သင့်တော်တဲ့လူတစ်ယောက် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းကို သင်ပေးသင့်လား
Vol. 49 Ch. 681
ကျန်းရီက မိုးကြိုးတောင်ကြား အပြင်ဘက်ရှိလေထဲ၌ ပျံသန်းနေစဉ် လူ၁၇ယောက်က သူနှင့် မီတာ၁၆၀၀အကွာ၌ အတန်းလိုက် ရပ်နေလေ၏။ သူတို့က ထူးချွန်သည့် တိုက်ခိုက်ရေးသမား ၁၇ယောက်နှင့် တူနေပြီး အယောက်၁၀၀သော ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များနှင့် နီးနီးကပ်ကပ် မျက်နှာချင်းဆိုင်နေရသည့်အချိန်တွင်တောင် မည်သည့်အားနည်းချက်ကိုမှ မပြပေ။
အဖွဲ့မှုးလေးယောက်ကလည်း လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလျက် သူတို့နောက်၌ အယောက်၁၀၀ကျော်က တစ်တန်းတည်း ရပ်နေလေသည်။ သူတို့က ကျန်းရီနှင့် ၈မိုင်အကွာခန့် ရှိနေပြီး သူတို့နေရာတွင် ရပ်ရုံသာ ရပ်နေပြီး တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေလေ၏။
အဖွဲ့မှူးလေးယောက်နောက်ရှိ ၁၀မိုင်ကျော်က မိုးကြိုးတောင်တန်းဖြစ်သည်။ မိုးကြိုးတောင်တန်းရှေ့၌ လူအယောက်၁၀၀၀၀ ကျော် စုဝေးနေပြီး မိုးကြိုးကျောက်တုံးများအတွက် ယနေ့တိုက်ခိုက်ရန် ရောက်လာကြသူများ ဖြစ်သည်။ ထိုလူများကို အမျိုးမျိုးသော အဖွဲ့မှူးများက လွတ်လိုက်ပြီး ကောင်းကင်ဧကရာဇ်ခေါင်းဆောင်များက လိုက်ပါပို့ဆောင်တာ ဖြစ်သည်။ သူတို့အားလုံးက အနားကပ်ရဲခြင်း မရှိဘဲ အရှေ့အရပ်ဆီသို့သာ စိုးရိမ်ပူပန်စွာ ကြည့်နေလျက် အသက်ပြင်းပြင်းတောင် မရှုရဲကြချေ။
ခဏတာ စောင့်ဆိုင်းပြီးနောက် ကျန်းရီသည် နောက်ဆုံး၌ ပါးစပ်ဟကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ သူ၏ အသံက မကျယ်ပေ။ နူးညံ့ခြင်းမရှိသော်ငြား ဧရိယာတစ်ခုလုံးကို ပျံ့သွားသည်။ မိုးကြိုးတောင်ခြေတွင် ရှိသည့် သိုင်းပညာရှင်များကတောင် သူပြောတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
“ကျုပ်မျိုးရိုးနာမည်က ကျန်း၊ နာမည်ပြောင်က တစ်ကိုယ်တော်ဝံပုလွေ ကျုပ် ဒီနေ့ ဒီနေရာမှာ ရပ်နေတာက အားလုံးကို ပြောစရာတစ်ခု ရှိလို့ပဲ ပါ့တောက်နဲ့အဖွဲ့မှူးလုံက ကျုပ်ကို သတ်ချင်တယ် ဒါပေမဲ့ အစောတုန်းကပဲ ကျုပ် သတ်တာ ခံလိုက်ရတယ် သူ့ရဲ့လက်အောက်ငယ်သား ဆယ်ယောက်က သစ္စာမခံချင်ကြဘူးလေ ဒါကြောင့် သူတို့လည်း ကျုပ်သတ်တာ ခံလိုက်ရတယ်.. ကျန်တဲ့သူတွေကတော့ ကျုပ်ကို သစ္စာခံပြီးကြပြီ ကျုပ်က ပြဿနာတွေကို သဘောမကျတဲ့သူ ခင်ဗျားတို့ ကျုပ်ကို ရန်စမယ်ဆို ကျုပ်သေချာပေါက် သက်ညှာမှာ မဟုတ်ဘူး ဒီနေရာကို လူတွေ ဦးဆောင်ပြီး ခေါ်လာတဲ့သူတွေအတွက်ကတော့ ခင်ဗျားတို့ ပွဲကြည့်ချင်ရုံသက်သက်ဆို ခင်ဗျားတို့ အခု ပြန်လို့ရပြီ မြို့ကို ပြန်ရောက်တဲ့အခါ အားလုံးကို တစ်ခွက်ဒကာခံမယ် ခင်ဗျားတို့က ဒီ ကျန်းနဲ့ ဖြေရှင်းချင်တယ် ဆိုရင်တော့ အခု လှုပ်ရှားလို့ရပြီ”
ကျန်းရီက ထူးမခြားနား လေသံဖြင့် ပြောလိုက်ပြီး အလွန်ရိုင်းပြ၏။ လွန်ကဲသည်ဟူ၍ သတ်မှတ်၍တောင် ရသည်။ သူ့စကားလုံးများက မိုးကြိုးတောင်တန်းများပေါ်ရှိ သိုင်းပညာရှင်များအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး အဖွဲ့မှူးလေးဦး၏ လက်အောက်ငယ်သားများကိုလည်း အုတ်အုတ်ကျက်ကျက် ဖြစ်စေ၏။ သူ နောက်ဆုံး စကားပြောပြီးသည်နှင့် အားလုံးက ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားကြ၏။ ဖိနှိပ်နေသော လေထုက အကန့်အသတ်သို့ ရောက်လာပြီး လူတိုင်းက ရန်လိုစိတ်တို့ ပေါ်လာသည်။ အဖွဲ့မှူးလီ၏ ဘယ်ဘက်ခြမ်းတွင် ဆံပင်များ ပွယောင်းနေသည့် အဘိုးအိုက ရပ်နေ၏။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ထားလျက် လင်းယုန်တစ်ကောင်ကဲ့သို့ နှာခေါင်းရှည်ပြီး အဖွဲ့မှူးရင်ဟူ၌လည်း သိကြသည်။ ဘယ်ဘက်ခြမ်းရှိ ဒုတိယမြောက်လူက ပြုံးနေသောကျားဖြစ်ပြီး ချန်ဝမ်ကွမ်းထက် ပိုဝသည့် ဖက်တီးတစ်ယောက် ဖြစ်သည်။ သူကလည်း အသားလုံးသာ ဖြစ်၏။ တတိယတစ်ယောက်ကမူ မှုန်သုန်ပြီး အေးစက်စက် လူရွယ်ဖြစ်ကာ အဖွဲ့မှူးဟေး ဖြစ်သည်။ နောက်ဆုံးတစ်ယောက်ကမူ အနည်းငယ် အရုပ်ဆိုးကာ လူအများကို မသက်မသာ ဖြစ်စေပြီး အစ်ကိုကြီးဟုန် ဟူ၍ နာမည်ရှိသည်။
သူတို့လေးဦးလုံးသည် အဖွဲ့မှုးရာထူးကို တက်ခဲ့တာ အချိန်အတော်ကြာပြီဖြစ်သည်။ သူတို့ထဲ၌ စီနီယာအကျဆုံးက ဆယ်နှစ်ကျော် အဖွဲ့မှူးဖြစ်လာတာ ဖြစ်ပြီး ဂျူနီယာအဖွဲ့မှူးများက သုံးနှစ်ကနေ ငါးနှစ်ဝန်းကျင်သာ ရှိကြ၏။ လုမျိုးနွယ်စုနှင့် အစ်မကြီးဆည်းလည်းမှအပ မည်သူကများ သူတို့ကို အထင်သေးရဲမည်နည်း။
ယခုအချိန်တွင် ကျန်းရီက သူတို့ကို အထင်သေးနေ၏။
ထိုလူငယ်သည် လွန်ခဲ့သည့်လအနည်းငယ်က ကောင်းကင်မိုးကြိုးမြို့သို့ ရောက်လာသည့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်သည်။ သူ့၌ ထူးဆန်းသည့် ခွန်အားအချို့ ပိုင်ဆိုင်ထားသည့်တိုင် သူက မည်သို့ မောက်မာရဲသနည်း။ ထို့အပြင် ထိုမျှများပြားသည့် လူများစွာရှေ့၌ သူကိုယ်တိုင် အဖွဲ့မှုးလေးယောက်ကို ရန်စနေသည်။ ထိုအရာကို အဖွဲ့မှူးလေးယောက်က မည်သို့ သည်းခံရမည်နည်း။ ထိုလူများအားလုံးက ဂုဏ်သိက္ခာအဆင့်အတန်းကို ဦးစားပေးကြသူများ ဖြစ်၏။ ထိုဂုဏ်သိက္ခာ မရှိလျှင် သူတို့လက်အောက်ငယ်သားများက သူတို့လက်အောက်တွင် ယုံယုံကြည်ကြည် ခစားတော့မှာ မဟုတ်ပေ။ လက်အောက်ငယ်သားများက မယုံကြည်လျှင် အဖွဲ့မှူးများက သူတို့ကို မည်ကဲ့သို့ ဦးဆောင်ရတော့မည်နည်း။ ထို့ကြောင့် အဖွဲ့မှူးလေးဦးက အချင်းချင်း ကြည့်လိုက်သည်။ အရုပ်ဆိုးဆိုးအဖွဲ့မှူး အစ်ကိုကြီးဟုန်က အေးစက်စက် အသံဖြင့် ပြောလိုက်၏။
“ဟေ့ကောင် အကြီးတွေကို တွေ့တဲ့အချိန် ရိုကျိုးရမယ်ဆိုတာ မင်းမသိဘူးလား ကျင့်ဝတ်ထုံးတမ်းက ဘာမှန်းမသိဘူးလား သင့်တော်တဲ့လူတစ်ယောက် ဖြစ်အောင် မင်းကို သင်ပေးသင့်တာလား”
ကျန်းရီက မျက်ခုံးပင့်လျက် ထိုလူကို ကြည့်လိုက်သည်။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့၏။
“ဘာကြောင့်လဲ ခင်ဗျားက ကျုပ်ကို သင့်တော်တဲ့သူတစ်ယောက် ဖြစ်အောင် ဘယ်လို နေရမလဲဆိုတာ သင်ပေးတော့မလို့လား ဒါဆိုလည်း အဲဒီကိုသွားပြီး လေ့ကျင့်ရအောင်လား”
ကျန်းရီက တိုက်ပွဲဆာလောင်သည့် ခြင်္သေ့တစ်ကောင်ပမာ ရန်စသည့်လေသံဖြင့် ပြောလိုက်၏။ ပတ်ဝန်းကျင်အခြေအနေကလည်း တင်းမာနေပြီးသား ဖြစ်ရာ ကျန်းရီ ပြောပြီးနောက် အစ်ကိုကြီးဟုန်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တည်ရှိမှုက ချက်ချင်းပေါ်ပေါက်လာ၏။ ဧရာမဆူးချွန်ကျိုင်းက သူ့လက်ထဲ၌ပေါ်လာပြီး လေထုကို တင်းမာသွားစေ၏။ လေထုကို လောင်မြိုက်စေနိုင်သည့် သာမန်မီးပွင့်ဟု ထင်မှတ်ရကာ ပြင်းထန်သည့် တိုက်ပွဲ ဖြစ်စေသည်။
“ဟီး ဟီး”
ထိုစဉ် အဖွဲ့မှူးရင်က ရုတ်တရက် ထူးထူးဆန်းဆန်း ရယ်လိုက်ရာ လေထုကို အနည်းငယ် ပြေလျော့သွားစေ၏။ သူက ကျန်းရီဘက်လှည့်ပြီး လက်နှစ်ဖက်ကို ဆုပ်မိုးကာ ပြောလိုက်သည်။
“အဖွဲ့မှူးကျန်း ငါ အဖွဲ့မှုးရင်က အသက်ကြီးပါပြီ ငါ့ဦးနှောက်တွေလည်း ကောင်းကောင်း အလုပ်မလုပ်တော့ဘူး အဖွဲ့မှုးကျန်းကို သင့်တော်တဲ့လူတစ်ယောက်ဖြစ်ဖို့ ကျုပ် မသင်ပေးသင့်ပါဘူး ပြန်ရောက်ပြီးတဲ့နောက် သုံးရက်တိုင် စားသောက်ပွဲကြီးနဲ့ ဒကာခံရင်ရော ဘယ်လိုလဲ”
ကျန်းရီက ထိုဖက်ကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။
“အဖွဲ့မှူးရင်က သောက်စားတဲ့ပွဲတစ်ပွဲ လိုချင်တာလား ရိုးရှင်းပါတယ် ပြန်ရောက်တဲ့အချိန် ဆယ်ရက်ဆယ်ညလုံးလုံး ဒကာခံမယ် ခင်ဗျားရဲ့ ခန္ဓာကိုယ်အိုကြီးက ခံနိုင် မခံနိုင်ပဲ မူတည်တယ်”
“ဟား ဟား ဟား”
အဖွဲ့မှူးရင်က ရှည်ကြာစွာ ရယ်မောလိုက်၏။
“ဒါဆို ပြောပြီးသားနော် ဆယ်ရက်ဆယ်ည ကလေးတို့ ပြန်ကြရအောင်”
အဖွဲ့မှူးရင်က သူ့လူများကို ဦးဆောင်လျက် ကောင်းကင်မိုးကြိုးမြို့သို့ ပျံသန်းသွားသည်။ သူ၏အားနည်းမှုကို ရုတ်တရက် ပြသမှုသည် ကျန်သည့်အဖွဲ့မှုးသုံးယောက်၏ မျက်လုံးထဲ တွေဝေမှု အရိပ်အယောင် ပေါ်လာစေသည်။ လှုပ်ရှားတော့မည် အစ်ကိုကြီးဟုန်ကမူ ရုတ်တရက် ငြိမ်ကျသွားလေ၏။ သူ့မျက်နှာက ဖြူရော်နေကာ သူ၏အမှားကို တွေးမိသွားပုံပေါ်သည်။ သူတို့လေးယောက်လုံး၏ ခွန်အားက ဖြုံလောက်ပြီး ပြိုင်စံရှားစွမ်းရည် ကိုယ်စီ ရှိကြသည်။ သို့သော် မည်သူကမျှ အချိန်တိုအတွင်း ပါ့တောက်နှင့် အဖွဲ့မှုးလုံကို မဖယ်ရှားနိုင်တာ သေချာသည်။ သူတို့လေးယောက် ပူးပေါင်းခဲ့လျှင် ကျန်းရီကို ဖယ်ရှားရန် အခွင့်အရေး ရှိလောက်၏။ သို့သော် အဖွဲ့မှူးရင်က ရုတ်တရက် နောက်ဆုတ်သွားလေသည်။ ထို့ကြောင့် အစ်ကိုကြီးဟုန်က ပြန်စဉ်းစားရမည်။ ကျန်နှစ်ယောက်ကရော နောက်ဆုတ်မည်လော။ သူက ကျန်းရီကို သူတစ်ယောက်တည်း သတ်ဖြတ်ရမည်လော။
မကြာမီ၌ ပြုံးနေသောကျားကလည်း ပြုံးလာလေ၏။ သူ၏မျက်နှာက ဝလွန်းလေရာ မျက်နှာက မမြင်နိုင်ဘဲ လတ်ဆတ်သော ပန်းတစ်ပွင့်ပမာ ဖူးပွင့်နေလေ၏။ သူက ရယ်မောပြီး ပြောလိုက်၏။
“အဖွဲ့မှူးကျန်းက မရက်ရောလိုက်တာ အဖွဲ့မှူးရင်ကိုပဲ ဖိတ်ပြီး ကျုပ်အစ်ကိုကြီးဟူကိုရော ဘာကြောင့် မဖိတ်တာလဲ ဒါက မင်းရဲ့အမှားပဲ”
ကျန်းရီက လက်သီးဆုပ်မိုးလျက် တည်ငြိမ်စွာ ပြောလိုက်သည်။
“အစ်ကိုကြီးဟူက မျက်နှာသာပေးမယ်ဆိုရင် ကျုပ်သေချာပေါက် ဖိတ်မှာပေါ့”
“ဟား ဟား”
ပြုံးနေသောကျားက ရယ်မောလိုက်ချိန် သူ့ခန္ဓာကိုယ်ဝဝကြီးက လှုပ်ခါသွားသည်။ သူက လက်ဝှေ့ယမ်းလျက် ပြောလိုက်သည်။
“ညီနောင်တို့ ပြန်ကြမယ် အဖွဲ့မှူးကျန်းက သူပြန်ရောက်တဲ့အချိန် သေရည်ပွဲကြီးနဲ့ ဧည့်ခံလိမ့်မယ်”
ဤနည်းဖြင့် နောက်ထပ် အဖွဲ့မှူးတစ်ဦး ထွက်သွားသည်။ အစ်ကိုကြီးဟုန်၏ အမူအရာက ပိုတောင် ဆိုးလာလေ၏။ သူက အေးစက်စက် သွင်ပြင်အဖွဲ့မှူးဟေးကို ကြည့်လိုက်သည်။ အေးစက်လွန်းသည့် အဖွဲ့မှူးဟေးကရော အခုချိန်ကျန်းရီဆီကနေ နောက်တစ်လှမ်းဆုတ်မှာ မဟုတ်လောက်ဘူး မဟုတ်လား။
မည်သူက သိမည်နည်း။ အဖွဲ့မှူးဟေး၏ သုန်မှုန်နေသော မျက်နှာက အားတင်းပြီး ဖျစ်ညစ်ပြုံးကာ လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့သည်။
“အဖွဲ့မှုးကျန်း မင်းပြန်ရောက်တဲ့အချိန် ဒီလောင်ဟေးကို ဖိတ်ဖို့ သတိရအုံး ကျုပ် အရင်သွားနှင့်မယ်”
ကျန်သည့်သူများက သူ့ကို လေးစားမှုပြနေချိန်တွင် ကျန်းရီကလည်း လေးစားမှု အမြဲတမ်း ပြန်ပြ၏။ သူက လက်သီးနှစ်ဖက်ကို ဆုပ်မိုးလျက် စစ်မှန်စွာ ပြောလိုက်တော့သည်။
“အဖွဲ့မှူးဟေး အချိန်ယူပါအုံး”
လူတစ်ရာထဲတွင် တစ်ဝက်ကျော်က ထွက်သွားပြီး အစ်ကိုကြီးဟုန်နှင့် သူ့လူ အယောက်၂၀သာ ကျန်ရစ်၏။ အယောက်၂၀ကလည်း ဆွံ့အနေလေသည်။ အစ်ကိုကြီးဟုန်၏ အရုပ်ဆိုးသော အမူအရာကလည်း ရှုံ့မဲ့နေလေရာ စိတ်ထဲတွင် ကျိန်ဆဲနေလေ၏။ သို့သော် သူက ကျန်းရီနှင့် အငြင်းပွားပြီးသား ဖြစ်၏။ သူက လက်အောက်ငယ်သားများနှင့် မိုးကြိုးတောင်ရှိ လူအားလုံးရှေ့၌ ရန်စခဲ့ပြီးသား ဖြစ်သည်။ သူ ရုပ်သိမ်းရမည်လော။ ယခုအခေါက်တွင် သတ္တိကြောင်ခဲ့လျှင် သူ မြို့ထဲ၌ မည်သို့ ဆက်နေရမည်နည်း။
တိုက်ခိုက်ရမလား။
သူ၏ခွန်အားက အဖွဲ့မှူးလုံနှင့် အဆင့်တူမှန်း သိသည်။ ကျန်းရီက အဖွဲ့မှူးလုံကို သတ်နိုင်ခဲ့လျှင် သူ့ကိုလည်း သတ်နိုင်မှာပဲ ဖြစ်၏။ အရေအတွက်ယှဉ်လျှင် ကျန်းရီ၌လည်း လက်အောက်ငယ်သား ၁၇ယောက် ရှိနေ၏။ အဖွဲ့မှုးဟုန်၏ လက်အောက်ငယ်သားများကလည်း ကြောက်လန့်နေကြသည်။ တိုက်ပွဲဖြစ်ပွားလျှင် သူတို့ ဤနေရာ၌ ပျောက်ကွယ်သွားနိုင်၏။ သူတို့သည် အစ်ကိုကြီးဟုန်၏ ကြေးစားများ ဖြစ်သော်ငြား သူတို့က သူ၏ဝိညာဉ်ကျွန်များ မဟုတ်ပေ။ ရိုးရိုးသားသား ဆိုရလျှင် သူတို့က အင်အားစုဆယ်စုထဲသို့ ဝင်ရန် ဖိအားပေးခံခဲ့ရတာပဲ ဖြစ်သည်။ အစ်ကိုကြီးဟုန်၌ ရူးသွပ်သော အကျင့်စရိုက် ရှိနေလေရာ သူတို့က သူ သေသေရှင်ရှင်ကို ဂရုစိုက်မှာ မဟုတ်ပေ။
ရလဒ်အနေဖြင့် ထူးဆန်းသော ပတ်ဝန်းကျင်က ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားပြီး ပင်အပ်ကျသံကိုတောင် ကြားနိုင်၏။ အကြည့်များစွာက ကျန်းရီနှင့် အစ်ကိုကြီးဟုန်ဆီ ရောက်နေလျက် နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်နေသည်။
ကျန်းရီက အစ်ကိုကြီးဟုန်ကို မီးဝင်းဝင်းတောက်သော မျက်ဝန်းဖြင့် ကြည့်လိုက်၏။ ကျန်းရီက အစ်ကိုကြီးဟုန် ဘာမှမပြောတော့ဘဲ လှုပ်ရှားရန် ရည်ရွယ်ချက် မရှိတာကို မြင်သောအခါ သူက စိတ်မရှည်လက်မရှည် ပြောလိုက်၏။
“ရုပ်ဆိုးတဲ့တစ္ဆေ... သင့်တော်တဲ့လူတစ်ယောက် ဖြစ်အောင် သင်ပေးမယ်လို့ ခင်ဗျားပြောခဲ့တာ မဟုတ်ဘူးလား ဘာကြောင့်အခု မပြောတော့တာလဲ သွားမယ် မိုးကြိုးတောင်ကြားထဲမှာ တိုက်ခိုက်ကြမယ် ကျုပ်တို့ ဒီမှာ တိုက်ခိုက်ရင် လက်အောက်ငယ်သားတွေအားလုံး ပျောက်ကွယ်သွားမှာ စိုးရိမ်မိပါရဲ့”
ပြောပြီးသည်နှင့် ကျန်းရီက ဘယ်ဘက်ခြမ်းရှိ မိုးကြိုးတောင်ကြားဆီသို့ ပျင်းရိလေးတွဲစွာ ပျံသန်းသွားပြီးနောက် အစ်ကိုကြီးဟုန်ကို ရန်စသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ကျန်းရီကို အညံ့ခံထားသည့် ကောင်းကင်ဧကရာဇ်များကလည်း လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်နေကြပြီး အစ်ကိုကြီးဟုန်၏ လက်အောက်ငယ်သားများက ရင်ထဲတွင် ကြောက်လန့်မှုကို ခံစားနေရ၏။ အားနည်းသူတစ်ဦးက သန်မာချင်ယောင်ဆောင်နေခဲ့လျှင် သူက အရူးဖြစ်ပေမည်။ ကျန်းရီ မောက်မာထောင်လွှားနေပုံကို ကြည့်ပြီး သူက အစ်ကိုကြီးဟုန်ကို သတ်ဖြတ်နိုင်တာ တစ်ရာရာခိုင်နှုန်း သိသာနေသည်။
အစ်ကိုကြီးဟုန်က ကျန်းရီ သူ့ကို အရုပ်ဆိုးသော တစ္ဆေဟု ခေါ်တာကို ကြားသည့် အချိန်၌ အင်မတန်ဒေါသထွက်သွားသည်။ သို့သော် ကျန်းရီ၏ ယုံကြည်ချက် ရှိသော အမူအရာနှင့် သူ့လက်အောက်ငယ်သား ၁၇ယောက်ကို မြင်သောအခါ ကြောက်လန့်သွားတော့သည်။
သူ့၌ ကျန်းရီအပေါ် အမုန်းတရားမရှိ၊ အသက်စွန့်စားရန်မလိုပေ။ ကျန်းရီကို သတ်ဖြတ်ခြင်းက အကျိုးအမြတ်များစွာ မရစေနိုင်။ သို့သော် သူသာလျှင် ကျန်းရီသတ်တာ ခံရနိုင်၏။
ထို့ကြောင့် သူက အံကြိတ်ပြီးနောက် ပြောလိုက်သည်။
“ဟား ဟား အစ်ကိုကြီးဟုန်မှာလည်း ဒီနေ့ တခြားကိစ္စရှိသေးတယ် မင်းလို ကလေးနဲ့ မတွက်ကပ်သင့်တော့ဘူး ငါ အရင်သွားပြီး နောက်မှ မင်းနဲ့ဖြေရှင်းမယ်”
အစ်ကိုကြီးဟုန်က ကိုယ် ကျုံ့ထားလိုက်၏။ အားလုံးက သက်ပြင်းချပြီး သူတို့၏ အဖွဲ့မှုးများနှင့် ထွက်သွားရန် ပြင်ဆင်နေသည်။ ကျန်းရီက ရုတ်တရက် အေးစက်စက် အသံဖြင့် အော်လိုက်၏။
“နေအုံး ခင်ဗျား ကျုပ်ကို သင့်တော်တဲ့သူဖြစ်အောင် မသင်ပေးရဲဘူးဆိုမှတော့ အခု ကျုပ်က ခင်ဗျားကို သင့်တော်တဲ့လူ မယ်မယ်ရရ ဖြစ်အောင် သင်ပေးသင့်တာပေါ့ ဒီအဖွဲ့မှုးအတွက် ဒူးထောက်လိုက် ဒီနေ့ကိစ္စကို မေ့ပေးမယ် မဟုတ်ရင် မင်းတို့အားလုံး သေရမယ်”
...