← Chapters

ယိရှောင်ရှီ၏အကြံ

Vol. 008 Ch. 771

ယိရှောင်ရှီ၏အကြံ

Vol. 008 Ch. 771

ဧည့်ကြည့်စင်တွင် များစွာသော ပုဂ္ဂိုလ်ကြီးများက စိတ်အားထက်သန် လာကြသည်။

ပြည်နယ်ကိုးခု ညီလာခံ မစတင်မီတွင် မြေရိုင်းပြည်နယ်ကား ပြိုင်ပွဲ၏ အဖြည့်ခံမျှသာ ဖြစ်သည်ဟု အားလုံးက တွေးထင်ခဲ့ကြ၏။ သို့သော်လည်း လက်ရှိမြေရိုင်း ပြည်နယ်ကား အလွန်အမင်း အားကောင်း၏။ သူတို့က လူအနည်းဆုံး ဖြစ်သော်လည်း စွမ်းဆောင်ရည် အငြိမ်ဆုံးလည်း ဖြစ်သည်။

တခြားတစ်ဖက်တွင် ယွီပြည်နယ်၏ တော်ဝင်မြေဖြစ်သော ကျိရှမ်းကမ်းပါးကား ဆိုးဝါးသော အခြေအနေ ရောက်နေပြီး ဖြစ်သည်။ သူတို့က ပြည်နယ်ကိုးခု ညီလာခံတွင် ဦးဆုံး ထွက်ရမည့်အုပ်စု ဖြစ်နိုင်၏။ သူတို့၏ တပည့် တစ်ဦးတလေက ကံကောင်း၍ နောက်ဆုံးလူ တစ်ရာစာရင်းကို ရောက်ရှိလျှင်ပင် နောက်တစ်ဆင့် အတွက် မျှော်လင့်ချက် မရှိပေ။

ဤသို့ဖြစ်လာလျှင် သည်တစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံ၌ ကျိရှမ်းကမ်းပါး၏ ဂုဏ်သတင်းကား အကြီးအကျယ် ထိခိုက် ရပေလိမ့်မည်။

ကျိရှမ်းကမ်းပါးနှင့် မြေရိုင်းပြည်နယ်တို့ အကြား ရန်ငြိုးရန်စကိုလည်း လူအတော်များများက သိကြပေသည်။ ယခင် သူတို့က မြေရိုင်းပြည်နယ်ကို ရှန့်ထိုမရှိ၍ အနိုင်ကျင့် နိုင်ခဲ့သော်လည်း ယခုကား ရှန့်ထိုမရှိသော မြေရိုင်းပြည်နယ်၏ ဖိနှိပ်မှုကို ခံနေရသည်။ ပြည်နယ်ကိုးခု ရှီအဆင့်ကိုးခွန်ယိုက သည်ဖြစ်ရပ်အပေါ် မည်သို့ ခံစားရမည်နည်း။

ကနဦး တိုက်ပွဲများ အပြီးတွင် စိန်ခေါ်ပွဲကိုးပွဲအထိ ရှိပြီး မြေရိုင်းပြည်နယ်က သုံးပွဲ ပါဝင်ပတ်သက်ခဲ့၏။ တစ်ပွဲကား ကျွေ့ချန်ချူက ရှီဟွာတောင်မှ အတော်ဆုံးတပည့် ဟွာယွန်ရှုအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ပွဲက ကျိရှမ်းကမ်းပါးမှ အတော်ဆုံး နှစ်ယောက်အား အနိုင်ယူခဲ့ခြင်းလည်း ဖြစ်သည်။ သည်ရလဒ်ကား အလွန် ကောင်းမွန်နေပြီး ဖြစ်သည်။

နောက်တစ်လှည့်ကား အရှေ့ဘက်နယ်၏ စိန်ခေါ်လှည့်ဖြစ်သည်။ သည်တစ်ခေါက်တွင် အရှေ့ဘက်ပြည်နယ်က မြေရိုင်းပြည်နယ်အား စိန်ခေါ်ခြင်း မပြုတော့ပေ။ အမှန်တကယ်အားဖြင့် ယခု မြေရိုင်းပြည်နယ်၏ လက်ကျန် ခုနစ်ယောက်မှာ သူတို့ကိုယ်သူတို့ ကောင်းကောင်း သက်သေပြပြီး ဖြစ်ကြသည်။ ဖီးနစ်နှင့် ယိရှောင်ရှီတို့၏ စွမ်းရည်အား အများက ရေရေရာရာ အကဲမဖြတ် နိုင်သေးသော်လည်း တခြားလူများ၏ စွမ်းရည်များကို ကြည့်ခြင်းက သူတို့အား အနည်းငယ် တွန့်ဆုတ်စေသည်။ ဥပမာ သူတို့ အထင်သေး ထားခဲ့သော ယန်ကျန်းက ခွန်ချိန်အား အနိုင်ယူခြင်းမျိုး ဖြစ်၏။ ထို့ကြောင့် မြေရိုင်းပြည်နယ်အား စိန်ခေါ်ခြင်းက ကောင်းသော အကြံအစည်တစ်ခု မဟုတ်ပေ။ အနည်းဆုံး တခြားပြည်နယ်များတွင် မြေရိုင်းပြည်နယ်ထက် အားနည်းသူများ အများအပြား ရှိပေသည်။

ထို့အပြင် မြေရိုင်းပြည်နယ်နှင့် ကျိရှမ်းကမ်းပါး၏ တိုက်ပွဲများက မြန်မြန်ဆန်ဆန် အဆုံးသတ်မည့်ပုံစံ မရှိပေ။ တခြား တော်ဝင်မြေများက ဘေးမှ ပွဲကြည့်အနေဖြင့်သာ ရှိနေလိုကြသည်။

ပို၍ စိတ်ဝင်စားဖွယ် ကောင်းသည်ကား ယွီပြည်နယ်၏ အလှည့်တွင် ဖြစ်သည်။ စိန်ခေါ်ပွဲတွင် ကျိရှမ်းကမ်းပါးမှ တပည့်မဟုတ်ဘဲ ကျောက်ဘုရင်ရှန့်ထို၏ တပည့်တစ်ယောက်က ဝင်ရောက် စိန်ခေါ် တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း မြေရိုင်းပြည်နယ်၏ အလှည့်တွင် ယိရှောင်ရှီက ရှေ့ကို ထွက်သွားကာ ကျိရှမ်းကမ်းပါးဘက်ကို လှမ်းကြည့်သည်။

ရီဖူရှင်းတို့ အားလုံးက ယိရှောင်ရှီကို လှမ်းကြည့် ကြသည်တွင် ယိရှောင်ရှီက လက်ညှိုးထိုးကာ ကျိရှမ်းကမ်းပါး တပည့်တစ်ယောက်ကို ပြောသည်… “ကျုပ် သူ့ကို စိန်ခေါ်တယ်…”

“အဟွတ်… အဟွတ်…” ရီဖူရှင်းက သူ၏ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ တစ်ဖက်ကို လှည့်သွားသည်။ တခြားလူများကလည်း ပါးစပ်များ စေးကပ်သွားကြ၏။ ထိုမောက်မာလှသော ဖက်တီးက ကျိရှမ်းကမ်းပါး၏ လက်ကျန် အကောင်းဆုံး တပည့်တစ်ယောက်ကို စိန်ခေါ်မည်ဟု သူတို့ ထင်မှတ် ထားကြသော်လည်း ဖက်တီးကား အမှန်တကယ် အားအနည်းဆုံး တစ်ယောက်ကို ရွေးခဲ့၏။

ဒါ… ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းလိုက်တဲ့ ဖက်တီးလဲ...။ မြေရိုင်းပြည်နယ်၏ ဟန်ပန်ကား အလွန် ကွဲပြား ခြားနားပေ၏။

“အစ်မ၂… အစ်ကို၇က တော်တော် ဉာဏ်ပြေးတယ်…သူက ကျိရှမ်းကမ်းပါး တပည့်တွေထဲက အညံ့ဆုံးကို တစ်ချက် ကြည့်တာနဲ့သိတယ်… သူက ဆရာဆီက အမြင်ကောင်းတွေ ဆက်ခံရထားသလိုပဲ…” ရီဖူရှင်းက ဘေးမှ ကျူးကော့မင်းယွီကို ပြောသည်။

“အင်း… ရှောင်ရှီက တကယ်ပဲ ဉာဏ်ပြေးတယ်.. သူ့အရေပြားကလည်း ပိုပြီး ထူလာတယ်… ကြည့်ရတာ သူက သင်ခန်းစာ နည်းနည်း လိုနေပြီပဲ…” ကျူးကော့မင်းယွီကလည်း ပြုံးယောင်သန်းလျက် ပြောသည်။

ငါဘာမှ မပြောဘူးနော်...။ ရီဖူရှင်းက တိတ်တခိုးတွေးကာ ယိရှောင်ရှီဘက်ကို ကြည့်သည်။

တိုက်ပွဲကွင်းပြင်တွင် ယိရှောင်ရှီကား ရုတ်တရက် ကျောချမ်းလာကာ တွေးလိုက်သည်… တစ်စုံတစ်ယောက်များ ငါ့အကြောင်း မကောင်း ပြောနေသလား။

သို့သော်လည်း တိုက်ပွဲ၌ ယိရှောင်ရှီကား တစ်ဖက်လူကို အလွယ်တကူ အနိုင်ယူခဲ့၏။

နောက်ထပ် တိုက်ပွဲများတွင်… ဟွာဂျီယူက ကျိရှမ်းကမ်းပါး တပည့် တစ်ယောက်ကို စိန်ခေါ်ကာ အနိုင်ရခဲ့၏။

ဤသို့ဖြင့် ရီဝူချင်း၊ စုချွဲ၊ ဖီးနစ်တို့ အားလုံးကလည်း ကျိရှမ်းကမ်းပါးကို စိန်ခေါ်ကာ အနိုင်ရခဲ့ကြသည်။

ဧည့်ကြည့်စင်တွင် ကျိရှမ်းကမ်းပါးမှ တပည့်များ အားလုံး မျက်နှာများ ပျက်ယွင်း နေကြကာ အထူးသဖြင့် ခွန်ယိုကား အလွန်အမင်း ဒေါသ ပေါက်ကွဲနေ၏။ ပြည်နယ်ကိုးခုမှ လူအများ၏ရှေ့တွင် သူ၏ ဂုဏ်သိက္ခာများ အားလုံး ကျဆင်းသွား သကဲ့သို့ သူခံစားနေရသည်။ ထို့အပြင် သူတို့က ခြောက်ပွဲ ပါဝင်ခဲ့ကြသည်။ တိုက်ပွဲ ၅၄ပွဲတွင် လူ ၁၀၈ယောက် ပါဝင် တိုက်ခိုက်ခဲ့ကြပြီး ၅၄ယောက် ပြိုင်ပွဲမှ ထွက်ခဲ့ရ၏။

မြေရိုင်းပြည်နယ်မှ ခုနစ်ယောက်လုံးကား သူတို့၏ အလှည့်များကို စိန်ခေါ် တိုက်ခိုက်ပြီး ဖြစ်ရာ စည်းမျဉ်းအရ ကျန်ရှိသော လူသုံးရာလုံး တစ်ကြိမ် တိုက်ခိုက်ပြီးမှ သူတို့က နောက်တစ်လှည့် တိုက်ခိုက်ရမည် ဖြစ်သည်။

နောက်တစ်ကျော့ကို မြေရိုင်းပြည်နယ်က ဦးစွာ တက်လှမ်း သွားခဲ့သည်။

ပြည်နယ်ရှစ်ခုက ဆက်လက်၍​ တိုက်ခိုက်ကြကာ အချို့သော၊ ပုန်းကွယ်နေသော ထိပ်သီး ပါရမီရှင်များ ထွက်ပေါ်လာကြသည်။ ယခင်က သူတို့ကား ကြောင်လက်သည်းဝှက် သကဲ့သို့ ပညာလျှိုထားသူများ ဖြစ်ကြသည်။

ယူချင်းနှင့် တခြားလူများ အားလုံးက ပြိုင်ပွဲဝင်များ၏ စွမ်းရည်များအား သေသေချာချာ လေ့လာ ကြည့်ရှုကြသည်။

အချိန် ကြာလာသည်နှင့်အမျှ ပြိုင်ပွဲ၏ အရှိန်အဟုန်ကလည်း မြင့်တက်လာသည် ဆိုရမည်။ တိုက်ပွဲများက ပိုမို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလာကာ တစ်ပွဲချင်းစီက လူတိုင်းကို ရင်သပ်ရှုမော ဖြစ်စေသည်။ အားလုံးက တစ်ကျော့စီ စိန်ခေါ် တိုက်ခိုက်ပြီးသောအခါ ပြိုင်ပွဲဝင် အရေအတွက် ထက်ဝက်ခန့် လျှော့ကျ သွားပြန်၏။ ယခုကား လူ ၁၈၀ခန့်သာ ကျန်ရစ်သည်။

ပြည်နယ်ကိုးခု ညီလာခံတွင် တော်ဝင်မြေပေါင်း ၃၀ ခန့် ပါဝင် ယှဉ်ပြိုင်ကြ၏။ အရှေ့ဘက် ပြည်နယ်၏ တော်ဝင်မြေမှ မဟုတ်သော ပြိုင်ပွဲဝင်များကိုပါ ထည့်တွက်လျှင် ပျမ်းမျှအားဖြင့် တော်ဝင်မြေတိုင်းတွင် လူခြောက်ယောက်ခန့်သာ ကျန်ရစ်သည်။

ယခု ထက်ဝက်ခန့်က ပြိုင်ပွဲမှ ထွက်သွားရပြီး ဖြစ်သည်။

နွေဦးပြည်နယ်၊ ချီပြည်နယ်၊ စစ်ဘုရင်ပြည်နယ်တို့က ပျမ်းမျှအားဖြင့် အရေအတွက် အများဆုံး ဖြစ်သည်။ ယွီပြည်နယ်ကား သူတို့၏ တော်ဝင်မြေများ အားလုံး ပေါင်းလျက်ပင် လက်ကျန် နှစ်ယောက်ဖြင့် လူအနည်းဆုံး ဖြစ်သည်။

သည်မတိုင်မီက မြေရိုင်းပြည်နယ်၏ ကျိရှမ်းကမ်းပါးအပေါ် ရည်ရွယ်ပစ်မှတ်ထား စိန်ခေါ်ခြင်းများအား တခြား အင်အားစုများက တွေ့မြင်ပြီးနောက် ကျိရှမ်းကမ်းပါးက အားနည်းသည်ဟု သုံးသပ်မိကြကာ အားလုံးကလည်း သူတို့ကို ဝိုင်းဝန်း စိန်ခေါ်ကြတော့သည်။ လက်ကျန် နှစ်ယောက်ကား လက်ဦးကာ တခြားပြည်နယ်မှ အားနည်းသူများအား စိန်ခေါ်ပြီး နောက်တစ်ဆင့်ကို တက်ရောက် သွားနိုင်ခဲ့သူများ ဖြစ်ကြသည်။ သို့သော်လည်း နောက်တစ်ကျော့ စသည်နှင့် အားလုံးက ထိုနှစ်ယောက်ကို အပြေးအလွှား စိန်ခေါ်ကြတော့မည်ကို အားလုံးက သိနားလည် ထားကြသည်။ သူတို့ကား နောက်ဆုံးလူ စာရင်း၁၀၀ထဲကို ဝင်ရန် အခွင့်အလမ်း အလွန်တရာ နည်းပါး၏။

ပို၍​ စိတ်ဝင်စားဖွယ် ကောင်းသည်ကား မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်ကား တခြား တော်ဝင်မြေများ၏ ပျမ်းမျှ အရေအတွက်ထက် များနေခြင်း ဖြစ်သည်။

မြေရိုင်းပြည်နယ်က ပြည်နယ်တစ်ခု ဖြစ်သော်လည်း သူ့တွင် ပြိုင်ပွဲဝင် တော်ဝင်မြေ တစ်ခုတည်းသာ ရှိ၏။ ထို့ကြောင့် တော်ဝင်မြေ သက်သက်ဖြင့် စဉ်းစား တွက်ချက်လျှင် သူတို့တွင် လူခုနစ်ယောက် ကျန်ရှိသည်။ သူတို့က နောက်တစ်ပွဲနိုင်လျှင်ပင် နောက်ဆုံး လူစာရင်း၁၀၀ထဲကို ဝင်၏။

ထိုအခြင်းအရာက သူတို့အတွက်သာ မဟုတ်ဘဲ​ တခြားလူများ အတွက်လည်း အကျုံးဝင်၏။ သူတို့က နောက်တစ်ပွဲနိုင်လျှင် လူတစ်ရာ စာရင်းထဲကို ဝင်၏။ လူတစ်ရာ့ရှစ်ဆယ်အတွက် ပွဲရှစ်ဆယ်မျှသာ လိုအပ်ရာ ကျန်ရစ်သော နှစ်ဆယ်က မတိုက်ခိုက်ပါဘဲနှင့်ပင် နောက်တစ်ဆင့်ကို တက်၏။

သို့သော်လည်း မြေရိုင်းပြည်နယ်မှ ခုနစ်ယောက်ကို စိန်မခေါ်ပါဘဲနှင့်ပင် သူတို့က တစ်ကျော့အတွက် ၆၃ပွဲသာ လိုအပ်သည်။ ထို့ကြောင့် မြေရိုင်းပြည်နယ်မှလူများ နောက်တစ်ဆင့်ကို အလိုအလျောက် တက်ရန်ကား မဖြစ်နိုင်ပေ။ သူတို့က လူတစ်ရာ စာရင်းထဲကို ဝင်ရန် အနည်းဆုံး တစ်ပွဲနိုင်မှ ရပေမည်။

“ဆက်ကြမယ်…” ပြိုင်ပွဲကြီးကြပ်သူ အကြီးအကဲက ကြေညာသည်။ လူတစ်ရာအား မရွေးရသေးမီ အချိန်အထိ စိန်ခေါ်ပွဲများအား ရပ်တန့်မည် မဟုတ်ပေ။ မရေမတွက်နိုင်သော လူများက မျှော်လင့်ချက် ကြီးမားစွာဖြင့် စောင့်ကြည့် နေကြသည်။ ယခု တိုက်ပွဲတိုင်း၌​ အနိုင်ရသူက နောက်တစ်ဆင့် တက်မည်။

အရှေ့ဘက်ပြည်နယ်မှ တစ်ယောက် ထွက်လာပြီး ကျိရှမ်းကမ်းပါး၏ကျန်သော နှစ်ယောက်ထဲမှ​တစ်ယောက်အား စိန်ခေါ်၏။ သူက ကျိရှမ်းကမ်းပါးအပေါ် မည်သည့် အငြိုးအတေးမှ မရှိသော်လည်း လက်ရှိအခြေအနေတွင် အလွယ်ကူဆုံးလူအား စိန်ခေါ်ပြီး နောက်တစ်ဆင့်က တက်ရန် အရေးကြီးပေသည်။

အားလုံး ထင်မှတ်ထားသည့် အတိုင်းပင် အရှေ့ဘက်ပြည်နယ် တန်ခိုးရှင်က အနိုင်ရပြီး နောက်တစ်ဆင့် တက်သွားသည်။

ထို့နောက် နွေဦးပြည်နယ်မှ တန်ခိုးရှင်ကလည်း ကျိရှမ်းကမ်းပါး၏ လက်ကျန် တစ်ယောက်ကို အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်သွားသည်။

ဤတွင် ကျိရှမ်းကမ်းပါးမှ ပြိုင်ပွဲဝင်များအားလုံး ပြိုင်ပွဲမှ ထွက်ခွာ သွားရတော့၏။

ကျိရှမ်းကမ်းပါးကား နောက်ဆုံး ကျန်ရစ်သော လူစာရင်းတစ်ရာထဲ​ မပါသော ပထမဆုံးသော တော်ဝင်မြေ ဖြစ်ပေတော့မည်။

နောက်တစ်လှည့်တွင် ချီပြည်နယ်မှ တန်ခိုးရှင် တစ်ယောက် ထွက်လာသည်။ သူက ဣန္ဒြေသိက္ခာ ကြီးမားသော ဟန်ပန်ဖြင့် ထွက်လာပြီး အနီရောင်ဝတ်စုံကို လှပတင့်တယ်စွာ ဝတ်ဆင်ထား၏။ သူ့တွင် ပခုံးအထိ ဝဲကျနေသော အနီရောင်နှင့် အနက်ရောင် သန်းနေသော ဆံပင်များအား ပိုင်ဆိုင်သည်။

သူကား ကျိရှားတော်ဝင် နန်းတော်၏တပည့်ဝမ်ယွီဖြစ်ကာ အလွန် အားကောင်းသည်။

ဝမ်ယွီသည် ရှေ့ကို ထွက်လာပြီးနောက် သူ့အကြည့်က မြေရိုင်းပြည်နယ်ရှိရာ အရပ်သို့ ရောက်လာပြီး ပြောသည်… “ကျုပ်က မြေရိုင်းပြည်နယ်က ယိရှောင်ရှီကို စိန်ခေါ်တယ်…”

သည်မတိုင်မီ ဖက်တီးက ကျိရှမ်းကမ်းပါး၏ အားအနည်းဆုံး တပည့်ကို စိန်ခေါ်ခဲ့ရာ အားလုံးက သူ့အား အထင်သေး အမြင်သေး ဖြစ်ခဲ့ကြသည်။ လူအများအပြားကလည်း သူ့အား မှတ်မိထားကြရာ ယခု သူ့ကို အများစုက ပစ်မှတ်ထားကြသည်မှာ သံသယ ဖြစ်နေစရာပင် မလို။ သည်ဖက်တီးအား အနိုင်ရလျှင် သူတို့ကား နောက်တစ်ဆင့် တက်မည်။

ဖက်တီးက ကျိရှမ်းကမ်းပါးမှလူကို စိန်ခေါ်တုန်းကနှင့် ကွဲပြားခြားနားစွာ ယုံကြည်မှု အားနည်းသော ဟန်ပင်ဖြင့် ထွက်လာ၏။ သူက လေးပင်သော ခြေလှမ်းများဖြင့် ထွက်လာပြီး ဝမ်ယွီကို ကြည့်သည်။

“ကျိရှား တော်ဝင် နန်းတော်ရဲ့ တပည့်က လက်ရည်စမ်း လိုပါတယ်…” ဝမ်ယွီက ပြောသည်။

ယိရှောင်ရှီက ရင်ကော့လိုက်ကာ ခပ်တည်တည် ပြောသည်.. “တော်ဝင်ကျဲ နန်းတော်တပည့် ယိရှောင်ရှီက လက်ရည် စမ်းလိုပါတယ်…”

ဝမ်ယွီ၏ ခန္ဓာကိုယ်က လေထဲကို ပေါ့ပါးစွာ မြောက်တက် လာ၏။ ချက်ချင်းပင် လေထဲတွင် မမြင်ရသော လှိုင်းလေများ ထလာသည်။ ပတ်ဝန်းကျင်က ပူပြင်းလာပြီး ဝမ်ယွီက ယိရှောင်ရှီကို ကြည့်ကာ ပြောသည်… “ကျုပ်က မီးဓာတ်ကို လေ့ကျင့်ပြီးတော့ မင်းက သစ်သားဓာတ်ကို လေ့ကျင့်တယ်…” ယိရှောင်ရှီ၏ သက်စောင့်ဝိညာဉ်က ရှေးဟောင်း သစ်ပင်ဖြစ်သည်ကို သူသတိထားမိခဲ့၏။ မီးက သစ်သားကို အသာစီး ရပေသည်။

“သစ်မင်းအင်ပါယာ…” ယိရှောင်ရှီက ရေရွတ်သည်။

“ဒါက အတူတူပါပဲ…” ဝမ်ယွီက ပြုံးလျက် ပြန်ပြောသည်။ စကားမဆုံးမီတွင်ပင် အနက်ရောင် မီးတောက်များက ယိရှောင်ရှီကို ဗဟိုထား၍ ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာသည်။ မီးတောက် အားလှိုင်းကလည်း ယိရှောင်ရှီထံကို စီးဆင်းလာကြ၏။ ထိုနေရာ တစ်ခုလုံးကား ငရဲခန်းကဲ့သို့ ပြောင်းလဲ သွားတော့သည်။

ယိရှောင်ရှီ၏ နောက်တွင် အင်ပါယာ နွယ်ပင်များက ရွှေရောင်များ ဝင်းလဲ့တောက်ပလျက် ကြီးထွား ရှည်မျောလာကြာကာ အရပ်မျက်နှာမျိုးစုံသို့ ပျံ့နှံ့သွားကြပြီး ဝမ်ယွီအား အနှောင့်အယှက် ဖြစ်စေသည်။ ဝမ်ယွီ၏မျက်လုံး၌​ မီးတောက်တစ်ခု ပေါ်လာသလို ပတ်ဝန်းကျင်၌လည်း အဆုံးအစမဲ့သော မီးလျှံအားလှိုင်းများ စီးဆင်း လာကြသည့်အပြင် မီးတောက် စီးကြောင်းများက ယိရှောင်ရှီ၏အောက်၌​ ဖြစ်ပေါ် လာနေကြသည်။

“ငရဲမီး… လောင်ကျွမ်းစမ်း…” ဝမ်ယွီက အေးစက်စွာ ပြောသည်။ ထို့နောက်တွင် မီးတောက် စီးကြောင်းများက စတင်၍​ အလျှံညီးညီး တောက်လောင်လာပြီး မီးလျှံလေဆင်နှာမောင်း အလား ယိရှောင်ရှီကို ဝါးမျို သွားတော့သည်။ အင်ပါယာ နွယ်ပင်များကား မီးလျှံများ အောက်တွင် ပြန်လည်၍​မွေးဖွားကြကာ အလွန်လင်းလက် တောက်ပြောင် နေသည်။

ယိရှောင်ရှီကား ငရဲမီးများ၏ လှောင်ပိတ်ခြင်းကို ခံနေရကာ စိတ်ပျက်စွာ သက်ပြင်းချ ရေရွတ်သည်… “ဖက်တီးက ဒီလောက် အနိုင်စားလို့ ကောင်းလား...”။ သူ၏မျက်လုံးက ရွှေရောင်အဖြစ် ပြောင်းလဲသွားကာ ထူးဆန်းသော ဓာတ်တစ်မျိုးက သူ့ခန္ဓာကိုယ်အား ရစ်ပတ်လာသည်။ တစ်ချိန်တည်းမှာပင် အဆုံးအစမဲ့သော စွမ်းအားများက သူ့အပေါ်၌​စတင်ဖြစ်တည် လာသည်။

***

All Chapters