မီးပေါ်တွင် ပျံသန်းနေသောသူ
Vol. 49 Ch. 677
ပါ့တောက်နှင့် ကျန်သည့်သူများက ဆယ့်ငါးကီလိုမီတာအကွာတွင် ရှိနေသေး၏။ သူတို့က အမြန်ဆုံးအရှိန်ဖြင့် သူ့နောက်ကို လိုက်ခဲ့လျှင် ကျန်းရီကို မီနိုင်သေး၏။ သို့သော် မိုးကြိုးတောင်ကြားထဲ၌ မိုးကြိုးမီးများ များပြားလွန်းလေရာ မိုးကြိုးမီးလုံးတစ်လုံးက ကျန်းရီနောက်တွင် ရှိနေလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။ ထို့ကြောင့်ပါ့တောက်နှင့် အဖွဲ့မှူးလုံး နှစ်ယောက်လုံးက ရှေ့တက်မသွားကြပေ။ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် အံ့ဩရိပ်များ တွေ့လိုက်ရ၏။ ဒီကောင်က အပေးအယူ လုပ်မယ်လို့ ပြောလိုက်တာလား။ သူတို့က အခုဆို ရန်သူတော်ကြီးတွေ ဖြစ်နေပြီကို ဘာကိုများ ညှိနှိုင်းစရာ ရှိသေးလို့လဲ။ သူက မြို့ထဲ ဝင်ချင်တာလား။ ဒါပေမဲ့ သူ့မှာက ဘာကိုများ ကုပ်တွယ်ထားနိုင်စရာ ရှိလို့လဲ။
အဖွဲ့မှူးလုံ၏ မှေးကျဉ်းသော မျက်ဝန်းများက အေးစက်စက် အလင်းဖြင့် ဖြတ်ခနဲ တောက်လာလေ၏။ သူက ရုတ်တရက် အသံကူးပြောင်းကာ ပြောလိုက်တော့သည်။
“ပါ့တောက် မင်းအရင်သွားလိုက် သူ့နားကပ်ပြီ ဆိုတာနဲ့ ချက်ချင်း အမိမြေဟိန်းသံကို ထုတ်သုံးလိုက် အဲဒါက ငါ့ကို ထိထိမထိထိ ကိစ္စမရှိဘူး ငါတို့ သူ့ကို ဆွဲထားဖို့ လိုတယ်”
“ဟုတ်ပြီ”
ပါ့တောက်၏ ကြွက်သားများက တုန်ယင်နေပြီး သူက မခံမရပ်နိုင်အောင် ဒေါသထွက်နေလေ၏။ အမိမြေဟိန်းသံကို ထုတ်ဖော်လိုက်သည်နှင့် သူတို့နားရှိ လေဟာနယ်က တုန်လှုပ်သွားပေလိမ့်မည်။ ကျန်းရီက ဘယ်တော့မှ ထွက်ပြေးနိုင်တော့မှာ မဟုတ်။ ထို့နောက် ထိုလူများအားလုံးက သူ့ဆီတစ်ဟုန်ထိုး ဝင်သွားခဲ့လျှင် သူ အသက်ရှင်နိုင်အုံးမည်လော။ ကျန်းရီသည် မည်သို့ အပေးအယူမျိုး လုပ်ချင်နေမှန်းမသိ။ ပါ့တောက်က ထိုအကြံကို စွန့်ပစ်လိုက်၏။ ကျန်းရီကို သတ်ဖြတ်ခြင်းထက် မည်သည့်အရာက ပိုအရေးကြီးသနည်း။
“ဟေ့ကောင် ငါလာလို့ ရတယ် ဒါပေမဲ့ မင်း လှည့်ကွက်သုံးရဲရင် မင်းကို စုတ်ဖြဲပစ်မယ်”
သူ့အရှိန်အဝါက ရုတ်တရက် တက်လာလေ၏။ လေပြင်းနှယ် ရုတ်တရက် ပြောင်းလဲသွားသည်။ သူက မနှေးလွန်းမမြန်လွန်း ကောင်းကင်စိတ်အာရုံဖြင့် ကျန်းရီကို မှတ်သားထားသည်။ ခန္ဓာကိုယ်သန်မာသည့်သူများက ဦးနှောက်က အားနည်းလေ့ ရှိကြသည် ဟူ၍ လူအများက ပြောကြသည်။ ပါ့တောက်က ကြမ်းတမ်းသည့်လူ၏ သွင်ပြင်မျိုး ရှိသည်။ သို့သော်ငြား သူက အပေါ်ယံတွင် မြင်ရသကဲ့သို့ ဦးနှောက်မဲ့သည့်လူတစ်ယောက် ဖြစ်နေခဲ့လျှင် ယခုအချိန်တွင် မည်သို့ အသက်ရှင်ပြီး မြို့ထဲ၌ အဖွဲ့မှူးအဆင့်များထဲမှ တစ်ယောက် ဖြစ်လာမည်နည်း။
ဆယ့်ငါးကီလိုမီတာ၊ တစ်ဆယ် ကီလိုမီတာ၊ ငါးကီလိုမီတာ..
ကျန်းရီက ထူးဆန်းသည့် အပြုအမူများ မပြပေ။ သူ၏ တင့်တယ်သည့် အနီရောင်သံချပ်ကာကတောင် ပေါ်မလာပေ။ သူက မည်သည့်အရှိန်အဝါကိုမှ မထုတ်ပြခဲ့ချေ။ သူက အမှန်တကယ် အပေးအယူ လုပ်ချင်နေတာနှင့် တူ၏။
“ပါ့တောက် နောက်ထပ် ငါးကီလိုမီတာ ဆက်သွားလိုက် အဖွဲ့မှူးလုံနဲ့ အခြားလူတွေကို ပြောထား သူတို့ မူမမှန်တာ တစ်ခုခု လုပ်ရဲရင် အခုချက်ချင်းပဲ မိုးကြိုးတောင်ကြားထဲ ပြန်လိုက်မယ်”
ထိုစဉ် ကျန်းရီက လှုပ်ရှားပြီး မိုးကြိုးတောင်တန်းဆီ ပျံသန်းသွား၏။ သူက အလွန်နှေးကွေးနေပြီး စိတ်ရင်းမှန်ဖြင့် ပေါ်လာလေ၏။ ပါ့တောက်၏ မျက်လုံးက ဖြတ်ခနဲ လှုပ်သွားလျက် ဤအကွာအဝေးကနေ အမိမြေဟိန်းသံကို ထုတ်ဖော်ခဲ့လျှင် အာနိသင်က အနည်းငယ် အားလျော့လောက်၏။ ယင်းက ကျန်းရီကို သတိပေးသလိုသာ ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူက အံကြိတ်ထားလျက် လှည့်ပြီး အော်လိုက်သည်။
“ငါ မိုးကြိုးတောင်ကြားထဲကို နောက်ထပ် ငါးကီလိုမီတာ သွားမယ် မင်းတို့တွေ စောင့်နေ”
အဖွဲ့မှူးလုံ၏ မှေးကျဉ်းသော မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ ငါးကီလိုမီတာက မကွာဝေးပေ။ သို့သော် နေရာက တောင်တန်းများ ဖြစ်နေလေ၏။ သူတို့ ကောင်းကင်စိတ်အာရုံကို အဆင်အခြင်မဲ့စွာ မဖြန့်ကျက်ရဲပေ။ တောင်တန်းများအတွင်း မိုးကြိုးမီး ရှိနေမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။
သူက အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲ။ အောင်မြင်မှုက သိပ်ကို နီးကပ်နေပြီဖြစ်သည်။ သူက ပါ့တောက်ကို အသံပို့ပြီးသာ ပြောလိုက်၏။
“ငါးကီလိုမီတာပဲ... ထပ်မသွားနဲ့ တတ်နိုင်သမျှ မြန်မြန် တိုက်ခိုက် မင်းတိုက်ခိုက်ပြီ ဆိုတာနဲ့ ငါတို့ ချက်ချင်း လာခဲ့မယ်”
ပါ့တောက်က သူ သတိတရားကို ထိန်းထားလျက် မိုးကြိုးတောင်ကြားအတွင်းရှိ ကျန်းရီဆီသို့ ဖြည်းဖြည်းချင်း သွားလိုက်သည်။ ကျန်းရီက မြေပြင်နှင့် အလွန်နီးကပ်သည့်နေရာတွင် နေနေလေရာ လူအုပ်ကြီး၏ အမြင်ကနေ သူ ပျောက်ကွယ်သွားတော့၏။ သူတို့က တစ်ခဏအတွင်း ငါးကီလိုမီတာ ခရီးကို ဖြတ်ကျော်ခဲ့သည်။ ကျန်းရီက ရုတ်တရက် ဆင်းချလာပြီးနောက် ချောက်ကမ်းပါးအတွင်းရှိ ဧရာမကျောက်တုံးပေါ် ဆင်းသက်လိုက်၏။ သူက ချဉ်းကပ်လာသော ပါ့တောက်ကို တိတ်တဆိတ် ကြည့်နေသည်။
ပါ့တောက်က သူ့မျက်နှာထက်တွင် မည်သည့်အမူအရာကိုမှမပြ သို့သော် သူ့ရင်ထဲတွင်မူ ပျော်ရွှင်မှုများ ဖြစ်ပေါ်နေလေ၏။ ဤမျှအကွာအဝေး ထိန်းထားလေရာ သူက ကျန်းရီနှင့် နှစ်ကီလိုမီတာသာ ကွာတော့သည့် အချိန်၌ ရုတ်တရက် အရှိန်ထိန်းပြီး ကျန်းရီဆီသို့ အလင်းစီးကြောင်းပမာ တစ်ဟုန်ထိုး တိုးဝင်လိုက်၏။ သူက အဝါရောင်အတွင်းအားကိုလည်း တိတ်တဆိတ် ထုတ်ဖော်ထားပြီး အမိမြေဟိန်းသံကို ထုတ်ဖော်ရန် ပြင်ဆင်နေလေ၏။
“ဟား ဟား..”
ကျန်းရီက မလှုပ်ရှားသေးပေ။ သို့သော် နှုတ်ခမ်းထောင့်မှ လှောင်ပြုံးပေါ်လာလေ၏။
“ပါ့တောက် နဂါးညှိုးရော်မြက်ပင် မလိုချင်ဘူး ဆိုရင် ငါ့ကို တိုက်ခိုက်လိုက်လေ”
ချီး ချီး..
ပါ့တောက်သည် တာအိုပုံစံ တိုက်ခိုက်မှုကို ရုပ်သိမ်းရန်အတွက် ရုတ်တရက် အကောင်းဆုံး ကြိုးစားလိုက်၏။ သူ၏ ဝိုင်းစက်သော မျက်ဝန်းများက ကြုံ့သွားပြီးနောက် အော်ပြောလိုက်၏။
“ဘာ ပြောတာလဲ နဂါးညှိုးရော်မြက်တဲ့လား မင်းမှာ အဲဒါ ရှိတာလား”
လောကထဲတွင် နဂါးညှိုးရော်မြက်က တန်ဖိုးအကြီးဆုံး မှော်ဆေးပင်များထဲမှ တစ်ခု ဖြစ်၏။ ယင်းက သိုင်းပညာရှင်များအားလုံး လိုချင်နေသည့် တန်ဖိုးမဖြတ်နိုင်သော ရတနာပင်ဖြစ်သည်။ နဂါးညှိုးရော်မြက်ပင်က လူတစ်ယောက်က ရုပ်ခန္ဓာကို ပြီးပြည့်စုံသည့် အခြေအနေ ရောက်အောင် မြင့်တင်ပေးနိုင်ပြီး အနာဂတ်ကျင့်ကြံမှုကို အထောက်အကူ ဖြစ်စေ၏။ သူ့ကိုယ်ပိုင်အကျိုးအတွက် အသုံးမပြုနိုင်လျှင်တောင် မျိုးနွယ်စုကြီးတစ်ခုကိုလည်း ရောင်းချနိုင်၏။ မည်သို့ပင် ဆိုစေကာမူ သူ ဆုလာဘ်များစွာ ရနိုင်သေး၏။
“အဓိပ္ပာယ်မရှိတာ”
ကျန်းရီက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့၏။
“မင်းကို အပေးအယူ လုပ်ဖို့ ထွက်လာခိုင်းတာလေ ငါ့မှာ ဘာရတနာမှ မရှိရင် မင်းနဲ့အပေးအယူ လုပ်ဖို့ ဘာကြောင့် ပြောရမှာလဲ အခုချိန်မှာ ငါနဲ့ နဂါးညှိုးရော်မြက်ပင် ရှိမနေဘူး ဒါပေမဲ့ မင်းအဲဒါ ရှာလို့ရအောင် ခေါ်သွားပေးနိုင်တယ် အဲဒါက မိုးကြိုးတောင်ကြားရဲ့ အနက်ဆုံးအပိုင်းထဲမှာ ဒါပေမဲ့ ငါကိုယ်တိုင် မသွားနိုင်ဘူး မင်း ငါ့ကို မြို့ထဲဝင်ခွင့်ပေးပြီး ငါ့ကို တခြားအဖွဲ့မှူးတွေ မတိုက်ခိုက်အောင် အာမခံပေးသရွေ့ နဂါးညှိုးရော်မြက်ပင်ဆီ မင်းကို ခေါ်သွားပေးမယ် ဘယ်လိုလဲ”
“အပေးအယူလား မိုးကြိုးတောင်ကြားရဲ့အနက်ဆုံးအပိုင်းတဲ့လား မြို့ထဲ သွားမှာလား”
ပါ့တောက်က ခဏတာ ရပ်တန့်သွားပြီး စိတ်လှုပ်ရှားသွား၏။ လူတစ်ဦးသည် ပုံမှန်ဆို မိုးကြိုးတောင်ကြား၏ အနက်ဆုံးအပိုင်းသို့ သွားလေ့ မရှိပေ။ ကျန်းရီက လူအုပ်ကြီး၏ အလိုက်ခံခဲ့ရသောကြောင့် သူ့အဖို့ အထဲထဲသို့ သွားပြီး နဂါးညှိုးရော်မြက်ပင်ကို ရှာတွေ့ခဲ့တာ သဘာဝကျသည်။ သူက မြို့ထဲ ဝင်ချင်ပြီး အသက်ရှင်ချင်သောကြောင့် အပေးအယူ လုပ်တာလည်း ယုတ္တိရှိ၏။ သို့သော် နဂါးညှိုးရော်မြက်ပင်က အမှန်တကယ် ရှိနေသည်လော။ သူ့မျက်ဝန်းတို့က အေးစက်သွားလျက် သံသယဖြင့် မေးလိုက်တော့သည်။
“အဲဒါက နဂါးညှိုးရော်မြက်ပင်ဆိုတာ သေချာလား ဘယ်လို ပုံစံလဲ”
ဂုဏ်သရေရှိ မျိုးနွယ်စု၏ မျိုးဆက်အချို့မှအပ လူအများသည် နဂါးညှိုးရော်မြက်ပင်အကြောင်း အချက်အလက် သိပ်မရှိကြပေ။ ကျန်းရီက သူနှင့်အတူ ရတနာအချို့ရှိနေသည့်တိုင် သူက မျိုးနွယ်စုကြီးတစ်ခု၏ သခင်လေးတစ်ယောက်သာ ဆိုပါက အပြစ်သားကျွန်း၏ သူ့ဘဝမည်သို့ အဆုံးသတ်နိုင်မည်။ အပြစ်သားကျွန်းသို့ လာရောက်သူများက အရှေ့ပိုင်းတော်ဝင်နယ်မြေ၌ မနေနိုင်သည့်သူများ ဖြစ်သည်။ ထို့ကြောင့် ကျန်းရီက နဂါးညှိုးရော်မြက်ပင်၏ အချက်အလက်အတိအကျကို မသိဟု သူ ကောက်ချက်ချလိုက်သည်။ သို့သော် ပါ့တောက်ကမူ အချို့သော ရတနာများကို မိတ်ဆက်ထားသည့် စုတ်ပြဲနေသည့် လက်ရေးကျမ်းကို တွေ့ခဲ့ရသည်။ ယင်းတွင် နဂါးညှိုးရော်မြက်ပင်အကြောင်းလည်း ပါဝင်သည်။
ကျန်းရီက နှုတ်ခမ်းတွန့်ကွေးလျက် ပြောလိုက်တော့သည်။
“နဂါးညှိုးရော်မြက်ပင်ဆိုတာ သေချာတယ်.. အဖြူရောင်နတ်အလင်းနဲ့ တောက်ပနေတာ အသက်ဝင်နေသလိုမျိုးပဲ”
ကျန်းရီသည် ယခင်က နဂါးညှိုးရော်မြက်ပင်ကို တွေ့ဖူးတာ သေချာ၏။ မြက်ပင်တစ်ပင်ကိုတောင် သန့်စင်ခဲ့တာ ဖြစ်သည်။ ယခုအချိန်တွင် ယင်းကို ဖော်ပြဖို့က လွယ်ကူသည်။ သို့သော် သူ ပြောတာ မပြီးသေးခင် ပါ့တောက်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာ၏။ ကျန်းရီ၏ ဖော်ပြချက်က ပြီးပြည့်စုံမှုမရှိသည့် ထိုစာထဲတွင် မြင်တွေ့ခဲ့ရသည်နှင့် တစ်ထပ်တည်း ဖြစ်သည်။
“ဘုရားရေ..”
ပါ့တောက်က ဆုံးဖြတ်ချက်တစ်ခုချရန် ရုန်းကန်နေရစဉ် ကျန်းရီက ကျိန်ဆဲပြီးနောက် သူ့နောက်ရှိ လေဟာနယ်ကို ကြည့်ကာ အော်ပြောလိုက်၏။
“ပါ့တောက် မင်း ကတိမတည်ဘူး အဖွဲ့မှူးလုံကို ခိုးဝင်ခိုင်းတာလား ဟမ့်.. အပေးအယူ ပျက်သွားပြီ အဲဒီအစား အဖွဲ့မှူးလုံကိုပဲ သွားရှာတော့မယ်”
ဝှစ်..
ကျန်းရီက အခဲမကျေပုံပေါ်နေ၏။ သူက ကောင်းကင်ထဲသို့ ပျံထွက်သွားသည်။ ပါ့တောက်က ကြောင်အသွားပြီးနောက် ဒေါသတကြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူ့နောက်သို့ အဖွဲ့မှူးလုံ တိတ်တဆိတ် လိုက်လာတာဟု ထင်ခဲ့၏။
သို့သော် မည်သူက သိမည်နည်း။ သူ့နောက်တွင် မည်သူမျှ ရှိမနေပေ။ အဖွဲ့မှူးလုံက ဤနေရာတွင် ရှိတောင်မရှိပေ။ သူ၏ဝိညာဉ်က တုန်လှုပ်သွားပြီး ဖြူရော်သွားကာ ဒေါသတကြီး အော်လိုက်၏။
“ဟေ့ကောင် မင်းငါ့ကို နောက်နေတာပဲ”
ဘီး..
သူ၏ ဘယ်ဘက်ခြမ်း မီတာသုံးရာအကွာ၌ ပုံရိပ်တစ်ရိပ်က ရုတ်တရက် ပေါ်လာပြီး အပြာရောင်မီးလျှံလုံးများကလည်း တစ်ပြိုင်တည်း ပစ်ထုတ်လာ၏။ ပတ်ဝန်းကျင်က ရုတ်တရက်ကြီး စိုးရိမ်ပူပန်စရာ ကောင်းလာတော့၏။
ပါ့တောက်သည် သူ၏လက်ထဲ၌ အဝါရောင် အတွင်းအားကို ထုတ်ဖော်လျက် တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုမီးကို မြင်လိုက်သည်နှင့် သူက ကြောက်လန့်သွားကာ သူက နတ်ဘုရားဒိုင်းကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူက ကြောင်လန့်တကြား ပြန်ပြေးပြီး တတ်နိုင်သလောက် မြန်မြန် သွားနေလေ၏။
“အား.. အား အား..”
သို့သော် ယင်းက သာမန်မိုးကြိုးမီး မဟုတ်၊ မိုးကြိုးမီးကို သန့်စင်ထားတာပဲ ဖြစ်သည်။ အပူချိန်က အဆအနည်းငယ် တိုးလာပြီး သူက ထိုကြောက်မက်ဖွယ်ကောင်းသည့် အပူချိန်ကို မည်သို့ ခံနိုင်မည်နည်း။
ပါ့တောက်၏ နတ်ဘုရားဒိုင်းက ချက်ချင်းကွဲအက်သွားကာ သူ့ခန္ဓာကိုယ်သည်လည်း ပကတိမျက်လုံးဖြင့် မြင်နိုင်သော အရှိန်ဖြင့် စတင်လောင်ကျွမ်းလာ၏။ သူက မီးစွဲနေသည့်သူ မီးပေါ်တွင် ပျံသန်းနေသည့်သူတစ်ယောက် ဖြစ်လာတော့သည်။
“ဟုတ်ပြီ”
ကျန်းရီ၏ မျက်လုံးက ကြယ်ပွင့်များပမာ တောက်ပသွားတော့သည်။ သူက နှစ်လလုံးလုံး ငရဲထဲ ရောက်ခဲ့ပြီး ဝေဒနာမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။ အခက်အခဲများစွာ ကျော်ဖြတ်ပြီး ရလာသော မိုးကြိုးမီးက သူ့ကို စိတ်မပျက်စေခဲ့ပေ။ အပူချိန်က အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ဦးတောင် ခံနိုင်ရည် မရှိလောက်သည်အထိ မြင့်မားလွန်းသည်။
ကျန်းရီ၏ ကောင်းမွန်သည် စီမံမှုများကြောင့်လည်း အောင်မြင်တာလည်း ဖြစ်သည်။ ပါ့တောက်က သူနှင့်အလွန်နီးကပ်နေသည်။ သူသာ ကီလိုမီတာများစွာ အကွာတွင် ရှိနေလျှင် ပါ့တောက်က သေချာပေါက် ထွက်ပြေးသွားပြီး အလွန်ဆုံးမှ မီးဟပ်မိရုံသာ ရှိမည်။
“အား အား..”
နာနာကျင်ကျင် အော်သံများ ပေါ်ထွက်လာပြီး ထိုအထဲ၌ နောင်တများ စိတ်ပျက်အားငယ်မှုများ ပြည့်နေ၏။ သူ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများ ပြည့်နေကာ ကျန်းရီသည် မိုးကြိုးမီးကို ထုတ်လွှတ်နိုင်ရသည့် အကြောင်းအရင်းနှင့် မိုးကြိုးမီး၏ အပူချိန်မြင့်မားနေရသည့် အကြောင်းအရင်းကို မထုတ်ဖော်နိုင်သေးပေ။
“မကောင်းတော့ဘူး”
မိုးကြိုးတောင်တန်း၏ တစ်ဖက်တွင် အဖွဲ့မှူးလုံနှင့် ကျန်သည့်သူများက တုန်ယင်သွားကြသည်။ ကျန်သည့် အဖွဲ့မှုးလေးယောက်ကလည်း ကျောစိမ့်သွားပြီး မကောင်းတာ တစ်ခုခု ဖြစ်တော့မယောင် ခံစားမိလိုက်ကြသည်။
“သွားကြမယ်”
အဖွဲ့မှူးလုံ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်း ဖျပ်ခနဲ ပေါ်လာ၏။ သူ့လက်ကို ဝေ့ယမ်းလုက်ရာ သူ့အတွက် အလုပ်လုပ်ပေးနေသော ကောင်းကင်ဧကရာဇ် ၁၂ယောက်ခန့်ကို ဦးဆောင်ပြီးနောက် ပါ့တောက်အတွက် အလုပ်လုပ်ပေးနေသည့် ကောင်းကင်ဧကရာဇ် ၁၂ယောက်ကိုပါ ခေါ်ပြီး မိုးကြိုးတောင်ကြားထဲသို့ တစ်ဟုန်ထိုး ဝင်သွားတော့၏။
...