မင်းအခု ရိုက်လို့ရပြီ
Vol. 49 Ch. 679
အမိန့်ပေးခြင်းသည် ရန်သူကို အံ့အားသင့်စေသော တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုရိုးစကားတစ်ခုရှိ၏။ ကျန်းရီသည် ငယ်ရွယ်စဉ်တည်းက ဒန်တျန်းအပိတ်ခံထားရသည်။ သူက အင်မတန် အားနည်းပြီး ကျန်းရူဟူနှင့် သူ့အဖွဲ့ အနိုင်ကျင့်တာကို မကြာခဏ ခံခဲ့ရသည်။ သို့သော် မည့်သည့်အခါကမျှ လက်မလျှော့ခဲ့ပေ။ ထို့ကြောင့် သူသည် စိတ်ပညာစာအုပ်များစွာကို ဖတ်ရှုခဲ့ပြီး ကျန်းရူဟူနှင့် သူ့အဖွဲ့ကို အနိုင်ယူနိုင်ရန်အတွက် ဉာဏ်များထုတ်သုံးခဲ့၏။
ကျန်းရန်ဟန်က ကျန်းမျိုးနွယ်စု၏ မဟာအကြီးအကဲအနေဖြင့် အိမ်ထဲ၌ စာအုပ်များစွာ စုဆောင်းထားပြီး ကျင့်ကြံခြင်းစာအုပ်များမှအပ ကျန်းရီက အချိန်အများစုကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် စစ်ဗျူဟာအကြောင်း၊ မဟာဖြေရှင်းနည်းကို သိပေ၏။
စစ်ဗျူဟာက တပ်ဖွဲ့နှစ်ဖွဲ့ကြား စစ်ဖြစ်ချိန်တွင်မှာ သုံးရမှာ မဟုတ်ပေ။ အမှန်တကယ်၌ ယင်းက မည်သည့်တိုက်ပွဲတွင်မဆို ထောက်ပံ့ပေးနိုင်၏။ ထို့အပြင် အဓိကအကျဆုံးအချက်မှာ တွေးတတ်မှုပဲ ဖြစ်သည်။ တစ်နည်းဆိုရလျှင် ရန်သူကို အလစ်တိုက်ခိုက်တာမျိုး ဖြစ်၏။
ကျန်းရီနှင့် ပါ့တောက်ကြားရှိ တိုက်ပွဲကို ဥပမာယူနိုင်ပေ၏။ အစတည်းက ဤနေရာတွင် အဖွဲ့မှူးလုံအကြောင်း ပြောခဲ့ပါက ပါ့တောက်သည် သူ့ကို ယုံကြည်မှာ မဟုတ်ဘဲ ချက်ချင်းပင် သေစေနိုင်သော တိုက်ကွက် အမိမြေဟိန်းသံကို ထုတ်ဖော်မှာပဲ ဖြစ်သည်။ ထို့အပြင် သူက အဖွဲ့မှူးလုံ သူ့နောက်သို့ လိုက်ခါစ၌ အဖွဲ့မှူးလီ တိုက်ခိုက်နေသည်ဟု အော်ခဲ့လျှင် အဖွဲ့မှုးလုံက လှည့်ကွက်ထဲ ကျမှာမဟုတ်ဘဲ တာအိုပုံစံတိုက်ခိုက်မှုကို ချက်ချင်း ထုတ်ဖော်မှာပဲ ဖြစ်သည်။
လှည့်စားခြင်း ပညာရပ်က နက်နဲသည့် ပညာဖြစ်သည်။ ထုတ်သုံးရန်အတွက်လည်း အရေးပါ၏။ အမှန်အမှားရောနေပြီး ရှင်းလင်းမှုနှင့် ဝေဝါးမှုနှစ်မျိုး ရောရပေမည်။ သို့မှသာ လူအများက သံသယဖြစ်နေစဉ် တစ်ဖက်လူ၏ စကားကို တွေးနေပြီး စိတ်ရှုပ်ထွေးသွားမှာပဲ ဖြစ်၏။
ကျန်းရီက သူ့စကားများကို အဖွဲ့မှူးလုံ အပြည့်အဝ ယုံကြည်ရန် မလိုအပ်ပေ။ သူ့ကို စဉ်းစားဖို့ရာ ရန်စပေးဖို့သာ လိုသည်။ ကျန်းရီ၏ စကားများက အလိမ်အညာများဆိုတာ သိသာနေ၏။ သို့သော် နဂါးညှိုးရော်မြက်ပင် သေတ္တာက အစစ်အမှန်ဖြစ်သည်။ သူ၏ ယခင်လုပ်ဆောင်ချက်များ အားလုံးက အတုအယောင်ပုံရိပ်တစ်ခုကိုသာ ဖန်တီးခဲ့ပြီး အဖွဲ့မှူးလုံကို ပါ့တောက်က သူ၏အကောက်ကြံမှုကြောင့် အသတ်ခံရတာဖြစ်ပြီး ခွန်အားအစစ်အမှန်ကြောင့် အသတ်ခံရတာ မဟုတ်ဟု ယုံကြည်စေခဲ့သည်။
အဖွဲ့မှူးလုံက ကျန်းရီ၏ ကိုယ်ပိုင်ကစားပွဲ၌ သူ့ကို အနိုင်ယူချင်ခဲ့သည်။ သို့သော် ကျန်းရီက သူ့ကိုလည်း ချုံခိုတိုက်ခိုက်ရန် အကွက်ချထားသည်။
သန်မာသည့် သိုင်းပညာရှင်နှစ်ယောက်ကြားရှိ တိုက်ပွဲအကြောင်းဇာတ်လမ်းက နေ့ရက်များ ညပေါင်းများစွာ ပုံပြင်များအဖြစ် ရှိနေပေလိမ့်မည်။ အမှန်တကယ်တွင် နှစ်ဖက်လုံးက ခွန်အားအရ ရင်းနှီးခြင်းမရှိ တစ်ယောက်ကို တစ်ယောက် သတ်နိုင်မှာမဟုတ်။ တိုက်ပွဲသည် နေ့ရက်ပေါင်းများစွာ ကြာမှာမဟုတ်။ အလှည့်တစ်သောင်းခန့် ရှိမှာမဟုတ်ပေ။ ရလဒ်က ချက်ချင်းပင် သတ်မှတ်ပြီးသား ဖြစ်၏။
ဥပမာအနေဖြင့် ကျန်းရီက နဂါးညှိုးရော်မြက်ပင်၏ သေတ္တာကို ထုတ်ယူလိုက်ပြီး အဖွဲ့မှူးလုံ၏ အာရုံစိုက်မှုကို အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့၏။ ယင်းက မျက်တောင်တစ်ခတ်သာ ကြာသော်ငြား ယခုအချိန်တွင် သူတို့က တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်နေပြီဖြစ်သည်။
ကျန်းရီက အဖွဲ့မှူးလုံဆီ အလွယ်တကူ ရွေ့ပြောင်းနိုင်၏။ သူ၏ မီးဝိညာဉ်ပုလဲက ချက်ချင်း တောက်ပလာလေ၏။ လျှပ်စီးဖြင့် အပြာရောင်မီးလုံးများက ခန္ဓာကိုယ်တစ်ဝိုက် ပေါ်လာလေသည်။ သူက ကောင်းကင်ထဲ၌ လက်ဝါးရိုက်ချက်တစ်ချို့ကို ရုတ်တရက် ထုတ်ဖော်လိုက်ပြီး အပြာရောင်မီးလုံးများက အဖွဲ့မှုးလုံဆီ ပြေးဝင်သွားတော့၏။
အဖွဲ့မှူးလုံက ကံဆိုးမိုးမှောင်ကျတာ သိသာနေသည်။ သူ့အတွင်းအားက အစွမ်းထက်ပြီး သူက ယခုအချိန်တွင် သာလွန်သူတော်စင် အသုံးအဆောင်နတ်ဘုရားသံချပ်ကာကို ဝတ်ဆင်ထားသော်ငြား ကျန်းရီက သူနှင့် မီတာသုံးရာအကွာအဝေးတွင် ရှိနေလေ၏။ အပြာရောင်မီးတောက်များက သာမန်မိုးကြိုးမီး မဟုတ်ဘဲ သန့်စင်ထားသော မိုးကြိုးမီးဖြစ်ပြီး မီး၏လျှာအဖြစ် အသွင်ပြောင်းကာ သိမ်းကျုံးသွားတော့သည်။
“အား..”
မိုးကြိုးတောင်ကြားထံ၌ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသောအသံတစ်သံ ထပ်မံ ပေါ်ထွက်လာပြန်၏။ အဖွဲ့မှူးလုံ၏အသံက ယောက်ျားဆန်ခြင်းမရှိ ပါ့တောက်ကဲ့သို့ လွှမ်းမိုးနိုင်ခြင်းလည်း မရှိပေ။ သူ့အသံက ဘဲတစ်ကောာင်စူးရှစွာ အော်နေသည့်ပမာ လူအများကို ကြက်သီးထစေ၏။ အဖွဲ့မှူးလုံ၏ နတ်ဘုရားဒိုင်း ကျိုးပဲ့သွားပြီး သူ၏လေနတ်ဘုရားသံချပ်ကာက ခန္ဓာကိုယ်ကို ကာကွယ်ရန် အလျင်အမြန် ဖြာထွက်လာတော့သည်။ ကံဆိုးသည်မှာ လေနတ်ဘုရားသံချပ်ကာက သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းကိုသာ ကာကွယ်ပေးထားနိုင်ပြီး သူ၏ခေါင်းနှင့်ခြေထောက်တို့က အပြည့်အဝ ပေါ်နေကာ မီးဟပ်ခံလိုက်ရပြီး ချက်ချင်း သေဆုံးသွားတော့၏။
“အဲဒါ အဖွဲ့မှုးလုံပဲ”
အဖွဲ့မှူးလုံထံ နေသည့် သူ့နောက်တွင် ကျန်ခဲ့သော ကောင်းကင်ဧကရာဇ်သုံးဆယ်ကျော်က အဖွဲ့မှူးလုံ၏ အော်သံကို ကြားသောအခါ အားလုံးက လေထဲတွင် ရပ်တန့်လိုက်တော့သည်။ အဖွဲ့မှူးလုံ၏အော်သံက ပါ့တောက်ထက်တောင် ပိုဆိုးဝါးနေလေရာ သူ အသက်ရှင်နိုင်သေးသည်လော။ ယခုမူ ပါ့တောက်နှင့်အဖွဲ့မှုးလုံ သေသွားပြီဖြစ်၏။ သူတို့သည်လည်း သေခြင်းတရားဆီသို့ တစ်ဟုန်ထိုး ပြေးဝင်နေခြင်းပင်လော။
“အမ်..”
အထဲသို့ ဝင်ရန်ပြင်နေသော မိုးကြိုးတောင်ကြားရှိ ကျန်သည့် အဖွဲ့မှူးလေးဦးကလည်း ရပ်တန့်သွားကြ၏။ သူတို့က ထိုအသံကို ရင်းနှီးနေကြသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကောင်းကင်ဧကရာဇ်များက မျက်တောင်ခတ်နေမိ၏။ ကျန်းရီက ပါ့တောက်နှင့် အဖွဲ့မှူးလုံကို သတ်ခဲ့၏။ သူက မိုးကြိုးတောင်ကြားထဲတွင်တောင် ရှိနေသေးသည်။ ကျန်းရီကို သူတို့ မည်ကဲ့သို့ သတ်နိုင်မည်နည်း။ ထိုအစားသူက သူတို့ကို သတ်သွားမည်မဟုတ်ပါလော။
“အရင်ဆုံး စောင့်ကြည့်ကြတာပေါ့”
အသက်ကြီးသော အဖွဲ့မှူးက လေးနက်သည့်အသံဖြင့် ပြောလိုက်ပြီး ကျန်သည့်အဖွဲ့မှူးသုံးယောက်က သူပြောတာ ထောက်ခံသည်။ သူတို့က ကျန်းရီနှင့် တိုက်ရိုက်အချင်းများထားခြင်း မရှိ။ သူ၏ရန်သူ မဟုတ်သေးပေ။ သူတို့စွန့်စားရန် မလိုအပ်ပေ။
“ခစ် ခစ် ခစ်..”
မိုးကြိုးတောင်ကြားနှင့် မလှမ်းမကမ်းတွင် အစ်မကြီးဆည်းလည်းက စတင်ရယ်မောလိုက်တော့သည်။ သူမက ရယ်မောလွန်းသောကြောင့် ရင်သားများက တုန်ယင်နေလေသည်။ ဆည်းလည်းလေးကလည်း အဆက်မပြတ် မြည်နေလေ၏။ သူမမျက်လုံးထဲ၌ အသိအမှတ်ပြုမှုများ ပြည့်နေသည်။ ခေါင်းအနည်းငယ် ညိတ်ပြီးနောက် ပြောလိုက်တော့၏။
“လျှို့ဝှက်ဆန်းကြယ်တဲ့ ပါရမီရှင်တစ်ယောက်ပဲ သူက တကယ် လျှို့ဝှက်ဆန်းကြယ်တဲ့ ပါရမီရှင်တစ်ယောက် မိုးကြိုးမီးကိုတောင် ထိန်းချုပ်နိုင်စွမ်းရှိတယ် သူ့ဗျူဟာတွေက တကယ် မသင့်လျော်တာပဲ ဒီကလေးက သာမန်လူမဟုတ်ဘူး”
ရှောင်ဟုန်က ပါးစပ်အနည်းငယ်ဟကာ ပြောလိုက်တော့၏။
“သခင်မလေး သခင်မလေးရဲ့ကောင်းကင်စိတ်အာရုံက ဒီလောက်အကွာအဝေးကနေတောင် ခြေရာခံနိုင်တယ်လား မိုးကြိုးတောင်ကြားထဲက မိုးကြိုးမီးတွေက လူတစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံကို ဖျက်ဆီးနိုင်စွမ်းရှိတယ် မဟုတ်ဘူးလား သခင်မလေးက ဘယ်လိုလုပ်..”
“ဟမ့်..”
အစ်မကြီးဆည်းလည်းက ရှောင်ဟုန်ကို ကြည့်ပြီးနောက် တီးတိုးပြောလိုက်၏။
“နင်မသိသေးတဲ့ကိစ္စတွေ အများကြီးရှိတယ်၊ လောကကြီးက ကြီးလွန်းတာ ဘာမဆို ဖြစ်နိုင်တယ် ဒီတစ်ကိုယ်တော်ဝံပုလွေကိုပဲ ဥပမာကြည့်လေ သူက ထူးဆန်းတဲ့လူတစ်ယောက် ရှောင်ဟုန် နင် ငါ့ကို ခစားနေတဲ့ တောက်လျှောက် နင် မောက်မာထောင်လွှားလာတယ်၊ ဟမ့် နင့်ခွန်အား နည်းနည်းလေးနဲ့ တစ်နေ့ကျ ငါ အရှေ့ပိုင်းတော်ဝင်နယ်မြေကို ထွက်သွားတဲ့အချိန်ကျရင် နင် တစ်လတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူးဆိုတာ အာမခံရဲတယ်”
“အမ်..”
ရှောင်ဟုန်၏ မျက်လုံးထဲ၌ အကြောက်တရားတို့ ပေါ်လာလေသည်။ ချက်ချင်းပင် ဒူးထောက်ကာ အရှက်မရှိ ပြောလိုက်တော့၏။
“သခင်မလေး ဒီအစေခံက မှားမှန်းသိပါပြီ သေချာပေါက် ပြောင်းလဲပါ့မယ် သခင်မလေး ကျေးဇူးပြုပြီး ရှောင်ဟုန်ကို မစွန့်ပစ်ပါနဲ့”
“ဟူး..”
အစ်မကြီးဆည်းလည်းက ခေါင်းကို ညင်သာစွာ ခါလျက် ရှောင်ဟုန်ဘက်ကို လှည့်လိုက်၏။ သူမက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
“ထတော့ ရှောင်ဟုန် နင်က ကောင်းကင်မိုးကြိုးမြို့မှာ ပထမဆုံး ငါ့ကို ကြင်နာမှုပြခဲ့တဲ့သူပဲ၊ နင်အမှားလုပ်ခဲ့ရင် ငါနင့်ကို ထားခဲ့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ နင်မှတ်ထားရမှာတစ်ခုရှိတယ် တခြားသူတွေကို မှီခိုဖို့ ဘယ်တော့မှ မကြိုးစားနဲ့ ကိုယ်ပိုင်အင်အားက အကောင်းဆုံး အားထားရာပဲ”
ရှောင်ဟုန်က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ပြီး နောက်တစ်ခွန်း ထပ်မပြောရဲတော့ချေ။ သူက မတ်တပ်ထရပ်လိုက်ပြီးနောက် အစ်မကြီးဆည်းလည်း ကြည့်ရာ အရပ်မျက်နှာဆီသို့ ကြည့်လိုက်လေ၏။
“အမ်.. ဒီအနက်ရောင်သံချပ်ကာက ဒီအပူဒဏ်အောက်မှာ အကောင်းပကတိ ရှိနေသေးတယ်လား”
မိုးကြိုးတောင်ကြားထဲတွင် ကျန်းရီက အဖွဲ့မှူးလုံကို မီးမျိုက်ပြီးနောက် အဖွဲ့မှုးလုံပေါ်ရှိ သံချပ်ကာကို စိုက်ကြည့်ကာ ချက်ချင်းပင် မိုးကြိုးမီးကို သူ၏ မီးဝိညာဉ်ပုလဲထဲ ဆွဲသွင်းလိုက်၏။ တန်ဖိုးရှိသော ရတနာကို မပျက်စီးစေချင်ပေ။
ဝှစ်..
သူ့ခန္ဓာကိုယ်က ကောင်းကင်ကို ထိုးဖောက်သွား၏။ သူက အဖွဲ့မှုးလုံ၏ ခေါင်းမရှိ ခြေမရှိသော အလောင်းကို ကိုင်လျက် သံချပ်ကာကို ဆွဲချွတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူက ကောင်းကင်ထဲ၌ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကိုလည်း ဆွဲယူလိုက်သည်။
ရှေးဟောင်းနတ်ဘုရားလက်စွပ်က အဖိုးတန်ရတနာမဟုတ်ပေ။ သို့သော် ထိုအပေါ်ရှိ ကန့်သတ်ချက်များကမူ အလွန်မှော်ဆန်ပေ၏။ ကြမ်းတမ်းသည့် တိုက်ခိုက်မှုအောက်တွင် မဟုတ်လျှင်ပုံမှန်ဆို ပျက်စီးမှာ မဟုတ်ပေ။ လက်စွပ်တွင် သိုလှောင်ထားသော ရတနာများကလည်း လေဟာနယ်၏ ပရမ်းပတာ ဖြစ်မှုထဲ ကျရောက်သွားမှာ မဟုတ်ပေ။
ကျန်းရီက အဖွဲ့မှုးလုံ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် မည်သည့်ရတနာများရှိကြောင်း မရှာခဲ့ပေ။ သူက အဖွဲ့မှုးလုံ၏ အကောင်းအတိုင်းကျန်နေသည့် လက်တစ်ဖက်ကို မလျက် အလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားကာ မိုးကြိုးတောင်တန်းအပြင်ဘက်သို့ ပြန်ထွက်လာ၏။
ထျန်း..
သူက မျက်တောင်တစ်ခတ်အတွင်း ကီလိုမီတာများစွာကို ဖြတ်ကျော်လာ၏။ အဖွဲ့မှူးလုံနှင့် ပါ့တောက်အတွက် အလုပ်လုပ်ပေးကြသော ကောင်းကင်ဧကရာဇ်အယောက်၂၀ကျော်က တောင်တန်းများကို ဖြတ်ကျော်လျက် အနက်ရောင်အရိပ်တစ်ရိပ် ပျံသန်းလာတာကို မြင်သောအခါ အော်ဟစ်လိုက်ကြသည်။ သူ့လက်ထဲတွင်မူ ခေါင်းမဲ့သည့် ခန္ဓာက ပါလာသည်။
သူတို့အကြည့်များက စိမ်းတောက်နေသည်။ အချို့က ဒေါသထွက်နေကာ အချို့က သတ်ဖြတ်လိုစိတ်များ ပြည့်နေ၏။ တချို့က ကြောက်လန့်ကာ အချို့က စိုးရွံ့နေကြ၏။ လူများစွာက အလိုလိုပင် နောက်ဆုတ်သွားကြတော့သည်။ ကျန်းရီများတစ်ဝိုက်၌ မည်သည့်အရှိန်အဝါမျှမရှိ သူ့ခေါင်းက ခေါင်းတုံးဖြစ်နေ၏။ မျက်ခုံးနှင့်မုတ်ဆိတ်တောင် မရှိပေ။ သူက ကြည့်ရတာ အလွန်ထူးဆန်းနေသည်။ ခပ်ဖြည်းဖြည်း ပျံသန်းနေစဉ် သူ့မျက်နှာက မျက်နှာသေဖြစ်နေလေရာ သူ့မျက်လုံးထဲရှိ မျက်ဆံတို့က လူအုပ်ကြီးဆီသို့ အဖြူနှင့်အနက်ကြား ကူးလူးနေလေ၏။ သူ၏မျက်လုံးထဲမှ ရံဖန်ရံခါ မိုးကြိုးအလင်း ပေါ်နေလျက် သူက အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်။ လူအုပ်ကြီးက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရှေ့မတိုးရဲကြပေ။ သူတို့က မည်သို့ပြုလုပ်ရမည်မှန်းမသိ ဖြစ်နေကြ၏။ သူတို့က သတိအနေအထား ဖြစ်နေ၏။ ကျန်းရီကို ကြည့်ရုံသာ ကြည့်ရဲပြီး သူတို့လက်ထဲရှိ လက်နက်မျိုးစုံက အလင်းဖြင့် တောက်ပလာကာ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပြင်ထားသည်။
ဘန်း..
ကောင်းကင်ထဲ၌ ကျန်းရီက တစ်ကီလိုမီတာအကွာတွင် ရပ်တန့်ကာ အဖွဲ့မှုးလုံ၏ အလောင်းကို ပစ်ချလိုက်သည်မှာ သဲအိတ်တစ်အိတ်ကို ပစ်ချလိုက်သည်နှင့်တူနေသည်။ ၎င်းက ကျောက်တုံးကို ထိသွားပြီးနောက် ကျောက်တုံးကို ပေါက်ကွဲသွားစေတော့သည်။ အလောင်းက အပိုင်းပိုင်းအစစ ကြေသွားလျက် အူနှင့်ကလီစာများက နေရာအနှံ့လွင့်ထွက်သွား၏။
“ရွေးချယ်စရာနှစ်ခုရှိတယ်”
“မင်းတို့ရဲ့ခေါင်းဆောင်တွေက သေပြီ ငါ့ကို သစ္စာခံရင်ခံ ဒါမှမဟုတ် မင်းတို့ခေါင်းဆောင်နောက်ကို လိုက်.. ငါ့နောက်ကို လိုက်ဖို့ ရွေးချယ်တဲ့သူတွေက တောင်ရဲ့ဘယ်ဘက်ခြမ်းက ငါးကီလိုမီတာကို သွားကြ ငြင်းတဲ့သူတွေက အခုချိန်မှာ ရိုက်လို့ရပြီ”
...