ်ကို မြင်လိုက်ရသည်။ သို့သော်လည်း အဆုံးသတ်၌ သူက သက်ပြင်းသာချလိုက်၏။

“ဒီမီးဓာတ်က ငါ့ရဲ့ ဓာတ်ငါးပါးအတွက် မီးဓာတ်မျိုးစေ့ပဲ” ဝမ်ပေါင်လဲ့က ပြောပြီးသည့်နောက်တွင် သူ့ရှေ့တွင်ရှိနေသည့် သင်္ကေတအက္ခရာများစွာ၏ အစီအရင်ကို ခံစားလိုက်သည်။ သူက ညာဖက်လက်ကိုမြှောက်ပြီး အသာဝှေ့ယမ်းလိုက်သည့်အခါ ကျောက်ပြားကမ္ဘာတစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။

ထိုလှုပ်ရှားမှုဖြင့် ကြီးကျယ်ခမ်းနားသည့် ဥက္ကာပျံသင်္ကေတအက္ခရာက တုန်ခါလာသည်။ ထိုဥက္ကာပျံပေါ်တွင် အက်ကြောင်းများစွာ ပေါ်ထွက်လာ၏။ ထိုအက်ကြောင်းများက ပိုမိုကြီးမားသည်ထက် ကြီးမားလာပြီး သင်္ကေတအက္ခရာတစ်ခုလုံးအနှံ့ ပြည့်နှက်သွားကာ အသံကျယ်ကြီးနှင့်အတူ ဥက္ကာပျံက ပြိုလဲသွားခဲ့သည်။

ထိုအရာ ပြိုလဲသွားသည်နှင့် ရွှေရောင်ကြိုးမျှင်များစွာ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာသည်။ ထိုအရာအားလုံးကို ဖော်ညွှန်းဖို့ အချိန်အတော်ကြာမြင့်သော်လည်း တကယ်တမ်းတွင် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်၏။ နောက်အခိုက်အတန့်လေး၌ ထိုရွှေရောင်ကြိုးမျှင် အားလုံးက စုဝေးလာကာ ဝမ်ပေါင်လဲ့၏ လက်ဝါးအရွယ်ရှိ ရွှေရောင်သင်္ကေတ အက္ခရာတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအရာက ရွှေရောင်ဖြစ်ပြီး လက်ဖွဲ့အဆောင်အက္ခရာက မီးတောက်လိုမျိုး ဖြစ်၏။

ကျောက်ပြားကမ္ဘာက ပိုမိုပြင်းထန်စွာ တုန်ယင်လာသည်။ ရွှေရောင်လက်ဖွဲ့ဆောင် မီးတောက်က ဝမ်ပေါင်လဲ့နှင့် ပေါင်းစပ်ဖို့ ကြိုးစားနေသည့်အလား အတင်းလှုပ်ရှားလာသည်။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့၏ မသေမျိုးစည်းချက်များက အလိုအလျောက် ထွက်ပေါ်လာပြီး လက်ဖွဲ့အဆောင်နှင့် တစ်သားတည်းဖြစ်သွားလေသည်။ ထိုအခိုက်အတန့်၌ နှစ်ဦးသားက ပေါင်းစည်းဖို့ရာ စိတ်လောနေဟန်ပေါ်သည်။

သူ့လက်ထဲ ရွှေရောင်မီးတောက်ကို ခံစားရင်း ဝမ်ပေါင်လဲ့က ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ သူက ညာဖက်လက်ကို ပြန်ရုတ်သိမ်းကာ မသေမျိုးမီးတောက် အဆောင်အက္ခရာကို ဆုပ်ကိုင်လိုက်သည်။

သူ ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်နှင့် ထိတွေ့သွားသည်နှင့် ထိုမသေမျိုး မီးတောက်လက်ဖွဲ့အဆောင်က ဝမ်ပေါင်လဲ့၏ လက်ဝါးနှင့် ပေါင်းစည်းကာ ခန္ဓာကိုယ်တွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ စိတ်ထဲ ပုံရိပ်လေးခု ထွက်ပေါ်လာသည်။ ပထမပုံရိပ်က အလင်းတန်းများက အံ့မခန်းအလျင်ဖြင့် လှုပ်ရှားနေသည့် မြင်ကွင်းတစ်ခု ဖြစ်၏။ ထိုအလင်းတန်းနောက်ကွယ်တွင် မိုးမြေကို ထိုးခွင်းနိုင်သည့် ဧရာမလူသားကြီး ရှိနေဟန်ပေါ်သည်။ သူက အမူအရာကင်းမဲ့လျက် ထိုအလင်းတန်းနောက်ကို လိုက်ဖမ်းနေဟန်ပေါ်သည်။

မကြာခင် တိုက်ပွဲကွင်းပြင်က ထိုအလင်းတန်းရှေ့ ထွက်ပေါ်လာ၏။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ အလင်းတန်းက အရှိန်မြှ့င်တင်ကာ တိုက်ပွဲကွင်းပြင်အတွင်း ဝင်ရောက်သွားခဲ့သည်။ ထိုအခိုက်အတန့်၌ တိုက်ပွဲကွင်းပြင်က အလင်းတန်းဖြင့် လွှမ်းခြုံသွားပြီး နှစ်ပိုင်းကွဲထွက်သွား၏။

တစ်ခုက ယခင်ကဲ့သို့ တောက်ပနေသော်လည်း နောက်တစ်ခုကမူ မှေးမှိန်သွားကာ အာရုံခံမိဖို့ ခက်ခဲလှသည်။ ထိုအရာက တည်နေရာနှစ်ခု ပြောင်းလဲသွားပြီး တစ်ဖက်စီ ထွက်ခွာသွား၏။

ပထမပုံရိပ်က ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဒုတိယပုံရိပ် ပေါ်ထွက်လာသည်။

ပုံရိပ်ထဲတွင် မှေးမှိန်ကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် အလင်းတန်းက ကြယ်တာရာကောင်းကင်ထဲ တိတ်ဆိတ်နေလျက် ရှိ၏။ တစ်ရက်ကျ ကျောက်ပြားကမ္ဘာထဲ သက်ရှိများ စတင်ပေါ်ထွက်လာကာ အလင်းတန်းက သက်ရှိခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့သည်။ ထိုအရာက ပြန်လည်ဝင်စားသွားသလိုမျိုး ဖြစ်၏။

အလင်းတန်းက သံသရာစက်ဝန်းများစွာကို ဖြတ်ကျော်ပြီး လူသား၊ အပင်နှင့် မကောင်းဆိုးဝါးအစရှိသည့် အချိန်များစွာကို ဖြတ်သန်းလာပြီးသည့်နောက်တွင် ဒုတိယပုံရိပ်၏ အဆုံးသတ်က သေမျိုးရွာတစ်ရွာတွင် မွေးဖွားလာသည့် ကလေးတစ်ယောက်၏ ပုံရိပ် ဖြစ်၏။

ထိုကလေး၏ နာမည်က ချန်ရှင်း ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့က ထိုအရာကို မြင်သည့်အခါ စိတ်ထဲ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်လာသည်။ သူက သက်ပြင်းချပြီးသည့်နောက်တွင် တတိယပုံရိပ်ကို ကြည့်လိုက်သည်။ ထိုပုံရိပ်က အမှောင်ဂိုဏ်းတွင် ဖြစ်၏။ သူက သူ့ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းသည် တင်ပျဉ်ခွေလျက် ကျင့်ကြံနေသည်ကို မြင်လိုက်ရသည်။ တစ်ရက်ကျ သူ့မျက်ဝန်းရှိ အလင်းတန်းက ရုတ်ချည်းပြောင်းလဲသွား၏။ အလင်းတန်းက မှေးမှိန်ကျသွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။

နောက်ဆုံးမြင်ကွင်းကမူ အချိန်အတော်ကြာမြင့်ခဲ့သည်။ ချန်ရှင်းက ဝမ်ပေါင်လဲ့ ရှိနေခဲ့သည့် နေရာတွင် ရပ်နေခဲ့ပြီး ပြန့်ကျဲနေသည့် ဥက္ကာပျံများကို ကျောပေးလျက်ရှိနေသည်။

စတုတ္ထမြင်ကွင်းကလည်း အဆုံးသတ်သွားခဲ့သည်။

ထိုမြင်ကွင်းတွင် စကားများ မရှိသော်လည်း ဝမ်ပေါင်လဲ့က အားလုံးကို နားလည်လိုက်သည်။ အလင်းတန်းနှင့် ဧရာမလူသားကြီးက ကူနှင့် လော့တို့ကို ကိုယ်စားပြု၏။

ကူက အဆုံးမဲ့တာအိုနယ်မြေထဲ ထွက်ပြေးလာစဉ် လော့က ဤနေရာကို ပိတ်ဆို့ခဲ့သည်။ သို့သော်လည်း ထိုသူအနေနှင့် ကူသည် ဤနေရာသို့ ထွက်ပြေးလာပြီးသည့်နောက်တွင် အလင်းနှင့်အမှောင်ဖြင့် နှစ်ပိုင်း ခွဲထုတ်လိုက်သည်ကို သတိမထားမိခဲ့ပေ။

အလင်းတန်းက ပုံပြောသူအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူက ဝမ်ပေါင်လဲ့နှင့် တွေ့ဆုံခဲ့သည်။

ထိုအရာမှတဆင့် သူက အမွေအနှစ်ကို လက်ခံရရှိလိုက်ခြင်း ဖြစ်၏။

အမှောင်အမွေအနှစ်ကမူ သံသရာစက်ဝန်းများစွာကို ဖြတ်ကျော်ခဲ့ပြီး ချန်ရှင်း၏ ဘဝ၌ ပြန်လည်နိုးထလာခဲ့သည်။ ထိုအရာက ချန်ရှင်းသည် အမှောင်ဂိုဏ်းကို သစ္စာဖောက်ရသည့် အကြောင်းအရင်းလည်း ဖြစ်၏။ အမှောင်ဂိုဏ်း၏ တာဝန်က မသေမျိုးများအား ထွက်သွားခြင်းကို တားဆီးဖို့ ဖြစ်၏။ သို့သော်လည်း သူ့ဆရာ၏ လက်ထက်တွင် သူ့ဆရာက သက်ရှိအားလုံးကို ထွက်သွားခြင်းမှ တားဆီးဖို့အဖြစ် ပြောင်းလဲခဲ့သည်။ အဓိကရည်ရွယ်ချက်က တမင်ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အဆုံးမဲ့မျိုးနွယ်အပေါ်  ပစ်မှတ်ထားထားခြင်း ဖြစ်၏။

“ဆရာက တပည့်နှစ်ယောက်လုံးကိုပဲ လက်ခံခဲ့တယ်။ နှစ်ယောက်လုံးက မသေမျိုးရဲ့ အမွေအနှစ်ကို ရရှိထားတဲ့သူတွေ။” ဝမ်ပေါင်လဲ့က တိုးတိုးလေး ပြောလိုက်သည်။ သူ့စိတ်ထဲတွင်မူ အရာများစွာကို နားလည်လိုက်၏။ ဆရာက အများဆုံး သိထားသည့်သူ ဖြစ်နေနိုင်သည်။ ဆရာက အမှောင်ဂိုဏ်း၏ တာအိုကို ချိုးဖောက်လိုခဲ့ခြင်း ဖြစ်လောက်သည်။

“အဆုံးသတ်မှာ ဆရာက ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဆန္ဒကို ဖြည့်စည်းပေးခဲ့တယ်။ ပြီးတော့ အဆုံးသတ်မှာ ဂိုဏ်းတူအစ်ကိုကြီးက ငါ့ကိုယ်စားထွက်သွားဖို့ ရွေးချယ်ခဲ့ပြီးတော့ စမ်းသပ်ချက်ကို လက်ခံခဲ့တယ်။ ငါ့ရဲ့ ဆန္ဒကို ဖြည့်စည်းနိုင်ခဲ့တာပဲ”

ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ သူက အရာအားလုံးကို နားလည်လိုက်၏။ သူ နားမလည်သေးသည့်အရာများ ရှိနေလျှင်ပင် အရေးမကြီးတော့ပေ။ ပို၍အရေးကြီးသည်က ထွက်သွားဖို့ ရွေးချယ်ရဦးမည်သာ ဖြစ်သည်။

ကျောက်ပြားကမ္ဘာအတွက်၊ သူ့ဆရာအတွက်၊ သူ့ဂိုဏ်းတူအစ်ကိုကြီးအတွက်၊ မမလေးအတွက်၊ အရာအားလုံးအတွက်နှင့် သူကိုယ်တိုင်အတွက်…

 “တိုက်ပွဲက စတော့မယ်” မျက်လုံးပိတ်လျက်ရှိနေသည့် ဝမ်ပေါင်လဲ့က ရုတ်ချည်းဆိုသလို သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ခက်ထန်သည့် အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူက ညာဖက်လက်ကို မြှောက်လိုက်သည့်အချိန် သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည့် မသေမျိုးလက်ဖွဲ့အဆောင်က လက်ချောင်းကြားတွင် တောက်ပလာပြီး အလင်းတန်းက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

မီးဓာတ်တာအိုမျိုးစေ့က စတင်ဖွဲ့စည်းနေပြီ ဖြစ်၏။

ထိုအရာ ပုံပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ စွမ်းအားက ပေါက်ထွက်လာလိမ့်မည်။ အကြောင်းအရင်းက အစွန်းရောက်တာအို၈ပါး၏ ဓာတ်ငါးပါးတာအိုက ဤတာအိုနည်းစနစ်ကို ဖန်တီးခဲ့သည့် လူအရေအတွက်ကို ကျော်လွန်သွားပြီ ဖြစ်၏။

သူ့သတ္တုတာအိုက ပြင်ပကမ္ဘာမှ စံပြပုဂ္ဂိုလ်များ၏ ပစ္စည်းဖြစ်ကာ စံပြများ၏ ယုံကြည်မှုကို သယ်ဆောင်လိုက်သည်။

သူ့ရေဓာတ်တာအိုကမူ မျက်ရည်စက် ဖြစ်ပြီး ချစ်ခြင်းမေတ္တာကို သယ်ဆောင်ထားသည်။ ထိုအရာက ခေတ်ကာလများစွာ ကျော်ဖြတ်လာပြီး အရင်းအမြစ်က ဆန်းကြယ်ကာ ရှာတွေ့ဖို့ပင် ခက်ခဲလာသည်။

သူ့မြေဓာတ်တာအိုကမူ ကျောက်ပြားကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။ သေချာသည့် အနေအထားအရ လော့၏ တစ်စိတ်တစ်ပိုင်းဟု ဆိုရပေမည်။

သူ့မီးဓာတ်တာအိုက ယခုအခိုက်အတန့်တွင် ဖွဲ့စည်းလာပြီ ဖြစ်၏။ ထိုအရာသည် မသေမျိုး၏ အမွေအနှစ်ဖြစ်သည့်အတွက် ကမ္ဘာတုန်လှုပ်လောက်ဖွယ် အားကြီးလှသည်။ သူ့သစ်သားတာအိုက ပြောဖို့ပင် မလိုတော့ပေ။ ဤသည်က တာအိုအားလုံး၏ နံပါတ်တစ် တာအိုဟု ခေါ်ဆိုနိုင်သလို သူ့ဘဝ၏ တာအိုဟုလည်း ပြောရမည်။ ဝမ်ပေါင်လဲ့က သူ့စိတ်ထဲ၌ မှန်းဆမိထားပြီးသား ဖြစ်၏။ သူ့ တကယ့်သွင်ပြင်က ပြင်ပကမ္ဘာရှိ အဆုံးမဲ့ဓာတ်ငါးပါး၏ သစ်သားဇစ်မြစ် ဖြစ်နေနိုင်သည်။

ထိုသို့သော တာအိုအုတ်မြစ်က တကယ်ကို မကြုံစဖူး ဖြစ်၏။

All Chapters