← Chapters

အရှုံးပေးခြင်း

Vol. 008 Ch. 770

အရှုံးပေးခြင်း

Vol. 008 Ch. 770

ကျိရှမ်းကမ်းပါး၏ ဧည့်ကြည့်နေရာမှ ခွန်ယိုနှင့် ကျန်လူများအားလုံးက မျက်နှာများ တင်းမာ ခက်ထန်နေကြသည်။ သူတို့က ခန့်မှန်းမိပြီး ဖြစ်သော်လည်း ယူချင်းက ယွမ်ချန်းကို စိန်ခေါ်သောအခါ အကြီးအကျယ် ဒေါသထွက်ကြရ၏။

ယွမ်ချန်းနှင့် ခွန်ချိန်တို့ကား သည်တစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံ၌ ပြိုင်ပွဲဝင်သော ကျိရှမ်းကမ်းပါး တပည့်များတွင် အတော်ဆုံး နှစ်ယောက်ဖြစ်သည်။ သို့သော်လည်း ယွန်ချန်းက အတော်ဆုံးဖြစ်သည်ကို ခွန်ယိုနှင့်အချို့သော ပုဂ္ဂိုလ်ကြီးများက သိကြပေသည်။ သူက ကျိရှမ်းကမ်းပါး သားတော်ကိုးပါးထဲမှ တစ်ပါးဖြစ်သော ကျန်းရှာနေရာတွင် ယွမ်ချန်းဖြင့် အစားထိုးရန် စီစဉ်ထားပြီးဖြစ်သည်။

အကယ်၍​ ယူချင်းကသာ သည်တိုက်ပွဲတွင် ယွန်ချန်းအား အနိုင်ယူခဲ့ပါက သည်တစ်ခေါက် ပြည်နယ်ကိုးခုညီလာခံ၌ ကျိရှမ်းကမ်ပါးကား အဆုံးသတ်လေပြီ။

ယွမ်ချန်းက ယူချင်းကို သေချာပေါက် အနိုင်ယူမည်ဟု သူတို့ကိုယ်သူတို့ အားတင်း ယုံကြည်ကြသည်။ အကယ်၍​ ယူချင်း၏ သည်မတိုင်ခင် တိုက်ပွဲများကို မမြင်ခဲ့ရပါက သည့်ထက် ယုံကြည်မှု ရှိမည်ဖြစ်သော်လည်း ယန်ကျန်းက ခွန်ချိန်ကို အနိုင်ယူခဲ့သည့် တိုက်ပွဲက သူတို့၏ယုံကြည်မှုကို ပျက်ပြားစေခဲ့သည်။

ယွမ်ချန်းကိုယ်တိုင်မူကား ရှေ့ကို တည်ငြိမ်စွာ တက်လာကာ ယူချင်းကို ကြည့်သည်။ ယူချင်းကား ပြည်နယ်ကိုးခု ညီလာခံ၏ ပထမတိုက်ပွဲကတည်းက သူ့အား အမှတ်ထင်ထင် ရှိစေခဲ့သူဖြစ်သည်။ နောက်ပိုင်း မြေရိုင်းပြည်နယ်က တိုက်ပွဲများတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ရာ အတော်များများက ယူချင်းအား မေ့လျော့သွားခဲ့ကြသည်။ သို့သော်လည်း သူ၏အရှိန်အဝါ ကြီးမြင့်သော တိုက်ခိုက်ဟန်အား မည်သို့မေ့လျော့၍​ရမည်နည်း။

ယူချင်းက သိပ်မတွေးပေ။ သူ၏အတွေးများကလည်း အမှန်တကယ်ပင် ရိုးရှင်းပေသည်။ ရီဖူရှင်းက ကျိရှမ်းကမ်းပါးကို ပြိုင်ပွဲမှ ဖယ်ထုတ်လိုပါက သူ့အတွက် လုပ်ရမည်ကား ကျိရှမ်းကမ်းပါး၏ အတော်ဆုံးတပည့်ကို စိန်ခေါ်ခြင်းပင်။ သူလုပ်နိုင်မည်လား ဟူသော မေးခွန်းကိုကား အတွေးထဲပင် မထည့်ပေ။

“စရအောင်…” ယွမ်ချန်းက ယူချင်းကို ကြည့်ကာ ပြောသည်။

“မင်း စတိုက်ပါ…” ယူချင်းက သိပ်မပြောပေ။ သူ၏ပြိုင်ဘက်က ကျိရှမ်းကမ်းပါးမှ ဖြစ်နေမှတော့ သူကလည်း ယဉ်ကျေးပျူငှာနေစရာ မလိုပေ။

ယွမ်ချန်း၏ မျက်လုံးများက ရုတ်တရက် မှိုင်းညို့သွားကာ မျက်လုံးအိမ်ထဲ၌ ခရမ်းရောင်လျှပ်စီးများ လက်သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးများ ကောင်းကင်တွင် ဖြစ်ပေါ်လာကာ တင်းကျပ်တုန်ယင်သော ခံစားချက်ကို ပေးသည်။

နက်ရွှေရောင် အလင်းများ ဖြာထွက်လာရင်းဖြင့် ယူချင်းက ရှေ့ကို စိုက်ကြည့်သည်။ ခရမ်းရောင်လျှပ်စီးများ ယွမ်ချန်းကို ရစ်ပတ်သွားကာ လေထဲကို တဖြည်းဖြည်း မြောက်တက်လာပြီး မဆုံးနိုင်သော လျှပ်စီးအသိများ သူ့မျက်လုံးများမှ ထွက်ပေါ်လာနေသည်။ အချိန်တိုအတွင်း၌ပင် ထိုနေရာက လျှပ်စီး သီးသန့်နယ်အဖြစ် ပြောင်းလဲသွား၏။

ကြောက်မက်ဖွယ် အလင်းတန်းများက ယူချင်း၏ မျက်လုံးများကို တိုးဝင်လာသည်။ ယူချင်းက မျက်လုံးကို မမှိတ်ဘဲ အလင်းတန်းများအား သူ၏စိတ်နယ်ပယ်ထဲကို ဝင်ခွင့်ပြုလိုက်သည်။ သို့သော်လည်း ယူချင်း၏ စိတ်နယ်ပယ်ထဲတွင် ယွမ်ချန်းက မိစ္ဆာရုပ်တုကြီး တစ်ခုအား မြင်ရသည်။

“ဒါ ဘာလဲ…” ယွန်ချန်းက မျက်မှောင်ကြုတ် လိုက်ကာ ရေရွတ်သည်။ ယူချင်းက ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်သူ မဟုတ်ပေဘူးလား။ သူ၏စိတ်စွမ်းအားက ထွင်းဖောက်မရသော မိစ္ဆာရုပ်တု တစ်ခုအဖြစ် အဘယ်ကြောင့် ပြောင်းလဲနေရသနည်း။

တစ်ချိန်တည်းမှာပင် ယွမ်ချန်း၏ ခန္ဓာကိုယ်ထံမှ လျှပ်စီး အလင်းတန်းများက ယူချင်း၏ခန္ဓာကိုယ်ကို လာရောက် ရစ်ပတ်ကြသည်။ တဝုန်းဝုန်းမြည်သံများ ကြားကာ သူ၏ခန္ဓာကိုယ်ကို တုပ်နှောင်ထားစေသည်။ ယူချင်းက ခေါင်းငုံ့ကာ သူ့အား ရစ်ပတ်ထားသော လျှပ်စီးတန်းများအား ကြည့်သည်။ လျှပ်စီးများက သူ့ကို တုပ်နှောင်ထားသော်လည်း တိုက်ခိုက်အားက ဘာမှ မရှိပေ။

သို့သော်လည်း ထိုအခိုက်တွင် ယွမ်ချန်း၏ မျက်လုံးထဲ၌ အေးစက်သော အလင်းတစ်ချက် လင်းလက်သွားသည်။ လျှပ်စီးတန်းများအပြင် ပတ်ဝန်းကျင်မှ အဆုံးအစမဲ့သော စွမ်းအားများက ယူချင်းထံကို တိုးဝင်သွားကြသည်။ လျှပ်စီးတန်းများက သူ၏ခန္ဓာကိုယ်ကို စီးဆင်းစေကာ ပုံရိပ်များစွာကို ဖြစ်ပေါ်စေ၏။

“မင်းက သေချင်တာပဲ…” ယွမ်ချန်း၏အမူအရာက ရက်စက် ကြမ်းတမ်းသွားကာ ကြိမ်းဝါးသည်။ တဖြည်းဖြည်း ယူချင်း၏ခန္ဓာကိုယ်မှ လျှပ်စီးတန်းများကား လျှပ်စီးသားရဲ ခွေသတ္တဝါဆန်း အဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ယွန်ချန်း၏ ခန္ဓာကိုယ်နောက်တွင် သားရဲပုံရိပ်ခွေ သတ္တဝါဆန်း ပေါ်လာ၏။

သည်ယူချင်းကား တဇောက်ကန်းသည်ဟု ပွဲကြည့်နေသည်များက ထင်မှတ်ကြသည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ခွေသတ္တဝါဆန်းက စတင်၍ ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအားကိုပေးသည်။

“သေစမ်း…” ယွန်ချန်း၏ မျက်လုံးများထံမှ​ လူသတ်လိုသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ ယူချင်းက မည်မျှ အားကောင်းပါစေ သူကား ရန်သူကို လျှော့တွက်သည့်အတွက် ရှုံးနိမ့်ရပေမည်။

သူ၏အသံ ထွက်ပေါ်လာသည်နှင့်အတူ ခွေသတ္တဝါဆန်းက ကျယ်လောင်စွာ မာန်သွင်း အော်ဟစ်လိုက်သည်။ အော်သံက လျှပ်စီးများ တဖျတ်ဖျတ် လင်းသွားစေပြီး ထိုနေရာ၌ ကြောက်မက်ဖွယ် ဖျက်ဆီးအားက စတင်ပေါက်ကွဲ ထွက်လာသည်။ ပတ်ဝန်းကျင်မှ လူများပင် သူတို့၏နားစည်များ တုန်ယင်ကာ စိတ်ဝိညာဉ်က ယိုယွင်းလာသလို ခံစားရ၏။ အချို့ကား မျက်လုံးများကိုပင် မှိတ်ကာ တောင့်ခံကြရသည်။

ဖျက်ဆီးနိုင်စွမ်းသော လျှပ်စီးများက ယူချင်းကို ရစ်ပတ်ထားကြသည်။ ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ် အလယ်တွင် သူ၏စိတ်နှင့်ကိုယ်တို့ နှစ်ခုလုံးက ပျက်စီး ပြိုလဲသွားတော့မည်ဟု ယူချင်းက ခံစားရသည်။ ယူချင်းက မျက်လုံးကို မှိတ်လိုက်သည်တွင် သူ၏စိတ်နယ်ပယ်ထဲမှ မိစ္ဆာရုပ်တုကလည်း ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် လှုပ်ယမ်း နေသည်ကို မြင်ရသည်။

အားလုံးသော စွမ်းအားများ စတင် ပေါက်ကွဲလာသည်တွင် အရာအားလုံးကို ဖျက်ဆီးရန် ကြိုးစားတော့သည်။

သို့သော်လည်း ထိုဖျက်ဆီးအားများ ထွက်ပေါ်လာသည်တွင် ယူချင်း၏ခန္ဓာကိုယ်ကို ဖြာထွက်နေသော နက်ရွှေရောင် အလင်းများက လေပွေမုန်တိုင်းအသွင် အဖြစ်သို့ ပြောင်းလဲသွားသည်။ လူအများအပြားက ယူချင်း၏ခန္ဓာကိုယ်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်ကြသည်။

“ဘာဖြစ်နေတာလဲ…” လူအုပ်က လေပွေထဲတွင် အထိအခိုက်မရှိဘဲ တည်ငြိမ်စွာ ရပ်နေသော လူသန်ကြီးအား ဝေဝေဝါးဝါး မြင်ကြရသည်။ ပေါက်ကွဲထွက်လာသော ဖျက်ဆီးအားကား သူ၏ခန္ဓာကိုယ်ထဲကို စီးဝင်နေပြီး အမှန်ပင် ယူချင်းအား ပိုမိုအားကောင်းစေသည်။ မကြာမီ လျှပ်စီးများအားလုံးက ယူချင်း၏ခန္ဓာကိုယ်ထဲကို တိုးဝင် ပျောက်ကွယ်သွားကြပြီး ယူချင်း၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမိုအားကောင်း လာတော့သည်။

သူက ထိုအရာများကို ဝါးမျိုလိုက်သည်လား။ မရေမတွက်နိုင်သော အကြည့်များက အေးခဲသွားကြသည်။ သည်အရာက ဝါးမျိုခြင်း လောကဓာတ်လား...။ ယူချင်းက ခွန်အားကိုသာ အားပြုသည် မဟုတ်ဘဲ သူက ဝါးမျိုခြင်း လောကဓာတ်ကိုလည်း နားလည်ထားသည်။

ဤမတိုင်မီက လို့ဟွားနန်းတော်မှ တစ်ယောက်လည်း အလွန်ရှားပါး​သော သည်လောကဓာတ်အား ထုတ်ပြခဲ့သည်။ ယခု ယူချင်းကလည်း သည်လောကဓာတ်ကို အသုံးပြုခဲ့ကာ သူ အသုံးပြုပုံကလည်း ပိုမို၍ ရင့်သီးလှကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တိုက်ရိုက်ဝါးမျိုခဲ့၏။ သူကား သူ၏ခန္ဓာကိုယ်ကိုပင် ဝါးမျိုခြင်း လောကဓာတ်ဖြင့် ပေါင်းစပ်ထားနိုင်သည်။ သူ့တွင် ပြိုင်ဘက်ကင်း ရုပ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ယခု ဝါးမျိုခြင်း လောကဓာတ်ဖြင့် ဆိုပါက သူ့အား မည်သူက ယှဉ်နိုင်တော့မည်နည်း။

ယွမ်ချန်း၏ လောကဓာတ်က ဝါးမျိုခံရပြီးသည်တွင်ပင် ယူချင်းကရှေ့ကို တက်လာရာ ကမ္ဘာမြေပြင်က တုန်ယင်လာပြန်၏။

ယူချင်းက သူ့ထံကို လျှောက်လာသည်ကို မြင်လျှင် ကျိရှမ်းကမ်းပါး၏ အတော်ဆုံး တပည့်ဖြစ်သော ယွမ်ချန်းကား အလွန်အမင်း စိတ်ချောက်ချားမှုကို ခံစားရသည်။ သူ၏တိုက်ခိုက်မှုက ရုပ်ခန္ဓာကိုယ်ကိုသာ မဟုတ်ဘဲ စိတ်နယ်ပယ်ကိုလည်း ဦးတည်ခဲ့သည်ကို သူအသိဆုံးပင်။ သို့သော်လည်း ထိုအရာများ အားလုံးက ဘာမှ အသုံးမဝင်ပေ။

သူ့တွင် အားနည်းချက် မရှိပေ။

ဘုန်း… ဘုန်း… ယူချင်း၏ခန္ဓာကိုယ်က ပိုမိုမြန်ဆန်လာကာ သူက လေထဲကို ခုန်တက်သွားပြီး ခန္ဓာကိုယ်ကလည်း ခွန်အားများ အဆမတန် မြင့်တက်လာခဲ့သည်။ နတ်ဆိုးအလား သဏ္ဌာန်ကို မြင်သည်တွင် ယွမ်ချန်းက စိတ်ပျက် အားလျော့ရသည်။ ရလဒ်က မည်သို့ ဖြစ်မည်နည်း။ ကျန်းယိုကဲ့သို့ မသန်စွမ်း ဖြစ်သွားမည်လား။

ယွမ်ချန်းကား လက်သီးကို တင်းတင်းဆုပ်ကာ စိတ်က ဒွန်ဟဖြစ်ရသည်။ အနိုင်ရလဒ်က မဖြစ်နိုင်တော့သည်ကို သူသိသည်။ မေးခွန်းကား သူက မည်သို့သော နည်းလမ်းဖြင့် ရှုံးနိမ့်မည်နည်း။

သူက သည်အတိုင်း တိုက်ခိုက်ရင်းဖြင့် အရှုံးခံလိုက်ရမည်လား… သို့မဟုတ် မတိုက်ခိုက်ဘဲ အရှုံးပေးလိုက်ရမည်လား...။ သူက တိုက်ပွဲကို ဆက်တိုက်ခြင်း၏ ရလဒ်ကို ခံနိုင်ရည် ရှိပါ့မလား။

ယူချင်းကား ပိုမို၍​ နီးကပ်လာသည်။

ယွမ်ချန်းက သက်မမောတစ်ချက် ချလိုက်ကာ ပြောသည်… “ကျုပ် အရှုံးပေးတယ်…”

သူ့ထံကို တိုးဝင်လာသော လက်သီးက လေထဲတွင်ပင် ရပ်တန့်သွားသည်။ ယူချင်းက လေထဲတွင်ပင် ရပ်လိုက်ကာ ယွမ်ချန်းအား အေးစက်စွာ ကြည့်ပြီး ကျိရှမ်းကမ်းပါး ဘက်ကို ကြည့်သည်။ သူက ပျက်ယွင်းနေသော မျက်နှာများအား လျစ်လျူရှုလိုက်ပြီး မြေရိုင်း ပြည်နယ်ဘက်သို့ ပြန်သွားလိုက်သည်။

သူ့အား ကြည့်ကာ လူအများက ယူချင်း၏စွမ်းရည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ရိပ်မိလိုက်ကြသည်။ ယူချင်း၏ စွမ်းရည်ကား အကောင်းဆုံးများထဲ၌ ပါဝင်ပေသည်။

ကျိရှမ်းကမ်းပါး၏ အတော်ဆုံးတပည့် ယွမ်ချန်းကား ယူချင်း၏ တိုက်ခိုက်မှုကိုပင် မခုခံရဲဘဲ​အရှုံးပေးခဲ့သည်။

ကျိရှမ်းကမ်းပါး အတွက်မူကား သည်အရာက အရှက်ကွဲခြင်းနှင့် ထူးမခြားနားပေ။

ထိုမျှသာ မဟုတ်ဘဲ ယွမ်ရှင်း ရှုံးနိမ့်ခြင်းက ဘာကို ဆိုလိုသနည်း။

ဆိုလိုသည်က ကျိရှမ်းကမ်းပါးကား ပြည်နယ်ကိုးခု ညီလာခံတွင် အဆုံးသတ်ပြီဟူ၏။ ထို့အပြင် သူတို့၏ကျန်ရစ်သော လူများအား မြေရိုင်းပြည်နယ်မှ လူများက ဆက်လက်၍ ပစ်မှတ်ထား တိုက်ခိုက်ကြပေဦးမည်။

***

All Chapters