ငါတို့တွေ မဆုံနိုင်ရင် မတွေ့တာက ပိုကောင်းတယ်
Vol. 49 Ch. 682
ကျန်းရီသည် ပြဿနာရှာတတ်သည့်သူတစ်ယောက် ဘယ်တော့မှမဟုတ်ပေ။ သူက အာဏာအတွက် မျက်နှာချိုသွေးတတ်သူလည်း မဟုတ်။ လူများကို ခြိမ်းခြောက်တတ်သူလည်း မဟုတ်ပေ။ သူက ခေါင်းမာတတ်ပြီး အကြောင်းပြချက်တစ်ခုအတွက် ဟိတ်ဟန်တကြီး ပြုမူနေတာပဲ ဖြစ်သည်။
မြို့ထဲတွင် သူ ငြိမ်းငြိမ်းချမ်းချမ်း နေချင်လျှင် သူ၏သိုင်းစွမ်းအားဖြင့် အဟန့်အတားတစ်ခု ထုတ်ပြထားရမည်။ သူက အဖွဲ့မှူးများထဲမှ တစ်ယောက် ဖြစ်လာရမည်။ အပြစ်သားကျွန်းသည် သန်မာသူများသာ အမြင့်ရောက်သည့်နေရာဖြစ်ပြီး ဥပဒေက မရှိပေ။ လူတစ်ယောက်၏ အင်အားကို မပြထားလျှင် ကျန်သည့်သူများက ထိုသူကို လွယ်ကူသူဟု ထင်ပြီး တစ်ယောက်ပြီးတစ်ယောက် ပြဿနာလာရှာပေလိမ့်မည်။ ထို့ကြောင့် သူသည် ပါ့တောက် အဖွဲ့မှူးလုံ လုံရှေးနှင့် ကျန်သူများကို သတ်ဖြတ်ခဲ့သည်။ ပြီးနောက် သူက ပေါ်လာကာ တစ်မြို့လုံး သူ့ခွန်အားကို မြင်နိုင်အောင် လေသံမာမာဖြင့် ပြောခဲ့သည်။ သူ့ကို ရန်စခြင်း၏ နောက်ဆက်တွဲကို မြို့အား ပြသခြင်းဖြင့် သူ့ကိုယ်သူ တည်ဆောက်ချင်သည်။
ထို့ကြောင့် ယခုအချိန်တွင် အစ်ကိုကြီးဟုန်ကို သင့်တော်သူတစ်ယောက်ဖြစ်အောင် သူ သင်ပြပေးချင်၏။ သူက ထိုသူကို အရှက်ခွဲရန် ကြိုးစားနေတာ မဟုတ်ပေ။ သူ့ကို ရန်စရဲသည့်သူအတွက် သူ့ကို ရန်စရန် ရည်ရွယ်ချက် ရှိသည့်သူအတွက် ထိုသို့ ပြုလုပ်နေတာ ဖြစ်သည်။ သူတို့ကို သူ၏ခွန်အားနှင့် သဘောထားကို ပြသခြင်းဖြင့် သူတို့ကနောင်တွင် သူနှင့် ပြဿနာဆက်ရှာချင်သည် ဆိုပါက ပြဿနာမရှာခင် တွေးတောရပေမည်။
အစ်ကိုကြီးဟုန်က ကျန်းရီပြောတာကို ကြားသည့် အချိန်၌ သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားကာ ရုပ်ဆိုးသော မျက်နှာကလည်း ရှုံ့မဲ့သွား၏။ သူ၏မျက်နှာက ကျန်းရီကို စိုက်ကြည့်နေစဉ် အဆိပ်ပြင်းသော မြွေတစ်ကောင်ပမာ အုံ့မှိုင်းသုန်မှုန်နေလေသည်။ တစ်ခွန်းမှမပြောဘဲ ကျန်းရီကို ကြည့်နေလျက် ကျန်းရီကို အရေခွံဆုပ်ချင်နေသည်။
ကျန်းရီက သူ့ကို ထူးမခြားနား ကြည့်လိုက်ပြီး ဆိတ်ဆိတ်နေလေ၏။ အစ်ကိုကြီးဟုန်၏ လက်အောက်ငယ်သားအချို့ကလည်း ဒေါသထွက်နေပြီး အချို့က မျက်လုံးထဲ၌ ကြောင်တောင်တောင် အမူအရာများတောင် ပေါ်လာ၏။ အချို့က အကြောက်တရားကြောင့် ခေါင်းငုံ့နေပြီး အချို့က ရင်ထဲ ကျိန်ဆဲနေကြကာ ကျန်းရီကို လွန်ကဲလွန်းသည်ဟု တွေးနေကြ၏။
ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရီဘက်ရှိ လက်အောက်ငယ်သား ၁၇ယောက်က မီးဝင်းဝင်းတောက်သည့် အကြည့်များ ရှိနေသည်။ သူတို့ရဲ့အရင်ခေါင်းဆောင်တွေက ဘယ်အချိန်ကများ ဒီလိုမျိုး ခိုင်ခိုင်မာမာ ဆောင်ရွက်ပြဖူးလို့လဲ။ ခေါင်းဆောင်က အံ့ဩဖို့ကောင်းလျှင် လက်အောက်ငယ်သားတွေလည်း ရေပန်းစားမှုကို မျှဝေနိုင်မှာ။ သူတို့တွေက ခေါင်းမော့ကျောမတ်ထားနိုင်ပြီလေ။
ကျန်းရီက ခဏတာ စောင့်ဆိုင်းလိုက်၏။ အစ်ကိုကြီးဟုန် ဘာမှမပြေတာကို မြင်တွေ့သည့် အချိန်၌ မျက်မှောင်ကြုတ်ကာ ဓားမော့သဖွယ် အစ်ကိုကြီးဟုန်၏ လက်အောက်ငယ်သားများကို သိမ်းကျုံးကြည့်သွားလျက် အေးတိအေးစက် ပြောလိုက်၏။
“ဒီနေ့က ငါနဲ့ ဒီအရုပ်ဆိုးတဲ့ တစ္ဆေကြားက ကိစ္စပဲ မင်းတို့တွေ ဝင်မပါချင်ဘူးဆိုရင် ဆယ်မိုင်အကွာကို နောက်ဆုတ်လိုက်တာ ပိုကောင်းမယ် မဟုတ်ရင် မင်းတို့ ပျောက်ကွယ်သွားတော့မှ ငါ့ကို အပြစ်မတင်နဲ့”
ပြောပြီးသည်နှင့် ကျန်းရီက သူ့နောက်ကို တစ်ချက် ကြည့်လိုက်ရာ လက်အောက်ငယ်သား ၁၇ယောက်ကို တုန်ယင်သွားစေပြီး သူတို့က အမြန်ဆုံးအရှိန်ဖြင့် နောက်ဆုတ်လိုက်ကြသည်။ ကျန်းရီက တိုက်ပွဲပြင်ဆင်ရန် စီမံနေ၏။ သူတို့ နောက်မဆုတ်လျှင် သူတို့ သေခြင်းတရားကို စောင့်ဆိုင်းနေခြင်း ဖြစ်သွားမည် မဟုတ်ပါလော။
ကျန်းရီ၏လူများ နောက်ဆုတ်သွားသည်နှင့် အစ်ကိုကြီးဟုန်၏ လူများစွာ၏ မျက်ဝန်းများက ကျုံ့သွားသည်။ အချို့ကမူ အလိုလိုနေရင်း မီတာပေါင်းများစွာ နောက်ဆုတ်သွားသည်။ သို့သော် အစ်ကိုကြီးဟုန်၏ အကြည့်ရောက်လာချိန်၌ မည်သူမျှ မလှုပ်ရဲတော့ချေ။ အစ်ကိုကြီးဟုန်သည် အဖွဲ့မှူးဖြစ်လာတာ ၇နှစ်ကြာခဲ့ပြီ ဖြစ်ကာ သူ့အပေါ် လူတိုင်း၏ အကြောက်တရားက အရိုးထဲထိ စွဲထင်နေပြီဖြစ်သည်။
အစ်ကိုကြီးဟုန်၏ အကြည့်က ကျန်းရီဆီသို့ ရောက်သွားချိန်၌ သူက ရှုံ့မဲ့သွားကာ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
“အဖွဲ့မှူးကျန်း ဆုတ်လမ်းတစ်ခု ချန်ထားလိုက်တာ ပိုကောင်းမယ် ဒါမှ ကျုပ်တို့တွေ တွေ့ဆုံတဲ့အချိန် ပိုကောင်းမှာလေ မဟုတ်ဘူးလား”
ထိုစကားများသည် အစ်ကိုကြီးဟုန်၏ သွားကြားမှ ထွက်လာသည့်အသံဖြစ်သည်။ ထိုသို့ ပြောခဲ့လျှင် သူက သတ္တိမဲ့ပြီး ခေါင်းငုံ့ထားရမည်ဟု ဆိုလိုလိုက်တာပဲ ဖြစ်သည်။ ကျန်းရီက အလွန်အကျွံ တွက်ကပ်မနေဘဲ ခွင့်လွတ်ပေးကာ ဤအရေးကိစ္စကို လျော်ပေးလိုက်ရန် မျှော်လင့်နေမိ၏။
ကျန်းရီက လက်ယမ်းပြလျက် မာရေကြောရေ လေသံဖြင့် ပြောလိုက်သည်။
“ကျုပ်တို့ မဆုံနိုင်ရင် မဆုံတာ အကောင်းဆုံးပဲပေါ့ ခင်ဗျားမှာ အခွင့်အရေးမရှိဘူးလေ ကျုပ်ကို ဖြေလိုက် ဒူးထောက်မလား မထောက်ဘူးလား စဉ်းစားဖို့အတွက် အသက်၁၀ရှိုက်စာ အချိန်ပေးမယ်”
အသက်၁၀ရှိုက်စာက ဆယ်ကြိမ်အသက်ရှုရန် လုံလောက်သည့် အချိန်ဖြစ်သည်။ ကျန်းရီက ရာဇသံပေးပြီး ပြောပြီးသည်နှင့် သူ့လက်ထဲ၌ မီးနဂါးဓားပေါ်လာသည်။ အတွင်းအားကို လှည့်ပတ်ထားရာ ဓားရှည်ကို အနီရောင်အလင်းဖြင့် ချက်ချင်း လင်းထိန်တောက်ပသွားစေ၏။ မီးနဂါးနှစ်ကောင်က ဖြည်းဖြည်းချင်း ပျံဝဲနေပြီး သူတို့က အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေသည့်ပမာ ခံစားရစေသည်။ ကျန်းရီ၏ ခန္ဓာကိုယ်အပြင်ဘက်တွင်လည်း မီးတိမ်သံချပ်ကာ ပေါ်လာပြီး အနီရောင်အလင်းကို ပိုတောင် တောက်ပသွားစေ၏။ သူက အံ့ဩဖွယ်အရှိန်အဝါ တည်ရှိမှုဖြင့် ထွန်းတောက်နေလေရာ ပြိုင်စံရှားသည့် ထာဝရရှင်သန်သူတစ်ဦးနှင့် တူနေလေတော့သည်။
သူက မီးနဂါးဓားကို မြောက်လျက် အစ်ကိုကြီးဟုန်ဆီ ဖြည်းဖြည်းချင်း ပျံသန်းလာသည်။ သူက ဓားသွားများပမာ အကြည့်များဖြင့် အစ်ကိုကြီးဟုန်ကို စိုက်ကြည့်လိုက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“၁၀.. ၉.. ၈ ၇..”
“အဖွဲ့မှုးကျန်းက သိပ်ကို ကရုဏာမဲ့တာပဲ”
ကျန်းရီ၏ လက်အောက်ငယ်သား ၁၇ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တိတ်တဆိတ် လေးစားနေကြသည်။ အကြွင်းမဲ့ခွန်အားရှိသည့် ကျန်းရီက ထိုသို့နည်းလမ်း အသုံးပြုသေးသည်လော။ သူနှင့်အစ်ကိုကြီးဟုန်ကြား ခြေလှမ်းတိုင်း နီးကပ်သွားစဉ် သူက တိုက်ခိုက်ရန် မီးနဂါးဓားကို အသုံးပြုတော့မည့်ပမာ ရည်ရွယ်နေ၏။ အမှန်တကယ်တွင် ကျန်းရီက ပိုအနီးသို့ ကပ်လေလေ တစ်ယောက်က သေတာ ပိုမြန်လေ ဖြစ်၏။ အစ်ကိုကြီးဟုန်က တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ချေ။
“၆.. ၅.. ၄..”
ကျန်းရီ၏ အသံက ပဲ့တင်သံ ထွက်ပေါ်လာစဉ် မီးနဂါးဓားက ပိုတောက်ပလာ၏။ ဓားရိုးပေါ်ရှိ မီးဝိညာဉ်ပုလဲကတောင် တောက်ပလာလေသည်။ ကျန်းရီက အနားကပ်လာသည်နှင့် သူ၏ အရှိန်အဝါ တည်ရှိမှုက ပိုသန်မာလာကာ အစ်ကိုကြီးဟုန်နှင့် သူ၏ကြေးစားများက အရုပ်ဆိုးလာတော့၏။
ဝှစ် ဝှစ်..
ရုတ်တရက် အစ်ကိုကြီးဟုန်၏ လက်အောက်ငယ်သား၁၀ယောက်က ကျန်းရီကြောင့် ကြောက်လန့်ကုန်ပြီး နောက်သို့ ပြန်ပြေးကာ သူတို့ရင်ထဲ၌ သေစေနိုင်သည့် အန္တရာယ်သတိပေးချက်ကို ခံစားလိုက်ရသည်။ သူတို့ဆီ ပျံသန်းလာနေသည့်သူက လူတစ်ယောက်မဟုတ် လူလောကကြီးကို သုတ်သင်ရှင်းလင်ပစ်မည့် တားဆီး၍မရသော နတ်သားရဲတစ်ကောင်ဟု ခံစားမိနေသည်။
ထိုနည်းတူ အစ်ကိုကြီးဟုန်နှင့် ကျန်သူများကလည်း ထိုသို့ ခံစားမိ၏။ လက်အောက်ငယ်သား ၁၀ယောက် နောက်ဆုတ်သွားသည့် အချိန်တွင် ကျန်သည့်သူများက စတင်ကြောက်ရွံ့လာပြီဖြစ်သည်။ အစ်ကိုကြီးဟုန်၏ သစ္စာအရှိဆုံး လက်အောက်ငယ်သား ၄ယောက်မှအပ ကျန်သည့်၆ယောက်ကလည်း အမြန်ဆုံးအရှိန်ဖြင့် နောက်ဆုတ်သွားကြသည်။ သူတို့နောက်ဆုတ်လျှင် အစ်ကိုကြီးဟုန်က သူတို့ကို လက်စားချေမည်ဆိုတာ သူတို့ ရှင်းရှင်းလင်းလင်း သိနေ၏။ သူတို့အသက် ဆုံးရှုံးသွားနိုင်သည်။ သို့သော် ယခုအချိန်တွင် နောက်မဆုတ်လျှင် သူတို့ ချက်ချင်း သေမည်ဆိုတာ ပိုကောင်းကောင်းနားလည်နေသည်။
“၃.. ၂..”
ကျန်းရီက ချဉ်းကပ်လာနေဆဲ ဖြစ်သည်။ နှစ်ဖက်ကြားရှိ အကွာအဝေးက မီတာ၃၀၀ ရောက်နေပြီဖြစ်၏။ အကွာအဝေးကနေ ကျန်းရီ၏ လက်အောက်ငယ်သားများက အစ်ကိုကြီးဟုန်နှင့် ကျန်သူများကို သေလူများပမာ ကြည့်နေ၏။ အစ်ကိုကြီးဟုန်၏ သစ္စာအရှိဆုံးကြေးစားလေးဦး၌ ရက်စက်သော မျက်ဝန်းများ ရှိကာ သူတို့၏ခန္ဓာကိုယ်၌ အရှိန်အဝါ တည်ရှိမှု သတ်ဖြတ်ခြင်း အငွေ့အသက်တို့ တောက်ပနေသည်။ သူတို့က အစ်ကိုကြီးဟုန် စတင်တိုက်ခိုက်ရန် အမိန့်ပေးမှာကို စောင့်ဆိုင်းနေ၏။
အစ်ကိုကြီးဟုန်၏ အရှိန်အဝါ တည်ရှိမှုကလည်း အပြည့်အဝ ပေါ်ထွက်လာကာ သူ၏ကျိုင်းက ခြိမ်းခြောက်နိုင်သည့် အနက်ရောင်အရှိန်အဝါတို့ ပေါ်ထွက်လာပြီး သူက အသန်မာဆုံး တိုက်ကွက်ကို ထုတ်ဖော်ရန် ပြင်ဆင်ထား၏။ ကျန်းရီက အော်ပြောလိုက်ချိန်...။
“၁”
အစ်ကိုကြီးဟုန်က ရုတ်တရက် အော်ပြောလိုက်၏။
“နေအုံး..”
ကျန်းရီက လေထဲတွင် ရပ်တန့်လိုက်ကာ သူ့နှုတ်ခမ်းထောင့်၌ လှောင်ပြုံးပေါ်နေပြီး လက်အောက်ငယ်သား ၁၇ယောက်ကလည်း အစ်ကိုကြီးဟုန်ကို ပျက်ရယ်ပြုသည့် အကြည့်ဖြင့် ကြည့်နေသည်။ အစ်ကိုကြီးဟုန်က လေထဲ၌ ဖြည်းဖြည်းချင်း ဒူးထောက်လိုက်ပြီး ခေါင်းငုံ့ ခါးညွှတ်ထား၏။ သူက အံကြိတ်ကာ ပြောလိုက်၏။
“အဖွဲ့မှူးကျန်း လောင်ဟုန်က မှားပါတယ် သဘောထားကြီးပြီး ဒီတစ်ခေါက် ခွင့်လွတ်ပေးပါ”
ချန်း..
တိတ်ဆိတ်နေလေ၏။ ခြိမ်းခြောက်မှုပေါက်ကွဲပြီး အုတ်အော်သောင်းတင်း ဖြစ်ကုန်၏။ မိုးကြိုးတောင်ရှိ လူတစ်သောင်းကျော်က ထိုမြင်ကွင်းကြောင့် ပင့်သက်ရှိုက်မိသွားကြသည်။ အဖွဲ့မှူး၁၀ဦးထဲမှ တစ်ဦးအနေဖြင့် အစ်ကိုကြီးဟုန်က ထိုမျှများပြားသည့် လူအများရှေ့၌ အမှန်တကယ် ဒူးထောက်ခဲ့သည်။
သိုင်းပညာရှင်ကြီးများ အားလုံးက ဂုဏ်ယူမှု မောက်မာထောင်လွှားမှုများ ရှိပြီး ကောင်းကင်ဧကရာဇ်များက ကျွန်ဖြစ်မည်ထက် အသေခံလိုကြသည်။ ကောင်းကင်မိုးကြိုးမြို့ထဲရှိ ကောင်းကင်ဧကရာဇ်များကဲ့သို့ပင် သူတို့ကို အညံ့ခံအောင် လုပ်နိုင်သော်ငြား သူတို့၏ဝိညာဉ်ချိပ်သင်္ကေတကို ပေးပြီး ဝိညာဉ်ကျွန် အဖြစ်ခံမည်ထက် ၁၀ယောက်တွင် ၉ယောက်က အသေခံလိုက်မှာပဲ ဖြစ်သည်။
အဖွဲ့မှူးများ၌ ဂုဏ်သိက္ခာရှိရုံသာမက သူတို့က ဂုဏ်သတင်းလည်း လိုချင်ကြသည်။ ဂုဏ်သတင်းမရှိဘဲ သူတို့ မည်သို့ ဆက်လက် အုပ်ချုပ်မည်နည်း။ ထို့ကြောင့် အစ်ကိုကြီးဟုန်က ဦးညွှတ်နိုင်သော်ငြား ဘယ်တော့မှ ဒူးထောက်မှာမဟုတ်ပေ။ ဒူးထောက်လိုက်သည်နှင့် သူက ကောင်းကင်မိုးကြိုးမြို့ထဲ၌ သူ့ရာထူးကို ထိန်းထားနိုင်တော့မှာမဟုတ်။ လက်အောက်ငယ်သားများစွာက သူ့ကို စွန့်ပစ်လိမ့်မည်။ ထိုလူများက တစ်စုံတစ်ယောက်နောက် လိုက်ရမည်ဆိုလျှင် အစ်ကိုကြီးဟုန်ကို အဘယ်ကြောင့် ရွေးချယ်မည်နည်း။ ဆိုရလျှင် သူတို့က ကြေးစားများ ဖြစ်ရအုံးမည်။
အစ်ကိုကြီးဟုန်က ခေါင်းငုံ့ထားလျက် ရုပ်ဆိုးသော မျက်နှာ၌ ကောက်ကျစ်သည့် အမူအရာများ ပြည့်နေ၏။ သူ၏မျက်လုံးထဲ၌ အခဲမကျေနိုင်မှု မချီတင်ကဲ ဝေဒနာတို့ပြည့်နေလေ၏။ နောင်တွင် အဖွဲ့မှူး ဆက်ဖြစ်ခဲ့မည် ဆိုလျှင်တောင် ကောင်းကင်မိုးကြိုးမြို့ထဲ၌ ခေါင်းမော့နိုင်တော့မှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။
သို့သော် သူ ဒူးမထောက်ခဲ့လျှင် သေရမည်မှန်း ပိုတောင် သိပေ၏။ အစောတုန်းက သူ၏ရင်ထဲမှ သေစေနိုင်သည့် အန္တရာယ်သတိပေးချက် ပေါ်လာသည်။ သို့သော် နောက်ထပ် သာယာသည့် အသံတစ်သံကလည်း ပေါ်လာသည်။ ယင်းက အစ်မကြီးဆည်းလည်း၏ အသံဖြစ်သည်။
“မင်းဒူးမထောက်ရင် သေချာပေါက် ပျောက်ကွယ်သွားမှာ”
လူကြီးလူကောင်းတစ်ယောက်၏ လက်စားချေမှုသည် ၁၀နှစ်ကြာပြီးသည့်တိုင် ဘယ်တော့မှ နောက်မကျပေ။ ဂုဏ်သိက္ခာနှင့် မာန်မာနက အရေးကြီးနိုင်သော်ငြား အသက်က ပိုတန်ဖိုးရှိသည်။
အသက်မရှင်ဘဲ နောင်ကျ သူ မည်သို့ လက်စားချေရမည်နည်း။ ယနေ့တွင် ကျန်းရီ သူ့ကို ဦးညွှတ်စေခိုင်းခဲ့သည့် အရှက်ကွဲမှုကို မည်သို့ ဖြေရှင်းရမည်နည်း။
အစ်ကိုကြီးဟုန်က ရုပ်ဆိုးသည့် အမူအရာဖြင့် ထရပ်လာ၏။ သူက ငယ်ရွယ်စဉ်မှစပြီး လူအမျိုးမျိုး၏ လှောင်ပြောင်မှု မတူညီသည့် အကြည့်များကို ခံစားခဲ့ရသည်။ ထို့ကြောင့် ရိုးရိုးရှင်းရှင်း ဒူးထောက်ရန်အတွက် ခံနိုင်ရည် ရှိနေသည်။
“အင်း..”
ကျန်းရီက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ့အင်အားစုကို တည်ထောင်ပြီး ဖြစ်သောကြောင့် သူ မလှုပ်ရှားချင်တော့ပေ။ သူက လက်ကို လွှဲယမ်းလျက် ပြောလိုက်သည်။
“သင့်တော်တဲ့သူ တစ်ယောက် ဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ မင်းသိပြီ ဆိုတော့ မင်းနဲ့ မတွက်ကပ်တော့ဘူး အခု ပြန်သွားတော့”
“ကျေးဇူးပါ အဖွဲ့မှုးကျန်း”
အစ်ကိုကြီးဟုန်က ကိုယ်ကို ကျုံ့လျက် အရိုအသေ ထပ်ပေးပြီးနောက် မြို့သို့ပြန်သွားသည်။ သူ့နောက်ရှိ သစ္စာရှိ ကြေးစားလေးဦးက ကျန်းရီကို တစ်ချက် ကြည့်ပြီးနောက် အစ်ကိုကြီးဟုန်နောက် လိုက်သွားသည်။ အစောတုန်းက နောက်ဆုတ်သွားသည့် ကောင်းကင်ဧကရာဇ်၁၆ယောက်က အစ်ကိုကြီးဟုန်နောက် မလိုက်သွားပေ။ ထိုအစား အစ်ကိုကြီးဟုန် ထွက်သွားပြီးနောက် ကျန်းရီဆီသို့ ပျံသန်းလာပြီး ဒူးတစ်ဖက်ထောက်ကာ အော်ပြောလိုက်၏။
“အဖွဲ့မှုးကျန်း”
“အဖွဲ့မှုးကျန်း”
မိုးကြိုးတောင်မှ လူအားလုံးက ဒူးထောက်ပြီး တညီတညွှတ်တည်း အော်လိုက်သည်။ လူအယောက်တစ်သောင်းကျော်က တစ်ပြိုင်နက်တည်းနီးပါး အော်လိုက်သည့်အချိန်တွင် သူတို့အော်သံက ကောင်းကင်ကို တုန်လှုပ်စေသည့် သက်ရောက်မှုရှိကာ တောအုပ်များကို ဖြတ်ကျော်လျက် အချိန်အတော်ကြာ ပဲ့တင်သံ ထပ်နေလေတော့၏။
...