အဖွဲ့မှူးကျန်း
Vol. 49 Ch. 680
မှန်ကန်သည့် အဖွဲ့ကို ရွေးချယ်ခြင်းက အလွန်အရေးကြီးသည်။
လူတစ်ယောက်သည် မှားယွင်းသည့် အဖွဲ့ကို ရွေးချယ်မိသည်နှင့် အခြေအနေကောင်းလျှင် အနာဂတ်ဝေဝါးပြီး အခြေအနေ ဆိုးလျှင် အသက်ဆုံးမည်။ သို့သော် ပါ့တောက်နှင့်အဖွဲ့မှူးလုံ သေပြီဖြစ်သောကြောင့် ပြဿနာ များများစားစား ရှိတော့မှာ မဟုတ်ပေ။ လူတိုင်းက ကျန်းရီကို ရွေးချယ်ခဲ့လျှင်တောင် ပြဿနာ ရှိမှာမဟုတ်ပေ။ အဖွဲ့မှုးလုံနှင့် ပါ့တောက်က သေရွာကနေ ပြန်လာပြီး သူတို့ဘက်မှာ မရပ်တဲ့သူတွေကို မသတ်နိုင်ဘူး မဟုတ်လား။
ယခုပြဿနာက အုပ်စုသည် ကျန်းရီနောက် လိုက်မလိုက်နှင့် ကျန်သည့်အဖွဲ့မှုးများနောက် လိုက်လျှင်လိုက်၊ သို့တည်းမဟုတ် ကိုယ်ပိုင်အဖွဲ့မှုးများ ဖြစ်မဖြစ်ပေါ်သာ မူတည်သွားသည်။
အဖွဲ့မှုးနှစ်ယောက် သေဆုံးသွားပြီး ကျန်းရီက အဖွဲ့မှုးဖြစ်လာနိုင်၏။ သို့သော် တစ်နေရာ ကျန်နေသေးသည်။
အဖွဲ့က တွေဝေနေရသည့် အကြောင်းအရင်းမှာ ကျန်းရီ၏စွမ်းရည်အကြောင်း ပူပန်နေတာပဲ ဖြစ်သည်။ သူက အသက်၂၀ကျော်စွန်းစွန်းသာ ရှိပုံပေါ်ပြီး သွင်ပြင်အရ ဘာဂျရာနယ်ပယ်သာ ရှိသည်။ ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ခုက သူ့ကို အညံ့ခံရန် ရာရာစစ မည်သို့ မေးရဲသနည်း။ အဖွဲ့သည် အရှက်ကွဲမှုကို ရင်ဆိုင်ရမည်မှာ မလွဲမသွေပင် ဖြစ်၏။ ကျန်းရီက သူတို့ရှေ့တွင် ပါ့တောက်နှင့် အဖွဲ့မှူးလုံကို သတ်ဖြတ်ခဲ့လျှင် သူတို့ရင်ထဲကနေ အရှုံးတရားကို လက်ခံကြမှာပဲ ဖြစ်သည်။ သို့သော် ကျန်းရီ ထိုနှစ်ယောက်ကို မည်သို့ သတ်ခဲ့မှန်း မည်သူမျှ အတိအကျ မသိပေ။
ထို့ကြောင့်အများစုက ကွဲသွားကြသည်။ ဆုံးဖြတ်ချက်ချပြီးသည့်သူ နှစ်ယောက်ရှိ၏။ သူတို့က ဘယ်ဘက်ခြမ်း ငါးကီလိုမီတာတွင်ရှိသော ဧရာမတောင်ဆီသို့ ပျံသန်းသွားကာ လက်နှစ်ဖက်ကို ရိုကျိုးစွာ ဆုပ်လိုက်သည်။
“အဖွဲ့မှုးတစ်ကိုယ်တော်ဝံပုလွေ နောင်ကျ အဖွဲ့မှုးနောက် လိုက်ပါ့မယ်”
“အဖွဲ့မှုးတစ်ကိုယ်တော်ဝံပုလွေ ကျုပ်ကိုလည်း ထည့်တွက်လိုက်ပါ”
တစ်ယောက်က ဦးဆောင်သည်နှင့် တွေဝေနေသည့်သူအချို့က စိတ်ပြင်ဆင်ပြီးကာ ပျံသန်းလာကြ၏။ မကြာမီ၌ ရှိနေသည့် အယောက်၂၇ယောက်ထဲတွင် ၁၂ယောက်က ပျံထွက်သွားသည်။ လေထဲတွင် ၁၅ယောက်ခန့်သာ ကျန်နေကာ မျက်လုံးကလက်နေပြီး ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေလေ၏။
“အဖွဲ့မှုးတစ်ကိုယ်တော်ဝံပုလွေ”
လူတစ်ယောက်က အံကြိတ်ပြီးနောက် ပြောလိုက်၏။
“ငါမင်းရဲ့ရန်သူ မဖြစ်ချင်ဘူး မင်းကို လိုက်ဖို့အတွက် အဖွဲ့မှုးလုံက အမိန့်ပေးခဲ့တာ ငါ ထွက်သွားလို့ ရမလား”
“မင်းမှာရွေးချယ်စရာ၂ခုပဲ ရှိတယ်လို့ ငါပြောခဲ့တယ်”
ကျန်းရီက ထူးမခြားနားဖြင့် အာဏာရှင်ဆန်သည့်လေသံဖြင့် ပြောလိုက်သည်။ သူတို့က သူ့ကို အညံ့ခံလျှင်ခံ အညံ့မခံလျှင် သေရမှာပဲ ဖြစ်သည်။
အစောတုန်းက ပြောခဲ့သော ကောင်းကင်ဧကရာဇ်၏ မျက်နှာထက်၌ အမျက်ဒေါသတစ်စွန်းတစ်စ ထွက်ပေါ်လာ၏။ သို့သော် သူက တန်းမထွက်သွားပေ။ ယခုအချိန်တွင် ကျန်းရီကို ဦးဆောင်ပုန်ကန်ရဲသည့် မည်သူမဆို တိုက်ခိုက်မှု၏ ပထမဆုံးပစ်မှတ် ဖြစ်လာမှာ ဖြစ်၏။
အဖွဲ့မှုးလုံ၏ လက်အောက်ငယ်သား ကောင်းကင်ဧကရာဇ်လုံရှေးက အတော်ကြာ တွေဝေနေပြီးနောက် အသံပို့ကာ ပြောလိုက်တော့သည်။
“အဖွဲ့မှူးတစ်ကိုယ်တော်ဝံပုလွေ ကျုပ်တို့ အပေးအယူ လုပ်ကြရင်ရော ဘယ်လိုလဲ မင်းက အဖွဲ့မှူးနေရာကို တက်ခဲ့တယ်၊ အခု နှစ်နေရာလွတ်နေတာ၊ ကျုပ်တို့တွေက မင်းကို အဖွဲ့မှုးတစ်ယောက် ဖြစ်လာဖို့ ထောက်ပံ့ပေးမယ် ခင်ဗျားကရော ကျုပ်ကို နောက်ထပ်အဖွဲ့မှုးတစ်ယောက် ဖြစ်လာလို့ ထောက်ပံ့ပေးရင်ရော ဘယ်လိုလဲ နောင်ကျ အတူပူးပေါင်းလို့ရပြီ လုံရှေးက မင်းရဲ့ဦးဆောင်မှုနောက်ကို လိုက်မယ် ဘယ်လိုလဲ”
“ဟား ဟား ဟား ..”
ကျန်းရီက ကောင်းကင်ကို မော့ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူက လုံရှေးကို စော်ကားသည့်ဟန်ဖြင့် ကြည့်လိုက်ပြီး အသံမပို့ခဲ့ပေ။ ထိုအစားသူက လှောင်ပြောင်သရော်သော လေသံဖြင့် ပြောလိုက်သည်။
“ငါနဲ့အပေးအယူလုပ်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလဲ မင်းတို့ကောင်တွေနားထောင် ပေါက်တတ်ကရတွေ တော်လိုက် ငါတို့နောက်ကို လိုက်ရင်လိုက် မလိုက်ရင် အဲဒီမှာရပ်ပြီး သေနေ.. ငါး လေး..”
အသံက ထွက်ပေါ်လာသည်နှင့် လူအများစုက ကြောက်လန့်လာ၏။ ၁၅ယောက်ထဲတွင် ငါးယောက်က အံကြိတ်ပြီးနောက် ကျန်းရီရှေ့မှောက်သွားကာ လက်နှစ်ဖက်ဆုပ်လျက် ပြောလိုက်တော့သည်။
“အဖွဲ့မှုးတစ်ကိုယ်တော်ဝံပုလွေ ကျုပ်တို့ ခင်ဗျားနောက် လိုက်ပါ့မယ်”
ဝှစ်..
လူငါးယောက်က ကောင်းကင်ကို ဖြတ်ကျော်လျက် ဘယ်ဘက်ခြမ်းရှိ ကောင်းကင်ဆီသို့ ပျံသန်းသွားသည်။ ကျန်ရှိသည့် လူကိုးယောက်က အေးစက်စက် အလင်းများ တောက်ပနေသော လုံရှေးကို ကြည့်နေတာ သေချာ၏။ သူက စိတ်မဆုံးဖြတ်နိုင်သေးပေ။
“သုံး..”
“နှစ်..”
ကျန်းရီ၏ အေးစက်စက် အသံက ထွက်ပေါ်လာ၏။ အရှိန်အဝါတို့က လုံရှေးဆီ ရောက်လာလျက် သူက ရုတ်တရက် အော်ဟစ်လိုက်တော့သည်။
“ညီအစ်ကိုတို့ သူ့ကို အတူ တိုက်ခိုက်ရအောင် သတ်..”
ကျန်သည့်လူကိုးယောက်က ယခုအချိန်ထိ အညံ့မခံသေးပေ။ သူတို့က လက်မခံလိုတာ သိသာနေ၏။ လုံရှေး၏အော်သံကို ကြားလိုက်ရသည်နှင့် လှုပ်ရှားကြတော့သည်။ သူတို့က အလင်းစီးကြောင်းဆယ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းရီဆီသို့ ဝင်ရောက်သွားလေ၏။ သူတို့၏ လက်ထဲ၌ လက်နက်မျိုးစုံက တောက်ပနေကော တာအိုပုံစံတိုက်ကွက်မျိုးစုံနှင့် အထူးမှော်စွမ်းရည်များစွာကိုလည်း ထုတ်ဖော်နေ၏။
“မင်းတို့က သေခြင်းတရားရဲ့အဓိပ္ပာယ်ကို မသိဘူးပဲ”
ကျန်းရီက နှာခေါင်းရှုံ့လိုက်၏။ သူ၏ မီးဝိညာဉ်ပုလဲက တစ်လှမ်းစောပြီး တောက်ပသွားတော့သည်။ အပြာရောင်မီးလျှံလုံးများက ပေါ်ထွက်လာပြီး သူ့နားချက်ချင်း ရစ်ဝဲသွားတော့၏။ တစ်ချိန်တည်းတွင် မီးတိမ်သံချပ်ကာက ကိုယ်ပေါ်၌ ပေါ်လာလေ၏။ ထိုနည်းတူ မီးနဂါးဓားလည်း ပေါ်လာသည်။ သူက သိုင်းစွမ်းရည်နှစ်မျိုးကို ပေါင်းစည်းလိုက်ပြီး ရုတ်တရက် သူ့ဓားကို ရှေ့သို့ လွှဲခုတ်ချလိုက်၏။
ချီး ချီး..
မီးနဂါးသောင်းချီက ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမီးကို သယ်ဆောင်လာလေ၏။ မိုးကြိုးမီးရောက်မလာခင် အပူလှိုင်းတို့က ကောင်းကင်နှင့်မြေကြီးကို လွှမ်းသွားတော့သည်။
“ဒါက..”
လုံရှေးနှင့် သူ့အဖွဲ့က သူတို့တိုက်ကွက်များကို ထုတ်ဖော်တော့မည့် အချိန်တွင် ချက်ချင်း ကြောက်ရွံ့ကုန်၏။ သူတို့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး အပိုင်းထဲ၌ သေစေနိုင်သည့် အန္တရာယ်ကို သတိပေးသံများ ထွက်ပေါ်နေ၏။ အလိုလို သိစိတ်များအရ သူတို့ကို နောက်ပြန်ပြေးစေသည်။ သူတို့က သေခြင်းတရားအရှိန်အဝါဖြင့် လွှမ်းခြုံခံထားရကာ ယခုအချိန်တွင် မည်သူက လှုပ်ရှားရဲမည်နည်း။
“မြန်မြန် နောက်ဆုတ်ကြ..”
ထိုလူဆယ်ဦးသာမက မလှမ်းမကမ်းရှိ ကျန်သည့်ကောင်းကင်ဧကရာဇ်၁၇ယောက်ကလည်း ကြောက်လန့်သွားသည်။ သူတို့ နတ်ဘုရားဒိုင်းများ ရှိနေသော်ငြား လူတိုင်းက ကြောက်မက်ဖွယ်ကောင်းသည့် အပူဒဏ်ကို ခံနိုင်ရည်မရှိ ရူးသွပ်စွာ နောက်ဆုတ်လိုက်ကြ၏။
လူ ၁၇ ယောက်သည် အစောတုန်းက မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချခဲ့မိသည့်အတွက် ကြိတ်ပျော်သွားကြသည်။ မဟုတ်လျှင် ပါ့တောက်နှင့်အဖွဲ့မှုးလုံ ဖြစ်ခဲ့သလိုမျိုး လုံရှေးနှင့်ကျန်သည့်သူ ၉ဦးကလည်း ဖြစ်လာလိမ့်မည်။
“အား..”
နာနာကျင်ကျင် အော်သံ၁၀သံ ထွက်ပေါ်လာ၏။ အဖွဲ့မှုးလုံနှင့် ပါ့တောက်ကတောင် အပူချိန်ကို ခံနိုင်ရည် မရှိလေရာ လုံရှေးနှင့် ကျန်သည့်အဆင့်နိမ့်ကောင်းကင်ဧကရာဇ် ၉ဦးက ၎င်းကို မည်သို့ ခံနိုင်မည်နည်း။ အပူလှိုင်းက နတ်ဘုရားဒိုင်းကို ချက်ချင်း ဖျက်ဆီးသွားပြီးနောက် သူတို့၏ခန္ဓာကိုယ်ကို ဘာမှမရှိတော့သည်အထိ လောင်ကျွမ်းပစ်စေ၏။
အလောင်းကျန်နေသေးသည့် လုံရှေးမှအပ ကျန်သည့်သူများက အမှုန်အမွှားတောင် မကျန်ပေ။ လက်စွပ်ဆယ်ကွင်းက လေထဲ၌ မျောနေလေ၏။ သာလွန်သူတော်စင် အသုံးအဆောင်များအားလုံး အကောင်းပကတိ ဖြစ်နေသေးသော်ငြား အချို့သူတော်စင် အသုံးအဆောင်များက ထိခိုက်ကုန်သည်။
သာလွန်သူတော်စင် အသုံးအဆောင်နှင့် ပကတိသူတော်စင် အသုံးအဆောင်၏ ကွာဟချက်ကြောင့် မဟုတ်ပေ။ အတွင်းရှိ အစီအရင်များကြောင့် ဖြစ်သည်။ ထို့ကြောင့် သာလွန်သူတော်စင် အသုံးအဆောင်ကို ဖျက်ဆီးရန်က အလွန်ခက်ခဲလေသည်။
ဝှစ်..
ကျန်းရီက စိတ်ခံစားချက်မဲ့စွာ ဖြတ်သန်းသွားပြီး လက်စွပ်၁၀ကွင်းကို ယူကာ မပျက်စီးသေးသည့် သာလွန်သူတော်စင် အသုံးအဆောင်သုံးခုကို ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲ ထည့်လိုက်၏။ ကောင်းကင်ထဲရှိ မိုးကြိုးမီးကိုလည်း မီးဝိညာဉ်ပုလဲက အလိုအလျောက်စုပ်ယူလိုက်ကာ မြင့်မားသောအပူချိန်က တဖြည်းဖြည်းချင်း လျော့သွားတော့သည်။
ဝှစ်..
အပူဒဏ်ပျောက်ကွယ်သွားသည်နှင့် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည့် ကောင်းကင်ဧကရာဇ်များက ချက်ချင်း ပြန်ရောက်လာသည်။ သူတို့က ကျန်းရီအောက်ရှိ တောင်ပူစာလေးပေါ်၌ စီတန်းရပ်နေလေကာ တညီတညာတည်း ဒူးထောက်ကာ အော်လိုက်တော့၏။
“အဖွဲ့မှုးတစ်ကိုယ်တော်ဝံပုလွေ”
လူ၁၇ယောက်က အော်လိုက်လေရာ သူတို့အော်သံက မိုးခြိမ်းသံပမာ ကျယ်လွန်းလှပြီး လယ်ကွင်းများကို ဖြတ်သွားတော့၏။ အားလုံးက အင်မတန် ဆုံးဖြတ်ချက် ပြတ်သားပုံပေါ်လေသည်။ ခုနတုန်းက ကျန်းရီ၏စွမ်းရည်ကို အမေးထုတ်နေခဲ့သည့် သူများ ရှိနေခဲ့လျှင် ယခုအချိန်တွင်မူ မမေးရဲတော့ပေ။ သူတို့သည် ငါးကီလိုမီတာအကွာမှ သေစေလောက်သည့် အပူလှိုင်းကို မဖြေရှင်းနိုင်ပေ။ အစ်မကြီးဆည်းလည်းမှအပ အဖွဲ့မှူး၁၀ယောက်က အပူဒဏ်ကို ဘယ်တော့မှ ခံနိုင်မှာမဟုတ်။ ကျန်းရီကို သတ်နိုင်မှာလည်း မဟုတ်ပေ။
ကျန်းရီက မိုးကြိုးမီးထုတ်ဖော်လိုက်ပြီး သူ့နားတစ်ဝိုက် မိုးကြိုးမီး ရစ်ဝဲလာသည်နှင့် မြို့ထဲရှိ ကျန်သည့်အဖွဲ့မှုးများကလည်း သူနှင့် ငါးကီလိုမီတာအကွာသို့ မကပ်ရဲတော့ပေ။ သူ့နား ချဉ်းကပ်လာသည်နှင့် သူတို့ အသတ်ခံရမှာ သေချာ၏။ အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်ယောက်၏ အတွင်းအားမရှိဘဲ နတ်ဘုရားဒိုင်းက မီးတောက်၏ လောင်ကျွမ်းမှုကို မခုခံနိုင်ပေ။
“အဖွဲ့မှုတစ်ကိုယ်တော်ဝံပုလွေ”
ကျန်းရီက မျက်မှောင်ကြုတ်လိုက်၏။ သူက ခေါ်ခံရသည့်ပုံစံ ထူးဆန်းနေသည်။ သို့သော်ငြား သူ၏ အမည်အမှန်ကို မထုတ်ဖော်ချင်ပေ။ ထို့ကြောင့် သူက အမိန့်ပေးလိုက်၏။
“နောင်ကျ ငါ့ကို အဖွဲ့မှုးကျန်းလို့ပဲခေါ် အားလုံး ထကြ”
လူတစ်ဒါဇင်ကျော်က တစ်ညီတစ်ညွတ်တည်း ထရပ်လိုက်သည်။ လက်နှစ်ဖက်ကို ဆုပ်မိုးလျက် လေးနက်သောအသံဖြင့် အော်လိုက်တော့သည်။
“ဟုတ်ကဲ့အဖွဲ့မှုးကျန်း..”
“လူစုခွဲကြရအောင်..”
ကျန်းရီက လက်ကို ဝှေ့ယမ်းပြီး မိုးကြိုးတောင်တန်းများဆီ ပျံသန်းသွား၏။ သူက ခေါင်းငုံ့ထားလျက် အောက်ရှိမြေပြင်ကို ကြည့်လိုက်သည်။
“ငါ တခြားအဖွဲ့မှူးတွေနဲ့ တွေ့လိုက်မယ် သူတို့ လက်မခံတာရှိခဲ့ရင် မင်းတို့ ငါ့ ဦးဆောင်မှုနောက်လိုက်ပြီး သူတို့ကို သတ်”
“ဟုတ်ကဲ့ အဖွဲ့မှုးကျန်း”
လူ၁၇ယောက်က လက်သီးဆုပ်မိုးလျက် ကျယ်လောင်စွာ အော်လိုက်ပြီးနောက် ထရပ်ကာ ကျန်းရီနှင့်အတူ မိုးကြိုးတောင်တန်းဆီသို့ ပျံသန်းသွား၏။ သူတို့က သူ့နား နီးနီးကပ်ကပ် မနေရဲဘဲ မီတာသုံးရာ ခွာထား၏။ သို့မှသာ တိုက်ခိုက်ကြလျှင် သူတို့ မီးအဟပ်မခံရမှာ ဖြစ်သည်။
လူတိုင်းက စိတ်လှုပ်ရှားနေပုံပေါ်နေ၏။ အဖွဲ့မှူးလုံနှင့် ပါ့တောက်က မြို့ထဲတွင် အဆင့်အလွန်မမြင့်ပေ။ အဖွဲ့မှုးလုံက အဆင့်ခြောက်၊ ပါ့တောက်က အဆင့်ရှစ် ဖြစ်၏။ မြို့ထဲရှိ သူတို့အဆင့်အတန်းအရ အလွန်မြင့်မားခြင်း မရှိပေ။
သူတို့က ကျန်းရီနောက်သို့ ယခုလိုက်နေချိန်တွင် သူက ကျန်သည့်အဖွဲ့မှူးများကို ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် သေချာပေါက် ဟန့်တားနိုင်လိမ့်မည်။ ထိုအဖွဲ့မှူးများက လက်မခံလျှင် ကျန်းရီက သူတို့အားလုံးကို သတ်ရုံသာ ဖြစ်သည်။
လူအုပ်ကြီးက မြန်မြန်ဆန်ဆန် ပျံသန်းလာပြီး မိနစ်ပိုင်းအတွင်း မိုးကြိုးတောင်ကြားထဲမှ ထွက်လာခဲ့၏။ လူတစ်ရာနီးပါးရှိနေသော အဖွဲ့မှူးလေးယောက်က အခြေအနေကို တိတ်ဆိတ်လေ့လာနေသည်။ ကျန်းရီနှင့် ကျန်သူများ ထွက်လာတာကို မြင်တွေ့ချိန်၌ သူတို့က ကြောက်လန့်သည့် အရိပ်အယောင်ပေါ်လာသည်။ သူတို့က အစောတုန်းက အော်သံဆယ်သံက သူတို့ကို အကြောက်တရားကြောင့် တုန်လှုပ်သွားစေခဲ့ပြီး ဖြစ်၏။
သူတို့က ကျန်းရီသည် စိတ်ခံစားချက်မဲ့သည့်ပုံဖြင့် ပျံသန်းလာတာကို မြင်လိုက်ရပြီး သတ်ဖြတ်လိုသည့် အကြည့်ဖြင့် လူ၁၇ယောက် လိုက်လာတာကို တွေ့လိုက်ရ၏။ သတ်ဖြတ်ခြင်းနတ်ဘုရား သူတို့ဆီ ချဉ်းကပ်လာသည့်ပမာ သူတို့ ခံစားလိုက်ရသည်။ ကျန်းရီ၏ မျက်လုံးထဲ၌ ရံဖန်ရံခါ မိုးကြိုးသွားများ ပေါ်နေလေရာ ပိုတောင် ကြောက်မက်ဖွယ် ကောင်းနေလေတော့သည်။
...