← Chapters

တစ်ဖက် တစ်ချက်စီ

Vol. 100 Ch. 4.1018

တစ်ဖက် တစ်ချက်စီ

Vol. 100 Ch. 4.1018

"နတ်ဆိုးဝိညာဥ်ခန္ဓာကိုယ်....ဟားဟားဟား တစ်သောင်းနာမည်နဲ့ ကမ္ဘာတွေမှာ နတ်ဆိုးဝိညာဥ်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်တဲ့လူ တစ်ယောက်ယောက် ရှိ​နေလိမ့်မယ်လို့ ငါတကယ်ကို မမျှော်လင့်ထားခဲ့ဘူး... မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် မင်းအခုလို လုပ်နိုင်တာ အံ့ဩစရာလို့ ယူဆနိုင်ပါတယ်"

အဘိုးကြီးယင်သည် ပူးပေါင်းကြံစည်ထားသည့် လေသံဖြင့် အော်ပြောသော်လည်း သူ့ခန္ဓာကိုယ်သည် ပေါင့်တာထင်း ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့​လေသည်။ ၎င်းရဲ့ လက်တစ်ဖက်က ဆန့်တန်းပြီး ပေါင့်တာထင်းရဲ့ ပုခုံးကို ဖိချလိုက်သည်။

လူတိုင်း၏အမြင်တွင် အရှိန်သည် အလွန်နှေးကွေးသော်လည်း ပေါင့်တာထင်းက ထိုနေရာတွင်သာ ရပ်ကာ အဘိုးကြီးကို ဖမ်းဆီးခွင့်ပေးလိုက်သည်။ ပေါင့်တာထင်းရဲ့ ပုခုံးကို အဘိုးကြီးက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။

"နတ်ဆိုးဝိညာဥ်ခန္ဓာကိုယ်က တကယ်ကို အစွမ်းထက်တယ် ဒါပေမဲ မင်းအတွင်းစိတ်က မှော်ပညာကို အစွမ်းကုန် လေ့ကျင့်ပေးနိုင်ရင်တောင်မှ နားမနိုင်လည်တာက သနားစရာပဲ... ဒါဖြင့် မင်း ရှုံးနိမ့်ဖို့ ဆုံးခန်းတိုင်သွားပြီ ငရဲကိုပဲ သွားလိုက်တော့!"

ကောက်ကွေးသော အပြုံးတစ်ခုက အဘိုးကြီး၏ သူ့ပါးပြင်ပေါ်တွင် ပေါ်လာပြီး ပေါင့်တာထင်းကို လက်ဖဝါးတစ်ဖက်တည်းဖြင့် ညှစ်သတ်ရန် ကြိုးစားသည်။ ထိုစဥ် ကျန့်နမ် ပြေးထွက်လာကာ ဓားဖြင့် ခုတ်ချလိုက်သည်။

"ငါ့ရဲ့အစွမ်းအစတွေကို လျှော့မတွက်နဲ့!"

အဘိုးကြီး သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ကျန့်နမ်ရဲ့ ခန္ဓာကိုယ်လည်း ပျံထွက်သွားလေသည်။ ထို​လက်ဖဝါးနဲ့ပင် အပြေးအလွှား ပြေးလာနေသော ကျန့်ပေကိုလည်း ဖမ်းထားလိုက်သည်။ ဒါကို ကြည့်ရုံဖြင့် ၎င်းတို့သည် အဘိုးကြီး၏ ပြိုင်ဘက်ဖြစ်ရန် အများကြီး လိုနေ​သေးကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်လေသည်။

တခြားသူတွေက ရှေ့ကို ပြေးလာဖို့ သတ္တိတောင် မရှိကြသလို အဘိုးကြီးယင်ရဲ့ အရှိန်ကြောင့် လုံးလုံး ခြိမ်းချောက်ခံနေရပြီ။ ပေါင့်တာထင်းက ရုန်းကန်မှုကို ရပ်လိုက်ပြီး ခါးခါးသီးသီး ပြုံးကာ မျက်လုံးများကို မှိတ်လိုက်သည်။

"ငါ့ညီအစ်ကိုကို သတ်ချင်နေတယ်ပေါ့ ငါလက်ခံလားလို့ မင်း မေးဖူးလား"

ကောင်းကင်နှင့်မြေကြီး ကြားတွင် ရုတ်ခြည်းပင် အသံတစ်သံ ထွက်ပေါ်လာကာ ၎င်းအသံက အလွန်ပြင်းထန်ပြီး စွမ်းအားအပြည့် ရှိသည်။ အသံသည် ကောင်းကင်ကိုးပါးသို့ ရောက်သွားကာ အားမာန်သည် တစ္ဆေကိုးကောင်ကို ထိတ်လန့်သွားစေ၏။

အလွန်လျင်မြန်သော ဓားစွမ်းအင်တစ်ခုသည် ဆန်းကြယ်ကောင်းကင် အိမ်တော်၏ တပည့်များကြားမှ အလင်းတန်း တစ်ခုကဲ့သို့ ချက်ချင်း ဖြတ်ပြေးလာကာ အဘိုးကြီးယင်အား ထိမှန်သွားသည်။

အဘိုးကြီးယင်၏ မျက်လုံးများလည်း ပြူးကျယ်လာကာ အမြန် ရှောင်ထွက်သွားသည်။ ပေါင့်တာထင်း၏ ခန္ဓာကိုယ် မလှုပ်ရှားမီတွင် ချောမွေ့သော အစင်းရာတစ်ခုက သူ့လက်မောင်းဘေးမှ ဖြတ်၍ အဘိုးကြီးယင်၏ ၀တ်ရုံကို ထိမှန်သွားသည်။

အဘိုးကြီးယင်သည် တိုက်ခိုက်မှုမှ ကျဉ်းမြောင်းစွာ ရှောင်ထွက်သွားပြီး ရှက်စိတ်ဖြင့် ဒေါသထွက်လာတော့သည်။ သူက လက်ဖဝါးကိုဆန့်လျက် ပေါင့်တာထင်းကို ထပ်မံ ဖမ်းယူလိုက်သည်။

ပေါင့်တာထင်း၏ ခန္ဓာကိုယ်သည် လေထဲတွင် နောက်ပြန် ပျံသွားပြီး နောက်ဆုံးတွင် သူက လွတ်လွတ်လပ်လပ် လှုပ်ရှားကာ မြေပြင်ပေါ်သို့ လုံခြုံစွာ ဆင်းသက်လာခဲ့သည်။

လုရွှမ် ပေါင့်တာထင်းဘေးတွင် ပေါ်လာပြီး နောက်ထပ် အလင်းတန်း တစ်ခုနဲ့အတူ ဖုန့်ဖေးကလည်သ လုရွှမ်အနားတွင် ပေါ်လာ၏။

"ဆရာတူအစ်မ အဆင်ပြေသွားပြီဟေ့!!"

ဖုန့်ဖေးရဲ့ အသက်ရှုသံက တည်ငြိမ်​​နေပြီး စွမ်းအင်တွေ ပြည့်နေပြီ။ သူမအသားအရည်က ကျန်းမာနေတယ်ဆိုတာ သိသာပါသည်။ ဖုန့်ဖေးက ဆရာတူညီအကို မောင်နှမ အားလုံးကို လက်ပြနှုတ်ဆက်ကာ။

"ဟုတ်တယ် ငါ့ဒဏ်ရာတွေ ပြန်ကောင်းသွားပြီ... ကျေးဇူးတင်ပါတယ် လုရွှမ်"

သွမ့်ရှင်းဟယ်ခမျာ မယုံကြည်နိုင်စွာနဲ့။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အနည်းဆုံး တစ်ရက်လောက်တော့ ကြာမယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား"

လုရွှမ် ခေါင်းခါပြီး။

"လူငယ်လေ... မင်းက ဘာလို့ ဒီလောက် နုံအနေတာလဲ....တစ်ရက်ဆိုတာ အနည်းဆုံး အရေအတွက်လေ...ဒီလို အန္တရာယ်ရှိတဲ့ နေရာမျိုးမှာ လှည့်စားမှုဆိုတာ ရှိတတ်တယ်..ဟူး... မင်းတော်တော် နုံအတာပဲ!"

ပေါင့်တာထင်းကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လုရွှမ်ဘက် လှည့်ပြောလိုက်သည်။

"ညီအစ်ကိုရေ မင်းငါ့ကို ကြောက်​​အောင် ခြောက်နေတာလား?"

ကျန့်နမ်၊ ကျန့်ပေနဲ့ ပေါ်ဝမ့်တို့လည်း ပြေးလာကာ လုရွှမ်အနီးတွင် စိတ်လှုပ်ရှားစွာ စုရုံးနေကြသည်။ ဒီအခြေအနေက အန္တရာယ်များပေမယ့် လုရွှမ်ရှိနေသရွေ့ သူတို့ လုံခြုံတယ်လို့ ခံစားရလေ၏။

"ဟမ့် ဒါဆို မင်းတို့နှစ်ယောက် ရှိနေတော့ရော ဘာဖြစ်လဲ? ငါတို့မင်းကို မသတ်နိုင်ဘူးလို့ မင်းတကယ် ထင်နေတာလား ?"

သွမ့်ရှင်းဟယ်က အော်ပြီး အဘိုးကြီးယင်ဘက် လှည့်လိုက်သည်။ အဘိုးကြီးယင်ခမျာတော့ ယခင် ထိုးနှက်မှုကြောင့် မျက်နှာပျက်သွားချေပြီ။ တောင်တစ်သောင်းကမ္ဘာမှာ ရှိတုန်းက လုရွှမ့ရဲ့ ဒဏ္ဍာရီကို အမြဲကြားခဲ့ရသည်။ ထိုအချိန်တုန်းက လုရွှမ်ဆိုတာ ကောင်းကင်ဘုံသခင် အဆင့်က အငယ်တန်းကလေးမျှသာ ဖြစ်သည်။

ဒါပေမဲ့ ဒီလောက် အချ်န်တိုတိုလေး အတွင်းမှာ ဒီလူငယ်လေးဟာ အခုရောက်နေတဲ့ နေရာအထိ ကြီးပြင်းလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ အစောက ဓားစွမ်းအင်ဟာ သူ့ကို ရိုးရှင်းစွာ ထိတ်လန့်စေခဲ့ပြီး အခု သူ့မှာ ခုခံနိုင်စွမ်း ရှိတာကြောင့်သာ မဟုတ်ရင် သူ့ကိုတောင် သတ်ပစ်နိုင်နေပြီ။

ထိုသို့သော လူသည် ထက်မြက်လွန်းသဖြင့် အသက်ရှင်လျက် ချန်ထားလို့ မဖြစ်ချေ။ အဘိုးကြီးယင် တစ်ချက် ကြည့်လိုက်သော် လုရွှမ်နောက်ကျောက လက်နက်ဟာ ဒဏ္ဍာရီလာ နတ်လက်နက် ဖြစ်နိုင်ကြောင်း သိလိုက်သည်။ ထိုဓားကိုသာ ရနိုင်လျှင် နတ်လှေကားထစ်သို့ တက်လှမ်းရန် သတ္တိရှိပေလိမ့်မည်။

"သူတို့က သုံးယောက်ပဲ ရှိတယ်... အတူတူ တိုက်ကြရအောင်!"

လုရွှမ် အဲဒီလူတွေကို လုံးဝ မကြည့်ဘဲ ဖုန့်ဖေးဘက် လှည့်ကြည့်လိုက်ပြီး။

"မင်းရဲ့ ဆန်းကြယ်ကောင်းကင် အိမ်တော်မှာ ပေါင်းစပ် တိုက်ခိုက်ရေးပုံစံ ရှိသင့်တယ် မဟုတ်လား"

ဖုန့်ဖေးကလည်း လုရွှမ်ရဲ့ ဆိုလိုရင်းကို သိတာကြောင့် ခေါင်းညိတ်ပြပြီး ပေါ်ဝမ့်၊ ကျန့်နမ်နဲ့ ကျန့်ပေတို့ကို ကာကွယ်ထားဖို့ အငယ်တန်း ညီအကို မောင်နှမအားလုံးကို အော်ပြောလိုက်သည်။

ဖုန့်ဖေး၏ စကားများနှင့် ပတ်သက်၍ ဆန်းကြယ်ကောင်းကင် အိမ်တော်မှ လူများ အတွန့်မတတ်ရဲပေ။ ယခုအခါ ဖုန့်ဖေးက ၎င်းတို့၏ ကျောရိုးဖြစ်နေပြီလေ။ လူအုပ်စုသည် လူသုံးယောက်ကို အလျင်အမြန် စောင့်ကြပ်ပြီး အကာအကွယ် အခင်းအကျင်းကို ဖွဲ့စည်းလိုက်သည်။

"ဟားဟား.... သေဖို့ ရုန်းကန်နေတဲ့ လူတွေကို ကြည့်ရတာ ပျော်စရာကောင်းချက်ပဲ.... သူတို့ကိုယ်သူတို့ လွတ်နိုင်မယ်လို့ ထင်နေလားမသိဘူး... အကုန် သတ်ပစ်!"

အဘိုးကြီးယင် သူ့လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ အားလုံးက လူသတ်ချင်စိတ်နဲ့ အရှေ့ကို ပြေးထွက်သွားကြ၏။ လုရွှမ်က ပေါင့်တာထင်းနဲ့ ဖုန့်ဖေးတို့ကို တစ်ချက် ကြည့်ပြီးနောက် အဘိုးကြီးယင်ရှေ့ ကာရပ်လိုက်သည်။ အစောတုန်းက ပေါင့်တာထင်း အဘိုးကြီးယင်ကို ရှုံးနိမ့်ခဲ့တာ သေချာပါသည်။ လုရွှမ်က ဤအဖွဲ့တွင် အင်အားအကြီးဆုံး ဖြစ်လို့ အဘိုးကြီးယင်ကို တိုက်ခိုက်သင့်သူ ဖြစ်သည်။

အဘိုးကြီးယင်က မောက်မာစွာ ပြုံးပြလိုက်သည်။

"ကောင်လေး... မင်းကငါ့ကို တားချင်သေးတယ်ပေါ့... ဟားဟားဟား ကြယ်လောကမှာ မကြုံစဖူး အဆင့်သတ်မှတ်ခံရတဲ့ နံပါတ်တစ် ပါရမီက ဘယ်လိုများလဲ"

သူ့လက်ဖဝါး နှစ်ဖက်ကို စက်ဝိုင်းပုံ လှည့်ပတ်လိုက်သောအခါ ပတ်ဝန်းကျင်က ရုတ်တရက် အေးစိမ့်လာလေသည်။ အေးစိမ့်စိမ့် လေတွေက အူသံတွေနဲ့အတူ မြေအောက်ထဲကနေ ထွက်လာသည့်အတိုင်းပင်။ သူ့ကို 'ယင်' လို့ ခေါ်တာ အံ့သြစရာတော့ မဟုတ်တော့ချေ။

"သွားတော့!"

ထိုအဘိုးကြီး၏ တိုးတိုးလေး အော်သံနှင့်အတူ မှောင်မိုက်သော လေထုက လုရွှမ်ဆီသို့ တိုးဝင်သွားခဲ့သည်။ လုရွှမ်မှာ ထိုအေးစက်နေသော လေထုကို ကြည့်ရင်း ရယ်ချင်သလို ခံစားလိုက်ရသည်။ တခြားသူတွေဟာ ဒီတိမ်တိုက်က ဘာလဲဆိုတာ မသိပေမယ့် လုရွှမ်ကတော့ ယင်စွမ်းအင်ကိုးစင်း ဆိုတာကို ကောင်းကောင်းသိပါသည်။

ဒီလူအိုကြီးဟာ မောက်မာဖို့ အရင်းအနှီး ရှိတယ်ဆိုတာ အံ့သြစရာ မရှိပါဘူး။ သို့သော် လုရွှမ်ကို တိုက်ခိုက်ရန် ယင်စွမ်းအင်ကိုးစင်းကို အသုံးပြုခြင်းက သူ့ပါးကို ဖြတ်ရိုက်ဖို့ လုရွှမ်ဘက်သို့ ပါးထိုးကျွေးလိုက်သလိုပင်။

လုရွှမ်ဆိုတာ ယင်ယန်ကို မတွေ့ခင်က ယင်စွမ်းအင်ကိုးစင်းကို တွေ့ကြုံဖူး ခံစားဖူးသည်။ လွန်ကဲအေးမြသော အေးစက်မှုကို ဖြတ်ကျော်ပြီးမှ ယနေ့ ယန်စွမ်းအင် စစ်စစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်ပေ၏။

ယခုဆိုလျှင် အဘိုးကြီးယင်၏ လက်ရှိ ယင်စွမ်းအင်ကိုးစင်း၏ စွမ်းအားသည် လုရွှမ် ကြုံတွေ့ခဲ့ရဖူးသော စွမ်းအားထက် များစွာ အားကောင်းနေသည်။ သို့သော် ယခုလုရွှမ်ကလည်း ယခင်လုရွှမ် မဟုတ်တော့ဘဲ အဆများစွာ ပိုမိုအားကောင်းလာပါပြီ။

ယခု ယင်စွမ်းအင်ကိုးစင်းရဲ့ အဆင့်ကို လုရွှမ် မျက်လုံးထဲ မထည့်တော့ပါ။ ပေါင့်တာထင်းရဲ့ လှုပ်ရှားမှုတွေဟာ တိတ်ဆိတ်ပြီး မှန်းလို့မရပေမယ့် သူ့ကို အဘိုးကြီးယင်က ထိန်းထားခဲ့သည်။ အခုသူ ယင်စွမ်းအင်ကိုးစင်းကို အသုံးပြုခဲ့ပေမယ့် လုရွှမ်ကို ထိန်းထားနိုင်ပါ့မလား။

ပြောနိုင်တာက တစ်ဖက် တစ်ချက်စီပါပဲ။ ခွန်အားမရှိလျှင် အပြင်ထွက်ပြီး မာနမကြီးတာက အကောင်းဆုံးပါပဲ။ မဟုတ်လျှင် အမြဲတမ်း ပြန်ပေးဆပ်ရတတ်သည်။

လုရွှမ် အေးစက်စွာ ရယ်လိုက်သည်။ ထိုရယ်သံကြောင့် အဘိုးကြီးယင်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

All Chapters