ဓာတ်ငါးပါး ပြီးပြည့်စုံတော့မယ်
Vol. 92 Ch. 1276
ရောက်လာတော့မှာလား…
မျက်လုံး၊ နားရွက်နှင့် နှာခေါင်းကို ပိတ်ဆို့ထားသည့် ဝမ်ပေါင်လဲ့က ခေါင်းမော့ကြည့်လိုက်သည်။ သူ့အာရုံခံစားနှုန်းက ကျောက်ပြားကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းထား၏။ သွေးချီသည် ကြယ်တာရာကောင်းကင်ကို ထိုးခွင်းလာပြီး အံ့မခန်းအလျင်ဖြင့် ဖြတ်သန်းလာနေကြောင်း ခံစားမိလိုက်သည်။
သူ့အမြင်အာရုံထဲ သွေးချီမှ ဧရာမကင်းခြေများတစ်ကောင် ဖြစ်ပေါ်လာပြီး ထိုအရာက ခက်ထန်ကြမ်းတမ်းပြီး ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။ ထိုအရာက လေဟာနယ်ကို ထိုးခွင်းလျက် အရာအားလုံးကို ဖျက်ဆီးလာသည်။
ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီး၊ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးတို့က မူမမှန်မှုကို အာရုံခံမိလိုက်ကြသည်။
သူတို့သုံးယောက်က သွေးချီကို ခံစားမိသည်နှင့် သူတို့၏ အမူအရာက ပြောင်းလဲသွား၏။ ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားကာ သူတို့၏ သီးသန့်ကျင့်ကြံရာ နေရာမှ ပျောက်ကွယ်သွားကြသည်။
ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ မီးဓာတ်တာအိုမျိုးစေ့က ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်။ အပြည့်အဝ ပုံမပေါ်ခင် အချိန်တစ်ခုမျှသာ လိုအပ်တော့၏။ သူ့ဒွာရခုနစ်ပေါက်တွင် တစ်ခုသာ ကျန်ရှိတော့သော်လည်း ကန့်သတ်ချက်သို့ ရောက်ရှိနေကြောင်း ခံစားမိလိုက်သည်။
ထိုအရာကို အပြီးတိုင် ပိတ်ဆို့ထားလျှင်ပင် သူက ကျင့်ကြံဆင့် မြင့်တက်လာမှုကို ဖိနှိပ်ထားနိုင်တော့မည် မဟုတ်ပေ။ ကျောက်ပြားကမ္ဘာ တောင့်ခံနိုင်သည့် ကန့်သတ်ချက်က ကျိုးပျက်တော့မည် ဖြစ်၏။
သို့သော်လည်း ဝမ်ပေါင်လဲ့၏ အမူအရာက များများစားစား ပြောင်းလဲမှုမရှိပေ။ သူက မီးဓာတ်တာအိုမျိုးစေ့ကို ဖွဲ့စည်းဖို့ အဆင်သင့်မဖြစ်ခင် ကြိုတင်ပြင်ဆင်ထားသည်။ သူက သူ့ကျင့်ကြံဆင့်တိုးတက်နှုန်းကို မရပ်တန့်နိုင်ပေ။ ထိုအစား သူက မီးဓာတ်တာအိုမျိုးစေ့ကို ဖွဲ့စည်းနေရင်း သူ့ကျင့်ကြံဆင့်က သိသိသာသာ တိုးမြှင့်လာ၏။
သိပ်မကြာခင် သူ့အရှိန်အဝါက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးအထိ လွှမ်းခြုံထားခဲ့သည်။ မဟာလက်ဝဲတာအိုနယ်မြေမှ ကျောက်ပြားကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်အချိန် ကျောက်ပြားကမ္ဘာတစ်ခုလုံးက သူ့အရှိန်အဝါ၏ နယ်ပယ်အတွင်းရှိသည်ဟု ဆိုရပေမည်။
ဝမ်ပေါင်လဲ့၏ အရှိန်အဝါ ပျံ့လွင့်လာသည်နှင့် မီးဓာတ်တာအိုကို ကျင့်ကြံကြသည့် သက်ရှိများနှင့် ကျင့်ကြံသူများက နှလုံးခုန်မြန်လာကြသည်။ အကြောင်းအရင်းကမူ သူတို့ကျင့်ကြံသည့် တာအို၏ ဇစ်မြစ်က ပေါ်ထွက်လာ၍ ဖြစ်သည်။
ထိုစဉ် ကြယ်တာရာကောင်းကင်က လှုပ်ခတ်သွားကာ ကျောက်ပြားကမ္ဘာတစ်ခုလုံးက တုန်ခါလာသည်။ ဝမ်ပေါင်လဲ့ရှေ့တွင် ရှိနေသည့် မီးဓာတ်တာအိုမျိုးစေ့က ၈၀ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာပြီး ပြီးမြောက်ဖို့ရာ ဆယ်ရာခိုင်နှုန်းမျှသာ လိုအပ်တော့သည်။
သူ့ကျင့်ကြံဆင့်က ထပ်မံ ပေါက်ထွက်လာ၏။ လေဟာနယ်တွင်လည်း အက်ကြောင်းများစွာ ပေါ်ထွက်လာသည်။ ဤတစ်ကြိမ် အက်ကြောင်းများက ကျောက်ပြားကမ္ဘာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး သက်ရှိအားလုံးက ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။
အဆုံးသတ်တော့မည့် ခံစားချက်က ကြယ်တာရာကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့၏။ ကျောက်ပြားကမ္ဘာက ပြိုလဲလုနီးပါး ဖြစ်နေသည်။ ထိုအရေးကြီးသည့်အခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ညာဖက်လက်ကို မြှောက်ကာ သူ့မျက်ခုံးကြား လက်ညှိုးထိုးလိုက်သည်။
ထိုလက်ချောင်းဖြင့် သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်အပေါ် အရိပ်များစွာ ထွက်ပေါ်လာသည်။ သူက သူတို့ကို ခါထုတ်လိုက်သည့်အခါ ထပ်နေသည့် ပုံရိပ်များက အဖက်ဖက်သို့ လျှောက်လှမ်းသွားကြ၏။
အရိပ်များက ဆယ်ခု ရှိလေသည်။ ထိုသူများက ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများ ဖြစ်၏။
ချန်ရှင်းဆီမှ ရရှိသည့် နတ်ဘုရားစွမ်းရည်က ဝမ်ပေါင်လဲ့အတွက် အကူအညီကြီးကြီးမားမား ဖြစ်ခဲ့သည်။ ယခု အရေးကြီးသည့် အခိုက်အတန့်၌ အရေးပါသည့် ကဏ္ဍမှ ပါဝင်ကူညီပေးနေ၏။
ကျင့်ကြံဆင့်ကို မျှဝေခြင်း ဖြစ်သည်။
နောက်အခိုက်အတန့်လေး၌ သူ့ဓမ္မကိုယ်ပွားက ထွက်လာသည့်အချိန် ဝမ်ပေါင်လဲ့၏ နဂိုခန္ဓာကိုယ်အတွင်း မဖိနှိပ်နိုင်တော့သည့် ကျင့်ကြံဆင့် တစ်စိတ်တစ်ပိုင်းက ထိုဓမ္မကိုယ်ပွားဆယ်ယောက်ဖြင့် ပေါင်းစည်းသွားကာ ဓမ္မကိုယ်ပွားရှိ ကျင့်ကြံဆင့်များကို ပေါက်ထွက်လာစေသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း သူတို့က အံ့မခန်း အနေအထားတစ်ခုအထိ ရောက်ရှိသွားခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ထိုမြင်ကွင်းကို မြင်တွေ့ပါက သူသည် အတော်လေး တုန်လှုပ်သွားကြလိမ့်မည်။ ထိုအခိုက်အတန့်၌ ဓမ္မကိုယ်ပွားဆယ်ယောက်သည် ကြောက်ခမန်းလိလိဟု ဆိုနိုင်သည့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြ၏။
ဓမ္မကိုယ်ပွားဆယ်ယောက်လုံးကလည်း အတူတူသာဖြစ်၏။ သူတို့က ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့် တစ်စိတ်တစ်ပိုင်းကို ရရှိထားကြသည်။ ဝမ်ပေါင်လဲ့၏ တကယ့်တိုက်ခိုက်စွမ်းရည်က တုန်လှုပ်လုဖွယ်အနေအထားသို့ ရောက်ရှိနေပြီဖြစ်၏။
ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ပင်မခန္ဓာကိုယ် ကျင့်ကြံဆင့်ကို ပိုင်းခြားပြီး သူ့ဒွာရ၆ပေါက်ကို ပိတ်ဆို့ထားခဲ့သည့်အတွက် သူ့ခန္ဓာကိုယ်ကို တောင့်မခံနိုင်တော့သည့် ကျောက်ပြားကမ္ဘာရှိ လှိုင်းတွန့်များက အနည်းငယ် အားပျော့သွားခဲ့သည်။ ကျောက်ပြားကမ္ဘာရှိ အက်ကြောင်းများက အနည်းငယ် ပြန်လည်ကောင်းမွန်လာ၏။
ကျောက်ပြားကမ္ဘာသည် ပူဖောင်းတစ်ခုလို ဖြစ်နေခဲ့သည်။ ထိုအရာကို ပေါက်ကွဲထွက်သွားစေသည်က အထဲတွင်ရှိနေသည့် ချီပမာဏကြောင့်သာ မဟုတ်ဘဲ အကျိုးအမြတ်ကြောင့်သာ ဖြစ်၏။ နမူနာအနေဖြင့် ဝမ်ရီရီ၏ အဖေနှင့် ဝမ်ပေါင်လဲ့တို့က ထက်ရှသည့် ဓားများသဖွယ် ဖြစ်နေသည်။ သူတို့၏ အင်အားက ပူဖောင်း၏ အရွယ်အစားကို ကျော်လွန်သွားသည့်အတွက် သူတို့သာ ပေါ်ထွက်လာသည်နှင့် ထိုအရာကို သေချာပေါက် ပေါက်ကွဲထွက်သွားစေလိမ့်မည်။ သို့သော်လည်း ဓားရှည်ကို အပိုင်းငယ်များအဖြစ် ခွဲလိုက်ပြီး အရွယ်အစားကို လျှော့ချနိုင်သည်။ ထို့ကြောင့် ဓားအရေအတွက် များပြားလာလျှင် ကျောက်ပြားကမ္ဘာက တောင့်ခံထားနိုင်လိမ့်မည်။
သို့သော်လည်း ကျောက်ပြားကမ္ဘာ တောင့်ခံနိုင်သည့် အရေအတွက်က ကန့်သတ်ချက် ရှိသည်။ အပြင်လူများနှင့် နေထိုင်သူများကြားမှ ကွာဟချက် ရှိ၏။ ဝမ်ရီရီ၏ ဖခင်သည် ကျောက်ပြားကမ္ဘာသို့ မဝင်ရောက်နိုင်သည့် အကြောင်းပြချက်လည်း ဖြစ်ပေသည်။ ဓား၏စွမ်းအားက သက်ရှိ၏ အဆင့် ဖြစ်၏။ ထိုအရာက လုံးဝကွဲပြားနေသည်။ ကိုယ်ပွားကပင် ကျောက်ပြားကမ္ဘာ တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ပေ။
ဝမ်ပေါင်လဲ့၏ ဓမ္မခန္ဓာကိုယ် ထွက်ပေါ်လာသည်နှင့် ကျောက်ပြားကမ္ဘာနှင့် လေဟာနယ်ကြားမှ အတားအဆီးကို ချိုးဖောက်ကာ ရရှိလာသည့် နတ်ဧကရာဇ်နတ်ဘုရားအသိစိတ်ဖြင့် ဖွဲ့စည်းထားသည့် နတ်ဧကရာဇ်၏ ကိုယ်ပွားဖြစ်သော သွေးနီရောင်လူငယ်လေးကလည်း ကျောက်ပြားကမ္ဘာအတွင်း ရောက်ရှိလာသည်။ သူ ရောက်ရှိလာသည်နှင့် ကျောက်ပြားကမ္ဘာက ပုံပျက်ယွင်းသွား၏။ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ပထမဦးဆုံး ပေါ်ထွက်လာခဲ့သည်။ သူ့အမူအရာက အတော်လေး လေးနက်လှသည်။ သူက ညာဖက်လက်ကို မြှောက်လိုက်၏။ ဤတစ်ကြိမ် ချက်ချင်းဆိုသလို ဧရာမဆူးချွန်တုတ်ကြီး ပေါ်ထွက်လာပြီး အသံကျယ်ကြီးနှင့်အတူ သွေးနီရောင်လူငယ်လေးဆီ ကျရောက်လာသည်။
သွေးနီရောင် ဆူးချွန်တုတ်က ယခင်နှင့်ကွဲပြားနေ၏။ ယခင်ကထက် အဆများစွာ ဘေးတွင်ရှိနေသည့် ကြယ်စင်အရေအတွက်က သေးငယ်သွားသည့်အတွက် စွမ်းအားက ထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအရာ ကျရောက်လာသည့်အခါ ကြယ်တာရာကောင်းကင်က အပြင်းအထန် တုန်လှုပ်သွား၏။
တစ်ချိန်တည်းဆိုသလို ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးကလည်း လေထုထဲမှ ထွက်ပေါ်လာသည်။ သူ့မျက်ဝန်းက ဆုံးဖြတ်ချက် ပြတ်သားမှုဖြင့် တောက်ပနေ၏။ သူက လက်ဖြင့် စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် ကံကြမ္မာစည်းမျဉ်း လှည့်ပတ်နေ၏။ သူ့ရှေ့တွင် တောက်လောင်နေသည့် အမွှေးတိုင်တစ်ခု ပေါ်ထွက်လာပြီး ထိုအရာက လင်းလက်လာပြီး အခိုးအငွေ့များစွာ ထွက်ပေါ်လာကာ လူငယ်လေးဆီ စီးဝင်သွားသည်။
မီးခိုးက အဆုံးမဲ့ကံကြမ္မာ ပါဝင်နေပြီး ဖြတ်တောက်နိုင်သလို ဖိနှိပ်ထားနိုင်ပြီး စည်းပိတ်မှုလည်း လုပ်နိုင်သည်။
ထိုအရာအားလုံးက ဖော်ညွှန်းလျှင် အချိန်ကြာမြင့်သည်ဟု ထင်ရသော်လည်း တကယ်တမ်း မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြ စ်၏။ မျက်စိတစ်မှိတ်အတွင်း သုံးယောက်သားက အတူတကွ စုစည်းသွားကြသည်။
“ထွက်သွားစမ်း” သွေးနီရောင်လူငယ်လေးက ဒေါသတကြီး ဖြစ်နေသည်။ သူက ကျောက်ပြားကမ္ဘာအတွင်း ရောက်ရှိလာပြီးသည့်နောက်တွင် သူ့အာရုံခံစားမှုက ပိုမိုအားကောင်းလာ၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် လှိုင်းတွန့်စည်းချက်များက အမှောင်ထုအတွင်း မီးတောက်သဖွယ် ဖြစ်နေသည်။ ထိုအရာက တုန်လှုပ်ဖို့ကောင်းသလို သူ့အား မကျော်လွှားနိုင်သည့် အန္တရာယ်မျိုးကို ပေးစွမ်းသည်။
ထိုအန္တရာယ်က ချန်ရှင်းထက်ပင် ပိုမိုကြီးမားနေ၏။
ထို့ကြောင့် သူက တုံ့ဆိုင်းနေခြင်း မရှိဘဲ လက်ကိုဝှေ့ကာ ဝှက်ဖဲကို ထုတ်ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးနီရောင်မုန်တိုင်းသဖွယ် ပြောင်းလဲလိုက်ပြီး အဖက်ဖက်သို့ ပျံ့လွင့်သွားသည်။ ဆူးချွန်တုတ်က ကြေမွသွားပြီး ချီစီးဆင်းမှုကလည်း ပြိုကွဲသွား၏။ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းခေါင်းဆောင်ကြီးနှင့် ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးတို့က သွေးအန်လိုက်ရသည်။ သူတို့က သွေးနီရောင်လူငယ်လေး၏ အစစ်အမှန်သွင်ပြင်ရှေ့တွင် မတားဆီးနိုင်ကြပေ။ သို့သော်လည်း ထိုအရာက အပြီးတိုင် အသုံးမဝင်ခြင်းတော့ မဟုတ်ပေ။ ထိုသူနှစ်ဦးက နောက်ဆုတ်လိုက်သည်နှင့် စူးရှသည့် ဓားအလင်းရောင် ပေါ်ထွက်လာသည်။ ထိုအရာက ကောင်းကင်တွင် အလင်းပေးထားသလိုမျိုး ဖြစ်နေ၏။
ထိုဓားချက် ပျံ့လွင့်လာသည့်အခါ သွေးနီရောင်လူငယ်လေးက နောက်ဆုတ်လိုက်ရသည်။ သို့သော်လည်း သူက အပြီးတိုင် မရှောင်ရှားလိုက်နိုင်ပဲ ခန္ဓာကိုယ်တစ်ဝက် ဖြတ်တောက်ခံလိုက်ရ၏။ သို့သော်လည်း ဓားအလင်းရောင် ပြိုကွဲသွားဖို့ သိပ်မကြာလိုက်ပေ။ ထို့နောက် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီး၏ အမူအရာက အလေးအနက် ဖြစ်လာ၏။
“ဒီဓားက အတော်လေး ရင်းနှီးနေတဲ့ပုံပဲ” သွေးနီရောင်လူငယ်လေးက စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကို ကြည့်ကာ သူ့အကြည့်များက ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။
“ဒါပေမဲ့ မလုံလောက်သေးဘူး” သူက ပြောလိုက်ရင်းဖြင့် သွေးနီရောင်လူငယ်လေး၏ ခန္ဓာကိုယ်က ပြိုကွဲသွားသည်။ သူ့အော်သံက အားလုံး၏ စိတ်ထဲ ပဲ့တင်ထပ်လာပြီး သူတို့ရှေ့တွင် သွေးနီရောင် ကင်းခြေများတစ်ကောင်ပေါ်ထွက်လာသည်။
ကြယ်တာရာကောင်းကင်က လှုပ်ခတ်လာကာ စကြဝဠာတစ်ခုလုံးပင် တုန်လှုပ်နေသည်။ မီးဓာတ်တာအိုမျိုးစေ့ကို ဖွဲ့စည်းနေသည့် ဝမ်ပေါင်လဲ့က ၉၀ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာပြီဖြစ်၏။ တာအိုမျိုးစေ့က ဆက်လက်ပျံ့နှံ့နေစဉ် မဟာဒိဋ္ဌိနယ်မြေဖြစ်စေ၊ မဟာလက်ဝဲတာအိုနယ်မြေ ဖြစ်စေ၊ အလယ်ပိုင်းတာအိုနယ်မြေဖြစ်စေ၊ အဖက်ဖက်ရှိ အက်ကြောင်းများက စတင်ပျံ့နှံ့လာသည်။
သူ့ကျင့်ကြံဆင့်က အလျင်အမြန် တိုးတက်နေ၏။ သူ့အရှိန်အဝါကလည်း အံ့မခန်းဖြစ်သည်။
သူက ကိုယ်ပွားဆယ်ယောက်အဖြစ် ခွဲခြားထားပြီး သူတို့က မူလခန္ဓာကိုယ်ဝန်းကျင်တွင် ရှိနေသည်။ ကြယ်စင်များက လမင်းကို ဝန်းရံထားသကဲ့သို့ ဖြစ်ကာ သူ့အရှိန်အဝါက တောက်ပလွန်းနေ၏။
မီးဓာတ်မျိုးစေ့ကလည်း အရှိန်က တိုးမြင့်လာသည်။ ၉၁ ရာခိုင်နှုန်း … ၉၃ ရာခိုင်နှုန်း … ၉၅ရာခိုင်နှုန်းကနေ ၉၉ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့၏။